- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
" စစ်ကောင်စီနဲ့ ဩဂုတ်လမှာ ထပ်တွေ့ဖို့ ရှိပေမယ့် တရုတ်အစိုးရဘက်က ကျမတို့နဲ့ တွေ့ဆုံ ဆွေးနွေးတာတွေ ရှိသလို စစ်ကောင်စီနဲ့လည်း တွေ့တာတွေ ရှိပါတယ်။ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှု တွေက အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတွေနဲ့ ဆောင်ရွက်နေတွေ ရှိပါတယ် " ဟု TNLA ပြောခွင့်ရ လွေးယေဦးက ပြောသည်။
05 Jul 2025

DMG ၊ ဇူလိုင် ၅
စစ်ကောင်စီနှင့် တအာင်းတပ် (TNLA) တို့အကြား တိုက်ပွဲများပြင်းထန်နေချိန်တွင် တရုတ်နိုင်ငံမှ TNLA နှင့် စစ်ကောင်စီတို့ နှစ်ဖက်စလုံးကို တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း TNLA ပြောခွင့်ရ လွေးယေဦးက ပြောသည်။
လာမည့် ဩဂုတ်လအတွင်း စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုမတိုင်မီ TNLA က တရုတ်နှင့် တွေ့ဆုံးဆွေးနွေးမှုများရှိခဲ့ကြောင်း ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
" စစ်ကောင်စီနဲ့ ဩဂုတ်လမှာ ထပ်တွေ့ဖို့ ရှိပေမယ့် တရုတ်အစိုးရဘက်က ကျမတို့နဲ့ တွေ့ဆုံ ဆွေးနွေးတာတွေ ရှိသလို စစ်ကောင်စီနဲ့လည်း တွေ့တာတွေ ရှိပါတယ်။ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှု တွေက အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတွေနဲ့ ဆောင်ရွက်နေတွေ ရှိပါတယ် " ဟု TNLA ပြောခွင့်ရ လွေးယေဦးက ပြောသည်။
စစ်ကောင်စီ၊ TNLA နှင့် တရုတ်တို့ သုံးပွင့်ဆိုင် ထပ်မံတွေ့ဆုံရန် အချိန်ကာလတစ်ခုကျန်သေးခြင်းကြောင့် ထိုဆွေးနွေးပွဲတွင် ဆွေးနွေးသဘောတူမည့်အချက်များမှာ ခန့်မှန်း၍ မရသေးဟု TNLA ဘက်က ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ဧပြီလအတွင်း တရုတ်ကြားဝင်စေ့စပ်မှုကြောင့် တွေ့ဆုံပွဲတွင် စစ်ကောင်စီက နောင်ချိုအပါအဝင် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့များကို ပြန်ပေးရန် တောင်းဆိုခဲ့သည်။
TNLA သည် လက်ရှိတွင် မြို့ပေါင်း ၁၂ မြို့ကို ထိန်းချုပ်ထားပြီး စစ်ကောင်စီ တောင်းဆိုသည့် မြို့များကို လက်လွှတ်မည် မဟုတ်ကြောင်း ပြီးခဲ့သည့် မေလ ၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။
လက်ရှိ နောင်ချိုမြို့အနီးတွင် စစ်ကောင်စီနှင့် TNLA ပူးပေါင်းတပ်တို့ ဇွန်လ ဒုတိယပတ်မှ စ၍ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီက မြေပြင်စစ်ကြောင်းနှင့် လေကြောင်းအသုံးပြု၍ ထိုးစစ်ဆင်နေကြောင်း သိရသည်။
" လေကြောင်းသာ မပါဘူး ဆိုရင် သူတို့ (စစ်ကောင်စီ) အနေနဲ့ ဘယ်လိုမှ လုပ်နိုင်စရာ အကြောင်းမရှိဘူး။ အခုက လေကြောင်းနဲ့ တအားဗုံးကြဲနေတာ။ တိုက်ပွဲက ပြင်းထန်နေပြီး နှစ်ဘက်အထိခိုက်များ ပုံပေါက်တယ် " ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
နောင်ချိုမြို့နယ် လုံစံ၊ မျက်ချီးနု၊ လုံဝယ်၊ ဉာဏ်တော၊ နောင်လင်နှင့် နောင်အောစသည့် ကျေးရွာ ပေါင်း ၁၂ ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီ၏ လေယာဉ်၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်မှုတို့ကြောင့် လက်ရှိတွင် ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည်။