ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့တဝိုက်တွင် စစ်ကောင်စီက စစ်ကြောင်းလှုပ်ရှားပြီး တပ်အင်အားများ ဖြန့်ကျက်ချထားသဖြင့် KIA / KPDF ပူးပေါင်းတပ်တို့ကြား ယမန်နေ့ (ဇူလိုင် ၄ ရက်) မှ စ၍ တိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

By Admin 05 Jul 2025

ဖားကန့်မြို့နယ်က ကျောက်တူးဖော်ရေးလုပ်ကွက်နှင့် ကုမ္ပဏီတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - Tarlin Mg
ဖားကန့်မြို့နယ်က ကျောက်တူးဖော်ရေးလုပ်ကွက်နှင့် ကုမ္ပဏီတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - Tarlin Mg

DMG ၊ ဇူလိုင် ၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့တဝိုက်တွင် စစ်ကောင်စီက စစ်ကြောင်းလှုပ်ရှားပြီး တပ်အင်အားများ ဖြန့်ကျက်ချထားသဖြင့် KIA / KPDF ပူးပေါင်းတပ်တို့ကြား ယမန်နေ့ (ဇူလိုင် ၄ ရက်) မှ စ၍ တိုက်ပွဲများပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့်မြို့နှင့် ၁ မိုင်ကျော်အကွာ အမှိုက်ပုံနှင့် မော်မောင်းလျံကျေးရွာအနီးတို့တွင် ယမန်နေ့ (ဇူလိုင် ၄ ရက်) မနက်ပိုင်းမှ ညနေပိုင်းအထိ တိုက်ပွဲများပြင်းထန်ခဲ့သည်။

ယနေ့ (ဇူလိုင် ၅ ရက်) မနက်ပိုင်းကလည်း အမှိုက်ပုံ၊ မော်မောင်းလျံအပါအဝင် မော်ဝမ်းလေးနှင့် မော်ဝမ်း ကြီးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေ၍ ၂ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

" မနေ့က စကစဟာ ဗျူဟာကုန်းကနေ ဖားကန့်ကျောက်ဝိုင်းနဲ့ အေးမြသာယာဘက်မှာ နေရာယူပြီး အရှင်ကြီး ကုန်းနတ်စင်ကနေ မော်မောင်းလျံဘက်ကို စစ်ကြောင်းထိုးတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ဒီနေ့ မနက်မှာတော့ အမှိုက်ပုံ၊ မော်မောင်းလျံ၊ မော်ဝမ်းလေးနဲ့ မော်ဝမ်းကြီးဘက်မှာပါ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်" ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများအပါအဝင် ရွှေ့ပြောင်းလုပ်သားများမှာ ဖားကန့်မြို့ပေါ်နှင့် အခြားဘေးလွတ်ရာ နေရာများကို ထွက်ပြေးတိမ်းရှောင်နေရပြီး နေထိုင်စားသောက်ရေးအတွက် အကူအညီများ လိုအပ်နေကြသည်။

ဖားကန့်မြို့နယ်သည် ၂၀၂၃ ခု ဝန်းကျင်အထိ စစ်ကောင်စီနှင့် KIA တို့ နှစ်ဘက်ထိန်းချုပ်ရာ ဒေသဖြစ်ခဲ့သော်လည်း ၂၀၂၄ နှစ် အစောပိုင်းမှ စ၍ ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းအမြောက်အများကို KIA နှင့် ပူးပေါင်းတပ်တို့က သိမ်းပိုက်ခဲ့သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် မတ်လကုန်ပိုင်းက ဖားကန့်မြို့နယ်အတွင်းရှိ ၎င်းတို့၏ လက်ကျန် တပ်စခန်းများကို အင်အားဖြည့်ရန် အင်အား ၆၀၀ ခန့်ပါသော စစ်ကြောင်း ၂ ကြောင်း ကို မြစ်ကြီးနားနှင့် အင်းတော်ကြီးဘက်မှ ပို့ဆောင်ခဲ့သည်။

KIA နှင့် ပူးပေါင်းတပ်တို့က လမ်းတလျှောက်လုံး ကြားဖြတ်တိုက်ခိုက်ခဲ့ကြသော်လည်း အဆိုပါ စစ်ကြောင်း ၂ ကြောင်းမှာ ဖားကန့်မြို့အထိ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး တပ်မ ၃၃ လက်အောက်ခံ ဗျူဟာကုန်းစခန်းနှင့် ပူးပေါင်းနိုင်ခဲ့ကာ လက်ရှိတွင် ဖားကန့်မြို့နယ်ကို ထိန်းချုပ်ရေးအတွက် ကြိုးပမ်းနေခြင်းဖြစ်သည်။

" ဖားကန့်မှာ ကျန်နေသေးတဲ့ ဗျူဟာကုန်းစခန်းနဲ့ တပ်စခန်းတွေထဲက စကစ တွေဟာ ၂၀၂၃ မတ်လအထိ အပြင်ကို သွားလာရဲတာမျိုး မရှိဘူး။ အဲဒီနေရာတွေကို KIA နဲ့ တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားတာ။ အခု အင်အား ၆၀၀ လောက်ပါတဲ့ စစ်ကြောင်းနဲ့ ပူးပေါင်းသွားနိုင်ပြီဆိုတော့ ဖားကန့်မြို့အနီးမှာ စစ်ကြောင်းတွေ ဖြန့်ကျက်ပြီးတော့ နယ်မြေထိန်းချုပ်တာတွေ လုပ်လာတယ်" ဟု နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းများ ဖားကန့်မြို့အနီး ရောက်ရှိလာသည့် မေလ ၂၇ ရက်မှ စ၍ ယနေ့အချိန်ထိ သေနတ်ဖြင့် ပစ်သတ်ခံရခြင်း၊ လက်နက်ကြီးကျရောက် ပေါက်ကွဲခြင်း၊ ယမ်းဂိုတောင်များ မီးရှုံဖျက်ဆီးခံရခြင်း စသည်တို့ကြောင့် အရပ်သား သေဆုံးသူ ၄၀ ထက်မနည်း ရှိလာနေကြောင်း သိရသည်။

ကျောက်စိမ်း၊ ရွေနှင့် အခြားတွင်းထွက် သယံဇာတများလည်းထွက် ရှိသော ဖားကန့်ဒေသသည် စီးပွားရေးအရ အရေးပါသည့်နေရာဖြစ်ပြီး ဒေသခံနှင့် ရွှေ့ပြောင်းလုပ်သား အပါအဝင် စုစုပေါင်း လူဦးရေ ၇ သိန်းခန့် နေထိုင်ကြောင်း ၂၀၁၄ သန်းခေါင်စာရင်းအရ သိရသည်။