ငြိမ်းချမ်းရေး ကွက်ကျားမိုး

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်မှစတင်၍ လွတ်လပ်သောနိုင်ငံဖြစ်လာသည်ဟု ပြောဆိုကြသော်လည်း ပြည်သူတို့မှာ လွတ်လပ်ရေးအနှစ်သာရများကို မခံစားရသေးပဲ စစ်ရေးပဋိပက္ခသံသရာထဲတွင် တဝဲလည်လည်နှင့် ဆင်းရဲမွဲတည်နေဆဲဖြစ်သည်။ တိုင်းရင်းသားဒေသများကို ပိုမိုဆိုးဝါးစွာဖြင့် လူမှုဘဝ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးခြင်းအပြင် လူသားအရင်းအမြစ်များ နေ့စဉ်ဆုံးရှုံးပြီး ကြောက်မက်ဖွယ်ရာ အကျပ်အတည်းများကို ရင်ဆိုင်လာရသည်မှာ နှစ်ပေါင်း ၇၀ ကျော်လာပြီဖြစ်သည်။ ယင်းဖြစ်စဉ်တို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပိုမိုဆိုးဝါးစွာခံစားလာရပြီး ပြည်သူတို့မှာ တပူပေါ်နှစ်ပင်ဆင့်အထိ ခံစားနေကြရသည်။

By ဂေါင် 26 Apr 2022

DMG ၊ ဧပြီ ၂၆

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင်တွေကို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။ အဖွဲ့များအားလုံးကို ကျနော်ကိုယ်တိုင်တွေ့ပါမယ်”ဟု စစ်ကောင်စီဥက္ကဋ္ဌက ဧပြီလ ၂၂ ရက်နေ့တွင် စစ်ကောင်စီပိုင်ရုပ်သံ(MRTV)ကတဆင့် ကမ်းလှမ်းပြောဆိုခဲ့သည်။

ယခုနှစ်သည် တစ်နိုင်ငံလုံးမှာ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး  ငြိမ်းချမ်းရေးနှစ်အဖြစ် လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို ကိုယ်တိုင်တွေ့ဆုံ ဆွေးနွေးရန်ဖိတ်ခေါ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုလိုက်သည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်း EAOs များနှင့် ထာဝရငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေးအတွက်ဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို မကြာခဏဖိတ်ခေါ်ကာ တဆင့်ခံကနေ အလွတ်သဘော တွေ့ဆုံမှုတို့ရှိခဲ့သော်လည်း ထိရောက်သည့်အခြေအနေ တစိုးတစိမျှမရှိခဲ့ပေ။ ယင်းကြောင့် အခုတစ်ကြိမ်တွင် ယခင်ကလို နိုင်ငံ၏အထိမ်းအမှတ်နေ့ (သို့မဟုတ်) အခမ်းအနား စသည်တို့တွင် ထည့်သွင်းပြောဆိုခြင်းမျိုးမဟုတ်ဘဲ စစ်ကောင်စီဥက္ကဋ္ဌက ရုတ်တရက် သီးသန့်မိန့်ခွန်းအဖြစ် ပထမဆုံးအကြိမ်ထုတ်ဖော်ပြောဆိုလာသည်ကို တွေ့ရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီး၏ ခေါင်းဆောင်များ ကိုယ်တိုင်နှင့် အဖွဲ့ဝင်နှစ်ဦးစီကို တက်ရောက်ရန်ပြောဆိုပြီး လာမည့် မေလ ၉ ရက်နေ့ နောက်ဆုံးထား၍ အကြောင်းပြန်ကြရန်နှင့် နှစ်ဖက်ညှိနှိုင်းပြီးမှ ဆက်လက်ဆွေးနွေးရန် ရက်သတ်မှတ်သွားမည်ဟုဆိုသည်။

“တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အစဉ်အဆက်တောင်းဆိုလာခဲ့တဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးကို ခိုင်ခိုင်မာမာအာမခံပါတယ်”ဟု စစ်ကောင်စီ ဥက္ကဋ္ဌက ပြောသည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်မှစတင်၍ လွတ်လပ်သောနိုင်ငံဖြစ်လာသည်ဟု ပြောဆိုကြသော်လည်း ပြည်သူတို့မှာ လွတ်လပ်ရေးအနှစ်သာရများကို မခံစားရသေးပဲ စစ်ရေးပဋိပက္ခသံသရာထဲတွင် တဝဲလည်လည်နှင့် ဆင်းရဲမွဲတည်နေဆဲဖြစ်သည်။ တိုင်းရင်းသားဒေသများကို ပိုမိုဆိုးဝါးစွာဖြင့် လူမှုဘဝ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးခြင်းအပြင် လူသားအရင်းအမြစ်များ နေ့စဉ်ဆုံးရှုံးပြီး ကြောက်မက်ဖွယ်ရာ အကျပ်အတည်းများကို ရင်ဆိုင်လာရသည်မှာ နှစ်ပေါင်း ၇၀ ကျော်လာပြီဖြစ်သည်။ ယင်းဖြစ်စဉ်တို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပိုမိုဆိုးဝါးစွာခံစားလာရပြီး ပြည်သူတို့မှာ တပူပေါ်နှစ်ပင်ဆင့်အထိ ခံစားနေကြရသည်။

ယင်းဖြစ်စဉ်တို့၏ အဓိကအကြောင်းအရာများမှာ မြန်မာနိုင်ငံရေးစနစ်အရ ဗဟိုချုပ်ကိုင်မှု များပြားခြင်းနှင့် တိုင်းရင်းသားတို့ တန်းတူအခွင့်အရေးဆုံးရှုံးမှု၊ ငြိမ်းချမ်းရေးအတွက် တာဝန်ရှိသူခေါင်းဆောင်တို့၏ သဘောထားကွဲလွဲမှုများအပေါ်တွင် အခြေခံပြီး နက်ကိုင်ပဋိပက္ခများ တစ်နှစ်ထက်တစ်နှစ် ကြီးထွားလာနေသည်ကို တွေ့ရသည်။

သို့သော် ယခုအခါ စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင် ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမည်ဟု သဘောရသော်လည်း လက်ရှိတွင် စစ်ကောင်စီကို ကျေးလက်၊မြို့ပြ မကျန် တော်လှန်တိုက်ခိုက်နေသည့် ဒေသအခြေစိုက် PDF အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကိုလည်း အကြမ်းဖက်အဖွဲ့အစည်းဟု ကြေညာထားသည့်အတွက် ဆွေးနွေးမည်မဟုတ်ကြောင်း စစ်ကောင်စီဘက်က ပြောဆိုထားသည်။

ယင်းကြောင့် စစ်ကောင်စီမျှော်မှန်းနေသည့် (၂၀၂၂)ငြိမ်းချမ်ရေးနှစ်မှာ တနိုင်ငံလုံးအတွက် လွှမ်းခြုံမှုမရှိဟ မြင်နိုင်သည်။ ထို့ကြောင့် တနိုင်ငံလုံး စစ်မှန်သောထာဝရငြိမ်းချမ်းရေးအတွက် မဖြစ်နိုင်ဘဲ ကွက်ကျားငြိမ်းချမ်းရေး(သို့မဟုတ်)တခြမ်းပဲ့ငြိမ်းချမ်းရေးဟု နိုင်ငံရေးအကဲခတ်တို့က ဝေဖန်နေကြသည်။

စစ်ကောင်စီက ယခုကဲ့သို့ဖိတ်ခေါ်ခြင်းမှာ ပြည်တွင်းရှိ PDF များဖြင့် တိုက်ခိုက်နေရချိန်တွင် အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် စစ်မျက်နှာသစ်မဖွင့်လိုခြင်း၊ ထိန်းထားလိုခြင်း၊ ဆိုင်းငံ့လိုခြင်းများကို မြင်ရသည့်အတွက် ဟန်ပြသဘောဖြင့် ဖိတ်ခေါ်ခြင်းမျိုးသာဖြစ်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ဝေဖန်သည်။

“အခုက ပြည်မမှာ PDF တွေနဲ့ စကစတပ်တွေက နေရာတိုင်းနီးပါး တိုက်ပွဲဝင်နေကြတာ။ ဒီအချိန်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ထွက်ပြီးတော့ကျင်းပမယ့် ဒီဆွေးနွေးပွဲဟာလည်း ဟန်ပြအတုအယောင်သာဖြစ်ပြီးတော့ လက်တွေ့မှာ ငြိမ်းချမ်းရေးဘာအသီးအပွင့်မှ ရရှိစရာအကြောင်း မရှိပါဘူး”ဟု ပြောဆိုသည်။

ယင်းကြောင့် တနိုင်ငံလုံးထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် စစ်တပ်အနေဖြင့် နိုင်ငံရေးက ထွက်သွားခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီဟု ပါးစပ်နှင့်ပြောနေခြင်းမဟုတ်ပဲ လက်တွေ့အကောင်အထည်ဖော်ရန် မူဘောင်များဖြင့် PDF ကဲ့သို့သော ပြည်မဘက်မှ တော်လှန်ရေးအင်အားစုအားလုံး ပါဝင်ရန်လိုအပ်ကြောင်းလည်း ပြောဆိုနေကြသည်။

ငြိမ်းချမ်းရေးကို လူတိုင်းလိုလားကြသော်လည်း ယခင်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ထဲထဲဝင် ပါဝင်ခဲ့ကြသည့် EAOs ခေါင်းဆောင်တို့က ယခင်ဖြစ်စဉ်များကိုထောက်ရှုကာ ယခုကဲ့သို့ ကွက်ကျားဆွေးနွေးမည့်စစ်ကောက်စီကို မယုံကြည်ဘဲ သံသယများစွာဖြင့်စောင့်ကြည့်နေကြသူများ ရှိလာနေသည်။

အခြားတဘက်၌လည်း စစ်ကောင်စီဘက်က အလျင်အမြန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့ကို လိုလားနေသည်မှာ အာဆီယံ၊ တရုပ် စသည့် နိုင်ငံတကာဖိအားများကို လျော့ပေါ့စေရေးအတွက် ဟန်ပြလုပ်ဆောင်နေခြင်းနှင့် ၂၀၂၃ မှာ စစ်ကောင်စီကပြင်ဆင်နေသည့် ရွေးကောက်ပွဲမတိုင်ခင် ကြားကာလမှာ တည်ငြိမ်အေးချမ်းရေးအတွက် စိုင်းပြင်နေခြင်းဟုလည်း ပြောဆိုကြသည်။

ယင်းကြောင့် ယခုတဖန်ဖိတ်ခေါ်ချက်မှာလည်း ဟန်ပြဈေးပန်းခင်းသလိုဖြစ်နေပြီး အကျိုးဖြစ်ထွန်းစေမည့် အလားအလာ မတွေ့ရဘဲ ၎င်းတို့၏ အင်အားချိနဲ့လာမှုကို ထုတ်ဖော်လိုက်သော လုပ်ရပ်တခုနှင့် တူညီနေကြောင်း ဝါရင့်ရခိုင့်နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်၊ လွှတ်တော်အမတ်ဟောင်းလည်းဖြစ်သူ ဦးဖေသန်းကဆိုသည်။

“စစ်ကောင်စီအနေနဲ့ ဟန်ပြသဘောမျိုး ဈေးဗန်းခင်းသလို ခေါ်ပြီးဆွေးနွေးတာထက် တိကျသေချာတဲ့ဥပဒေမျိုး ရေးဆွဲပြီး ခေါ်ယူဆွေးနွေးသင့်တယ်။ ဒီလိုမျိုး ခေါ်ယူဆွေးနွေးတာတွေက နှစ် ၇၀ ကျော်လာပြီ၊ ဘာအကျိုးမှ မထူးဘူးလေ။ နောက်ပြီး ဒီဖိတ်ခေါ်မှုမှာ စစ်ကောင်စီရဲ့ အ်အားချိနဲ့လာတာကို လူသိရှင်ကြား ထုတ်ပြော လိုက်တာမျိုးကိုလည်း တွေ့မြင်ရတယ်”ဟု ဦးဖေသန်းကသုံးသပ်ပြောဆိုသည်။

ဆွေးနွေးပွဲ တက်မယ့်သူတွေ

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် ပြင်းထန်သော လက်နက်ကိုင်ပဋိပက္ခများအတွက် တော်လှန်ရေးအင်အားစုအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် NCA(အပစ်ရပ်) အဖွဲ့များက မကြာခဏဆိုသလို ထုတ်ပြန်ချက်များဖြင့် တိုက်တွန်းထားသည်။
ယင်းကြောင့် အခြားတဘက်၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကမူ စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ချက်အပေါ်ကြိုဆိုပြီး တက်ရောက်ဆွေးနွေးမည့် အခြေအနေကိုလည်း တွေ့ရသည်။

ယခု စစ်ကောင်စီဥက္ကဋ္ဌက ဖိတ်ခေါ်ခြင်းမှာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကာလ၌ စစ်ပွဲများကိုဖြေလျှော့ကာ ငြိမ်းချမ်းရေးထွက်ပေါက်လမ်းစဉ်တစ်ခု ဖြစ်လာနိုင်သည်ဟု NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့အချို့က ယူဆနေကြသည်။

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၏ ဒုဥက္ကဋ္ဌ စောမြရာဇာလင်းက “ကမ်းလှမ်းမှုကို ပါတီတွင်းမှာ ဆွေးနွေးပြီးတော့ အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ တက်ရောက်ဖို့ ဖြစ်နိုင်ခြေများတယ်”ဟု DMG ကိုပြောဆိုသည်။

EAOs တချို့အဖွဲ့ အခြေအနေ

သို့သော် ယခုစစ်ကောင်စီ၏ကမ်းလှမ်းချက်အပေါ် အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်များက တက်ရောက်မည့်အခြေအနေ မသေချာသေးဖြစ်နေကြသည်ကိုလည်း တွေ့ရသည်။ ယင်းအထဲတွင် ကရင်(KNU)၊ ကယား(KNPP)၊ ချင်း(CNF)တို့ကို မြင်ရသည်။

ယင်းသို့ဖြစ်နေရခြင်းမှာလည်း ငြိမ်းချမ်းရေးဆိုသည့် စကားလုံး၏နောက်ကွယ်တွင် နှစ်ပေါင်းများစွာ လုပ်ဆောင်လာကြသည့် ယခင်ငြိမ်းချမ်းရေးဆွေးနွေးပွဲရလာဒ်များမှာ ခိုင်မာမှုမရှိဘဲ ပျက်ပြယ်သွားတတ်သည့်အတွက် သံသယဝင်နေကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အရေးကြီးဆုံးနှင့် အဆင့်မြင့်ဆုံးဖြစ်ခဲ့သော ပင်လုံစာချုပ်၊ NCA စာချုပ်စသည့် ငြိမ်းချမ်းရေးလမ်းစဉ် ကတိကဝတ်တို့မှာ ဗမာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်တစ်စု၏ မရိုးသားမှု၊ ခေတ်အဆက်ဆက် အစိုးရတို့၏ သဘောထားအတ္တတို့ကြောင့်ဖြစ်သည်ဟု သိမြင်ထားကြပြီးဖြစ်သည်။

ထို့အတူ တနိုင်ငံလုံးအဆင့် အခတ်ရပ်စဲရေးသဘောတူထားသည့် ကရင်(KNU)၊ ချင်း(CNF) စသည့်အဖွဲ့များမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း PDF တော်လှန်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းကာ တိုက်ပွဲပြင်းထန်နေမှုအပြင် တခြား ကရင်နီ(KNPP)၊ ကချင်(KIA)၊ ကိုးကန့်(MNDAA)၊ ပလောင်(TNLA) စသည့်တပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေသည့်အချက်မှာလည်း ယုံကြည်မှုတည်ဆောက်ရေးကို အဟန့်အတားဖြစ်စေကြောင်း တွေ့ရသည်။

FPNCC မြောက်ပိုင်းအဖွဲ့များ

ထို့အတူ အခြားတစ်ဘက်တွင်လည်း အင်အားကြီး ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် “ဝ” UWSA၊ “မိုင်းလား”NDAA စသည့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်သည့် FPNCC အဖွဲ့များကလည်း တစုံတရာထုတ်ဖော်ပြောဆိုခြင်း မတွေ့ရသေးပေ။
စစ်ကောင်စီနှင့် လက်ရှိတွင်တိုက်ပွဲဖြစ်ပွားနေသည့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ဘက်ကမူ ယခုငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးကြောင်းနှင့် စောင့်ကြည့်နေသည့် အနေအထားဟု DMG ၏မေးမြန်းချက်ကို တုန့်ပြန်သည်။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “စစ်ကောင်စီက ဖိတ်ခေါ်ကမ်းလှမ်းတာနဲ့ပတ်သက်ပြီး အခုလောလောဆယ် (KIA)ဗဟိုကော်မတီရဲ့သဘောထားမှတ်ချက်တွေ၊ သုံးသပ်ချက်တွေ၊ ဆုံးဖြတ်ချက်တွေ ဘာမှမချသေးပါဘူး။ ကျနော်တို့ကိုလည်း ညွှန်ကြားထားတာမရှိသေးပါဘူး”ဟု ဆိုသည်။

ထို့အတူ ရခိုင်တော်လှန်ရေးအင်အားကြီးအဖွဲ့အစည်းဖြစ်သည့် ULA/AA ၏ စစ်ကောင်စီ ဖိတ်ခေါ်ချက်နှင့်ပတ်သက်ပြီး ၎င်းတို့၏သဘောထားကိုသိလိုသည့်အတွက် ရက္ခိုင့်တပ်တော် ပြောခွင့်ရသူ ခိုင်သုခကို DMG က ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိသေးပေ။

သို့သော်လည်း AA အနေဖြင့် ၎င်းတို့၏ မဟာမိတ်များဖြစ်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေးကော်မတီ (FPNCC)အဖွဲ့ဝင်များနှင့် ညီနောင်မဟာမိတ်အဖွဲ့(TNLA၊ MNDAA)တို့နှင့်ပါ ယင်းကိစ္စအပေါ် ဆွေးနွေးအုံးမည်ဖြစ်ကြောင်း DMG က စုံစမ်းသိရှိရသည်။

ULA နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက “စစ်ကောင်စီရဲ့ဖိတ်ခေါ်မှုအပေါ် တက်၊ မတက်ဆိုတာကတော့ ကျနော်လည်းမသိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့အဖွဲ့ဟာ တစ်ဖွဲ့တည်းဆုံးဖြတ်ချက်မချဘူး။ မဟာမိတ်တွေဖြစ်တဲ့ FPNCC ရယ်၊ ပြီးရင် ညီနောင်မဟာမိတ်သုံးဖွဲ့ရှိတယ်။ သူတို့နဲ့ တိုင်ပင်ဆွေးနွေးရဦးမယ် ထင်ပါတယ်”ဟု DMG ကိုပြောသည်။

FPNCC မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင် UWSA၊ KIA၊ NDAA၊ AA၊ TNLA၊ MNDAA၊ SSPP တို့ပါဝင်ပြီး ၎င်းတို့မှာ NCA လက်မှတ်ရေးထိုးမှုကို ငြင်းဆန်ကာ သီးခြားနိုင်ငံရေး၊ ငြိမ်းချမ်းရေးလမ်းစဉ်သစ်တစ်ခုဖြင့် သွားမည်ဟု ပြောဆိုထားသည့် အဖွဲ့များဖြစ်သည်။

သို့သော်လည်း ပြီးခဲ့သည့် ၂၀၂၁ ဒီဇင်ဘာလက စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) ဒုဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နှင့် NCA လက်မှတ်မထိုးရသေးသည့် မြောက်ပိုင်းအဖွဲ့များဖြစ်ကြသည့် UWSA၊ NDAA၊ MNDAA၊ AA၊ TNLA၊ SSPP တို့ အလွတ်သဘောတွေ့ဆုံမှုတစ်ခုရှိခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ယခုလာမည့် ငြိမ်းချမ်းရေးဆွေးနွေပွဲအတွက် တချို့သော တိုင်းရင်းသားလက်နက်ကိုင် အချို့မှာ တက်ရောက်ဆွေးနွေးနိုင်ဖွယ်ရှိသလို တချို့အဖွဲ့မှာ ဆွေးနွေးရန် လုံးဝမသေချာသည့် အနေအထားကိုလည်းမြင်တွေ့ရပြီး အခြားအင်အားစုတို့မှာလည်း တက်၊မတက်ကို သူတို့အချင်းချင်းကြား ဆွေးနွေးနေကြဆဲဖြစ်ကြောင်း သိရသည်။

အချုပ်အားဖြင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအဖွဲ့(NSPNC) ဒုဗိုလ်ချုပ်ကြီး ရာပြည့်နှင့် အဆင်မပြေခဲ့သည့်ကိစ္စကို စစ်ကောင်စီခေါင်းဆောင် ကိုယ်တိုင်ထွက်ပြီးဆွေးနွေးမည်ဟု ပြောဆိုခြင်းဖြစ်သည့် အတွက် ယခုပွဲသို့ အင်အားမရှိသည့် EAOs များသာ တက်ရောက်နိုင်ခြေရှိကြောင်းကိုလည်း နိုင်ငံရေးလေ့လာသုံးသပ်သူတို့က ယူဆနေကြသည်။

“တချို့ တိုက်ပွဲမရှိ အင်အားလည်းမရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေကတော့ ဒီဆွေးနွေးပွဲကို လာကောင်းလာနိုင်ပါတယ်”ဟု ဦးသန်းစိုးနိုင်က မှတ်ချက်ပြုသည်။

ဂေါင်-ရေးသည်

ဗီဒီယိုများ