DMG Idol

 ဒုတိယတစ်ယောက်က မိန်းကလေးငယ်တစ်ဦးဖြစ်သည်။သနပ်ခါး ပါးကွက်ကြားလေးနှင့် အသက်နှစ် ဆယ်ကျော်မျှသာ ရှိပေလိမ့်ဦးမည်ဆိုသော်လည်း ခေတ်သမီးပျိုပီပီ ယတ်စားဆင်ယင်ပုံက သေသပ်လှပေ သည်။ “ကျွန်မနာမည်က မိအေးပါရှင်၊စက်ရုံအလုပ်သမားများသမဂ္ဂ မှဖြစ်ပါတယ်၊ဝန ရေးသားပြီး ချောငယ် သီ ဆိုထားတဲ့ စိတ်ကူးလေးပါပဲ ဆိုတဲ့သီချင်းနှင့် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်၊ အားပေးကြပါဦးရှင်။”  “စိတ် ကူးလေးပါပဲ..ကလေးအတွေး လေးပါပဲ .. မကြာခင်လွတ်မြောက်တော့မယ့် အတွေးငယ်လေးရယ်……ဒါကိုရှေ့ ဆက်တိုးနေလည်း……အိပ်မက်က အိပ် မက်ပါပဲကွယ်” ပရိသတ်များ တဒင်္ဂငြိမ်ကျသွားပေသည်။ ပြီးမှ လက်ခုပ် သြဘာပေးရန် သတိရကြဟန်တူသည်။ အားပေးသံများ ဆူညံသွားလေသည်။

By ရမ္မာကျော်စော 25 Aug 2018

ရမ္မာကျော်စော ရေးသားသည်။

 မြန်မာနိုင်ငံတွင် သီချင်းဆိုပြိုင်ပွဲများကလည်း ပေါများလျှက်ရှိပေရာ ကျွန်တော်တို့ Development Media Group (DMG) ကလည်း သီချင်းဆိုပြိုင်ပွဲတစ်ခုကို ကျင်းပခဲ့ကြသည်။အဓိကစပွန်ဆာအဖြစ် ဖွံ့ဖြိုးတိုး တက်ရေးသတင်းဂျာနယ်(Development news journal)၏ ထောက်ပံ့ကူညီမှုဖြင့် တခမ်းတနား ကျင်းပနိုင်ခဲ့ ကြသည်။ အလွှာပေါင်းစုံ၊ကဏ္ဍပေါင်းစုံမှ အဆိုဝါသနာရှင်များနှင့် စင်ပေါ်တက်ပြီး မိုက်ခဲရရင်ပင် ကျေနပ်ပြီဆို သော ပျိုပျို အိုအို လူတန်းစားမရွေးပါဝင်ခဲ့ကြသည်ဖြစ်ပေရာ ပြိုင်ပွဲကြီးမှာ အထူးပင်စည်ကားသိုက်မြိုက်ခဲ့လေ သည်။ ဒိုင်လူကြီးများအဖြစ် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ရေနံစိမ်းနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း လုပ်ငန်းများ လုပ်ဆောင်နေသော CNPC ကုမ္မဏီဥက္ကဌ၊ ရွှေဂက်(စ်) သဘာဝဓါတ်ငွေ့တူးဖော်ရေးနှင့် အဆင်ပြေနေသော Daewoo ကုမ္မဏီ ဥက္ကဌ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို လုပ်ဆောင်နေသော မြန်မာ-ဝမ်ပေါင် ကုမ္မဏီဥက္ကဌ၊ နှင့် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္မဏီမှတာဝန်ရှိသူတစ်ဦးတို့က မေတ္တာဖြင့်ကူညီဆောင်ရွက်ပေး ခဲ့ကြသည်။

          ပရိသတ်များကလည်း စုံညီစွာရောက်ရောက်ရှိနေပေသည်။ ပရိတ်သတ်တစ်ချို့တွင် ကလေးများတင် မကပဲ အိုးခွက်ပန်းကန်များပါယူဆောင်လာကြရာ စုံစမ်းကြည့်လိုက်သောအခါမှ မောင်တောမြို့နယ်မှ ဖြိုဖျက်ခံ လိုက်ရသော သင်္ဘောကွေ့ရွာသားများနှင့်လှည်းကူးမြို့အနားကဖြိုဖျက်ခံလိုက်ရသော ကျူးကျော်ရပ်ကွက်နေ ပြည်သူများဟု သိလိုက်ရသည်။ သို့သော်လည်း လျှပ်စစ်မီးပျက်နေ၍ ပြိုင်ပွဲက မစတင်နိုင်သေးပေ။သို့နှင့်ပင် တစ်နာ ရီခန့်ကြာပြီးနောက် မီးပြန်လာသည်နှင့် ပြိုင်ပွဲကြီးကို စတင်လိုက်ကြတော့သည်။ ထူးခြားသည်မှာ DMG Idol တွင်သီချင်းအမျိုးအစားများကို ကန့်သတ်မထားဘဲ Rock၊ POP၊ Hip-Hop၊ Classic မိမိကြိုက်နှစ်သက်ရာ သီချင်းတစ်ပုဒ်စီ သီဆိုယှဉ်ပြိုင်ခွင့် ပေးထားခြင်းဖြစ်သည်။ တာဝန်ရှိလူကြီးမင်းဆိုသူတစ်ဦးက ခေါင်းပေါင်းစ တထောင်ထောင်နှင့်အဖွင့်အမှာ စကားပြောကြားသည်မှာ နိုင်ငံတော်ကြီးတိုးတက် ပြောင်းလဲလာသည်နှင့်အညီ နိုင်ငံသားများလည်းတိုးတက် ပြောင်းလဲလာပြီး ပွင့်လင်းမြင်သာမှုရှိလာပုံကို မော်ဒယ်စူးရှထက်နှင့် သင်ဇာဝင့် ကျော်တို့၏ facebook ပေါ်မှ ဗီဒီယိုဖိုင်များကို ကိုးကား၍ပြောကြားသွားခဲ့သည်။ တော်တော်ခေတ်မီသော တာဝန်ရှိလူကြီးမင်းပေတည်း။

          ပထမဦးစွာ အလှည့်ကျပြိုင်ပွဲဝင်က ဘုန်းကြီးလူထွက်တစ်ယောက် ဖြစ်ပုံရသည်။ သူ့ကိုယ်သူမိတ်ဆက် လိုက်သည်။ “ဟုတ်ကဲ့ကျွန်တော်နာမည်မျိုးချစ်ပါ၊လက်ပံတောင်းတောင်ဗုံးကြဲခံရမှုမှ..ဆောရီးပါ လက်ပံတောင်း တောင် မီးလောင်ဗုန်းနှင့်ဖြိုခွင်းခံရမှုမှ လွတ်မြောက်လာတဲ့ ဘုန်းကြီးလူထွက်ဖြစ်ပါတယ်၊ ကျွန်တော်သီဆိုယှဉ် ပြိုင်မည့် သီချင်းက အဆိုတော်ကြီးတွံတေးသိန်းတန်ရဲ့ ချစ်ရတုတံတျာ ဆိုတဲ့သီချင်းပဲဖြစ်ပါတယ်”  သီချင်းအစ ပိုင်းတွင် ရတုပါရှိလေရာ ဘုန်းကြီးလူထွက်အသံနှင့် အံကိုက်ဖြစ်နေသည်။ပရိသတ်ကလည်း ငြိမ်သက်စွာနား ထောင်နေပေရာ အဆိုရှင်ကလည်း ဒုတိယအပိုဒ်မှာ အားမာန်အပြည့်နှင့်သီဆိုလာသည်။ “(ပန်းမှုန်ကြိုင်သင်း တလင်းစစ်မြေမှာ မပြန်)… မေတ္တာတေးကာရံ ရှာကြံရေးသားပေမယ့်မဟန်.. အမြောက်သံ စိန်သံ ဗုန်းသံတွေကြား သက်စွံ့ဆံဖျားကိုယ်သွားလေသမျှ…..” ဒီမှာတင် ပရိသတ်က လက်ခုပ်သြဘာ ထ၍တီးကြ ပေတော့သည်။လုံခြုံရေး တပ်ဖွဲ့ ဝင်များကတော့ မျက်နှာသိပ်မကောင်းကြပေ။ သီဆိုသွားတာ အလွန်ကောင်း ပါသည်။ နောက်တဆင့်တက်ရန် မျှော်မှန်းနိုင်သည့်အခြေအနေပင်ဖြစ်သည်။

          ဒုတိယတစ်ယောက်က မိန်းကလေးငယ်တစ်ဦးဖြစ်သည်။သနပ်ခါး ပါးကွက်ကြားလေးနှင့် အသက်နှစ် ဆယ်ကျော်မျှသာ ရှိပေလိမ့်ဦးမည်ဆိုသော်လည်း ခေတ်သမီးပျိုပီပီ ယတ်စားဆင်ယင်ပုံက သေသပ်လှပေ သည်။ “ကျွန်မနာမည်က မိအေးပါရှင်၊စက်ရုံအလုပ်သမားများသမဂ္ဂ မှဖြစ်ပါတယ်၊ဝန ရေးသားပြီး ချောငယ် သီ ဆိုထားတဲ့ စိတ်ကူးလေးပါပဲ ဆိုတဲ့သီချင်းနှင့် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်၊ အားပေးကြပါဦးရှင်။”  “စိတ် ကူးလေးပါပဲ..ကလေးအတွေး လေးပါပဲ .. မကြာခင်လွတ်မြောက်တော့မယ့် အတွေးငယ်လေးရယ်……ဒါကိုရှေ့ ဆက်တိုးနေလည်း……အိပ်မက်က အိပ် မက်ပါပဲကွယ်” ပရိသတ်များ တဒင်္ဂငြိမ်ကျသွားပေသည်။ ပြီးမှ လက်ခုပ် သြဘာပေးရန် သတိရကြဟန်တူသည်။ အားပေးသံများ ဆူညံသွားလေသည်။

          တတိယ ပြိုင်ပွဲဝင်တစ်ယောက်က အလန်းစားဖက်ရှင်တွေနှင့်စင်ပေါ်ကို ခုန်ပေါက်တက်လာလေသည်။ “ကျွန်တော့်နာမည်က အောင်နိုင်သူပါ၊မြန်မာနိုင်ငံ တိုင်ကွန်လူကြီးများ အသင်းဝင်ဖြစ်ပါတယ်၊ အရင်တုန်းက တော့ ခရိုနီအသင်းဖြစ်ပါတယ်။ ဦးထီး(စိုင်းထီးဆိုင်) သီဆိုထားတဲ့ မြင့်မိုရ်မို့လား ဆိုတဲ့သီချင်းနှင့် ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။” ဆိုပြီး ဒိုင်လူကြီးမင်းများဘက်သို့ ဦးညွှတ်လိုက်သော်လည်း ပရိသတ်ကိုတော့ ဦးမ ညွတ်ခဲ့ပေ။ “….. မပူပါနဲ့အချစ်ရေ မပူပါနဲ့အချစ်ရေ ဒီတောင်ကို မောင်ဖြိုကာပြပါ့မယ် တကယ် တကယ် ကယ်.. မပူပါနဲ့ မပူပါနဲ့ မပူပါနဲ့ အချစ်ကလေးရယ် ဒီတောင်ကို မောင် ဖြိုကာပြပါ့မယ် မြင့်မိုရ်မို့လား…..” မူရင်း သီချင်းက ကောင်းသော်လည်း သူ့အသံပြဲကြီးနှင့် ဆိုလိုက်သောအခါ အရသာပျက်သွားသည်။သို့သော် ဒိုင်လူ ကြီးများ၏မျက်နှာတွင်တော့ အပြုံးတွေကဝေဆာလို့ပင်။ ဘယ်အရာကို သဘောကျသည်တော့မသိပေ။ ပရိ သတ်ကလက်ခုပ်တီးကြိုဆိုခြင်းမပြုကြသော်လည်း သူကလည်းခပ်တည် တည်ပင်စင်ပေါ်ကဆင်းချသွားသည်။

          စတုတ္ထမြောက် ပြိုင်ပွဲဝင်အလှည့်သို့ ရောက်လာပေသည်။ အသက်က ၂၀ ကျော်သာဆိုသော်လည်း သူ့ရုပ်ရည်က အသက် ၃၀ ကျော်လောက် အိုမင်းရင့်ထော်နေသည်။ သူကစတင်မိတ်ဆက်လိုက်သည်။ သူ့နာ မည်က ငပြား ဖြစ်ကြောင်း၊ ကျူးကျော်ရပ်ကွက်မှာနေထိုင်ပြီးကျပန်းအလုပ်များနှင့် ဘဝကိုရှင်သန်နေရကြောင်း၊ လက်ရှိတွင် ဘုန်းကြီးကျောင်းတစ်ခုတွင် ခိုလှုံနေရကြောင်း၊ သူသီဆိုယှဉ်ပြိုင်မည့် သီချင်းက ဗိုဟိန်းနှင့်သမီး ဗီဗာဟိန်းတို့၏ နာမည်ကြီးသီချင်း တစ်ပုဒ်ဖြစ်သည့် ဘူးသီးမှ အရီးလာမတော်နဲ့ သီချင်းဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။ ပရိတ်သတ်ကလည်း စိတ်ဝင်တစားနားထောင်ခဲ့ကြသည်။ “ဝါဝါမြင်တိုင်း ရွှေအစစ်လို့မထင်လိုက် ပါနှင့် မောင့်ချစ်သူရယ်.. ဘုရား မှတ်လို့ ရှိခိုးကိုးကွယ် ဖွတ်ထွက်ခါမှ တောင်ပို့မှန်း သိနေမယ်ကွယ်.. ကျားရဲရာ ကြမ္မာမယိုး သာတယ် ..လူ့ဘဝဆိုတာဟာလည်း ဗုံလုံတလှည့် ငါးပျံတလှည့်မို့ကွယ် မှန်ကင်းတလှည့် ထင်းတ လှည့်ပါကွ့ဲသစ်ငုတ်မြင့်တုံ မြက်မြင့်တုံမို့ကွယ် ရေစီးတခါရေလာတလှည့်မို့ ဗူးသီးမှအရီးလာအတော်နဲ့ကွယ်” ။ ဟော ပရိသတ်ထဲကလက်ခေါက်မှုတ်သံ၊ လက်ခုပ်သံများဆူညံသွားသည်။ အဖွင့်အမှာစကား ပြောကြားသွား သော ခေါင်းပေါင်းစ တလူလူနှင့်လူကြီး မျက်နှာတွင်တော့ ဆေးလိပ်မီးညှိလို့ရလောက်အောင်ပင် နီရဲနေပေ တော့သည်။

ပဉ္စမမြောက် ပြိုင်ပွဲဝင်မည့်သူမှာ အသက်လေးဆယ်အရွယ်ခန့် အမျိုးသမီးတစ်ဦးဖြစ်သည်။ ထမီကို ခပ်တိုတို ဝတ်ကာ စင်ပေါ်တက်ခါနီး လုံခြုံရေးဝန်ထမ်းများကို မျက်စောင်းတချက် ဝေ့ကြည့်လိုက်သေးသည်။ “ဟုတ်ကဲ့ ကျွန်မကတော့ ထွေးညိုဖြစ်ပါတယ်၊တောင်သူလယ်သမားသမဂ္ဂမှအဖွဲ့ဝင်ဖြစ်ပါတယ်၊ သီဆိုယှဉ်ပြိုင် မည့်သီချင်းက ကိုသန်းလှိုင်ရဲ့ အမုန်းခွန်အားပေးသနားပါ သီချင်းဖြစ်ပါတယ်၊ အားပေးကြပါရှင်..” သူမ သီဆို သွားပုံကိုလည်း ခံစားကြည့်ပါ။ “ဆုတောင်းတိုင်းသာ ပြည့်စေချင်ပါသည် ဆုံးဇမ္ဗူတခွင် နှုန်းတူမမြင်……..” တောက်လျှောက်ကောင်းလာခဲ့ပြီးမှ “ဝဋ်ကြွေး တုံ့တင်ရှိပါရင်လည်း သံသရာဒီဘဝ ဒီအမျှနှင့်ပဲ အဆုံးသတ် စေချင်သည်..” ဆိုသည့်နေရာရောက်ကာမှ အသံကတိမ်ဝင်သွားပြီး မျက်ရည်များသာစီးကျလာခဲ့သည်။ သွား ပါပြီ သည်တစ်ယောက်ကတော့ဖြင့် နောက်တဆင့်သို့ တက်လှမ်းနိုင်တော့မည် မဟုတ်တော့ပေ။

ဆဋ္ဌမမြောက်ပြိုင်ပွဲဝင်မှာ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် လူငယ်တစ်ယောက်ဖြစ်သည်။ တီရှပ်အင်္ကျီ အနက်ရောင်တွင် အနီရောင်စာလုံးများဖြင့်ရေးထိုးထားသော မီဒီယာဖိနှိပ်မှုရပ်ဟူသော စာတန်းပါသည်ကို လည်း မြင်ရသည်။ သူ့နာမည်က မောင်သုတဖြစ်သည်။ သူ သီဆိုယှဉ်ပြိုင်သွားသည့် သီချင်းကလည်း ကောင်း လွန်းလှပေသည်။ အဆိုတော်ကြီး လွှမ်းမိုးသီဆိုခဲ့သည့် မွှေးလွန်းသည့်ပန်း သီချင်းဖြစ်သည်။ ပြိုင်ပွဲများတွင် တွေ့မြင်ရခဲသော တေးတစ်ပုဒ်ဖြစ်သည်။ “ မွှေးလွန်းသည့် ပန်း မနမ်းဝံ့ပြီ.. လှလွန်းသည့်ပန်း မလှမ်းဝံ့ပြီ.. မာယာပရိယယ် နှစ်သွယ်ယှက်လို့ ရက်စက်မှုအပေါင်း သရဖူ ဆောင်းခဲ့ပြီ အသည်းလွှာမြေမဟီ ဒေဝီရယ်မှ တစ်ပါး အင်အားတုဖက်ပြိုင် ကျွန်တော်မျိုးတို့ဖြင့် မနိုင်ပါပြီ.. ဆုံးရှုံးခြင်းသာ ရင်မှာပိုက်လို့ ငိုရှိုက်ကာ အဝေး ပြေး ရပါတော့….သည်။ လွှမ်းမိုးများ အသက်ပြန်ရှင်လာသလား အောက်မေ့ရလောက်အောင် ကောင်း လွန်းလှ သည် ဟုချီးကျူးသောသူတစ်ယောက်ကို အစိုးရသတင်းထောက် ဆိုသူ တစ်ဦးက မျက်စောင်းထိုးလိုက် သည်ကိုလည်း မြင်တွေ့လိုက်ရသည်။

ခုနစ်ဦးမြောက်(သတ္တမမြောက်) ဝင်ပြိုင်သူမှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး ထမီတိုတိုဝတ်ထားသည်မှာ ရုပ်ရှင် မင်းသမီး ခိုင်ခင်ဦးတို့ ဟော့ရှော့ခေတ်ကို ပြန်အမှတ်ရစေသည်။ မောင်တောမြို့နယ်မှ ဖြိုဖျက်ခံလိုက်ရ သော သင်္ဘောကွေ့ကျေးရွာသူ မဖြူထွေးဖြစ်ကြောင်းကို မိတ်ဆက်သည်။ နာမည်ကသာ မဖြူထွေးဖြစ်သော် လည်း သူ့အသားရောင်မှာ ညိုရုံတင်မက မည်းသည့်ဘက်သို့ပင် ယိုင်နေပေသည်။တောသူမဆိုသော်လည်း သူသီဆိုမည့် သီချင်းကို မိတ်ဆက်လိုက်သည့်အခါ ကျွန်တော်ပင် အံ့သြသွားရသည်။သူမက အိုင်းရင်းဇင်မာမြင့် ၏ နာမည်ကြီး နှလုံးသားအရင်းအနှီး သီချင်းကို သီဆိုမည် ဆိုသောကြောင့်ဖြစ်သည်။ “ ရင်မှာခံစားရတဲ့အဖြစ် ကို မင်းကနားမလည်ဘူး.. ငါ့ရဲ့ဒဏ်ရာတွေ ခုထိတိုင် ရင်ထဲမှာမကျက်သေးဘူး.. ချိုသာတဲ့စကားလေးများစွာ ပြောသမျှအဟုတ်ထင်ခဲ့ အခုတော့ မှန်ရာကို မှားတယ် ကြုံလာပြီမို့ မြင်လာပြီမို့ ငါအဝေးဆုံးကို ထွက်သွားလိုက် မှာပါ.. ငါတို့အတိတ်တွေ တကယ်ပြီးဆုံးပြီပဲ နှုတ်ဆက်ကာသွားတော့မယ်နင် ကျေနပ်လို့ပျော်တယ်ဆို ငါ ရင်ကွဲပြီးနေရလည်းရှိပါစေ ဂရုမစိုက်နဲ့လေ မင်းကြိုက်ရာကိုရွေး ……” အသံအနေအထားမှာ အိုင်းရင်းကို မမီ သော်လည်း သူ့ခံစားချက်က အိုင်းရင်းထက် ပြင်းထန်လေသည်လားမသိပေ။ သီဆိုဟန်က Mood အပြည့်ဖြစ် သည်။ ပရိသတ်အချို့မျက်ရည်ဝဲနေကြသည် ကို မြင်ရသော်လည်း ရှေ့ဆုံးက VIP တန်းမှာ ထိုင်နေကြသော လူကြီးမင်းအချို့ကဖြင့် မျက်နှာတွေအောက်ငုံ့ ကာ ပစ္စည်းပျောက်ရှာသလို အလုပ်ရှုပ်နေသည်ကိုလည်း မြင်တွေ့နေရသည်။

          ရှစ်ယောက်မြောက် (အဋ္ဌမမြောက်) ပြိုင်ပွဲဝင် စင်ပေါ်သို့တက်လှမ်းလာသည်။ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဖြစ်သည်ကို သူ့နဖူးမှာစည်းထားသော အနီရောင်ပိတ်စပေါ်တွင် အဝါရောင်ခွပ်ဒေါင်းပုံကို ထင်ရှားစွာ မြင်နေရသောကြောင့်ဖြစ်သည်။ ဒိုင်လူကြီးများ ထိုင်နေသည်ကို ဂရုမစိုက်ဘဲ သူ့ကိုသူ ပရိသတ်နှင့်မိတ်ဆက် လိုက်သည်။ ကျွန်တော်က အောင်ကိုနိုင်ပါ၊ သီဆိုယှဉ်ပြိုင်မည့် သီချင်းက ဦးညီထွဋ်(ဇော်ဝင်းထွဋ်)ရဲ့ ဘယ်သူ ရှိမလဲ ဆိုတဲ့သီချင်းပဲဖြစ်ပါတယ် ဟု အသံကြားကတည်းက ပရိသတ်က လက်ခုပ်သြဘာပေးနေကြပေပြီ ဖြစ် သည်။ “အမုန်းမီးများပဲ နှလုံးသားထဲမှာ တဝုန်းဝုန်းကျွမ်း လောင်နေပြီ ရှေးရှေးတုန်းက ကောင်းခဲ့ဖူးသမျှ အခု တော့ မင်းကမေ့ပြီ ချစ်ခဲ့ကြတဲ့ ရက်လနှစ်တို့ မင်းငဲ့စောင်း တောင်မကြည့်ဘူး  ငါ့ဘဝလေး တစစီ မင်းရက်စက် သွားပြီ  ဘယ်သူရှိမလဲ  အရမ်းချစ်ပြီးမှ အချစ်နဲ့ မပေါင်းချင် ဘယ်သူရှိမလဲ လောကကြီးထဲ အချစ်နှင့် မဝေးချင် ဘယ်သူရှိမလဲ အသည်းကွဲရတော့ မျက်ရည်မကျ တာ ဘယ်သူရှိမလဲ  ပြောအချစ်ရေ ဘယ်သူရှိမလဲ.”ရော့ခ် သီ ချင်းကြမ်းကြမ်းနှင့် သီဆိုဖျော်ဖြေပြီး စင်ပေါ်ကဆင်းချသွားသည်။ သူ့ပုံစံကဆုရယူရန်မျှော်မှန်းထားပုံ မပေါ်ပေ။

          နောက်ဆုံး(နဝမမြောက်) ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲဝင်တစ်ယောက်သာကျန်ပေတော့သည်။ သည်တစ် ယောက်က မည်သူများဖြစ်လေမလဲ ဆိုသည်ကို ပရိသတ်ကလည်း အထူးစိတ်ဝင်စားနေကြပေသည်။ မကြာခင် မှာပဲ စင်ပေါ်သို့ ကချင်အမျိုးသမီးငယ်တစ်ယောက် တက်လာပေသည်။ “ကျွန်မနာမည် မခေါင်ဂျာဖြစ်ပါတယ်။ မြန်မာနိုင်ငံ စစ်ဘေးရှောင်ဒုက္ခသည်များ အဖွဲ့မှဖြစ်ပါတယ်။မြန်မာသ့တေးတစ်ပုဒ်ဖြစ်သည့် အဆိုတော်ကြီး တွံတေးသိန်းတန်ရဲ့ မငိုပါနှင့်ညီမငယ် သီချင်းနှင့် ပါဝင်သီဆိုယှဉ်ပြိုင်မှာ ဖြစ်ပါတယ် အားပေးကြပါရှင်” ဟူသော ကချင်သံဝဲဝဲလေးနှင့် နှုတ်ဆက်လိုက်လေသည်။ “ အင်ဖက်ကိုမိုး ကျူရိုးခေါင်တိုင် ဆူးခိုင်ဆူးယှက် ဝိုင်းလျှက်ရံ ကာ ပြာကျအောင်မွဲမှာလည်း မစိုးရိမ်ပါတယ် နှမငယ်လေးရယ် အတူတွဲပေါင်းရရင် လွင်တီးခေါင် ကန္တာရ တောင် စိမ်းသန့်မြက်ခင်းလို ဖြတ်နင်းမှာပါလေ အခုတော့ညီမငယ်ရေ လနေကွယ်ပျောက် တောက်ပသော ကြယ်များ အားလုံးမြေသို့သက်စေ မိုးနှင့်မြေထိကပ်လို့ ရဟတ်သို့လည်သော နေ့များမှာမှကွယ် အတူတူပေါင်း ဖက်ဆုံတော့ မယ် မငိုပါနှင့် ညီမငယ်ရေမငိုပါနှင့် ညီမငယ်ရယ်”  ..သူကတော့ မငိုပါနှင့်ဆိုသွားပေမယ့် သူကိုယ်တိုင်က ငိုနေလေတော့ ပရိသတ်တွေကလည်း လိုက်၍ငိုကြနှင့် တစ်ချို့ဆိုရင် ငိုရင်းနှင့် တက်သွားလို့ နှာနှပ်ယူရ သည်အထိ ဖြစ်သွားကြသည်။ သည်လိုနှင့် ကျွန်တော်တို့ DMG Idol ပထမအဆင့် ပြိုင်ပွဲကြီးသည် ငိုပွဲနှင့်ပင် ပိတ်သိမ်းလိုက်ရကာ နောက်လာမည့် ပွဲစဉ်ကိုလည်း လုံခြုံရေးအကြောင်းပြချက်ဖြင့် အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရပေတော့သည်။                                                                                                                                                

                                                                            

         

ဗီဒီယိုများ