သောက်ရေအိုးလေးများရဲ့ ပဲ့ကိုင်ရှင်

“ငါ သေသွားရင်လည်း ညည်းတို့တွေ ဒီအလုပ်ကိုဆက်လုပ်စေချင်တယ်”ဟု အဘွားက သားသမီးများကို ရေဆက်လက်လှူဒါန်းရန် မကြာခဏမှာကြားလေ့ရှိသည်ဟု သားငယ်ဖြစ်သူ ကိုထွန်းထွန်းနိုင်ကပြောသည်။

12 Nov 2021


DMG ၊ နိုဝင်ဘာ ၁၂

(ဆောင်းပါး)

အလုံး ၅၀၀ ကျော်ခန့်ရှိမည့် သောက်ရေအိုးကလေးများမှာ တောင်တက်လမ်း၏ ဘေးတဖက်တချက်စီတွင် အစီအရီနှင့်ရှိနေကြသည်။ ထိုသောက်ရေအိုးများ၌ ရေပြတ်လပ်ခြင်းရှိ၊မရှိကို အသက် ၈၀ ကျော်အရွယ်ရှိသည့်အဘွားက စောင့်ကြည့်လေ့ရှိသည်။

အဘွားအမည်မှာ ဒေါ်ဒေါ်လာဖြူ၊ ၂၀၂၁ ခုနှစ်တွင် အဖွားအသက် (၈၄)နှစ် ပြည့်ခဲ့ပြီဖြစ်သည်။ အဘွား၏ မွေးရပ်ဇာတိမှာ ဆံတော်ရှင်ဘုရားတည်ရှိရာ ပေါက်တောမြို့နယ် စိုးမဲကျီရွာဟောင်းကျေးရွာမှဖြစ်သည်။

ဆံတော်ရှင်ဘုရားပွဲကျင်းပတိုင်း အဘွားက နှစ်စဉ်ရေလှူဒါန်းလာခဲ့သည်မှာ နှစ်ပေါင်း ၄၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ တောင်တက်လမ်းလျှောက်လာသူများ မောမောပန်းပန်းနှင့် သောက်ရေအိုးများမှ ရေခပ်ယူသောက်သုံးပါက ကွမ်းဝါးထားသည့်နှုတ်ခမ်းရဲရဲဖြင့် အဘွားက ပြုံးပြတတ်သည်။

ဘုရားဖူးသူများမှာ ဘုရားသို့မရောက်မီ တောင် ၉ လုံးကို ခြေလျင်ခရီးဖြင့် ကျော်ဖြတ်ကြရသည်။ လမ်းခရီးတစ်ဝက်တွင် အဘွားဒေါ်ဒေါ်လာဖြူမှ သောက်ရေအိုးများအစီအရီဖြင့် ဘုရားဖူးများကို ရေအလှူဒါနပြုနေခြင်းဖြစ်သည်။

ယခုကဲ့သို့ရေလှူဒါန်းမှုကို အဘွားအသက် ၄၄ နှစ်အရွယ်တွင် လင်ယောင်္ကျားဖြစ်သူ ဦးရွှေသာဦးနှင့်အတူ စတင်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင် ဦးရွှေသာဦးဆုံးပါးသွားခဲ့သော်လည်း အဘွားက ဆံတော်ရှင်ဘုရားပွဲတော်ကျင်းပတိုင်း ရေလှူဒါန်းမှုကို နှစ်စဉ်ဆက်လက်လှူဒါန်းခဲ့သည်။

အဘွားမှာ ရေစတင်လှူဒါန်းစဉ်က လူသူအရောက်အပေါက်နည်းသည့် တောင်ထိပ်ပေါ်ရှိ ရေတွင်းမှရေကို ရေဘူးများဖြင့်သယ်ယူကာ လှူဒါန်းခဲ့ရသော်လည်း နောက်ပိုင်းတွင် ပိုက်များဖြင့်သွယ်တန်းကာ လှူဒါန်းခဲ့သည်။

အဘွားတွင် သားသမီးသုံးဦးရှိပြီး အငယ်ဆုံးသားဖြစ်သူ ကိုထွန်းထွန်းနိုင်က “အမေတို့ စလုပ်ခဲ့တဲ့အချိန်က ကျတော့ ပိုက်တွေလည်းမပေါ်သေးတော့ နှစ်ပေါင်းလေး ဆယ်ကျော်ကနေဆိုတော့ ရေဘူးတွေနဲ့ဖြည့်ရတယ်။ အဲဒီမျိုးတော့ရှိခဲ့တယ်၊ အခုနောက်ပိုင်းကျတော့ ပိုက်တွေနဲ့ဖြည့်ကြပါတယ်”ဟု ပြောသည်။

စတင်လှူဒါန်းစဉ်က ရေအိုး ၄၂ လုံးနဲ့လှူဒါန်းခဲ့သော်လည်း နှစ်စဉ်အလှူရှင်များ ပေါ်ပေါက်လာခြင်းကြောင့် ၂၀၂၀ ခုနှစ်တွင် သောက်ရေအိုး ၅၂၀ အိုးအထိ တိုး၍လှူဒါန်းနိုင်ခဲ့သည်။

ဆံတော်ရှင်ဘုရားပွဲတော်ရက် နီးကပ်လာသည်နှင့် အဘွားရေလှူဒါန်းရန်အတွက် ရေအိုးများကို ဆေးကြောပေးခြင်း၊ ရေအိုးစင်ဆောက်လုပ်ပေးခြင်း၊ ရေအိုးလှူဒါန်းမည့် အလှူရှင်များ၏ အမည်ကို ရေအိုးတွင်ထိုးပေးခြင်းတို့ကို မိသားစုဝင်များမှ ဝိုင်းဝန်းကူညီခဲ့ကြကြောင်းလည်း သိရသည်။

“အကူညီကတော့ သူလှူဖို့ဆိုရင် ရေစင်တွေလုပ်ပေးရတယ်။ ရေအိုးတွေကို ပွဲကျတော့မယ်ဆိုရင် သန့်ရှင်းပေးရတယ်။ ရေဖြည့်ဖို့အတွက်ကူညီပေးရတယ်။ ရေအိုးတွေမှာ စာရေးပေးရတာတွေရှိတယ်”ဟု ကိုထွန်းထွန်းနိုင်ကပြောသည်။

ယင်းသို့ နှစ်စဉ်နှစ်တိုင်း မပျက်မကွက်ရေလှူဒါန်းသည့်အဘွားကို ဘုရားဖူးခရီးသွားအချို့မှ ငွေကြေးလှူဒါန်းကြရာ အဆိုပါအလှူငွေများကို အဘွားက ဘုရားတည်၊ ကျောင်းဆောက်သည့်နေရာများ၌ ပြန်လည်လှူဒါန်းလေ့ရှိသည်။ တခါတရံတွင် ဘုရားဖူးများထဲမှ ဘုန်းတော်ကြီးများနှင့် သီလရှင်များကို အဘွားက ငွေကြေးလှူဒါန်းပေးမှုများလည်းရှိသည်။

ဆံတော်ရှင်ဘုရားပွဲတော်ကို နှစ်စဉ်နတ်တော်လဆန်း ၈ ရက်နေ့မှ လပြည့်နေ့အထိ ၈ ရက်တိုင်တိုင်ကျင်းပလေ့ရှိသည်။ ရခိုင်ပြည်နယ် နေရာအသီးသီးမှဘုရားဖူးများအပြင် ရန်ကုန်၊ မန္တလေးခရီးသွားများနှင့် နိုင်ငံခြားသားအချို့ပါ ဘုရားပွဲတော်သို့ လာရောက်လေ့ရှိကြသည်။

ပေါက်တောမြို့နယ်တွင် အရှေ့၊ အနောက်၊ အလယ်ဟူ၍ ဖရုံကာကျွန်းသုံးကျွန်းရှိသည်။ အနောက်ဖရုံကာ ကျွန်းတွင် ဆံတော်ရှင်စေတီတော်ကြီးတည်ရှိသည်။ ယင်းကျွန်းကို အနောက်ဖရုံကာကျွန်း၊ မြေငူကျွန်း၊ ဆံတော်ရှင်ကျွန်းဟု အမည်သုံးမျိုးမှည့်ခေါ်ကြသည်။

ဆံတော်ရှင်ဘုရားတည်ရှိရာကျွန်းတွင် ရခိုင်နှင့် ခမီတိုင်းရင်းသားတစ်ချို့ နေထိုင်ကြသည်။ ငါးဖမ်းလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး တောင်ယာနှင့် လယ်လုပ်ငန်းကို အနည်းငယ်လုပ်ကိုင်သူများရှိကြသည်။ ယင်းကျွန်းတွင် စိုးမဲကျီ၊ ချောင်းဝ၊ ယာတိုက်၊ မြေငူကျွန်း၊ ပြိုင်းတောင်၊ သစ်ခေါင်းတော စသည့်ကျေးရွာပေါင်း ၁၀ ကျော်ရှိသည်။

ဆံတော်ရှင်စေတီတည်ရှိရာတောင်ကို နီလာပဗ္ဗတတောင်ဟု ခေါ်တွင်သည်။ ဘုရားရှင် ရခိုင်ပြည်ဓညဝတီမြို့မှ ဒွါရာဝတီမြို့တော်သို့ ကြွချီတော်မူရာ ကစ္ဆပနဒီမြစ်အဆုံး မြစ်ဝနေရာသို့ရောက်သောအခါ ရှစ်ဦးသောနဂါးတို့၏ ပင့်လျှောက်ချက်အရ နီလာပဗ္ဗတတောင်ထိပ်ပေါ်၌ ရပ်တန့်သီတင်းသုံးကာ နဂါးမင်းရှစ်ဦးနှင့်တကွ ထိုတောင်တရိုး၌ စောင့်ကြပ်တော်မူကြသော

နတ်အပေါင်းတို့၏ ပူဇော်မှုကိုခံယူပြီး တရားဟောကြားခဲ့သည်ဟု သမိုင်းမှတ်တမ်းများတွင် ဖော်ပြသည်။

နဂါးမင်းတို့၏ လျှောက်ထားချက်အရ ဘုရားရှင်သည် လက်ယာလက်တော်ဖြင့် ခေါင်းတော်ကိုသပ်၍ ဆံတော်လေးဆူကိုပူဇော်ရန် ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။ နဂါးမင်းတို့သည် ကျောက်ခဲများကိုစုဆောင်းပြီး ဆံတော်ရှင်မြတ်တို့ကို ဌာပနာထည့်ကာ စေတီတော်တစ်ဆူအား တောင်ထွတ်ပေါ်၌ တည်ထားကိုးကွယ်ခဲ့ ကြသည်ဟုလည်း သမိုင်းမှတ်တမ်းများက ဆိုထားသည်။

၂၀၁၉ ၊ ၂၀၂၀ ခုနှစ်များတွင် စစ်ရေးပဋိပက္ခနှင့် ကိုဗစ်ကပ်ရောဂါတို့ကြောင့် ဆံတော်ရှင်ဘုရားပွဲတော် မကျင်းပနိုင်ခဲ့ပေ။ ယင်းနှစ်များတွင် အဘွားဒေါ်ဒေါ်လာဖြူမှာ အသက်အရွယ်အိုမင်းလာသည်နှင့် ဆီးချို၊ သွေးချိုရောဂါ၊ အသည်းတွင် ကျောက်တည်သည့်ရောဂါတို့ကိုခံစားခဲ့ရသည်။ ၂၀၂၁ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် မွေးရပ်ဇာတိဖြစ်သည့် စိုးမဲကျီကျေးရွာ၌ အဘွားဒေါ်ဒေါ်လာဖြူ ကွယ်လွန်သွားခဲ့သည်။

“ငါ သေသွားရင်လည်း ညည်းတို့တွေ ဒီအလုပ်ကိုဆက်လုပ်စေချင်တယ်”ဟု အဘွားက သားသမီးများကို ရေဆက်လက်လှူဒါန်းရန် မကြာခဏမှာကြားလေ့ရှိသည်ဟု သားငယ်ဖြစ်သူ ကိုထွန်းထွန်းနိုင်ကပြောသည်။

ထိုသို့ အဘွားမှာကြားခဲ့သည့်အတိုင်း ဆံတော်ရှင်ဘုရားပွဲတွင် သောက်ရေလှူဒါန်းမည့်ကိစ္စကို မိသားစုနှင့်ဆွေးနွေးကာ ဆက်လက်လုပ်ဆောင်သွားမည်ဟု ကိုထွန်းထွန်းနိုင်ကပြောသည်။

ဆံတော်ရှင်ဘုရားပွဲသို့လာရောက်သည့် ဘုရားဖူးခရီးသည်များကို အပြုံးနှင့်ဆီးကြိုကာ အေးမြကြည်လင်သည့် သောက်ရေလှူဒါန်းသည့် အဘွားဒေါ်ဒေါ်လာဖြူကို ယခုနှစ်ကျင်းပမည့် ဆံတော်ရှင်ဘုရားပွဲတော်မှစ၍ ဘုရားဖူးခရီးသည်များ တွေ့မြင်ရတော့မည်မဟုတ်တော့ပေ။

ခိုင်ဖုန်းသူသူဇော် ရေးသည်။

ဗီဒီယိုများ