- အင်အားဖြည့်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို KNLA ပူးပေါင်းတပ်များ ပိတ်ဆို့တိုက်ခိုက်
- အီရန်ရှိ နျူကလီးယားစီမံကိန်း နေရာသုံးခုကို အမေရိကန် ဗုံးကြဲ
- ရိုဟင်ဂျာသူပုန်ထမှုကြောင့် ဘင်္ဂလားဒေ့ရှ်၏ ဒုက္ခသည်အကျပ်အတည်း ပိုဆိုးရုံသာရှိမည်
- ဘင်္ဂလားဒေ့ရှ်ရှိ မွတ်ဆလင်ဒုက္ခသည်များအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က ဒေါ်လာ ၅၉ သန်းထောက်ပံ့
- စိုင်းဒင်အထက်ပိုင်းက ကျေးရွာများတွင် ကလေးအသေမွေးဖွားနှုန်း မြင့်တက်နေ
ရိုဟင်ဂျာသူပုန်ထမှုကြောင့် ဘင်္ဂလားဒေ့ရှ်၏ ဒုက္ခသည်အကျပ်အတည်း ပိုဆိုးရုံသာရှိမည်
ဘင်္ဂလားဒေ့ရှ်သည် နိုင်ငံ၏ ထိပ်တန်း နိုင်ငံခြားရေး ဦးစားပေး မူဝါဒများအနက် တစ်ခုဖြစ်သော ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းကို ဖြေရှင်းရန်အတွက် နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့သည့် သံတမန်အရေးနှင့် စာနာထောက်ထားရေး ဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများ နောက်ပြန်ဆုတ်သွားစေမည့် ခြိမ်းခြောက်မှုတစ်ရပ် ကြီးထွားလာနေသည်ကို ရင်ဆိုင်နေရသည်။
25 Jun 2025

ဘင်္ဂလားဒေ့ရှ်သည် နိုင်ငံ၏ ထိပ်တန်း နိုင်ငံခြားရေး ဦးစားပေး မူဝါဒများအနက် တစ်ခုဖြစ်သော ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းကို ဖြေရှင်းရန်အတွက် နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့သည့် သံတမန်အရေးနှင့် စာနာထောက်ထားရေး ဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများ နောက်ပြန်ဆုတ်သွားစေမည့် ခြိမ်းခြောက်မှုတစ်ရပ် ကြီးထွားလာနေသည်ကို ရင်ဆိုင်နေရသည်။
ကော့ဘဇားရှိ အရေအတွက် သန်းကျော်သည့် ဒုက္ခသည်များသည် ပိုဆိုးလာသည့် လူမှုဘဝ အခြေအနေများနှင့် ရင်ဆိုင်နေရသည့် တချိန်တည်း၌ စာနာမှုရိက္ခာ ဖြတ်တောက်ခြင်းလည်း ကြုံနေရသည်။ စိတ်ပျက်ပြီး ကြံရာမရ ဖြစ်နေကြသည့် လူငယ်များအား စခန်းတွင်း၌ လှုပ်ရှားနေသည့် လက်နက်ကိုင် အုပ်စုများက နယ်စပ်တွင် လက်နက်ကိုင်လှုပ်ရှားပြီး မြန်မာပြည်ထဲ ပြန်ဝင်ကြမည် ဆိုသော ကတိများပေးကာ စည်းရုံးသည်။
သူတို့၏ ပစ်မှတ်မှာ ရခိုင်ပြည်တွင် အစိတ်အပိုင်း အများစုကိုထိန်းချုပ်ထားသလို ဒေသခံ ဗုဒ္ဓဘာသာဝင်များ၏ ထောက်ခံမှုပါ ရရှိထားသော အာရက္ခတပ်တော် ဖြစ်သည်။
ဒုက္ခသည်အများစုသည် ဆိုခဲ့ပါ လက်နက်ကိုင် အဖွဲ့များကို သူတို့၏ ကြမ်းတမ်းရက်စက်သည့် လုပ်ရပ်များကြောင့် ကာလရှည်ကာ ဆန့်ကျင်ခဲ့ကြသည်။ သို့သော်လည်း အာရက္ခတပ်တော်အပေါ် အမျက်သင့်မှု ပိုများလာခြင်း၊ မြန်မာပြန်သို့ ပြန်ခွင့်ရရေး မျှော်လင့်ချက် ကင်းမဲ့လာခြင်းတို့က စခန်းတွင်း လူသစ်စုဆောင်းမှုကို ပိုလွယ်ကူလာစေသည်။
လက်နက်ကိုင် အုပ်စုများ၏ ရည်ရွယ်ချက် အစစ်အမှန်အပေါ် ဒုက္ခသည်အများအပြားက မယုံသင်္ကာ ရှိနေကြဆဲ ဆိုသော်လည်း ယခုအခါ လက်နက်ကိုင်ခြင်း သည်သာလျှင် နေရပ်ပြန်ရေးအတွက် တစ်ခုတည်းသော နည်းလမ်းဟု ယုံကြည်လာကြကြောင်း အများစုက ပြောနေကြပြီဖြစ်သည်။
သူတို့၏ ထိပ်တိုက်ရင်ဆိုင်သည့် ဗျူဟာမှာ စကတည်းက အရှုံးပေါ်ပြီးသားသာ ဖြစ်သည်။ ရိုဟင်ဂျာလက်နက်ကိုင် အုပ်စုများသည် ရခိုင်ပြည်ကို မြန်မာစစ်တပ်လက်မှ ပြန်သိမ်းပိုက်ရန် ကြိုးပမ်းနေသည့် အာရက္ခတပ်တော်အတွက် အဆင့်တူပြိုင်ဘက် မဟုတ်ပေ။ ဘင်္ဂလားဒေ့ရှ်က ကာလရှည်ကြာ ရပ်တည်လာသည့် ဒုက္ခသည် နေရပ်ပြန်ပို့ရေး သဘောထားကိုလည်း ဤဗျူဟာက နောက်ပြန်ဆွဲနေသလို ဒေသတစ်ခုလုံးအား ပိုမိုနက်ရှိုင်းပြီး ရှုပ်ထွေးသည့် အကျပ်အတည်းကြီးဆီ နစ်မြုပ်သွားစေနိုင်ခြေလည်း ရှိနေပေသည်။
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရသည် ၂၀၂၄ ခုနှစ် သြဂုတ်လတွင် လုပ်ငန်းတာဝန်များ စတင်ထမ်းဆောင်ချိန်တည်းက ဒုက္ခသည် နေရပ်ပြန်ရေးအတွက် ခြေလှမ်းအများအပြား လှမ်းခဲ့သည်။ မိုဟာမက်ယူနွတ်၏ အစိုးရအဖွဲ့သည် ရိုဟင်ဂျာအရေးအတွက် သီးသန့် ကိုယ်စားလှယ်တစ်ဦး ခန့်အပ်သည်။ အာရက္ခတပ်တော်၏ နိုင်ငံရေးတောင်ပံ အဖွဲ့နှင့် ဆွေးနွေးမှုများ ပြုလုပ်သည်။
ယခုနှစ် စက်တင်ဘာတွင် နယူးယောက်၌ ကုလသမဂ္ဂ အထွေထွေ ညီလာခံကျင်းပစဉ် အလွတ်သဘော အဆင့်မြင့် ဆွေးနွေးပွဲ တစ်ရပ် ကျင်းပရန်လည်း ကုလကို အောင်မြင်စွာ စည်းရုံးနိုင်ခဲ့သည်။ ဒုက္ခသည်များအတွက် တာရှည်ခံနေအိမ်များ ဆောက်လုပ်ခွင့်ပြုခြင်းကဲ့သို့ လုပ်ရပ်များဖြင့်လည်း စာနာမှု အကူအညီဆိုင်ရာ စည်းကမ်းအချို့ကို ဖြေလျှော့ပေးခဲ့သည်။
သို့သော် ဤကဲ့သို့ သံတမန်ရေးရာ အားထုတ်မှုများကြောင့် အသိအမှတ်ပြု ခံနေရသည့် တချိန်တည်း၌ အစိုးရအဖွဲ့သည် စခန်းများအတွင်း ဖြစ်ပေါ်နေသည့် အပြောင်းအလဲများကြောင့် တိတ်တဆိတ် ဝေဖန်ခံနေရသည်။
ရခိုင်ပြည်တွင် ဖြစ်ပေါ်လာသည့် အခြေအနေသစ်ကြောင့် အာရက္ခတပ်တော်နှင့် ဆွေးနွေးညှိနှိုင်းခြင်းသည်သာ ဒုက္ခသည်များကို နေရပ်ပြန်ပို့ရေးအတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်လာသည်။ အာရက္ခတပ်တော်သည် လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသည့် နယ်စပ်တကြောလုံး အပါအဝင် ဒုက္ခသည်များ မူလနေထိုင်ခဲ့ရာ ဒေသတစ်ခွင်လုံးကိုပါ ထိန်းချုပ်ထားပြီဖြစ်သည်။
သို့သော်လည်း အာရက္ခတပ်တော်အပြင် ယခုဆောင်းပါးရှင်တို့ တွေ့ဆုံခဲ့သည့် ဒုက္ခသည် အများစုကပါ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးအေဂျင်စီများထဲရှိ အဖွဲ့အစည်းများသည် ရိုဟင်ဂျာလက်နက်ကိုင် အုပ်စုများ ကြီးထွားလာအောင် လွှတ်ပေးထားသည်ဟု ယုံကြည်ကြသည်။ သူတို့က ရိုဟင်ဂျာလက်နက်ကိုင် အုပ်စုများ စခန်းတွင်း၌ ဧရာမ တွေ့ဆုံပွဲကြီးများ ပြုလုပ်ခြင်း၊ ခွင့်ပြုပေးသည့် အာဏာပိုင်များကိုပါ တခါတရံ၌ လူသိရှင်ကြား ကျေးဇူးတင်စကားပြောခြင်းတို့ကို ထောက်ပြကြသည်။
ထိုလက်နက်ကိုင် အုပ်စုများနှင့် ဆက်စပ်နေသူ လူပုဂ္ဂိုလ်များသည် စခန်းများသို့ လာရောက်ကြသည့် အဆင့်မြင့် ဧည့်သည်များနှင့် တွေ့ခွင့် ရကြသည့်အတွက်လည်း သူတို့၏ လုပ်ရပ်များကို တိတ်တိတ်ပုန်း အားပေးနေခြင်း မဟုတ်လျှင်တောင် အလျှော့အတင်း လုပ်ပေးထားသည် ဆိုသည့် ထင်မြင်ချက်များကို ပိုခိုင်မာစေသည်။
ဤသည်က အတည်တကျ မဟာဗျူဟာတစ်ရပ်၏ တစိတ်တပိုင်း ဖြစ်စေ၊ ကြီးကြပ်မှု အားနည်းရာမှ ပေါ်လာသည့် ယိုပေါက်ဖြစ်စေ ရလဒ်ကတော့ အတူတူပင်ဖြစ်သည်။ အာရက္ခတပ်တော်အပေါ် မယုံကြည်မှု ပိုတိုးလာအောင် လှုံ့ဆော်ပေးမည်၊ ဘင်္ဂလားဒေ့ရှ်သည် လက်နက်ကိုင်များကို လွတ်လပ်စွာ လှုပ်ရှားခွင့် ပေးထားသည့် တချိန်တည်း၌ သံတမန်ရေးအရ စကားပြောနေသည်ဟု အာရက္ခတပ်တော်က ရှုမြင်မှု ပိုအားကောင်းလာမည် ဖြစ်သည့်အတွက် ဆွေးနွေးညှိနှိုင်းမှုများတွင် ဒါကာဘက်က အားပျော့သွားမည်။
ဤရှုမြင်မှု ပိုခိုင်မာလာပါက ထိတွေ့ဆက်ဆံမှုများ တုံ့ဆိုင်းသွားမည်ဖြစ်ကာ ဒုက္ခသည်နေရပ်ပြန်ရေးအတွက် လက်တွေ့ကျသည့် မည်သည့် အလားအလာမဆို ၎င်းနှင့် တဆက်တည်း ရေစုန်မျောသွားမည် ဖြစ်သည်။
အာရက္ခတပ်တော်သည် မြန်မာပြည်တစ်ဝန်းတွင် စစ်ကောင်စီကို ထိပ်ဆုံးက တော်လှန်တိုက်ခိုက်နေသည့် အဖွဲ့များအနက် တစ်ခုအဖြစ် ထောက်ခံအားပေးမှု အခိုင်အမာ ရရှိထားသည်။ AA သည် ရခိုင်ပြည် နယ်စပ်တဝန်းရှိ တော်လှန်ရေး အုပ်စုငယ်များကို ကျောထောက်နောက်ခံ ပေးထားသည်သာမက မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတွင်လည်း တပ်ဖွဲ့ဝင်များ ရှိနေသည်။
ရိုဟင်ဂျာ လက်နက်ကိုင်များကသာ AA ကို ဆန့်ကျင်တိုက်ခိုက်လာကြသည် ဆိုလျှင် ၎င်းတို့အား လက်တွေ့၌ မြန်မာလူထု အများအပြားက စစ်ကောင်စီကို အားပေးသူအဖြစ်သာ မြင်ကြမည်ဖြစ်သည်။ ဤသို့ဖြင့် ရခိုင်လူထုနှင့် ရန်လိုမုန်းထားမှုလည်း ပိုနက်ရှိုင်းလာနိုင်သည်။ ပို၍ ကျယ်ကျယ်ပြန့်ပြန့် ဆိုရလျှင် နိုင်ငံတွင်း အခြေတည်စ ပြုနေသည့် ရိုဟင်ဂျာ အသိုင်းအဝိုင်းကို လက်ခံမှုသည်လည်း ပြောင်းပြန်ဖြစ်သွားနိုင်သည်။
ပြီးခဲ့သော ၁၈ လအတွင်း ရခိုင်တိုက်ပွဲများမှ ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံလာသည့် ရိုဟင်ဂျာ အရေအတွက်သည် ၁၂၀,၀၀၀ ထက်မနည်းရှိကာ ပို၍လည်း များလာနိုင်ဖွယ် ရှိသည်။ မြန်မာနယ်စပ်တွင် ရိုဟင်ဂျာ လက်နက်ကိုင်များ ပေါ်ထွက်လာသည့် အချိန်သည် ရိုဟင်ဂျာ အရပ်သားများအပေါ် အာရက္ခတပ်တော်က လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာများ အတော်အသင့် ထွက်လာချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
မောင်တောနှင့် ဘူးသီးတောင်မြောက်ပိုင်းတွင် ARSA က တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် နေရာများ၌ အာရက္ခတပ်တော်သည် "နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး" ဟု ခေါ်သည့် လုပ်ရပ်ဖြင့် တုံ့ပြန်ခဲ့သည်။ ဤစစ်ဆင်ရေးသည် လက်နက်ကိုင်များကို ခိုလှုံမှုပေးခဲ့သည်ဟု သံသယရှိသည့် ရိုဟင်ဂျာ ကျေးရွာများကို ပစ်မှတ်ထား ဆောင်ရွက်ခြင်း ဖြစ်သည်။
အချို့နေရာများ၌ AA သည် ဒေသခံ ရခိုင် ပြည်သူ့စစ် အဖွဲ့များ ဖွဲ့စည်းလာသလို လက်နက်ကိုင်များက အကာအကွယ်အဖြစ် အသုံးပြုမည်ကို စိုးရိမ်ရသည့် အနီးအနားရှိ ရိုဟင်ဂျာရွာများကိုလည်း နေရာရွှေ့ပြောင်းရန် သတိပေးသည်။ ဤသည်က ရိုဟင်ဂျာနေရပ်ပြန်ရေးအတွက် အားရဖွယ် မရှိသည့်ပုံရိပ် ဖြစ်သည်။ ရိုဟင်ဂျာ လက်နက်ကိုင် လှုပ်ရှားမှုသာ ကြီးထွားလာပါက ဤအနေအထားမှာ ပိုဆိုးဖွယ်သာ ရှိတော့သည်။
ဘင်္ဂလားဒေ့ရှ်ကတော့ ရွေးချယ်မှုတစ်ရပ် လုပ်ရတော့မည် ဖြစ်သည်။ အစိုးရ၏ အန္တိမပန်းတိုင်သည် ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်ရေး ဖြစ်နေဆဲ ဆိုပါက ဒါကာအနေဖြင့် မူဝါဒနှင့် လက်တွေ့လုပ်ရပ် အကြားက ကွာဟချက်ကို အဆုံးသတ်ရပေမည်။
စခန်းများအတွင်းရှိ လက်နက်ကိုင် အုပ်စုများအပေါ် သြဇာလွှမ်းမိုးမှုကို လျှော့ချရမည်၊ ယုံကြည်အားထားလောက်သည့် အရပ်သား ခေါင်းဆောင်မှုတစ်ရပ် ဒုက္ခသည်များအကြားမှ ပေါ်ထွက်လာနိုင်မည့် အခင်းအကျင်း ဖန်တီးပေးရမည်၊ အာရက္ခတပ်တော်နှင့် နိုင်ငံရေးအရ ထိတွေ့ဆက်ဆံမှု လမ်းကြောင်းပေါ်တွင် ဆက်ရှိနေရမည် ဆိုသည့်သဘောဖြစ်သည်။
ဒါကာအနေဖြင့် နေပြည်တော်ရှိ စစ်ကောင်စီနှင့် လောလောလတ်လတ် ထိတွေ့ဆက်ဆံမှုများကိုလည်း ပြန်လည် သုံးသပ်ရန် လိုအပ်နိုင်သည်။ မြန်မာစစ်ကောင်စီသည် ဒုက္ခသည် နေရပ်ပြန်ရေးအတွက် ဆွေးနွေးနိုင်သည့် အခြေအနေတွင် ရှိမနေတော့သည်ဖြစ်ရာ မဖြစ်စလောက် အကျိုးအတွက် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံခြင်းသည် အာရက္ခတပ်တော်၏ မယုံကြည်မှုကို ပိုတိုးလာစေရုံသာ ရှိနိုင်သည်။
နိုင်ငံတကာ အလှူရှင်များ အနေဖြင့်လည်း သူတို့၏ အခန်းကဏ္ဍကို ပြန်စဉ်းစားရန် လိုအပ်သည်။ အထောက်အပံ့ ဖြတ်တောက်မှုများ၊ အထူးသဖြင့် USAID ရန်ပုံငွေ ချက်ချင်း ရုပ်သိမ်းခြင်းတို့သည် လက်နက်ကိုင် အုပ်စုများ ဖြစ်စေလိုသည့် စိတ်ပျက်ဒေါသထွက်မှုပို ပိုအားကောင်းအောင် လုပ်ပေးလျက်ရှိသည်။ ရန်ပုံငွေ မလုံလောက်မှု ဆက်ဖြစ်နေပါက ဤပြဿနာ ပိုဆိုးလာမည်ဖြစ်သည်။
စားနပ်ရိက္ခာ၊ ကျန်းမာရေးနှင့် ရေဆိုးစွန့်ပစ်ရေးစနစ် ကဲ့သို့ အခြေခံ ဝန်ဆောင်မှုများ ဆက်လက်ထောက်ပံ့ခြင်း သာမက ပညာရေးပိုင်းသည်လည်း မရှိမဖြစ် လိုအပ်သည်။ သို့သော်လည်း စခန်းများအတွင်း အသေးစား လုပ်ငန်းများ တရားဝင်ခွင့်ပြုခြင်းနှင့် ဒုက္ခသည်များအတွက် အခြားသော စီးပွားရေး အခွင့်အလမ်းများ ဖန်တီးပေးခြင်းကဲ့သို့ ဒါကာ၏ မူဝါဒ အပြောင်းအလဲများကလည်း နိုင်ငံခြား အကူအညီအပေါ် မှီခိုနေရခြင်းကို လျှော့ချပေးနိုင်မည် သာမက နိုင်ငံတကာ၏ ထောက်ခံအားပေးမှုကိုပါ ပိုမိုဆွဲဆောင်နိုင်မည် ဖြစ်သည်။
တချိန်တည်း၌ အာရက္ခတပ်တော် အနေဖြင့်လည်း ရခိုင်ပြည်၌ ရိုဟင်ဂျာလူနည်းစုများ အပါအဝင် အသိုင်းအဝိုင်း အားလုံးကို အုပ်ချုပ်နိုင်စွမ်း ရှိကြောင်း ပြသရမည် ဖြစ်သည်။ လူတိုင်းအကျုံးဝင်ရေး အားထုတ်မှုအချို့ ရှိနေသည် ဆိုသော်ငြား AA အုပ်ချုပ်မှု အောက်ရှိ ဘဝသည် မြန်မာစစ်တပ် လက်အောက်တွင် ရှိခဲ့သည့် ဘဝနှင့် ထူးမခြားနားသာ ဖြစ်သည်ဟု ပြောဆိုကြသည့် ရိုဟင်ဂျာလည်း အများအပြားရှိသည်။
ခွဲခြား ဆက်ဆံခြင်းနှင့် ARSA တိုက်ခိုက်မှုများ ဖြစ်ပြီးနောက်ပိုင်း အရပ်သားများအပေါ် အကြမ်းဖက် လက်တုံ့ပြန်ခြင်းကို အဆုံးသတ်ခြင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် ဝန်ဆောင်မှုများကို တန်းတူညီမျှ ရရှိရေး အာမခံခြင်းတို့က ယုံကြည်မှု တည်ဆောက်ရေးအတွက် သော့ချက်ဖြစ်ပါလိမ့်မည်။
အာရက္ခတပ်တော်သည် မြန်မာစစ်တပ်ထက် ပိုကြီးမားသည့် ရန်သူဖြစ်သည် ဆိုသည့် ဒုက္ခသည်များအကြား ကြီးထွားလာနေသည့် သဘောထားကို တုံ့ပြန်ရန်အတွက်လည်း AA အနေဖြင့် ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာ ခေါင်းဆောင်များနှင့် ထိတွေ့ဆက်ဆံရန် လိုအပ်မည် ဖြစ်သည်။
စက်တင်ဘာ ကုလသမဂ္ဂ ဆွေးနွေးပွဲသည် ဘင်္ဂလားဒေ့ရှ်အတွက် ရိုဟင်ဂျာ ဒုက္ခသည် အကျပ်အတည်းကို ကိုင်တွယ်မှုနှင့် ပတ်သက်သည့် မဟာဗျူဟာကို ပြန်လည်ချမှတ်ရန်၊ ပိုမို ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အကူအညီများ စုစည်းရန် အခွင့်အရေးတစ်ရပ် ဖြစ်သည်။
သို့သော် ဒါကာအနေဖြင့် နိုင်ငံတကာ မဟာမိတ်များနှင့် သာမက လက်ရှိ ရခိုင်အနာဂတ်ကို လက်တွေ့ပုံဖော်နေကြသည့် အင်အားစုများနှင့်ပါ ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်မှ ဤအခွင့်အရေး အကောင်အထည် ပေါ်မည်ဖြစ်သည်။
ရာဗီချန်ဒရာကူးမား
ပရိုသော်မ်အာလို သတင်းဝဘ်ဆိုက်တွင် ဖော်ပြထားသော A Rohingya insurgency will only prolong Bangladesh's refugee crisis သဘောထားအမြင် ဆောင်းပါးကို ဘာသာပြန်ပါသည်။
ဆောင်းပါးရှင် Thomas Kean သည် နိုင်ငံတကာ ပဋိပက္ခများ လေ့လာရေးအဖွဲ့ (International Crisis Group - ICG) ၏ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ရေးရာ အကြီးတန်းအကြံပေးတစ်ဦး ဖြစ်သည်။ ဖော်ပြပါ အသုံးအနှုန်းများသည် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။