ယူနက်စကိုဝင်ရေး ကြိုးပမ်းနေသည့် မြောက်ဦးမြို့နှင့် မူးယစ်ဆေးဝါးပြဿနာ

စိတ်ကြွဆေးသုံးပြီးလျင် လူအများနှင့်စကားပြော၍ အဆင်ပြေခြင်း၊ ခန္ဓာကိုယ်တစ်ခုလုံးတက်ကြွခြင်း၊ အာရုံစူးစိုက်မှုအားကောင်းခြင်း၊ အလုပ်လုပ်ကိုင်လျင်လည်း နွမ်းနယ်ပင်ပန်းခြင်းမရှိခြင်း၊ အစားအသောက်မစားချင် စိတ်များဖြစ်သည်ဟု သုံးစွဲသူများက ပြောဆိုကြသည်။ သို့သော်လည်း အသက်န္တရာယ်စိုးရိမ်ရခြင်းနှင့် ပတ်ဝန်းကျင်ကို ထိခိုက်စေပြီး အကျင့်စာရိတ္တ ပျက်ပြားလာသည်ဟုလည်း ပြောကြသည်။

By မျိုးသီရိကျော် 04 Feb 2022

 မြောက်ဦးမြို့ရှိ ရှေးဟောင်းဘုရားပုထိုးစေတီများတွင် ဆေးသုံးစွဲထားသည်ကို တွေ့ရစဉ်။ ဓါတ်ပုံ - I010)


DMG ၊ ဖေဖော်ဝါရီ ၄

(သတင်းဆောင်းပါး)

ရခိုင်လူမျိုးများ အထွက်အမြတ်တန်ဖိုးထားရသော ရှေးဟောင်းမြောက်ဦးမြို့တော်သည် ကမ္ဘာ့အမွေအနှစ်စာရင်း (ယူနက်စကို) ဝင်ရန် ကြိုးပမ်းနေသည့် မြို့တော်တစ်မြို့တော်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ကာလအတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (အေအေ) တို့ ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် မြန်မာစစ်တပ်၏ လက်နက်ကြီးရမ်းသတ်ပစ်ခတ်မှုကြောင့် ရှေးဟောင်း ဘုရား၊ ပုထိုး၊ စေတီများ ပျက်စီးမှုရှိခဲ့သလို လူနေအိမ်များ မီးလောင်ကျွမ်းခဲ့ပြီး ရခိုင်တိုင်းရင်းသားအချို့လည်း ထိခိုက်ဒဏ်ရာများနှင့်သေဆုံးသူများရှိခဲ့သည်။ ၂၀၁၈ မတိုင်ခင်က မြောက်ဦးမြို့သည် ပြည်တွင်းပြည်ပ ခရီးသည်များဖြင့် စည်ကားလျက်ရှိပြီး ရှေးဟောင်းအမွေအနှစ်များနှင့် သာယာလှပသော မြို့တစ်ခုဖြစ်နေခဲ့သည်။ တိုက်ပွဲပြင်းထန်အချိန်ကနေ ၂၀၂၀ နှစ်ကုန်အထိ မြောက်ဦးမြို့ကို ခရီးသွားရန် လုံခြုံရေးအရ အဟန့်အတားဖြစ်နေခဲ့ပြီး ၂၀၂၁ နှစ်လယ်ကနေ လက်ရှိအချိန်ထိ ပြည်ပက နိုင်ငံခြားသား ခရီးသွားများ မလာရောက်နိုင်သော်လည်း ပြည်တွင်းက ခရီးသွားများ တစ်ဖြည်းဖြည်း လာရောက်ကာ မြို့မှာ တစ်ဖန်ပြန်လည် စည်ကားစပြုလာနေပြီ ဖြစ်သည်။

မြောက်ဦးမြို့တွင်ရှိသည့် ရှေးဟောင်းအမွေအနှစ်များကို ကမ္ဘာက သိလာအောင် ကမ္ဘာ့အမွေအနှစ်စာရင်း (ယူနက်စကို) ဝင်နိုင်ရေးအတွက် နောက်ဆုံးအဆင့် အပြီးသတ်အစီရင်ခံစာကို တင်သွင်းထားပြီလည်းဖြစ်သည်။ သို့သော် မြောက်ဦးမြို့တွင် စွန့်ပစ်အမှိုက်များဖြင့် ညစ်ညမ်းနေခြင်း၊ ချောင်းမြောင်း၊ အင်းအိုင်၊ ကျုံးများကို တူးဖော်မြေဖို့ခြင်း၊ တောင်များဖြိုဖျက်ခြင်း စသည်တို့သည် ယူနက်စကို ဝင်ရောက်နိုင်ရန် အဟန့်အတားဖြစ်နိုင်ကြောင်း ရှေးဟောင်းယဉ်ကျေးမှုပညာရှင်များက ပြောဆိုထားကြသည်။

ထိုအထဲမှာမှ ပိုပြီး အဟန့်အတားဖြစ်စေခြင်း၊ ဂုဏ်ကျက်သရေညိုးနွမ်းခြင်းနှင့် ရခိုင်လူမျိုးများ၏ ဂုသိက္ခာကိုပင် ထိခိုက်နိုင်သည့် လုပ်ရပ်မှာကား ရှေးဟောင်းဘုရား၊ ပုထိုး၊ စေတီ ပုရဝုဏ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြား (WY) ဒေသအခေါ် အစိချေ သုံးစွဲနေခြင်းဖြစ်သည်။ ရခိုင်ပြည် မြို့နယ်အများအပြားတွင် မူးယစ်ဆေးများကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာကာ ယခုနှစ်အတောအတွင်း ပိုမိုများလာပြီး အသက် ၁၅ နှစ်ကနေ အသက် ၂၃ နှစ်ကြား လူငယ်များမှာ အများဆုံးဖြစ်နေသည်။ ယင်းအထဲမှာမှ ရှေးဟောင်းအမွေအနှစ်များဖြင့် ပြည့်နှက်နေသည့် မြောက်ဦးမြို့တွင်ကား ဘုရား၊ ပုထိုး၊ စေတီများနှင့် လူသွားလူလာနည်းသည့် နေရာများတွင် မူးယစ်ဆေးဝါးသုံးစွဲမှုများကို လူကိုယ်တိုင်မြင်တွေ့နေရသလို ပုံနှင့်တကွလည်း လူမှုကွန်ယက်စာမျက်များတွင် နေ့တိုင်းကဲ့သို့ မြင်တွေ့နေရသည်။ အထူးသဖြင့် ကိုးသောင်းဘုရားပတ်ဝန်းကျင်၊ လေးမျက်နှာဘုရားပတ်ဝန်းကျင်၊ လောင်ဗွန်းပြောက်စေတီ ပတ်ဝန်းကျင်၊ လက်ဆည်ကန် ပတ်ဝန်းကျင်နှင့် ကျုံးနေရာများတွင် မူးယစ်ဆေးများသုံးစွဲထားသည့် အဖုံးခွံ၊ ငွေရောင်ခဲပတ်များ၊ အချိုရည်ဗူးခွံကို အလယ်မှဖောက်ပြီး ပလက်စတစ်ပိုက်တံများ တပ်ဆင်ထားသည်ကို မြင်မကောင်းအောင်ပြန့်ကြဲနေခြင်းပင်ဖြစ်သည်။

ရခိုင်ပြည်အတွင်း ၂ နှစ်ခန့်ကြာ ပြင်းထန်ခဲ့သည့် စစ်မီးကြောင့် ရှေးဟောင်မြို့တော်ဖြစ်သည့် မြောက်ဦးကို အလည်အပတ်ခရီးသည်များ လာရောက်မှုမရှိသလောက်နည်းပါးနေချိန် သုံးစွဲလာကြပြီး လက်ရှိတွင် ပိုမိုများပြားလာနေကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ပြောဆိုကြသည်။ မြောက်ဦးမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား (WY) ဒေသအခေါ် အစိချေကို အဓိကဖြန့်ဖြူးရောင်းချသူများမှာ လူလတ်တန်းစား၊ ငွေကြေးရှိအသိုင်းအဝိုင်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဈေးဆိုင်နှင့် ကွမ်းယာဆိုင်အချို့တွင်လည်း တွဲဖက်ရောင်းချကြသလို လူအရောက်အပေါက်နည်းသည့် လမ်းကြိုလမ်းကြားအိမ်များတွင်လည်း ရောင်းချနေကြသည်။

စိတ်ကြွရှုးသွပ်ဆေးပြား (WY) အစိချေကို သူငယ်ချင်းများနှင့်ပေါင်းပြီး တခါဝယ်ယူလျင် အနည်းဆုံး အလုံး ၃၀ ခန့်စီ ဝယ်ယူသည်ဟု ကိုထွန်းထွန်း (နာမည်လွှဲ) က ဆိုသည်။

“ အစိချေကို ဝယ်ဖို့သွားတယ်ဆိုရင် အိမ်ကိုဝင်လို့ရမရကို ကျနော်တို့က အချက်ပေးရတယ်။ ခေါင်းညိတ်ပြရတာပဲဖြစ်ဖြစ် လုပ်ပြတယ်။ သူတို့ဖက်က လူအရိပ်ကြည့်ပြီး အဆင်ပြေတယ်ဆိုရင် ပြန်ပြီးတော့ ခေါင်းညိတ်ပြတယ်။ အဲဒီလိုမျိုးတွေ ဝယ်ကြတယ်။ ကျနော်တို့ဆိုရင် အိမ်မှာပဲသုံးဖြစ်ပါတယ်။ အပြင်မှာဆိုရင် လူတွေမြင်သွားမှာကို လည်းစိုးရိမ်ရတယ်။ ” ဟု ဆိုသည်။

ရခိုင်ဒေသတွင် စိတ်ကြွဆေးပြားသည် မြန်မာနိုင်ငံအထက်ပိုင်း နယ်စပ်မြို့များဖြစ်သည့် မူဆယ်၊ လားရှိုး၊ မန္တလေးနှင့် ရန်ကုန်မှတဆင့် ရခိုင်ပြည်သို့ ဝင်ရောက်လာခြင်းဖြစ်သည်။ စိတ်ကြွဆေးပြား သယ်ဆောင်သူများသည် ရန်ကုန်၊ အမ်း၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တောမှတဆင့် လက်ပြောင်း လက်လွှဲ သွားကြပြီး၊ စက်လှေများ အသုံးပြုကာ စစ်တွေမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိုက်ရိုက်ပို့ဆောင်ကြသည်။ ယခင်က စိတ်ကြွဆေးပြားများကို တင်သွင်းရာလမ်းကြောင်းဖြစ်သည့် ရခိုင်ပြည်၊ အမ်းဂိတ်တွင် စိတ်ကြွဆေးပြား အများအပြားဖမ်းဆီးရမိခဲ့သည့် သတင်းများထွက်ပေါ်ခဲ့သော်လည်း မြန်မာစစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်ထက်တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း တစုံတရာ မကြားရတော့ပေ။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်နေ့ကတော့ မောင်တောမြို့နယ်၊ ကညင်ချောင်းအတွင်း လောင်းလှေတစ်စီးပေါ်တွင် ကျပ်သိန်း ၂ ထောင်ခန့်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၇၈၀၀၀ ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သေးသည်။ မြောက်ဦးမြို့တွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က အလုံးရေ ၄ သိန်းကျော် ငွေကျပ်သိန်းပေါင်း တစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို နန်းတော်ရာကုန်း ပထမအထပ်တွင် စွန့်ပစ်ထားသည်ကို တွေ့ရှိခဲ့ရပြီး ထိုဆေးပြားပိုင်ရှင်ကို လက်ရှိအချိန်အထိ ဖမ်းဆီးဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။

စိတ်ကြွဆေးပြား (WY) မှာ ပန်းရောင်၊ လိမ္မော်ရောင်၊ အနီရောင်ရှိပြီး တစ်လုံးကို လက်ရှိပေါက်ဈေး ငွေကျပ် ၁၀၀၀ နှင့် ၁၅၀၀ ကြား အသီသီးရောင်းချကြသည်ဟု ဝယ်ယူသုံးစွဲသူများထံမှ သိရသည်။ သုံးစွဲသူများမှာ လူငယ်၊ လူလတ်ပိုင်းတို့ဖြစ်ကာ ယင်းထဲတွင် အသက် ၂၀ အောက်လူငယ်မှာ အများဆုံးဖြစ်ပြီး ကျောင်းသားများလည်း ပါဝင်နေကြသည်။ ကျောင်းသားများနှင့် အသက်၂၀ အောက်လူငယ်များမှာ စမ်းပြီးသုံးကြည့်ချင်ခြင်းနှင့် မိဘများ၏အုပ်ထိန်းမှုအောက်တွင်နေချိန် စိတ်ကျဉ်းကြပ်မှုများရှိ၍ လွတ်လပ်ချင်စိတ်အပေါ် သုံးစွဲကြခြင်းဖြစ်သည်ဟုလည်း ပြောဆိုကြသည်။

စိတ်ကြွဆေးသုံးပြီးလျင် လူအများနှင့်စကားပြော၍ အဆင်ပြေခြင်း၊ ခန္ဓာကိုယ်တစ်ခုလုံးတက်ကြွခြင်း၊ အာရုံစူးစိုက်မှုအားကောင်းခြင်း၊ အလုပ်လုပ်ကိုင်လျင်လည်း နွမ်းနယ်ပင်ပန်းခြင်းမရှိခြင်း၊ အစားအသောက်မစားချင် စိတ်များဖြစ်သည်ဟု သုံးစွဲသူများက ပြောဆိုကြသည်။ သို့သော်လည်း အသက်န္တရာယ်စိုးရိမ်ရခြင်းနှင့် ပတ်ဝန်းကျင်ကို ထိခိုက်စေပြီး အကျင့်စာရိတ္တ ပျက်ပြားလာသည်ဟုလည်း ပြောကြသည်။

ယခင်က စိတ်ကြွဆေးပြားကို သုံးစွဲဖူးသူ ကိုရှိုင်းဘုချေက “မူးယစ်ဆေးဝါး (အစိချေ) ကို ကျနော်တို့မြို့မှာ ဒီအတိုင်းသာ သုံးစွဲနေကြမယ်ဆိုရင်တော့ မြောက်ဦးဟာ ဘယ်လောက်ပဲ အဖိုးတန်နေပါစေ ရွံချာစရာကောင်းသွားမယ်။ မူးယစ်ဆေးမြို့တော် ဖြစ်သွားမယ်။ အရမ်းလည်းရှက်ဖို့ကောင်းပါတယ်။ ” ဟု ဆိုသည်။

မြောက်ဦးမြို့သည် ကိုယ့်ထီးကိုယ့်နန်းနှင့် စိုးစံအုပ်ချုပ်ခဲ့သည့် မင်းနေပြည်တော်ဖြစ်ပြီး ရှေးဟောင်းဘုရားများ၊ ဗိသုကာ၊ သမိုင်းအမွေအနှစ်ကြား ယခုကဲ့သို့ နေထိုင်ခွင့်ရခြင်းမှာ မြောက်ဦးမြို့သူ/သားများအတွက် ဂုဏ်ယူစရာတစ်ခုပင်ဖြစ်သည်။

လူအများနေချင်ရာ၊ ဂုဏ်ယူဖွယ်ရာ ရှေးဟောင်းမြောက်ဦးမြို့တွင်ကား စိတ်ကြွဆေးပြားသုံးစွဲထားသည့် စွန့်ပစ်ပစ္စည်းများ မြင်တွေ့ရခြင်းမှာ ဘုရားဖူးဧည့်သည်များအတွက် စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်သလို၊ နှခေါင်းရှုံ့ခြင်း၊ မလိုမုန်းတီးစေသည့်သဘောအမြင်ဖြင့် ကြည့်မြင်ကြသည်ဟုလည်း ရှေးဟောင်းချစ်သူအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အဲဒီလိုမျိုးတွေ မြင်တွေ့ရတော့ ဘုရားဖူးဧည့်သည်တွေက နှာခေါင်းရှုံ့ကြတယ်။ ကျမတို့အနေနဲ့လည်း ဒီလိုမျိုး မူးယစ်ဆေးသုံးစွဲတဲ့နေရာဖြစ်နေပြီလားဆိုပြီးတော့ စိတ်မကောင်းဖြစ်မိပါတယ်။ အခုလိုမျိုး ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေကြတာဟာ မိဘအုပ်ထိန်းမှု အားနည်းတာရယ်၊ မူးယစ်ဆေးတွေကို အလွယ်တကူဝယ်လို့ရတဲ့အတွက် ဖြစ်တယ်လို့ထင်ပါတယ်။ ” ဟု ဆိုသည်။

လက်ရှိတွင် မြောက်ဦးမြို့ကို ယူနက်စကိုဝင်ရန် အပြီးသတ်အဆိုပြုလွှာမူချောကို ယခုနှစ်ဆန်းပိုင်းတွင် တင်သွင်းထားပြီဖြစ်ပြီး လာမည့်နှစ်အတွင်း နိုင်ငံခြားမှ ရှေးဟောင်းပညာရှင်များ လာရောက်ကွင်းဆင်းစစ်ဆေးမည်ဖြစ်သည်။ ယင်းသို့ လာရောက်စစ်ဆေးချိန်တွင် ယခုကဲ့သို့ ဖြစ်ရပ်များအား သိမြင်ရပါက ယူနက်စကိုဝင်ရောက်ရန်နှင့် ရခိုင်လူမျိုးများကိုပါ နှစ်ဖက်နှစ်လမ်း လုံးဝထိခိုက်သွားစေနိုင်ပြီး များစွာအခက်အခဲဖြစ်နိုင်သည်ဟု ရှေးဟောင်းချစ်သူများအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လူငယ်၊ လူလတ်ပိုင်းမှာ ယခင်ကအရက်ကိုသာ သောက်သုံးမှုများရှိခဲ့ရာ ယခုအခါ မူးယစ်ဆေးဝါးကိုပါသုံးစွဲ လာကြခြင်းကြောင့် လူငယ်များ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ ယိုယွင်းမှုများရှိလာနေသည်။
ရခိုင်ပြည်မှ မြို့နယ်တချို့တွင် ရခိုင့်တပ်တော် အုပ်ချုပ်မှုနှင့် စစ်ကောင်စီအုပ်ချုပ်ရေးဟု စီမံအုပ်ချုပ်မှုနှစ်ရပ် ကွဲသွားကာ မူးယစ်ဆေးသုံးစွဲသူနှင့် ရောင်းချသူများကို ထိရောက်စွာ အရေးယူမှု အားနည်းသွားခဲ့ပြီး ယင်းအုပ်ချုပ်ရေးကို အခွင့်ကောင်းယူ၍ ပိုမိုပြီးရောင်းချ၊ သုံးစွဲလာကြခြင်း ဖြစ်သည်ဟု မြောက်ဦးပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းသာစိန်က ပြောသည်။

“အလုပ်အကိုင်အခွင့်အလမ်းမရှိဘူး။ ကိုဗစ်ကြောင့် ကျောင်းတွေလည်း ပိတ်ထားရတော့ လူငယ်တွေမှာ စိတ်တွေ လွှင့်ပါးပြီး မူးယစ်ဆေးသုံးစွဲတဲ့ဖက်ကို အများကြီးရောက်သွားကြတယ်။ ” ဟု ဆိုသည်။

ယင်းသို့ မူးယစ်ဆေးဝါးသုံးစွဲမှုအား ပပျောက်ရန်အတွက် စစ်ကောင်စီအနေဖြင့် အထူးသဖြင့် ရက္ခိုင့်တပ်တော် (အေအေ) အနေဖြင့် တားဆီးနှိမ်နင်းရန်နှင့် မြောက်ဦးရှိဖြန့်ဝေရောင်းချသူများကို ထိရောက်စွာ အရေးယူဆောင်ရွက်ရန် လိုအပ်သည်ဟု လူမှုအဖွဲ့အစည်းများက ထောက်ပြပြောဆိုကြသည်။

မြောက်ဦးမြို့တွင် စစ်အာဏာမသိမ်းခင်က စိတ်ကြွဆေးပြားသုံးစွဲသူများကို ဖမ်းဆီးပြီးပြစ်ဒဏ်ပေးသည့် လုပ်ရပ်များအား ရက္ခိုင့်တပ်တော် (အေအေ) ဖက်မှ လုပ်ဆောင်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် မူးယစ်ဆေးသုံးစွဲသူ၊ ရောင်းချသူများကို ဖမ်းဆီးခြင်းများ မတွေ့ရှိရတော့ကြောင့် မြောက်ဦးလူငယ်များအစည်းအရုံးမှ ကိုအောင်ခိုင်စိုးက ပြောဆိုသည်။

“အာဏာပိုင်တွေအနေနဲ့ ဖမ်းဆီးအရေးယူတဲ့ အခါမှာလည်း ထိထိရောက်ရောက်လုပ်ဖို့ လိုအပ်ပါတယ်။ သုံးစွဲသူထက် ဖြန့်ဝေရောင်းချသူတွေကို အရေးယူဆောင်ရွက်ရမယ်။ နောက်တကြိမ် ထပ်ပြီးတော့ မလုပ်ရဲလောက်အောင် ဥပဒေနန့်အတူ လုပ်ဆောင်ရပါမယ်။ အဓိကတော့ ဘက်လိုက်မှုမရှိဘဲ လုပ်ဆောင်သင့်တယ်။ ရောင်းချသူတွေကို ဖမ်းဆီးသွားပြီး လာဘ်စားလိုက်ရင် ပြန်လွှတ်လာတာမျိုးမဟုတ်ဘဲ ဥပဒေအတိုင်း လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီအခါမှ ဒီမူးယစ်ဆေးသုံးစွဲတာဟာ တဖြည်းဖြည်း ပပျောက်လာမယ်လို့ ထင်ပါတယ်။ ” ဟု ဆိုသည်။

မူးယစ်ဆေးဝါးနှင့် ဖမ်းဆီးရမိသော တရားခံများကို မူးယစ်ဥပဒေအရ ၃ ဂရမ်ထက်များလျှင် ပုဒ်မ ၁၉ (က) အရ ထောင်ဒဏ်အနှစ် ၂၀ အထိ ချမှတ်နိုင်ပြီး ၃ ဂရမ် အောက်လျော့နည်းလျှင် ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိ ချမှတ်နိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် မူးယစ်ဆေးသုံးစွဲသည့် လူငယ် ၂၄ ယောက်ကို ရက္ခိုင့်တပ်တော် (အေအေ) မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ဖြစ်စဉ်များလည်းရှိခဲ့ပြီး မူးယစ်ဆေး ရောင်းချသုံးစွဲခြင်းများ မလုပ်ဖို့ သတိပေးတားမြစ်စာများကပ်ပြီး သတိပေးခဲ့သည့် လုပ်ရပ်များရှိခဲ့သည်။

၂၀၁၅ ခုနှစ်မှ ၂၀၂၀ အထိ NLD အစိုးရလက်ထက် လွှတ်တော်နိုင်ငံရေးကာလတွင် မြောက်ဦးမြို့တွင် မူးယစ်ဆေးပပျောက်ရေး၊ တိုက်ဖျက်ရေးနှင့် ပတ်သတ်ပြီး အစိုးရအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် အရေးယူဆောင်ရွက်ရန် အဆိုတစ်ခုကို တင်သွင်းခဲ့သည်။ ယင်းတင်သွင်းခဲ့သည့် အဆိုကို လွှတ်တော်မှ အတည်ပြုခဲ့သော်လည်း အစိုးရအနေဖြင့် ထိထိရောက်ရောက် တစုံတရာ ဆောင်ရွက်ခဲ့ခြင်း မရှိခဲ့သည့်အတွက် လက်ရှိအချိန်ထိ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြခြင်းဖြစ်သည်ဟု မြောက်ဦးမြို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးထွန်းသာစိန်က ပြောသည်။

ရခိုင်ပြည်တွင် ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်က ပြီးခဲ့သည့် ၂၀၁၆ -၂၀၁၇ ခုနှစ်တို့တွင် မူးယစ်ဆေး တိုက်ဖျက်ရေး အသိပညာပေးမှုများပြုလုပ်ခဲ့သည်။ လက်ရှိတွင်ကား အသိပညာပေးခြင်းမှာ မရှိသလောက်ဟု ဆိုရပါမည်။ ရှေးဟောင်းအမွေအနှစ်များ ပေါများကြွယ်ဝသည့် မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရောက်နိုင်ရေး ကြိုးပမ်းခဲ့မှုများသည် မူးယစ်ဆေးပြဿနာကြောင့် ဆိုးရွားစွာထိခိုက်လာနိုင်သည်။ ယူနက်စကို ဝင်မဝင်ကို ဆုံးဖြတ်ရန် နိုင်ငံခြားသားပညာရှင်များက လာရောက်စစ်ဆေးမည်ဖြစ်သည့်အတွက် မူးယစ်ဆေးပြဿနာကို အရေးတကြီး ဖြေရှင်းရန်လိုအပ်နေခြင်း ဖြစ်သည်။ ရှေးဟောင်းအမွေအနှစ်ရှိသော မြောက်ဦးဒေသသာ ယူနက်စကိုဝင်ရောက်သွားပါက ရခိုင်ပြည်အတွင်းရှိ ရှေးဟောင်းအမွေအနှစ်များကို ကမ္ဘာအနှံ့မှသိရှိသွားနိုင်ပြီး ရခိုင်ပြည်သူများအနေဖြင့်လည်း ကမ္ဘာ့အလယ်တွင် ဝင့်ကြားနိုင်မည်ဖြစ်သည်။

ယင်းအတွက်ကြောင့် ရေလိုပေါနေသော မြောက်ဦးမြို့က မူးယစ်ဆေးဝါးများ၊ သုံးစွဲသူများနှင့် ရောင်းချသူများကို ထိထိရောက်အရေးယူကာ ယူနက်စကိုအတွက် အဟန့်အတားဖြစ်စေသည့် မူးယစ်ဆေးပြဿနာကို အမြန်ဆုံးဖြေရှင်းသင့်ကြောင်းနှင့် အလားတူ အခြားမြို့နယ်က မူးယစ်ဆေးပြဿနာများကိုလည်း အမြန်ဆုံးဖြေရှင်းသင့်ကြောင်း သက်ဆိုင်သူ အာဏာပိုင်အဖွဲ့အစည်းများကို တိုက်တွန်းလိုက်ရပါသည်။

မျိုးသီရိကျော်_ရေးသားသည်

ဗီဒီယိုများ