- ကုလားတန်အထက်ပိုင်း ဒေသခံများ ကျန်းမာရေး စိန်ခေါ်မှုများ ရှိနေကြ
- လေးမျက်နှာမြို့နယ်တွင် စစ်ကောင်စီ ထိုးစစ်ဆင်နေ
- ပေါက်တောက မိန်းကလေးငယ် အဓမ္မပြုကျင့်ခံရမှု အမြန်ဆုံး ထိရောက်စွာအရေးယူပေးရန် ကျောင်းသားသမဂ္ဂက တောင်းဆို
- ဗြိတိန်လေဆိပ်များ၌ လေကြောင်းထိန်းချုပ်ရေးစနစ် ချို့ယွင်းရာမှ ခရီးစဉ်နှောင့်နှေးမှုများ ဖြစ်ပေါ်
- အိန္ဒိယ မီဇိုရမ်မှာ မြန်မာဒုက္ခသည်များ၏ ကိုယ်ရေးအချက်အလက်များ စတင်ကောက်ယူ
ပေါက်တောက မိန်းကလေးငယ် အဓမ္မပြုကျင့်ခံရမှု အမြန်ဆုံး ထိရောက်စွာအရေးယူပေးရန် ကျောင်းသားသမဂ္ဂက တောင်းဆို
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်မှ အသက် (၉) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံမှုနှင့်ပတ်သက်၍ အမြန်ဆုံးထိရောက်စွာအရေးယူပေးရန် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ အာရက္ခပြည်သူ့အစိုးရအား တောင်းဆိုလိုက်သည်။
31 Jul 2025

DMG ၊ ဇူလိုင် ၃၁
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်မှ အသက် (၉) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံမှုနှင့်ပတ်သက်၍ အမြန်ဆုံးထိရောက်စွာအရေးယူပေးရန် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ အာရက္ခပြည်သူ့အစိုးရအား တောင်းဆိုလိုက်သည်။
ဇူလိုင် ၂၈ ရက်က ပေါက်တောမြို့နယ်၊ ဟင်းခရော်ကျေးရွာမှ အသက် (၉) နှစ်အရွယ် Grade - 4 ကျောင်းသူကို ဘုန်းကြီးတစ်ပါးမှ အဓမ္မပြုကျင့်ခဲ့ကြောင်း မိသားစုဝင်များနှင့် ကျေးရွာသားများက ပြောသည်။
အဓမ္မပြုကျင့်သူမှာ စစ်တွေမြို့မှ စစ်ဘေးရှောင်နေသူ သက်တော် (၆၉) နှစ်အရွယ် စန္ဒိမာ (လူအမည်) စိန်လှထွန်းဖြစ်ပြီး ဘုန်းကြီး ကျောင်းဓမ္မာရုံအတွင်း အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ ကျူးလွန်သူကို အာရက္ခပြည်သူ့အစိုးရ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS) မှ ဖမ်းဆီးထားပြီး နစ်နာသူမိသားစုဘက်မှ အရေးယူနိုင်ရေး အမှုဖွင့်ထားကြောင်း သိရသည်။
"အခု အရေးယူထားတယ်လို့ သိရတယ်။ အရေးယူထားတယ်ဆိုရင် အဲလိုမျိုးတွေ ထပ်မဖြစ်ဖို့ ထောင်ချလောက်တာနဲ့ မပြီးဘဲနဲ့ သေဒဏ်ဆိုရင်လည်း သေဒဏ် အဲလိုမျိုး ထိထိရောက်ရောက် အရေးယူမှုတွေကို ဆောင်ရွက်ဖို့လိုတယ်။ ဒီလိုမဟုတ်ရင် နောက်ထပ်ပြစ်မှုတွေ ကျူးလွန်ဖို့ တွန်းပို့နေသလို ဖြစ်သွားမယ်လို့မြင်တယ်" ဟု ပေါက်တောမြို့နယ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ပြောသည်။
ယခုကဲ့သို့ ကလေးငယ်များ အဓမ္မကျူးလွန်ခံရမှုမှာ မျှတမှု၊ လူ့ဂုဏ်သိက္ခာနှင့် ကလေးသူငယ် အခွင့်အရေးရပိုင်ခွင့်များ ဆုံးရှုံးခံရသော ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ဆိုသည်။
ကလေးများအား ပြစ်မှုကျူးလွန်ခြင်းမှာ လူမှုတစ်ခုလုံးအပေါ် ကျူးလွန်သည့် ပြစ်မှုတစ်ခုလည်း ဖြစ်ပြီး ကလေးငယ်များမှာ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဖျက်ဆီးခံရသော ဖြစ်ရပ်ဆိုးကြီးဖြစ်ကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။
ထို့ကြောင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှုကျူးလွန်သည့် ဖြစ်စဉ်များ နောက်နောင် မကြား/မကြုံရစေရန် ပေါက်တောက ကလေးငယ် အဓမ္မပြုကျင့်ခံရမှုကို သာဓက နေဖြင့် ပြစ်ဒဏ်လျော့ပေါ့ခြင်းမရှိဘဲ တရားစီရင်သင့်ကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ထောက်ပြထားသည်။
ရခိုင်ပြည်အတွင်းက မြို့နယ်အများစုကို သိမ်းပိုက်ထားသည့် ULA/AA သည် တရားစီရင်ရေးကဏ္ဍကို ကိုင်တွယ်ဖြေရှင်းပေးနေသော်လည်း အားနည်းချက်များစွာ ရှိနေသေးကြောင်း ထောက်ပြဝေဖန်မှုများ ရှိနေသည်။
"သက်ငယ်မုဒိမ်းမှုတွေ၊ အဓမ္မပြုကျင့်မှုတွေက ပိုဆိုးရွားတဲ့ အရာတွေဖြစ်တယ်။ လူ့အဖွဲ့အစည်းမှာ တစ်ယောက်မျှ လက်မခံတဲ့အနေအထားရှိတယ်။ ဒါတွေကို သေသေချာချာထိန်းကျောင်းဖို့ လိုတယ်။ အားနည်းချက်တွေ ရှိတယ်ဆိုပေမယ့် ဒီလိုကိစ္စတွေထပ်မဖြစ်ဖို့ ဒီလိုအမှုတွေကို သေချာကိုင်တယ် ဖြေရှင်းပြီးတော့ တရားစီရင်ရေးကို ပြည်သူလူထုကို ချပြသင့်တယ်" ဟု ရခိုင်က စစ်ရေး၊ နိုင်ငံရေး လေ့လာစောင့်ကြည့်သူတစ်ဦးက ထောက်ပြသည်။
ပြီးခဲ့သည့် မေလ ၆ ရက်ကလည်း ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာတွင် အသက် ၉နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးမှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရပြီး သံသယရှိသူ ၈ ဦးကို ULA/AA ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS)က ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။
ယင်းအပြင် ၂၀၂၄ ခုနှစ် ဇွန်လ ၂၀ ရက်က မြေပုံမြို့နယ်၊ လွန်းလုံးပိုက်ကျေးရွာမှ အသက် (၂၀) အရွယ် အမျိုးသမီးတစ်ဦးမှာ တစ်ရွာတည်းနေ အသက် (၂၄) နှစ်အရွယ် အမျိုးသားတစ်ဦး၏ အဓမ္မပြု ကျင့်ရန်ကြံစည်မှုဖြစ်ပွားခဲ့သည်။
အဆိုပါ အမှုတွင် အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သူကို နစ်နာသူမိသားစုဘက်မှ အမှုဖွင့်အရေးယူထား သည်မှာ တစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်သော်လည်း အမိန့်ချမှတ်ခြင်းမရှိသေးပေ။
လက်ရှိ ရခိုင်တွင် အဓမ္မပြုကျင့်မှုဖြစ်စဉ် သုံးခုအထိရှိလာနေပြီး ထိုအမှုများ၏ တရားမျှရေးနှင့် ပတ်သက်၍ အာရက္ခပြည်သူ့တော်လှန်ရေးအစိုး၏ တရားစီရင်ရေးအပေါ် ပြည်သူအားလုံးက စောင့်ကြည့်နေကြသည်။