ဗြိတိန်လေဆိပ်များ၌ လေကြောင်းထိန်းချုပ်ရေးစနစ် ချို့ယွင်းရာမှ ခရီးစဉ်နှောင့်နှေးမှုများ ဖြစ်ပေါ်

ဗြိတိန်နိုင်ငံ၏ လေကြောင်းထိန်းချုပ်ရေးစနစ်တွင် ရေဒါနှင့် ဆက်စပ်သော နည်းပညာချို့ယွင်းမှုတစ်ခု ဖြစ်ပွားခဲ့သည့်အတွက် ဇူလိုင်လ ၃၀ ရက်နေ့က လန်ဒန်မြို့ရှိ အဓိကလေဆိပ်များ အပါအဝင် အခြားလေဆိပ်များ၌ လေကြောင်းခရီးစဉ်များ လေးနာရီကျော်ကြာ ရပ်ဆိုင်းခဲ့ရကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 31 Jul 2025

ပုံစာ - ဓာတ်ပုံ- Reuters
ပုံစာ - ဓာတ်ပုံ- Reuters

ဗြိတိန်နိုင်ငံ၏ လေကြောင်းထိန်းချုပ်ရေးစနစ်တွင် ရေဒါနှင့် ဆက်စပ်သော နည်းပညာချို့ယွင်းမှုတစ်ခု ဖြစ်ပွားခဲ့သည့်အတွက် ဇူလိုင်လ ၃၀ ရက်နေ့က လန်ဒန်မြို့ရှိ အဓိကလေဆိပ်များ အပါအဝင် အခြားလေဆိပ်များ၌ လေကြောင်းခရီးစဉ်များ လေးနာရီကျော်ကြာ ရပ်ဆိုင်းခဲ့ရကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နိုင်ငံ၏ လေကြောင်းထိန်းချုပ်ရေးကို ဝန်ဆောင်မှုပေးသော NATS က ၎င်းတို့၏ X (ယခင် တွစ်တာ) အကောင့်တွင် "ကျွန်ုပ်တို့၏စနစ်များအားလုံး ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နေပြီဖြစ်၍ လေကြောင်းသွားလာမှုဆိုင်ရာ လုပ်ငန်းစဉ်ဆောင်ရွက်မှုများမှာလည်း ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိနေပါပြီ။ ထွက်ခွာမည့် လေကြောင်းခရီးစဉ်များကို လေဆိပ်အားလုံးက ပြန်လည်စတင်နေပြီဖြစ်ပြီး ခရီးစဉ်နောက်ကျမှုများကို ဘေးကင်းလုံခြုံစွာဖြင့် အဆင်ပြေပြေ ရှင်းလင်းနိုင်စေရန် သက်ဆိုင်ရာ လေကြောင်းလိုင်းများ၊ လေဆိပ်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ဤပြဿနာကြောင့် ထိခိုက်နစ်နာခဲ့ရသူများ အားလုံးကို ကျွန်ုပ်တို့ဘက်က တောင်းပန်အပ်ပါသည်" ဟု ဖော်ပြထားသည်။

NATS က အစောပိုင်း မိနစ် ၂၀ တွင် ကြေညာခဲ့သည့် အဆိုပါစနစ်ချို့ယွင်းမှုကြောင့် အခက်ကြုံခဲ့ရသော လေဆိပ်များအနက်တွင် ဗြိတိန်နိုင်ငံ၏ အကြီးဆုံးနှင့် ဥရောပ၏ အလုပ်အများဆုံးဖြစ်သော ဟီသရိုးလေဆိပ်လည်း ပါဝင်သည်။

နောက်ပိုင်းတွင် NATS ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက ရိုက်တာ သတင်းဌာနသို့ ဖြစ်စဉ်၏ နောက်ဆုံးအခြေအနေကို ထပ်မံပြောကြားရာ၌ ယခုဖြစ်ပျက်သွားခဲ့သည်များမှာ ရေဒါနှင့် ပတ်သက်ဆက်နွှယ်နေသည့် ပြဿနာဖြစ်ကြောင်း၊ အဆိုပါပြဿနာကို အရန်ထားရှိသော စနစ်ဆီသို့ လျင်မြန်စွာ ပြောင်းလဲအသုံးပြုခြင်းဖြင့် ဖြေရှင်းနိုင်ခဲ့ကြောင်း၊ ယင်းအချိန်အတွင်း ဘေးကင်းလုံခြုံရေး ခိုင်မာသေချာစေရန် လေကြောင်းသွားလာမှုများကို လျှော့ချခဲ့ကြောင်း၊ NATS Swanwick လေကြောင်းထိန်းချုပ်ရေးစခန်း၌ ဖြစ်ပွားခဲ့သော နည်းပညာချို့ယွင်းမှုတစ်ခုကြောင့် ရပ်တန့်ခဲ့ရသည့် ဟိသ်ရိုးလေဆိပ်မှ လေကြောင်းခရီးစဉ်များမှာလည်း ပြန်လည်စတင်နေပြီဖြစ်ကြောင်း၊ ၎င်းတို့(လေဆိပ်တာဝန်ရှိသူများကို ရည်ညွှန်းခြင်းဖြစ်သည်)ဘက်က ခရီးသည်များအနေဖြင့် ခရီးစဉ်မထွက်ခွာမီ ၎င်းတို့၏လေကြောင်းလိုင်းများကို ကြိုတင်စစ်ဆေးရန် အကြံပြုထားကြောင်း ပြောကြားခဲ့သည်။

ဂတ်ဝစ်လေဆိပ်နှင့် အီဒင်ဘာ့ဂ်လေဆိပ် တို့ကလည်း ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ပြန်လည်စတင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းမတိုင်မီတွင် လန်ဒန်စီးတီးလေဆိပ် ကလည်း လေကြောင်းပြတ်တောက်မှုများ ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါစနစ်ချို့ယွင်းမှုသည် အချိန်အားဖြင့် မည်မျှကြာမြင့်ခဲ့သည်ကိုမူ အတိအကျ မသိရပေ။

ရိုင်ယန်အဲ လေကြောင်းလိုင်းကလည်း အဆိုပါ စနစ်ချို့ယွင်းပြတ်တောက်မှုသည် အချိန်အားဖြင့် လေးနာရီကျော်ကြာမြင့်ခဲ့ပြီး လေယာဉ်နှောင့်နှေးကြန့်ကြာမှုများနှင့် လမ်းကြောင်းပြောင်းလဲမှုပေါင်းများစွာ ဖြစ်ပေါ်စေခဲ့သောကြောင့် ခရီးသည်ထောင်ပေါင်းများစွာမှာ အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။