ပိတ်ဆို့တားဆီးမှုကြားမှ ရခိုင် ရေလုပ်ငန်း အကျဘက်ကိုဦးတည်နေ

ကဏန်းမြှုံးထောင်သူများကဲ့သို့ပင် တစ်ပိုင်တစ်နိုင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများမှာလည်း အခက်အခဲကြုံတွေ့ နေကြရသည်။ ငါးဖမ်းထွက်ရာတွင် ဒီရေအတက်အကျကိုလိုက်၍ ညအချိန်တွင်လည်း သွားရောက်ကြရသည်။ လက်ရှိတွင် မြစ်ချောင်းများသို့သွားရောက်ပြီး ငါးဖမ်းဆီးရန် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတို့ စိုးရိမ်မှုရှိနေကြသည်။

By Admin 26 Oct 2022

ပိတ်ဆို့တားဆီးမှုကြားမှ ရခိုင် ရေလုပ်ငန်း အကျဘက်ကိုဦးတည်နေ

DMG ၊ အောက်တိုဘာ ၂၆

(ဆောင်းပါး)

ကိုအောင်ချေ နေ့စဉ်သွားနေကျ လမ်းနှင့် နေ့စဉ်လုပ်နေကျ အလုပ်ကို ယနေ့တွင် သွားလာလုပ်ကိုင်ရန် တွန့်ဆုတ်လျက်ရှိနေသည်။

ကဏန်းမြှုံးထောင်သည့်အလုပ်မှာ ငယ်စဉ်ကပင်ကျွမ်းကျင်ခဲ့သည့် အလုပ်ဖြစ်၍ ကိုအောင်ချေအတွက် မခက်ခဲလှ။ သို့သော် ယနေ့ ကြားနေရသည့် လက်နက်ကြီးပစ်ခတ်သံများကြောင့် ကိုအောင်ချေမှာ ချီတုံချတုံ ဖြစ်နေရသည်။

ဒီရေတက်ချိန် နီးကပ်လာသဖြင့် ကိုအောင်ချေမှာ ကဏန်းမြှုံးထောင်ရန် အရဲစွန့်ကာ သွားတော့သည်။ ကဏန်းမြှုံးအလုံး ၅၀ ကျော်ကို စက်တပ်လှေကလေးပေါ်တင်ကာ ရွာကမ်းစပ်မှ ခွာလာခဲ့သည်။ ချောင်းကြောင်းအတိုင်း တစ်မိုင်ကျော်ခန့်သွားပြီးနောက် လှေကိုရပ်တန့်ကာ ပါလာသည့်ကဏန်းမြှုံးများကို ဟိုနားတစ်လုံး၊ သည်နားတစ်လုံး ထောင်ထားလိုက်သည်။

အသက် ၂၀ အရွယ် ကိုအောင်ချေမှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ကျေးရွာမှဖြစ်ပြီး ထိုအနီးတဝိုက်ရှိ ချောင်းမြောင်းများတွင် ကိုအောင်ချေ မရောက်ဖူးသည့် နေရာမရှိ။

ယခင်က ရွာနှင့်ဆယ်မိုင်ခန့်ဝေးသည့် နေရာများသို့သွားကာ သုံး/လေးရက်ကြာသည်အထိ လှေပေါ်တွင်ညအိပ်ပြီး ကဏန်းမြှုံးထောင်ခဲ့သော်လည်း လက်ရှိတိုက်ပွဲအခြေအနေများကြောင့် ထိုသို့မသွားရဲတော့ဟု ကိုအောင်ချေက ပြောပြသည်။

“အခုက ခေတ်ကာလမကောင်းတော့ အဝေးသွားပြီး မြှုံးထောင်နေလို့ မဖြစ်ဘူး။ တစ်ခုခုဖြစ်သွားရင် ကိုယ်ပဲခံရမှာ။ ဒါကြောင့် ကိုယ့်မှာ တက်နိုင်သလောက် ရှောင်ပြီးလုပ်နေရတယ်”ဟု ကိုအောင်ချေက သက်ပြင်းရှိုက်ကာ ပြောလာသည်။

ရခိုင်ပြည်တွင် ၂၀၁၈ ခု နှစ်ကုန်ပိုင်းမှ ၂၀၂၀ နှစ်ကုန်ပိုင်းအထိ နှစ်နှစ်ကျော်ကြာ အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည့် စစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများသည် ရွေးကောက်ပွဲကာလဖြစ်သည့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် နှစ်ဖက်နားလည်မှုဖြင့် ရပ်တန့်ခဲ့သည်။

သို့သော် ၂၀၂၂ ခု ဩဂုတ်လမှစ၍ တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလာခဲ့သည်။ တိုက်ပွဲ သုံးလတာကာလအတွင်း ရခိုင်နှင့် ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၁၆၀၀၀ ကျော် တိုးလာခဲ့သည်။ ယခင်နှင့် လက်ရှိ စစ်ရေးပဋိပက္ခကြောင့် ရခိုင်နှင့် ပလက်ဝမြို့နယ်တွင် ထွက်ပြေးရသူစုစုပေါင်း ၉၀၀၀၀ ကျော်ရှိလာပြီဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)က အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

လက်ရှိ တကျော့ပြန်တိုက်ပွဲအတွင်း စစ်တပ်က ဂျက်တိုက်လေယာဉ်များ အသုံးပြုကာ တိုက်ခိုက်မှုများ ရှိနေသည့်အပြင် ရခိုင်ပြည်အတွင်းရှိ စစ်တပ်စခန်းနေရာ ၁၇ ခုခန့်မှ လက်နက်ကြီးများဖြင့် ပစ်ကူတိုက်ခိုက်မှုများရှိသည်ဟုလည်း ရက္ခိုင့်တပ်တော်(AA)က အောက်တိုဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဘူးသီးတောင်မြိုနယ်တွင် လက်ဝဲဒက်ကျေးရွာ၏ အနောက်တောင်ဖက် ၁ ဒသမ ၂ ကီလိုမီတာခန့် အကွာအဝေးတွင်ရှိသော (၃၇၈)အမြောက်တပ်ရင်း၊ တင်ဆက်ရွာအနီးရှိ တပ်မ(၂၂) လက်အောက်ခံ၊ ခမရ(၂၁၀)တပ်ရင်းနှင့် ကြာညိုပြင်တံတားအနီးရှိ၊ တပ်မ(၂၂) လက်အောက်ခံ (၂၀၉) တပ်ရင်းတို့ လက်နက်ကြီး ပစ်ခတ်မှုများရှိသည်ဟုဆိုသည်။

ထို့ကြောင့် ကဏန်းမြှုံးထောင်၍ ဝမ်းစာရှာနေသည့် ကိုအောင်ချေမှာ အသွားအလာများကို ဆင်ခြင်နေရသည်။ စေတီတောင်ကျေးရွာအပါအဝင် အနီးတစ်ဝိုက်ကျေးရွာများမှ ကဏန်းမြှုံးထောင်သူများမှာလည်း ကိုအောင်ချေကဲ့သို့ပင် မသွားရဲ မလာရဲကြ။

လက်ရှိ ရွာအနီးဝန်းကျင်တွင် ကဏန်းမြှုံးထောင်သူများ စုပြုံလာကြသဖြင့် ကဏန်းရရှိမှုနည်းပါးလာကာ စက်သုံးဆီစရိတ်နှင့် တွက်ခြေမကိုက်တော့ကြောင်း ကိုအောင်ချေကပြောသည်။

“တစ်ခါထောင်ရင် မြှုံး ၅၀ လောက်ထောင်တာ ဂဏန်း ၁၀ လုံးတောင် မကျဘူး။ ဂဏန်း သုံးလုံး၊ နှစ်လုံးရတဲ့ အခါရတယ်။ ဂဏန်းဆယ်လုံးရဖို့ဆိုတာက သိပ်ကံကောင်းနေ့မှရတယ်”ဟု ကိုအောင်ချေက ညဉ်းညူသည်။

ကဏန်းမြှုံးထောင်သူများကဲ့သို့ပင် တစ်ပိုင်တစ်နိုင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများမှာလည်း အခက်အခဲကြုံတွေ့ နေကြရသည်။ ငါးဖမ်းထွက်ရာတွင် ဒီရေအတက်အကျကိုလိုက်၍ ညအချိန်တွင်လည်း သွားရောက်ကြရသည်။ လက်ရှိတွင် မြစ်ချောင်းများသို့သွားရောက်ပြီး ငါးဖမ်းဆီးရန် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတို့ စိုးရိမ်မှုရှိနေကြသည်။

ငါးဖမ်းလုပ်ငန်းကို နှစ်ပေါင်း ၄၀ ကျော်ကြာ လုပ်ကိုင်လာခဲ့သည့် ဦးခိုင်ထူးမှာ လက်ရှိတွင် ငါးဖမ်းသည့်အလုပ်ကို ရပ်တန့်ကာ ကြုံရာကျပန်းအလုပ်များကို ပြောင်းလဲလုပ်ကိုင်နေသည်။

“ကျွန်တော်တို့မှာ ဒီအလုပ်ကိုပဲ အဓိက အားထားလုပ်ကိုင်နေရတာ။ ဇက်သင်္ဘော(စစ်တပ်ရေယာဉ်)တွေ သွားလာတာတွေရှိတော့ ကျွန်တော်တို့ မသွားရဲ့တော့ဘူး။ စိုးရိမ်နေရတယ်”ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှ အသက် ၅၅ နှစ်အရွယ် ဦးခိုင်ထူးကပြောသည်။

စစ်တွေမြို့နယ်မှ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးကလည်း လက်ရှိ စက်သုံးဆီဈေးမြင့်တက်မှုကြောင့် ငါးဖမ်းထွက်သူများ တွက်ခြေမကိုက် ဖြစ်လာနေသည်ဟုဆိုသည်။

“နိုင်ငံရေးအခြေအနေတွေနဲ့ စက်သုံးဆီဈေးနှုန်းတွေမြင့်တက်လို့ အခက်အခဲကြုံရတဲ့အတွက် တချို့ ငါး၊ပုစွန်တွေဖမ်းတဲ့ စက်လှေတွေ မထွက်နိုင်ကြဘူး။ ရတဲ့ငါးနဲ့ ကုန်ကျစရိတ်က လိုက်မမီတဲ့အတွက် တချို့ဆိုရင် ရပ်နားထားကြတယ်”ဟု စစ်တွေမြို့နယ်မှ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူက ပြောသည်။

အသက် ၄၀ ကျော်အရွယ် ဒေါ်မချေသည် စစ်တွေမြို့မဈေးကြီး ငါးဈေးတန်းတွင် နှစ်ပေါင်း ၁၀ ကျော်ကြာ ငါးရောင်းချလာခဲ့သူဖြစ်သည်။ ဈေးဆိပ်ကမ်းအနီး ဆိုက်ကပ်လာသည့် ငါးဖမ်းဘုတ်များမှ ငါးများကိုဝယ်ယူကာ ဈေးတွင် တစ်ဆင့်ပြန်လည်ရောင်းချသည်။

လက်ရှိတွင် ဒေါ်မချေ ငါးရောင်းချရာတွင် အရောင်းပါးလာပြီး အမြတ်ငွေရရှိမှုလည်း နည်းပါးလာနေသည်ဟု ပြောသည်။

“ရောင်းရတာတွေက လုပ်စားလို့ အဆင်မပြေဘူး။ ရေကြောင်းတွေ၊ လမ်းခရီးတွေကလည်း ပိတ်ထားတယ်။ ဆိုတော့ ဈေးကို လူမှမရောက်တာ။ အရင်က ဈေးမှာဆိုရင် နယ်ကလူတွေလည်း ရောက်ကြတယ်။ တိုးမပေါက်ဘူး။ အခုဆိုရင် ဘယ်လိုမှ ရောင်းလို့အဆင်မပြေဘူး။ လူတွေပြန့်ကြဲနေတယ်။ လမ်းတွေလည်း ရှင်းနေတယ်”ဟု ဒေါ်မချေက စိတ်ပျက်နေသည့်မျက်နှာထားဖြင့် ပြောသည်။

ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သည့် ရခိုင်ပြည်သည် ရေသယံဇာတများ ပေါကြွယ်ဝသည်။ ရေလုပ်ငန်းသည် ရခိုင်ပြည်၏ ဒုတိယ ဝင်ငွေအများဆုံး လုပ်ငန်းတစ်ခုလည်းဖြစ်သည်။ စစ်တွေ၊ ပေါက်တော၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ၊ မာန်အောင်မြို့နယ်တို့တွင် ရေလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည်။

တကျော့ပြန် တိုက်ပွဲဖြစ်ပွားလာသည်နှင့်တစ်ပြိုင်နက် စစ်တပ်က ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပေါက်တော စသည့် ရခိုင်ပြည်မြောက်ပိုင်းက မြို့နယ်များတွင် ကုန်းလမ်းရေလမ်း သွားလာမှုများကို ပိတ်ပင်တားမြစ်မှုများ ရှိလာသည်။

လက်ရှိတွင် ငါးဖမ်းဆီးသူများ နည်းပါးလာခြင်းနှင့်အတူ ငါး၊ပုစွန်ဒိုင်များသို့လည်း ကုန်ပစ္စည်းရောက်ရှိမှု နည်းပါးလာနေသည်။

“ကျနော်တို့ ဒိုင်လုပ်ငန်းတွေကလည်း သူတို့အပေါ်မှာ မှီခိုပြီးလုပ်နေရတဲ့အတွက် သူတို့ ပစ္စည်းအရနည်းတာနဲ့ ကျနော်တို့လုပ်ငန်းက ရပ်နားထားရလားဆိုရင် မရပ်နားဘူး။ ဒါပေမယ့် ပစ္စည်းမရရင် ရပ်တာနဲ့ အတူတူဖြစ်တယ်”ဟု စစ်တွေမြို့မှ ငါး၊ပုစွန်ဒိုင် လုပ်ငန်းရှင်တစ်ဦးကပြောသည်။

ရရှိလာသည့် ရေထွက်ပစ္စည်းများကို ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့ အဓိကတင်ပို့နေသည့် ကုန်းလမ်းတွင် စစ်တပ်က တားဆီးစစ်ဆေးမှုများကို ကြုံတွေ့နေကြရသည်။ ထို့ကြောင့် အချိန်လွန်မှရောက်ရှိနိုင်သည့် ရေထွက်ကုန်ပစ္စည်းများအတွက် လုပ်ငန်းရှင်များမှာ နစ်နာမှုရှိနေသည်။

“အချိန်တွေက ပိုကြာသွားတော့ ငါး၊ပုစွန်တွေက အရည်အသွေးတွေ ကျသွားတယ်။ အရည်အသွေး မပြည့်မီတော့ဘူး။ ဆိုတော့ ဈေးကောင်းကောင်း မရနိုင်တော့ဘူး။ ဒီအလုပ်က အချိန်ကြာလေ နစ်နာဆုံးရှုံးမှု ပိုများလေဖြစ်တယ်။ အချိန်စောစောရောက်နိုင်ရင် အရည်အသွေးက ပိုကောင်းတာပေါ့”ဟု စစ်တွေမြို့မှ ငါး၊ပုစွန်လုပ်ငန်းရှင် ဦးကိုကိုမောင်(အမည်လွဲ)က ပြောသည်။

ယခင်က စစ်တွေမြို့မှ ရန်ကုန်သို့ ငါး၊ပုစွန်များတင်ပို့ရာတွင် တစ်ရက်နှင့် တစ်မွန်းတည်းခန့်သာ အချိန်ကြာမြင့်သည်။ ယခုအခါ လမ်းခရီးတွင် နှစ်ရက်၊ သုံးရက်ခန့်အထိ အချိန်ကြန့်ကြာမှုများရှိနေသည်ဟု ငါးပုစွန်ဒိုင်လုပ်ငန်းရှင်များက ဆိုသည်။

စစ်တွေမြို့မှ ရန်ကုန်ဘက်သို့ ကုန်လမ်းမှသွားရောက်မည်ဆိုပါက စစ်တပ်မှဖွင့်လှစ်ထားသည့် စစ်တွေ(ကျောက်တန်းဂိတ်)၊ ကျောက်တော်(စကခ-၉)ဂိတ်၊ မြောက်ဦး(၅၅၀ တပ်ရင်း)ဂိတ်၊ မင်းပြား(ရာမောင်)ဂိတ်၊ ယိုးချောင်းဂိတ်၊ ကဇူးကိုင်းဂိတ်၊ အမ်းအဝင်(ရွာသာယာ)ဂိတ်၊ အမ်းအထွက်(တစ်မိုင်ကုန်း)ဂိတ်၊ မအီစစ်ဆေးရေးဂိတ်၊ တောင်ကုတ်စစ်ဆေးရေးဂိတ်၊ သံတွဲစစ်ဆေးရေးဂိတ်၊ ဂွစစ်ဆေးရေးဂိတ် စသည့်စစ်ဆေးရေးဂိတ်စုစုပေါင်း (၁၀)ကျော်ကို ဖြတ်ကျော်ကြရသည်။

လူမှုစီးပွားရေးကို ထည့်သွင်းမစဉ်းစားဘဲ စစ်ရေးနှင့် လုံခြုံရေးကို ဦးစားပေးကာ ပိတ်ဆို့ ဖြတ်တောက်မှုများကြောင့် ဘက်ပေါင်းစုံတွင် သက်ရောက်မှုများရှိလာသည်ဟု ရခိုင့်မှ ဝါရင့်စီးပွားရေးလုပ်ငန်းရှင် ဦးခင်မောင်ကြီးက ပြောသည်။

“ပြည်သူတွေရဲ့ စားဝတ်နေရေးတွေ၊ လုံခြုံမှုတွေ၊ စီးပွားရေးပိုင်းဆိုင်ရာတွေကို လုံးဝထည့်သွင်းစဉ်းစားတာ မရှိဘဲ စစ်ရေးလုံခြုံမှုအပေါ်မှာ အာရုံစိုက်ပြီး လုပ်လိုက်တဲ့အခါ ဆိုးကျိုးသက်ရောက်မှုတွေက လူထုဆီမှာ အများကြီးဖြစ်လာတယ်”ဟု ဦးခင်မောင်ကြီးကဆိုသည်။

တစ်နေ့တာ စားဝတ်နေရေးအတွက် ရုန်းကန်နေရသည့် ကိုအောင်ချေက ကဏန်းရနိုင်မည့်နေရာများသို့ ယခင်ကကဲ့သို့ လွတ်လွတ်လပ်လပ်သွားရောက်ပြီး ကဏန်းမြှုံးထောင်ရန် ဆန္ဒရှိနေသည်။

တစ်ပို်ငတစ်နိုင် ငါးဖမ်းလုပ်ငန်းကို ရပ်နားထားရသည့် ဦးခိုင်ထူးကလည်း စိုးရိမ်မှုကင်းကင်းနှင့် ငါးဖမ်းဆီးနိုင်ရန် မျှော်လင့်နေသည်။

မင်းထွန်း - ရေးသည်

ဗီဒီယိုများ