သံသယခေါင်းစဉ်အောက်က အားကိုးရာမဲ့နေတဲ့ အိုင်ဒင်ရွာသားနှစ်ဦး

သံဆူးကြိုးတွေနဲ့ပြုလုပ်ထားတဲ့ အတားအဆီးတွေကို စစ်ဆေးရေးဂိတ်ရဲ့ ရှေ့တည့်တည့်နဲ့ မလှမ်းမကမ်းနေရာတွေမှာချထားပြီး အရှေ့ကဖြတ်သွားတဲ့ ကား၊ ဆိုင်ကယ်တွေကို ရပ်တန့်စစ်ဆေးနေပါတယ်။

31 May 2022

DMG ၊ မေ ၃၁
(ဆောင်းပါး)

သံဆူးကြိုးတွေနဲ့ပြုလုပ်ထားတဲ့ အတားအဆီးတွေကို စစ်ဆေးရေးဂိတ်ရဲ့ ရှေ့တည့်တည့်နဲ့ မလှမ်းမကမ်းနေရာတွေမှာချထားပြီး အရှေ့ကဖြတ်သွားတဲ့ ကား၊ ဆိုင်ကယ်တွေကို ရပ်တန့်စစ်ဆေးနေပါတယ်။

ဒီစစ်ဆေးရေးဂိတ်ဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ကျောက်တန်းကျေးရွာအနီးမှာတည်ရှိပြီးတော့ ကျောက်တန်းစစ်ဆေးရေးဂိတ်လို့ လူသိများကြတယ်။ စစ်တွေမြို့နယ်က အခြားမြို့နယ်တွေကိုသွားရင် (ဒါမှမဟုတ်) အခြားမြို့နယ်တွေကနေ စစ်တွေမြို့ကိုလာရင် ဒီဂိတ်ကိုဖြတ်ကြရပါတယ်။

၂၀၂၀ ပြည့်နှစ် မတ်လအတွင်းက ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်ကျေးရွာကနေ စစ်တွေမြို့ကို နှစ်ဘီးဆိုင်ကယ်နဲ့လာတဲ့ လူငယ်နှစ်ဦး ကျောက်တန်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံလိုက်ရပါတယ်။

ဖမ်းဆီးခံရတဲ့ အသက်(၂၅)နှစ်အရွယ် ကိုနေလင်းဌေးနဲ့ အသက်(၃၂)နှစ်အရွယ် ဦးမောင်စောအေး‌ (ခ) ဦးမျိုးမင်းထွန်းတို့ဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်ကျေးရွာကဖြစ်ပြီး သူတို့နှစ်ဦးဟာ ဆွေမျိုးလည်းတော်စပ်ကြပါတယ်။

မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ကာလမှာ ကျောက်တန်းစစ်ဆေးဂိတ်ကိုဖြတ်လာတဲ့ သူတို့နှစ်ဦးကို AA နဲ့ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ဖမ်းဆီးလိုက်တာပါ။

ရက္ခိုင့်တပ်တော်(AA)ကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ဌာနချုပ်ရှိရာ လိုင်ဇာမှာ ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့က ရခိုင်လူငယ် ၂၆ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့တာပါ။

တစ်ဖြည်းဖြည်းနဲ့ လက်နက်အင်အား၊ လူအင်အားတောင့်တင်းလာတဲ့ AA ဟာ ကိုယ့်ကံကြမ္မာကိုဖန်တီးခွင့်ရရှိရေးအတွက် ရခိုင်ပြည်ထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး ၂၀၁၈ နှောင်းပိုင်းကနေ ၂၀၂၀ နှောင်ပိုင်းထိ ရခိုင်ပြည်အတွင်းမှာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ခဲ့ပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ကာလအတွင်း AA နဲ့ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ရခိုင်ပြည်အတွင်းက ဖမ်းဆီးခံရသူတွေထဲမှာ အိုင်ဒင်ကျေးရွာသားနှစ်ဦးလည်းပါဝင်ခဲ့ပြီး လက်ရှိအချိန်ထိ ချုပ်နှောင်ခံထားရဆဲဖြစ်ပါတယ်။

အိုင်ဒင်ရွာသားနှစ်ဦးကို စစ်တွေမြို့၊ အမှတ်(၉၀၈) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်ကြီး အောင်ဖြိုးမြင့်က တရားလိုပြုလုပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)၊ ၅၂(က)တိုနဲ့ တရားစွဲဆိုထားတာပါ။

ပုဒ်မ-၅၀(ည)ဟာ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာပြစ်မှုဖြစ်ပြီး ပြစ်ဒဏ်ကတော့ အနည်းဆုံးထောင်ဒဏ်ဆယ်နှစ်ကနေ အများဆုံးထောင်ဒဏ်တစ်သက်အထိ ချမှတ်ခံရနိုင်ပါတယ်။ ဒါ့အပြင် ပုဒ်မ-၅၂(က)ဟာလည် အနည်းဆုံးထောင်ဒဏ် သုံးနှစ်ကနေ အများဆုံးထောင်ဒဏ် ခုနှစ်နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

အိုင်ဒင်ရွာသားနှစ်ဦးရဲ့အမှုမှာ သက်သေတွေအားလုံးကို စစ်ဆေးပြီးဖြစ်ပါတာကြောင့် အမှုကိုအမိန့်ချမှတ်ဖို့ စစ်တွေခရိုင်တရားရုံးက ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့မှာ ချိန်းဆိုခဲ့ပါတယ်။ ဒါပေမယ့် အမိန့်ချမယ့်ရုံးချိန်းတွေ အကြိမ်ကြိမ်ရွှေ့ဆိုင်းလာတာဟာ အခုဆိုရင်တစ်နှစ်ကျော်အထိ ကြာမြင့်လာပြီဖြစ်ပါတယ်။

အိုင်ဒင်ရွာသားနှစ်ဦးရဲ့အမှုကို အမိန့်ချမှတ်မယ့် ရုံးချိန်းတွေရွှေ့ဆိုင်းလိုက်တာဟာ ၂၀၂၂ မေလအထိဆိုရင် ရုံးချိန်းပေါင်း ၃၁ ကြိမ်ထိ ရွှေ့ဆိုင်းခံခဲ့ရတာပါ။ ထပ်ပြီးတော့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ကို အမိန့်ချဖို့ ထပ်မံချိန်းဆိုထားပါသေးတယ်။ ဒါကြောင့် တရားစွဲခံရသူတွေရဲ့မိသားစုတွေက စိတ်ပျက်နေကြပါတယ်။

“တစ်ခါလာရင်လည်း ရုံးချိန်းတယ်။ တစ်ခါလာရင် ရုံးချိန်းဖြစ်နေတယ်။ အမှုကလည်း နှစ်နှစ်ကျော်ကြာနေပြီ။ ကျမတို့က အမိန့်ချဖို့ကိုပဲလိုချင်တယ်"လို့ အသက် ၄၉ နှစ်အရွယ် ဒေါ်အောင်သန်းနုက ပြောသည်။

ဒေါ်အောင်သန်းနုဟာ အိုင်ဒင်ကျေးရွာကဖမ်းဆီးခံထားရတဲ့ ကိုနေလင်းဌေးရဲ့ မိခင်ပါ။ သားသမီး ၄ ယောက်ရှိတဲ့အနက် ကိုနေလင်းဌေးက ဒုတိယမြောက်သားလည်းဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ သူတို့မိသားစုဟာ ဟင်းရှာငါးရှာ၊ ကြုံရာကျပန်းအလုပ်တွေကိုလုပ်ရင်း ဘဝကိုဖြတ်သန်းနေကြတာပါ။

“သားကိုလွမ်းတယ်။ သတိရတယ်။ အဲဒီလိုနေပြီးခံစားနေရတာ နှစ်နှစ်ကျော်နေပြီ”လို့ ဒေါ်အောင်သန်းနုက အကျဉ်းထောင်ထဲမှသားကို လွမ်းမိတယ်လို့ပြောပါတယ်။

တစ်ဖက်မှာ အိုင်ဒင်ကျေးရွာကနေ တရားရုံးကို အခေါက်ခေါက်အလီလီသွားနေရတဲ့ ဒေါ်အောင်သန်းနုတို့မိသားစုအဖို့ ငွေကြေးကုန်ကျမှုတွေကလည်း များလာနေပါတယ်။ ရုံးချိန်းတစ်ကြိမ်သွားရင် ခရီးစရိတ်ဟာ အနည်းဆုံးငါးသောင်းကျပ်အထိ ကုန်ကျတာကြောင့် တစ်ခါတစ်ရန်ဆွေးမျိုးတွေဆီက ချေးငှားသွားလာရတာတွေလည်း ရှိပါတယ်။

"တရားစွဲခံရတုန်းကဆိုရင် တစ်လမှာ လေးကြိမ်လောက်သွားရတယ်။ အခုကျ တစ်လမှာနှစ်ကြိမ်လောက်သွားရတယ်။ သွားလာစရိတ်ငွေအကုန်အကျတော့ သတ်မှတ်လို့တောင်မရတော့ဘူး"လို့ ဒေါ်အောင်သန်းနုကဆိုတယ်။

"ကျမတို့မှာက ငွေလိုတယ်ဆိုရင်ရှာတယ်၊ချေးတယ်။ သွားတယ်။ ကျမမှန်းချက်နဲ့ဆိုရင် ငွေကျပ်သိန်းတစ်ဆယ်ကျော် နှစ်ဆယ်နီးပါးလောက်ကုန်သွားပြီ"ဟု တရားရုံးသို့သွားနေရသည့် အခက်အခဲကို သူကပြောပြတယ်။

တရားရုံးရဲ့ အမှုတွဲနေ့စဉ်မှတ်တမ်းမှာ အိုင်ဒင်ကျေးရွာသားနှစ်ဦးအမှုနဲ့ပတ်သက်လို့ “အထက်မှ စောင့်ဆိုင်းရန်မှာကြားထားရှိသည်”ဟု ရေးသားထားတာကိုတွေ့ရှိရတယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောပြပါတယ်။

တရားရုံးရဲ့ညွှန်ကြားချက်မှာတော့ အမှုနဲ့ပတ်သက်လို့ လျှောက်လဲချက်ပေးပြီးရင် အမြန်ဆုံးအမိန့်ချရမယ်လို့ပါရှိပေမယ့်လည်း အခုအမှုမှာ အမိန့်မချမှတ်ဘဲအချိန်ဆွဲနေတာဟာ တရားရုံးညွှန်ကြားချက်နဲ့ကိုက်ညီမှုမရှိဖြစ်နေတယ်လို့ ရှေ့နေကဆိုပြန်ပါတယ်။

“ကျနော့်ရှေ့နေလုပ်သက် ၂၀ ကျော်အထဲမှာ အမိန့်ချဖို့အတွက် ဒီလိုတစ်နှစ်ကျော်ကြာ ဆိုင်းငံ့ထားတဲ့အမှုမျိုး မကြားဖူးဘူး”ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်ကဆိုပါတယ်။

အခုလို အမိန့်ချမှတ်ဖို့ကြန့်ကြာနေတာကြောင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေအတွက် နစ်နာမှုရှိနေတာဖြစ်ပါတယ်။

စစ်တွေမြို့က လူမှုရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ ဒေါ်ကျော့စိန်ကတော့ ဒီကိစ္စဟာ တရားရေးမဏ္ဍိုင်တည့်မတ်မှုမရှိတော့တဲ့ ပနေအထားကိုထင်ဟပ်စေတယ်လို့ဆိုပါတယ်။

“တရားရုံးကလည်း အထက်ကဖိအားတွေကိုပဲကြောက်နေရပြီးတော့ ပြည်သူလူထုကိုလည်း မကြည့်ဘူး။ တရားရေးမဏ္ဍိုင်ဆိုတာကလည်း တည့်မတ်မှုမရှိတော့ဘူး။ အထက်ကဖိအားနဲ့ အမိန့်မချနဲ့ဆိုရင် မချတော့ဘူး”လို့ သူကဆိုတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ အရပ်သားအစိုးရကိုဖြုတ်ချပြီး စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပါတယ်။

၂၀၂၁ ခု မတ်လ ၁၁ ရက်နေ့မှာတော့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ကို အကြမ်းဖက်အုပ်စုအဖြစ်ကနေ ပယ်ဖျက်ကြောင်း စစ်ကောင်စီကကြေညာခဲ့ပါတယ်။

ဒါကြောင့် ရခိုင်ပြည်အတွင်းက AA နဲ့ဆက်စပ်ပြီး အကြမ်းဖက်မှုဥပဒေနဲ့ တရားစွဲဆိုထားတဲ့အမှုအချို့ကို စစ်ကောင်စီက ပြန်လည်ရုပ်သိမ်းပြီး ဖမ်းဆီးထားသူအချို့ကိုလည်း ပြန်လွှတ်ပေးတာတွေ ရှိခဲ့ပါတယ်။

သို့ပေမယ့် အိုင်ဒင်ကျေးရွာသားနှစ်ဦးရဲ့အမှုကို အခုအချိန်ထိအမိန့်မချမှတ်သေးတာဟာ အာဏာရှင်တွေရဲ့လုပ်ရပ်ဖြစ်တယ်လို့ ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက သုံးသပ်ပြောဆိုပါတယ်။

“ဖမ်းဆီးခံထားရတဲ့သူတွေက ဥပဒေပါအခွင့်အရေးကို မရရှိကြဘူး။ ဖမ်းဆီးတရားစွဲဆိုခံရသူတွေဟာ ဥပဒေအကာအကွယ်ကို မရရှိတဲ့အတွက် နစ်နာမှုရှိတယ်။ ဒါဟာ အာဏာရှင်တွေရဲ့လုပ်ရပ်ဖြစ်တယ်”လို့သူကဆိုတယ်။

ဒီလိုဝေဖန်မှုတွေနဲ့ပတ်သက်လို့ ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းရဲ့တုန့်ပြန်ချက်ကိုရရှိနိုင်ဖို့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိခဲ့ပါဘူး။

ရခိုင်မှာ တိုက်ပွဲကာလအတွင်းက AA နဲ့ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးတရားစွဲဆိုခံရသူ ၂၀၀ ဦးခန့်အထိရှိခဲ့တယ်လို့ ဖမ်းဆီးခံရသူတွေရဲ့စာရင်းကိုကောက်ယူနေတဲ့ အဖွဲ့အစည်းတွေဆီက သိရပါတယ်။

လက်ရှိမှာတော့ AA နဲ့ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ဖမ်းဆီးခံထားရသူ ၇၀ ဦးခန့်ဟာ မလွတ်မြောက်သေးဘဲ အကျဉ်းထောင်အသီးသီးမှာ ချုပ်နှောင်ခံနေရဆဲဖြစ်ပါတယ်။
အိုင်ဒင်ကျေးရွာက ဒေါ်အောင်သန်းနုကတော့ သားဖြစ်သူလွတ်မြောက်လာမှ ရင်ထဲကအပူမီးတွေ ငြိမ်းနိုင်တော့မယ်လို့ဆိုပါတယ်။

“အမြန်ဆုံး အမိန့်ချစေချင်တယ်။ သားကိုလည်း အမြန်ဆုံးလွှတ်စေချင်တယ်။ အဲဒီအချိန်မှ စိတ်အေးနိုင်မှာဖြစ်တယ်”လို့ ဒေါ်အောင်သန်းနုတစ်ယောက် သားဖြစ်သူကို သံတိုင်တွေကြားကနေ အမြန်ဆုံးလွတ်မြောက်စေချင်နေပါတယ်။

မင်းထွန်း - ရေးသည်။

ဗီဒီယိုများ