စစ်ပြေးလက်ခံထားသည့် စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့ခံ လေးဦးကို စစ်ကောင်စီ ဖမ်းဆီး

အာရက္ခတပ်တော် (AA)နှင့် တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူရှေ့တန်းစစ်မျက်နှာမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများကို လက်ခံထားသည်ဟု စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့မှ လူငယ်လေးဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း DMG က စုံစမ်းသိရှိရသည်။

By Admin 30 Jun 2025

ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် စစ်မှုထမ်းအမှတ်စဥ် (၁၁) သင်တန်းဆင်းပွဲ။
ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် စစ်မှုထမ်းအမှတ်စဥ် (၁၁) သင်တန်းဆင်းပွဲ။

DMG ၊ ဇွန် ၃၀

အာရက္ခတပ်တော် (AA)နှင့် တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူရှေ့တန်းစစ်မျက်နှာမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများကို လက်ခံထားသည်ဟု စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့မှ လူငယ်လေးဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း DMG က စုံစမ်းသိရှိရသည်။

ဖမ်းဆီးခံရသူများမှာ ကျောက်ဖြူမြို့၊ တောင်ရင်းရပ်ကွက်မှ ကိုအောင်ပိုင်၊ ကိုမိုးကျော်သန်း၊ ကိုမိုးစံထွန်းနှင့် ကိုသားကြီးတို့ ဖြစ်ကြသည်။ ၎င်းတို့ကို ပြီးခဲ့သည့် ဇွန် ၂၅ ရက် ညနေ ၇ နာရီကျော်တွင် နေအိမ်မှ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

"ဒေသခံတွေ ပြောတာကတော့ အမှတ် ၃၂ ရဲတပ်ရင်း တိုက်ပွဲဘက်က ထွက်ပြေးလာတဲ့ သူတို့(စစ်ကောင်စီ) စစ်ပြေးတွေကို လက်ခံထားလို့ ဖမ်းတာလို့ ပြောကြတယ်။ ဒီနေ့အထိ အသေးစိတ်ကိုတော့ ဘယ်သူမှ မသိရသေးဘူး" ဟု ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက DMG ကို ပြောသည်။

လက်ရှိမှာ ဖမ်းဆီးခံရသူလေးဦးကို ကျောက်ဖြူမြို့ပေါ်ရှိ ခလရ ၃၄ တပ်ရင်းတွင် ချုပ်နှောင်ထားကြောင်း သိရသည်။

ကျောက်ဖြူရှေ့တန်းစစ်မြေပြင်မှ ထွက်ပြေးတပ်သားများကို ကျောက်ဖြူမြို့ပေါ်မှ နေအိမ်များတွင် စစ်ကောင်စီက လိုက်လံရှာဖွေနေကာ ယင်းအကြောင်းပြချက်ဖြင့် ဒေသခံများကိုဖမ်းဆီးမှုများမှာ ယခင်ကလည်းရှိခဲ့ကြောင်း သိရသည်။

"ကျောက်ဖြူမြို့ တိုးချဲ့၊ တောင်းရင်း၊ ကုလာဘာတောင်နဲ့ ငလပွေ့ရပ်ကွက်တွေမှာ စစ်ပြေးတွေကို လက်ခံလို့ဆိုပြီး အဖမ်းခံရတဲ့ မြို့ခံတွေရှိတယ်။ ဦးရေ ဘယ်လောက်လဲဆိုတာကတော့ ပြောရခက်တယ်" ဟု ကျောက်ဖြူဒေသခံ နောက်ထပ် အမျိုးသားတစ်ဦးက ပြောသည်။

DMG ကစုံစမ်းမှုအရ ကျောက်ဖြူရှေ့တန်းစစ်မြေပြင်မှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်ခံထားသည့် စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့၊ ကုလာဘာတောင်ရပ်ကွက်မှ အမျိုးသား သုံးဦး၊ တိုးချဲ့ရပ်ကွက်မှ အမျိုးသားလေးဦးနှင့် ငလပွေ့ရပ်ကွက်မှ အမျိုးသားတစ်ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလမှ စတင်ခဲ့သော ကျောက်ဖြူတိုက်ပွဲမှာ လေးလကျော် ကြာမြင့်လာပြီဖြစ်ကာ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ဗိုလ်မှူးချုပ်အဆင့်ရှိသူ ၂ ဦးနှင့်အတူ တပ်ဖွဲ့ဝင် အမြောက်အများ ကျဆုံးခဲ့သည်။ ဗိုလ်မှူးတစ်ဦးနှင့် အခြားအဆင့်ရှိသူ အမြောက်အများမှာလည်း အာရက္ခတပ်တော်ထံ ဖမ်းဆီးခံခဲ့ရသည်။

လက်ရှိတွင် ကျောက်ဖြူမြို့နှင့် ၆ မိုင်ခန့်အကွာရှိ အမှတ် (၃၂) ရဲတပ်ရင်းအနီးတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA)တို့အကြား တိုက်ပွဲဖြစ်ပွားနေပြီး မြို့ပေါ်နှင့် ၃ မိုင်ခန့်အကွာရှိ စစ်ကောင်စီ၏ ခမရ (၅၄၂) နှင့် ခမရ (၅၄၃) တို့ကိုလည်း AA က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများရှိသည်။

ယင်းအခြေအနေများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရှေ့တန်းစစ်မြေပြင်မှ ထွက်ပြေးမှုများ ဆက်တိုက်ရှိလာနေသည်။