စစ်အာဏာသိမ်းပြီးနောက် ရခိုင်ပြည်က သတင်းသမားဘဝ

စစ်အာဏာသိမ်းပြီးနောက်တွင် သတင်းမီဒီယာသမား (၁၅၆)ဦးဖမ်းဆီးခံခဲ့ရပြီး ထိုအထဲမှ(၉၅)ဦးမှာ ပြန်လည်လွတ်မြောက်လာသည်။ သို့သော် လက်ရှိအချိန်ထိ သတင်းသမား(၆၁)ဦး ဆက်လက်ဖမ်းဆီး ခံထားရဆဲဖြစ်ကာ သတင်းသမားသုံးဦးမှာလည်း အသက်ဆုံးရှုံးခဲ့ရသည်ဟု လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေး ဆောင်ရွက်နေသည့် အသံအဖွဲ့က မေလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

By နေမျိုးလင်း 10 May 2022

DMG ၊ မေ ၁၀

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်‌နေ့က အရပ်သားအစိုးရကိုဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းလိုက်သောအခါ မြန်မာ့ဒီမိုကရေစီအာရုံဦးရောင်နီသည် နေ့ချင်းပျောက်ကွယ်ခဲ့ရသည်။ ဒီမိုကရေစီလမ်းခုလတ်တွင် လျှောက်လှမ်းနေရသည့် မြန်မာလူထုအတွက် ဒီမိုကရေစီအပြည့်အဝမရရှိခဲ့ဘဲ အမှောင်ခေတ်သို့ ပြန်လည်ရောက်ရှိသွားခဲ့ရ၏။

တိုင်းပြည်၏နားမျက်စိဖြစ်သည့် သတင်းမီဒီယာအခန်းကဏ္ဍသည်လည်း အာဏာသိမ်းမှုနှင့်အတူ ပျောက်ဆုံးသွားခဲ့ရကာ သတင်းသမားများသည် မိမိတို့၏အလုပ်ကို လွတ်လပ်စွာလုပ်ခွင့် မရရှိခဲ့တော့ပေ။ လွတ်လပ်သောသတင်းမီဒီယာအခန်းကဏ္ဍသည် အနှောင့်အယှက်မြောက်များစွာနှင့် ကြုံတွေ့နေရပြီး မိမိတို့၏ သတင်းအလုပ်ကိုလုပ်ကိုင်ရင်း အသက်ဆုံးရှုံးသွားရသူများ၊ ဒဏ်ရာရရှိသူများအထိ ရှိလာသည်။

အာဏာသိမ်းပြီးနောက် မကြာမီမှာပင် လွတ်လပ်သောသတင်းဌာနအချို့ကို စစ်ကောင်စီက လိုင်စင်ရုပ်သိမ်းလိုက်ပြီး သတင်းသမားများကို ဖမ်းဆီးထောင်ချခြင်းများ၊ ဖမ်းဝရမ်းထုတ်ခြင်းအပါအဝင် နည်းမျိုးစုံဖြင့် ဖိနှိပ်မှုပြုလုပ်လာသည်။ သတင်းသမားအများစုမှာ ပြည်သူများကို သတင်းမှန်များ တိကျမှန်ကန်စွာ အချိန်နှင့်တပြေးညီ တင်ပြနိုင်ရန်အတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားရုန်းကန် လှုပ်ရှားနေရသည်။

တစ်ချို့မှာ စစ်ကောင်စီတပ်သားများကို ရှောင်တိမ်းရင်းဖြင့် သတင်းရေးသားနေရသကဲ့သို့ တစ်ချို့မှာလည်း လွတ်မြောက်နယ်မြေဟုခေါ်သော တိုင်းရင်းသားလက်နက်ကိုင်များထိန်းချုပ်ရာ နယ်မြေများသို့သွားရောက်ကာ သတင်းလုပ်ငန်းကို လုပ်ကိုင်နေရသည်။ ထို့ပြင် တချို့မှာ နယ်စပ်များနှင့်ပြည်ပများသို့သွားရောက်ကာ ပြည်တွင်းတွင်ဖြစ်ပျက်နေသော စစ်အာဏာသိမ်းမှုအကျိုးဆက်များကို ပြည်တွင်း၊ပြည်ပမှာ ပြည်သူများသိရှိနိုင်ရန် ကြိုးစားတင်ဆက်နေကြသည်။

စစ်အာဏာသိမ်းပြီးနောက်တွင် သတင်းမီဒီယာသမား (၁၅၆)ဦးဖမ်းဆီးခံခဲ့ရပြီး ထိုအထဲမှ(၉၅)ဦးမှာ ပြန်လည်လွတ်မြောက်လာသည်။ သို့သော် လက်ရှိအချိန်ထိ သတင်းသမား(၆၁)ဦး ဆက်လက်ဖမ်းဆီး ခံထားရဆဲဖြစ်ကာ သတင်းသမားသုံးဦးမှာလည်း အသက်ဆုံးရှုံးခဲ့ရသည်ဟု လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေး ဆောင်ရွက်နေသည့် အသံအဖွဲ့က မေလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

မေလ ၃ ရက်နေ့သည် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဖြစ်သည်။ ယခုကဲ့သို့အခြေအနေကြောင့် သတင်းမီဒီယာသမားများ၏ အခွင့်အရေးများဆုံးရှုံးခြင်းသည် ဒီမိုကရေစီ၏ရေသောက်မြစ်ဖြစ်သော လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုပါ ခြိမ်းခြောက်လာခြင်းဟု အသံအဖွဲ့ကဆိုထားသည်။

“အဆိုပါလက်ရှိအခြေအနေသည် သတင်းမီဒီယာများ၏ လွတ်လပ်စွာသတင်းအချက်ရယူပိုင်ခွင့်၊ ဖြန့်ဖြူးပိုင်ခွင့်နှင့် ရေးသားပြောဆိုခွင့်များကို ဆုံးရှုံးခြင်းသာမကဘဲ လူ့အဖွဲ့အစည်းတစ်ခုလုံး၏ အခြေခံ လူ့ရပိုင်ခွင့်ပါ ဆုံးရှုံးနေခြင်းဖြစ်သည်”ဟု အသံအဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်များအနက် ရခိုင်ပြည်သည် အတည်ငြိမ်ဆုံးသော ပြည်နယ်တစ်ခုဖြစ်နေသည်။ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ အာဏာမသိမ်းမီကာလ ရွေးကောက်ပွဲမကျင်းပမီအချိန်အတွင်းတွင် တိုက်ပွဲရပ်တန့်သွားခဲ့ကာ ယခုအာဏာသိမ်းထားစဉ်အထိပါ တိုက်ပွဲများရပ်တန့်နေသောကြောင့် တည်ငြိမ်အေးချမ်းနေသော ဒေသတစ်ခုဖြစ်နေသည်။

သို့ရာတွင် စစ်အာဏာသိမ်းမှုအကျိုးဆက်များကို ရခိုင်ဒေသခံများလည်းခံစားနေရပြီး ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေးများတွင် များစွာသက်ရောက်လျက်ရှိသည်။ ထို့ပြင် ဒီမိုကရေစီ၏ အသက်သွေးကြော သဖွယ်ဖြစ်သည့် သတင်းမီဒီယာအခန်းကဏ္ဍသည်လည်း မှေးမှိန်သွားသည်။

ရခိုင်ပြည်တွင်းရှိ သတင်းမီဒီယာများသည် ပြည်မရှိသတင်းသမားများကဲ့သို့ အာဏာသိမ်းပြီးနောက် အဖမ်းမခံရသေးသော်လည်း စိုးရိမ်ကြောက်လန့်မှုများဖြင့် သတင်းအလုပ်များကို ရေးသားနေရသည်။ တစ်ချို့သတင်းဌာနများသည် ကြီးလေးသည့်ပုဒ်မများဖြင့် တရားစွဲဆိုခံရမှု၊ ခြိမ်းခြောက်ခံရမှုများနှင့် ကြုံတွေ့နေရသည်။

ရခိုင်ပြည်သည် ကမ္ဘာ့သတင်းစာမျက်နှာများတွင် မွတ်ဆလင်အရေးကိစ္စများ၊ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲသတင်းများကြောင့် နာမည်ကြီးသည်။ ထိုသို့အခြေအနေများကို သတင်းရယူရာတွင်လည်းကောင်းကောင်း၊ သတင်းရေးသားရာတွင်လည်းကောင်း သတင်းသမားများအတွက်လည်း စိန်ခေါ်မှုများ၊ အခက်အခဲများ ဒုနှင့်ဒေးပင်ဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် မောင်တောဒေသ၌ Arakan Rohingya Salvation Army (ARSA) အဖွဲ့က ရဲကင်းစခန်းများကိုတိုက်ခိုက်သောအခါ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ခဲ့သည်။ ထိုသို့နယ်မြေရှင်းလင်းရေးလုပ်ခဲ့စဉ်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် မွတ်ဆလင်များအကြောင်း စုံစမ်းဖော်ထုတ်သတင်းရေးသားခဲ့သည့် ရိုက်တာသတင်းဌာနမှ ပြည်တွင်းသတင်းထောက်နှစ်ဦးသည် ကိုဝလုံးနှင့် ကိုကျော်စေဦးတို့ကို အာဏာပိုင်များက ဖမ်းဆီးထောင်ချခဲ့သည့် သာဓကများရှိသည်။

ထို့ပြင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့၏ တိုက်ပွဲကာလအတွင်းတွင်လည်း ရခိုင်သတင်းသမားများသည် ဒုက္ခမျိုးစုံဖြင့်ကြုံတွေ့ခဲ့ရသည်။ တိုက်ပွဲသတင်းများကို အထူးပြုရေးသားနေသည့် ရခိုင်သတင်းဌာနများ၏ အင်တာနက်ဝက်ဘ်ဆိုဒ်စာမျက်နှာများကို အာဏာပိုင်များကပိတ်ပင်မှု၊ သတင်းထောက်များနှင့် အယ်ဒီတာများ တရားစွဲဆိုခံရမှုများနှင့် ရင်ဆိုင်ခဲ့ရပေသည်။

Development Media Group(DMG)သည်လည်း တိုက်ပွဲကာလများအတွင်း တရားစွဲဆိုမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ သတင်းဌာနအယ်ဒီတာချုပ် ဦးအောင်မင်းဦးကို ပြီးခဲ့သည့် ၂၀၁၉ ခု၊ မေလတွင် မတရားအသင်းဆက်သွယ်မှုဖြင့် တရားစွဲဆိုထားသကဲ့သို့ ဒုတိယတာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံနှင့် သတင်းထောက် မနှင်းနွယ်တို့ကိုလည်း အာဏာပိုင်များက တရားစွဲဆိုထားရှိသည်။ ထို့ပြင် သတင်းလုပ်ငန်းလိုင်စင်ကိုလည်း လက်ရှိအချိန်ထိ ခွင့်ပြုမပေးသေးပေ။

ယခုစစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ ရခိုင်သတင်းသမားများသည် ပိုမိုအခက်အခဲနှင့်ရင်ဆိုင်နေရသည်။ အာဏာမသိမ်းခင်ကပင် သတင်းရယူခွင့်နှင့် သတင်းရေးသားရာတွင် ခက်ခဲကြမ်းတမ်းမှုများနှင့်ရင်ဆိုင်ခဲ့ရာမှ ယခုတွင် လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့်မရှိတော့ဟု စစ်တွေအခြေစိုက် ဝါရင့်သတင်းစာဆရာတစ်ဦးက ပြောသည်။

“သူ့ဥပဒေ သူ့အမိန့်ဆိုတော့ သတင်းသမားတစ်ယောက်ကို ဖမ်းချင်သလိုဖမ်း၊ လုပ်ချင်သလို လုပ်လို့ရတဲ့ အနေအထားတွေရှိတယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်စစ်ကောင်စီသည် ၎င်းတို့ကို စစ်ကောင်စီဟု ရေးသားသုံးနှုန်းမှုကို မကြိုက်နှစ်သက်ပေ။ စစ်ကောင်စီအဖွဲ့ဝင်များသည် ယင်းအသုံးအနှုန်းများကိုမြင်လျှင် ဒေါသထွက်ကြ၏။ ၎င်းတို့သုံးနှုန်းစေချင်သော “နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ”၊”အိမ်စောင့်အစိုးရအဖွဲ့”၊ ”ပြည်နယ်အစိုးရအဖွဲ့”ဟု မသုံးနှုန်းလျှင် သဘောမတွေ့ကြဘဲ ခြိမ်းခြောက်ပြောဆိုမှုများရှိသည်။

မကြာသေးမီရက်ပိုင်းက ပြည်နယ်စစ်ကောင်စီရုံးသို့ ဝန်ကြီးတစ်ဦး၏ချိန်းဆိုမှုအရ DMG သတင်းထောက်တစ်ဦး အင်တာဗျူးရန်သွားရောက်စဉ် အဆိုပါဝန်ကြီးက “စစ်ကောင်စီလို့ ထပ်ပြီးတော့သုံးရင် မင်းတို့ဘာမေးမေး ဖုန်းမကိုင်တော့ဘူး။ မင်းတို့ကိုမဖြေရင်လည်း ငါတို့ကိုယ့်အလုပ်ကိုကိုယ် လုပ်လို့ရတယ်”ဟု ပြောဆိုလွှတ်လိုက်သည်။

နိရဉ္စရာသတင်းဌာနမှ သတင်းထောက် သဉ္ဇာနွယ်က “နစကကောင်စီနဲ့ပတ်သက်တဲ့ သတင်းရေးမယ်ဆိုရင် အရင်စဉ်းစားရတယ်။ ဒီသတင်းကို ဒီလိုရေးလိုက်ရင် အဖမ်းခံရမလား။ မီဒီယာတွေက လွတ်လပ်မှုမရှိဘဲ အာဏာသိမ်းတဲ့နောက်ပိုင်းမှာ အကျပ်အတည်းတွေနဲ့ပိုပြီးကြုံလာရတယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံအနှံ့အပြားတွင် အာဏာသိမ်းထားသည့် စစ်ကောင်စီကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက ခုခံတိုက်ခိုက်နေသည်။ သို့ရာတွင် ရခိုင်ပြည်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမရှိပါ။ သို့သော်လည်း ရခိုင်ရှေးဟောင်းမြို့ဖြစ်သည့် မြောက်ဦးမြို့တွင် မေလ ၃ ရက်နေ့၊ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် စစ်ကောင်စီက မီဒီယာများနှင့်ပတ်သက်ပြီး ဝါဒဖြန့်စာရွက်များ ဖြန့်ဝေခဲ့သည်။ ပြည်တွင်း၊ပြည်မ မီဒီယာတစ်ချို့ကို ပြည်ဖျက်မီဒီယာများဟုစွပ်စွဲထားကာ သတင်းတု၊သတင်းမှားများ ဖြန့်ဝေနေသည်များဟု  ယင်းစာရွက်များတွင် ရေးသားထားသည်ကို တွေ့ရသည်။

“စစ်ကောင်စီက လက်ကမ်းစာစောင်တွေနဲ့ ဝါဒဖြန့်တယ်ဆိုတဲ့သတင်းတစ်ပုဒ်ကို တွေ့လိုက်တယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီအနေနဲ့ သတင်းသမားတွေကို ဘယ်လောက်တောင်တိုက်ခိုက်နေလဲ၊ အမုန်းတရားတွေ ထားနေလဲဆိုတာမြင်နိုင်တယ်”ဟု စစ်တွေအခြေစိုက် အလွတ်တန်းသတင်းထောက် ဆောင်းဇာခြည်ကပြောသည်။

လက်ရှိတွင် သတင်းသမားအချို့သည် လုံခြုံရေးအရ မိမိတို့၏ ကလောင်နာမည်များကိုပြောင်းကာ ရေးသားနေကြရပြီး တစ်ချို့မှာလည်း ကလောင်နာမည်ပင်မသုံးဘဲ ရေးသားနေကြရသည့် အခြေအနေ ရှိနေသည်။ မိမိရေးသားလိုက်သည့်သတင်းကြောင့် စစ်ကောင်စီဘက်က မည်သို့တုန့်ပြန်လာမည်ကိုလည်း တွေးပူနေရသည်ဟု ၎င်းကဆက်လက်ပြောသည်။

“ကျွန်မတို့သတင်းသမားတွေအနေနဲ့ ကိုယ်ရေးတဲ့သတင်းမှန်ပေမယ့် စစ်ကောင်စီက ကိုယ့်ကိုဘယ်လိုမျိုး လုပ်လာနိုင်မလဲဆိုတဲ့ အကြောက်တရားတွေနဲ့ ရင်ဆိုင်နေရပါတယ်”ဟု မြန်မာသတင်းပညာသိပ္ပံ (MJI)ကျောင်းတွင် တစ်နှစ်ကြာသတင်းစာပညာသင်ယူခဲ့သည့် ဆောင်းဇာခြည်ကပြောသည်။

လက်ရှိတွင် စစ်အာဏာသိမ်းပြီးနောက် ရခိုင်ပြည်အတွင်းရှိ Western News သတင်းဌာနသည် တရားစွဲဆိုခံ ထားရသည်။ ပလက်ဝမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက မြန်မာစစ်တပ် တပ်ရင်းတစ်ခုတွင် အလံဖြူထောင်ထားသည်ဟု သတင်းရေးသားခဲ့မှုကြောင့် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲဆိုခံထားရသည်။ ထို့ကြောင့် အဆိုပါသတင်းဌာနမှ သတင်းသမားများသည် ထွက်ပြေးတိမ်းရှောင် နေကြရင်း သတင်းများရေးသားတင်ဆက်နေကြရသည်။

“သတင်းဌာနလည်း လွတ်လွတ်လပ်လပ်လုပ်လို့မရ။ သတင်းထောက်တွေလည်း ရှောင်ပြေးပြီးနေရတဲ့ အခြေအနေဖြစ်တဲ့အတွက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ ဘာတောင်းဆိုချင်လဲဆိုတော့ ကျွန်တော်တို့ သတင်းသမားတွေကို လွတ်လွတ်လပ်လပ်သတင်းရေးပိုင်ခွင့်ပေးပါ”ဟု Western News သတင်းဌာနမှ လက်ထောက်အယ်ဒီတာ ကိုထွန်းသာက ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် ပြောသည်။

ပြည်သူများ သတင်းသိပိုင်ခွင့်အတွက် သတင်းမီဒီယာအလုပ်ကို ချစ်မြတ်နိုးကြသည့် သတင်းသမားများသည် စစ်အာဏာသိမ်းမှုကြောင့် မည်သို့ခက်ခဲကြမ်းတမ်းမှုများနှင့်ရင်ဆိုင်ရနေကာမူ မတရားမှုများ၊ အဂတိမှုများနှင့် တခြားပြည်သူများအပေါ် အကျိုးသက်ရောက်မည့်သတင်းများ၊ ပြည်သူများ သိသင့်သိထိုက်သည့် သတင်းများကို ရေးသားနေကြဦးမည်ဖြစ်သည်။

“ဒီလိုဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်အောက်မှာ ဒီသတင်းစာ၊ Professional သတင်းပညာကိုလည်း ကိုင်စွဲပြီးလုပ်နေတဲ့ သတင်းသမားတွေကိုလည်း အသိအမှတ်ပြုတယ်”ဟု ဝါရင့်သတင်းစာဆရာ ဦးမြင့်ကျော်က ပြောဆိုလိုက်သည်။

နေမျိုးလင်း-ရေးသည်

ဗီဒီယိုများ