ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ မဟာဗျူဟာကစားကွက်ထဲက ရခိုင်ပြည်နယ်

ပထဝီနိုင်ငံရေးနဲ့ ကမ္ဘာ့ဈေးကွက်အတွက် အကောင်းဆုံးပင်လယ်ထွက်ပေါက်ကို ပိုင်ဆိုင်ထားတဲ့ ရခိုင်ပြည်ဟာ စစ်အစိုးရခေတ်အလွန် ၂၀၁၀ နောက်ပိုင်းမှာ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံကြီးအများစုက စီးပွားရေးအရ စိတ်ဝင်မှုအများဆုံးခံရတဲ့ နေရာတစ်ခုဆိုရင် မမှားပါဘူး။ အထူးသဖြင့် တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာထိန်းချုပ်ရေးမဟာဗျူဟာနဲ့ အနောက်အိန္ဒိယရဲ့ အရှေ့မျှော်မှုဝါဒနှစ်ခုကြား ထိပ်တိုက်တွေ့ဆုံမှုဆုံမှတ် ဖြစ်တယ်လို့ ဆိုနိုင်တဲ့အနေအထားမှာ...

By မင်းထီး 14 Oct 2020

Designed by Chan Aye (C&T Design and Editing)

By မင်းထီး | DMG

ပထဝီနိုင်ငံရေးနဲ့ ကမ္ဘာ့ဈေးကွက်အတွက် အကောင်းဆုံးပင်လယ်ထွက်ပေါက်ကို ပိုင်ဆိုင်ထားတဲ့ ရခိုင်ပြည်ဟာ စစ်အစိုးရခေတ်အလွန် ၂၀၁၀ နောက်ပိုင်းမှာ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံကြီးအများစုက စီးပွားရေးအရ စိတ်ဝင်မှုအများဆုံးခံရတဲ့ နေရာတစ်ခုဆိုရင် မမှားပါဘူး။ အထူးသဖြင့် တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာထိန်းချုပ်ရေးမဟာဗျူဟာနဲ့ အနောက်အိန္ဒိယရဲ့ အရှေ့မျှော်မှုဝါဒနှစ်ခုကြား ထိပ်တိုက်တွေ့ဆုံမှုဆုံမှတ် ဖြစ်တယ်လို့ ဆိုနိုင်တဲ့အနေအထားမှာ ရှိနေတာပါ။

ဒီနေ့ရခိုင်ပြည်အတွင်း ရင်းနှီးမြှုပ်နှံဇယားကိုကြည့်ရင် အနောက်နိုင်ငံများအုပ်စုက အများဆုံးပါဝင်နေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အထူးသဖြင့် ရခိုင်ပြည်ပင်လယ်ပြင်အတွင်း EU အုပ်စုနိုင်ငံများ၊ အမေရိကန် မဟာမိတ်နိုင်ငံအများစုက ရင်းနှီးမြှုပ်နှံမှုမှာ နေရာယူထားတာကို တွေ့ရပါတယ်။ အာရှနိုင်ငံများကတော့ အိန္ဒိယနိုင်ငံ ၊ တရုတ်နိုင်ငံ ၊ ဂျပန်နိုင်ငံ ၊ ကိုးရီးယားနိုင်ငံ ၊ ဟောင်ကောင်၊ ထိုင်းနိုင်ငံ ၊ စင်္က္ကာပူနိုင်ငံစတဲ့ အာရှအတွင်းချမ်သာတဲ့ နိုင်ငံအများစု အဓိက ပါဝင်နေကြပါတယ်။

ရခိုင်ပြည်အတွင်းထင်ရှားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကတော့ အိန္ဒိယနိုင်ငံပိုင် ကုလားတန်စီမံကိန်းနဲ့ စစ်တွေဆိပ်ကမ်း၊ တရုတ်ကတည်ဆောက်မယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းနဲ့ ရေနက်ဆိပ်ကမ်း၊ လက်ရှိတည်ဆောက်ထားတဲ့ တရုတ်နိုင်ငံပိုင် ဂက်(စ်)ပိုက်လိုင်းစီမံကိန်းနဲ့ ရေနံပိုက်လိုင်းစီမံကိန်း၊ ကျောက်ဖြူရေနံတင် ဆိပ်ကမ်းစီမံကိန်း၊ ပင်လယ်ပြင်အတွင်း ရေနံနှင့် ဂက်(စ်)စမ်းသပ်တူးဖေါ်မှုလုပ်ကွက်များ စတဲ့ ရင်းနှီးမြှုပ်နှံမှုအားဖြင့် ကြီးမားတဲ့ စီမံကိန်းများကို ရခိုင်ပြည်အတွင်း အဓိက လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ကုလားတန်စီမံကိန်း

ကုလားတန်စီမံကိန်းကို အိန္ဒိယနိုင်ငံက (၂၀၀၉) ခုနှစ်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ စစ်တွေဆိပ်ကမ်းကို စတင်တည်ဆောက်ခဲ့ပါတယ်။ စစ်တွေဆိပ်ကမ်းဟာ စစ်တွေ ကုလားတန်မြစ်မှာ တည်ရှိပြီး အိန္ဒိယနိုင်ငံနှင့်ချိတ်ဆက်ဖို့ အလွန်ကောင်းမွန်တဲ့နေရာဖြစ်ပြီး တြိပူတြနဲ့ စစ်တွေဆိပ်ကမ်းကို လေးဆယ့်ရှစ်နာရီအတွင်း ကုန်စည်ပို့ဆောင်နိုင်မယ့်နေရာပါ။ အိန္ဒိယနိုင်ငံရဲ့ ကုန်းတွင်းပိုင်းနေရာဖြစ်တဲ့ အာသံပြည်နယ်၊ မစ်ဇူရန်ပြည်နယ်ဘက်ကို အိန္ဒိယပြည်မက ကုန်စည်ပို့ဆောင်ဖို့ ခက်ခဲတဲ့ပြဿနာကို ဖြေရှင်းဖို့ စစ်တွေဆိပ်ကမ်းက တစ်ဆင့် ကုလားတန်မြစ်ကိုအသုံးပြုကာ စစ်တွေမြို့ကနေ ချင်းပြည်နယ်ပလက်ဝ အတိုင်းဖောက်လုပ်မယ့် အိန္ဒိယ၊ ဘင်္ဂဘားဒေ့ရှ်၊ မြန်မာနယ်စပ်မျဉ်းကြားက အဝေးပြေးကားလမ်းမအတိုင်း မစ်ဇူရန်ပြည်နယ်ထဲကို ဝင်ရောက်မှာ ဖြစ်ပါတယ်။ ကုန်းတွင်းပိုင်း မက်ဇူရန်ပြည်နယ်ရဲ့ ပင်လယ်ထွက်ပေါက်အဖြစ် ရခိုင်ပြည်နယ်ကို အသုံးပြုမှာဖြစ်ပြီး ထိုင်းနိုင်ငံ ၊ မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ (၃) နိုင်ငံပို့ဆောင်ရေးလမ်းကြောင်းရဲ့ ပင်မလမ်းကြောင်းဖြစ်လာမှာပါ။

စစ်တွေဆပ်ကမ်းမှတစ်ဆင့် တစ်ခြားအာဆီယံနိုင်ငံများသို့ ကုန်စည်ပို့ဆောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းများကို အဓိကလုပ်ဆောင်မှာဖြစ်ပြီး ဘင်္ဂလားပင်လယ်ကို ဘင်္ဂလားဒေ့ရှ်၊ မြန်မာနိုင်ငံအနီးကနေ စတင်ထိန်းချုပ်ထားနိုင်ပြီး၊ ပါကစ္စတန်နဲ့ မြန်မာပိုင်နက်ကို အိန္ဒိယရေဒါကနေ တိုက်ရိုက်ထိန်းချုပ်နိုင်ပါမယ်။ နောက်တစ်ဖက်မှာ တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာထိန်းချုပ်ရေးမဟာဗျူဟာကိုလည်း ဟန့်တားထားနိုင်ပါမယ်။ ကုန်တွင်းပိုင်းဖြစ်တဲ့ အာသံခွဲထွက်ရေးသမားတွေကြီးစိုးတဲ့ နယ်စပ်မျဉ်းကြောင်းတစ်လျှောက်နေရာတွေ၊ ပါကစ္စတန်၊ တရုတ်၊ အိန္ဒိယ (၃) နိုင်ငံနယ်စပ်က ( ကတ်ချ်မီးယား သူပုန်များ) လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် နယ်စပ်မျဉ်းကို အသုံးပြုပြီး နိုင်ငံချင်းဈေးကွက်ကို ပုံဖေါ်ကာ အဝေးပြေးလမ်းမများဖြင့် ဖန်တီးထိန်းချုပ် ရယူထားနိုင်မှာ ဖြစ်ပါတယ်။

အိန္ဒိယနယ်စပ် ချင်းပြည်နယ်ကနေတစ်ဆင့် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ ကရင်ပြည်နယ် မြဝတီကနေ အာရှလမ်းမကြီးအတိုင်း ထိုင်းနိုင်ငံသို့ ဝင်ရောက်မှာဖြစ်ပြီး အာဆီယံနိုင်ငံများနှင့် အာရှဈေးကွက်ကို ထိုးဖောက်မှာဖြစ်ပါတယ်။ တရုတ်နဲ့ အရှေ့အလယ်ပိုင်းကနေ ဝင်ရောက်လာမယ့် ကုန်စည်တွေရောင်းဝယ်ခြင်းကိုတော့ စစ်တွေဆိပ်ကမ်းနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းများကို အသုံးချကာ ရခိုင်ပြည်နယ်အတွင်း ရောင်းဝယ်မှုများ ပြုလုပ်ကြပါမယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း

ကျာက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းကို တရုတ်နိုင်ငံက အဓိက ရင်းနှီးမတည် တည်ဆောက်မှာဖြစ်ပြီး တရုတ်နိုင်ငံထုတ်ကုန်စည်တွေကို အရှေ့အလယ်ပိုင်းသို့ ပိုဆောင်မယ့်စီမံကိန်း ဖြစ်ပါတယ်။ ခါးပတ်လမ်းလို့ အမည်ပေးထားပြီး လူရှိတဲ့နေရာအကုန်လုံးကို တရုတ်ကုန်စည်ရောက်ရှိရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖေါ်ဖို့ တည်ဆောက်မှာဖြစ်ပါတယ်။ တရုတ်ရဲ့(Belt and Road Initiative -BRI) လို့ အမည်ပေးထားတဲ့ဒီစီမံကိန်းမှာ ဟောင်ကောင်၊ ကမ္ဘာဒီးယား၊ စင်္ကာပူ၊ မြန်မာ၊ ဘင်္ဂလားဒေ့ချ်၊ သီရိလင်္ကာ၊ မော်လဒိတ်၊ ပါကစ္စတန်၊ အာဖရိကနိုင်ငံ ဆူဒန် စတဲ့ ရေနက်ဆိပ်ကမ်းများကနေတစ်ဆင့် ကုန်းတွင်းပိုင်း အရှေ့အလယ်ပိုင်း နိုင်ငံများသို့ ဝင်ရောက်မှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံထုတ်ကုန်များကို ရှမ်းပြည်နယ် ၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့ကိုဖြတ်ကျော်ပြီး အမြန်ရထားလမ်း၊ ကားလမ်းများတည်ဆောက်ကာ ကျောက်ဖြူရေနက်ဆိပ်ကမ်းသို့ ပို့ဆောင်မှာဖြစ်ပြီး ကျောက်ဖြူဆိပ်ကမ်းမှတစ်ဆင့် ဘင်္ဂလားပင်လယ်ကို ဖြတ်ကျော်ကာ အရှေ့အလယ်ပိုင်းနိုင်ငံများသို့ ရောင်းဝယ်နိုင်ရေး ဖန်တီးမှာ ဖြစ်ပါတယ်။ ကုန်းလမ်းအနေဖြင့် မြန်မာနိုင်ငံ မန္တလေးကနေတစ်ဆင့် ကရင်ပြည်နယ် အာရှလမ်းမကြီးကို အသုံးပြုကာ ထိုင်းနိုင်ငံသို့ ဝင်ရောက်ပြီး အာစီယံဈေးကွက်ကို ထိုးဖောက်ဝင်ရောက်မှာ ဖြစ်ပါတယ်။

စီးပွားရေးစင်္ကြ ံအတွက် မြန်မာနိုင်ငံဘက်ခြမ်းတွင် တည်ဆောက်မည့် အထူးစီးပွားရေးဇုန်များ (ဓာတ်ပုံ - Asian Nikkei)

ကျောက်ဖြူအထူးစီးပွားရေးဇုန်လို့ နာမည်တပ်ထားသော်လည်း၊ ယနေ့အချိန်ထိ တရုတ်ရင်းနှီးမတည်မယ့် (Developer) လုပ်ငန်းအတွင်း တစ်ခြားနိုင်ငံများဝင်ရောက်ပြီး ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ (Investment) စိတ်ဝင်စားတာကိုတော့ မတွေ့ရပါဘူး။ တရုတ်နိုင်ငံအနေဖြင့်လည်း တရုတ်ကုန်းတွင်းပိုင်းပြည်နယ်များရဲ့ ဆင်းရဲမွဲတေမှုကို လျှော့ချဖို့က အလွန်အရေးကြီးနေပြီး တရုတ်အနေနဲ့ တစ်ခြားနိုင်ငံများမှာ စက်ရုံအလုပ်ရုံ တည်ဆောက်ဖို့ထက် တရုတ်နိုင်ငံတွင်ပင်လျှင် အခွန်လွတ်ဇုန်များ တည်ဆောက်နေရသေးတဲ့ အခြေအနေလို့ ဆိုရပါမယ်။

အထူးသဖြင့် တရုတ်ပြည်မနဲ့ အလွန်ကွာဝေးပြီး ကုန်းတွင်းပိုင်းပြည်နယ်ဖြစ်တဲ့ ယူနန်ပြည်နယ်ရဲ့ ဖွံ့ဖြိုးရေးနဲ့ ယူနန်ထုတ်ကုန်များကို ရောင်းဝယ်နိုင်မယ့် ရေလမ်းကြောင်းထွက်ပေါက်အဖြစ် ကျောက်ဖြူကို အထူးစီးပွားရေးဇုန်အဖြစ် နာမည်တပ်ထားပေမယ့် စက်ရုံအလုပ်ရုံတွေ တည်ဆောက်ဖို့တော့ ခက်ခဲစေမှာ အမှန်ပဲဖြစ်ပါတယ်။ နောက်တစ်ချက်က ရခိုင်ပင်လယ်ပြင်ကနေထွက်ရှိတဲ့ ရွှေသဘာဝဓာတ်ငွေ့၊ ရေနံပို့ဆောင်တဲ့ ရေနံပိုက်လိုင်း လမ်းကြောင်း လုံခြုံချော့မွေ့စေရေးနဲ့ သမုဒ္ဒရာထွက်ပေါက်ကို ပိုင်ဆိုင်ရေးအတွက် ရခိုင်ပြည်ဟာ တရုတ်အတွက် အလွန်အရေးပါတဲ့ နေရာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ပထဝီအရနီးစပ်တဲ့ တောင်တရုတ်ပင်လယ်ထွက်ပေါက်ကို ပိုင်ဆိုင်နိုင်ရေးပြဿနာရှိပါတယ်။ အိမ်နီးချင်းတွေဖြစ်တဲ့ ဗီယက်နမ်၊ ဂျပန် စတဲ့ တောင်တရုတ်ပင်လယ်နား နိုင်ငံများနဲ့ ဆက်ဆံရေးအဆင်မပြေသလို ကမ္ဘာ့အင်အားကြီး စူပါဝါပိုင်ရှင် အမေရိကန်ရေတပ်စစ်စခန်းကို တောင်တရုတ်ပင်လယ်အတွင်း တည်ဆောက်ထားတာကြောင့် တရုတ်အတွက် စစ်ရေးထွက်ပေါက်ဟာ တောင်တရုတ်ပင်လယ် မဖြစ်နိုင်ပါဘူး။ ဒါကြောင့် တရုတ်အတွက် အရေးအပါဆုံးနေရာဟာ မြန်မာနိုင်ငံအတွင်းက ရခိုင်ပြည်ဖြစ်နေပါတယ်။

သို့သော်လည်း တရုတ်အတွက် နောက်ထပ် (Plan) အစီအစဉ်များလည်း ရှိနေပါသေးတယ်။ အကယ်၍ တရုတ်အတွက် ကျောက်ဖြူသာ မသေချာခဲ့ပါက မြန်မာနိုင်ငံအတွင်း ပုသိမ်၊ ထားဝယ်စတဲ့ နေရာတွေကိုလည်း လျာထားပါသေးတယ်။ မြန်မာနိုင်ငံအတွင်း မသေချာခဲ့ပါက အိန္ဒိယရန်သူဖြစ်တဲ့ ပါကစ္စတန်ကနေ ဖောက်ထွက်နိုင်ရေးစီစဉ်ထားပေမယ့် (၂၀၁၉)ခုနှစ်မှာတော့ ပါကစ္စတန်ဖက်က တရုတ်နဲ့ပြုလုပ်မယ့် စီမံကိန်းတစ်ချို့ကို ဖျက်သိမ်းခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ဆိုတော့ တရုတ်နဲ့ ပါကစ္စတန်ဆက်ဆံရေးဟာ ထင်သလောက် မလွယ်နိုင်ပါဘူး။ ဒါကြောင့် ရခိုင်ဟာ တရုတ်အတွက် မဖြစ်မနေ လိုအပ်မှာ သေချာပါတယ်။

တရုတ်-မြန်မာ ဆက်ဆံရေး

ယနေ့ (ICJ) လို့ခေါ်တဲ့ (International Court for Justice) တရားရုံးမှာ မြန်မာနိုင်ငံတရားစွဲခံထားရတဲ့ မွတ်ဆလင်ပဋိပက္ခဟာ ၂၀၁၂ မှာစတင်ခဲ့ပြီး ပြည်တွင်း (IDP) နှစ်သိန်းကျော်လောက် နေရပ်စွန့်ခွာခဲ့ရပါတယ်။ အဲဒီပဋိပက္ခဟာ ဦးသိန်းစိန်အစိုးရလက်ထက် ခဏတာငြိမ်သက်ခဲ့ပြီး (၂၀၁၇) ဩဂုတ်လမှာ မောင်တောမြို့နယ်ရှိ ရဲကင်းစခန်း (၃၀) ကို လူအင်အားများစွာနဲ့ မွတ်ဆလင်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် မြန်မာ့တပ်မတော်မှ နယ်မြေရှင်းလင်းရာမှာ လူပေါင်းခုနစ်သိန်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရပါတယ်။

၎င်းပဋိပက္ခအတွင်း မြန်မာစစ်တပ်ဖက်က လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှုများ ရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဂမ္ဘီယာနိုင်ငံက တရားလိုပြုလုပ်ကာ မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့တာပါ။ အနောက်နိုင်ငံအုပ်စုများက မြန်မာနိုင်ငံအစိုးရကို ဖိအားပေးကာ ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး ခေါင်းစဉ်ကိုတပ်ပြီး မြန်မာအစိုးရနဲ့ စစ်တပ်အပေါ် ဖိအားပေးပါတော့တယ်။ တရုတ်ဟာ အရင်အစိုးရလက်ထက် စစ်တပ်တစ်ပိုင်းအစိုးရလို့ နာမည်တပ်ကြတဲ့ ဦးသိန်းစိန် အစိုးရလက်ထက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လက်ထက်မှာလည်း မြန်မာနိုင်ငံအစိုးရနဲ့ ဆက်ဆံရေးကောင်းခဲ့တာကို တွေ့ရပေမယ့် ၂၀၁၉ မှာတော့ မြန်မာဘက်က သိသိသာသာ တရုတ်နဲ့ဆက်ဆံရေးကို ခွာလာတယ်လို့ ယူဆပါတယ်။

ဒါဟာ တရုတ်ရဲ့ မီးစပ်တစ်ဖက် ရေမှုတ်တစ်ဖက်မူဝါဒ လို့နာမည်ကြီးတဲ့ မူဝါဒကြောင့်လား ဆိုတာလည်း စဉ်းစားစရာ တစ်ခုဖြစ်ပါတယ်။ တရုတ်ကတော့ အဲဒီမူဝါဒကို အလွှာပေါင်းစုံပါဝင်ရေးမူဆိုပြီး သုံးနှုန်းတာကိုတွေ့ရပြီး တစ်နည်းအားဖြင့် “ရန်သူမရှိ” မူဝါဒဖြစ်ပါတယ်။ သို့သော်လည်း နယ်သာလန်နိုင်ငံ (ICJ)တရားရုံးမှာ မြန်မာနိုင်ငံ တရားရင်ဆိုင်ရစဉ်က အဆုံးအဖြတ်ပေးတဲ့ တရားသူကြီး(၁၇)ဦးမှာ တရုတ်ကတစ်ဦး ရွေးချင့်ခွင့်ရခဲ့ပေမယ့် နှစ်နိုင်ငံထွက်ဆိုချက်ကို မဲခွဲဆုံးဖြတ်ရာမှာတော့ တရုတ်ကတရားသူကြီးကိုယ်တိုင် မြန်မာအစိုးရဘက်က ရပ်တည်ပေးခဲ့တာကို မတွေ့ရပါဘူး။

(ဓာတ်ပုံ - Twitter)

တစ်ဖက်မှာလည်း တရုတ်နယ်စပ်ကို အခြေယူလှုပ်ရှားနေတဲ့ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များရဲ့ (အထူးသဖြင့် တရုတ်နယ်စပ်မှာ အခြေချလှုပ်ရှားတဲ့ မြောက်ပိုင်းမဟာမိတ်အုပ်စုရဲ့) နောက်ကွယ်မှာ တရုတ်ရှိတယ်လို့ မြန်မာအစိုးရဘက်က ယူဆထားပုံရပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်နဲ့ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ပထမပိုင်းအချိန် တတိယပင်လုံထိ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ အစိုးရကြား တရုတ်ဘက်က ဝင်ရောက်ညှိနိုင်းပေးတာမျိုး တွေ့ရှိရပေမယ့် (၂၀၁၈)နောက်ပိုင်းမှာတော့ တရုတ်ဘက်က ကြားဝင်ညှိနှိုင်း ပြောဆိုပေးတာမျိုး မရှိဘဲ မြန်မာအစိုးရနဲ့ တရုတ်ကြားဆက်ဆံရေး နှေးကွေးသွားတာကို တွေ့ရပါတယ်။

အိန္ဒိယ-မြန်မာ ဆက်ဆံရေး

လူဦးရေသန်းပေါင်း (၁၂၀၀) ဝန်းကျင်ရှိနေတဲ့ မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံကတော့ မြန်မာ့လွပ်လပ်ရေး ကြိုးပမ်းစဉ်ကာလကတည်းက မြန်မာနဲ့ ခိုင်မာတဲ့ဆက်ဆံရေးရှိပေမယ့် မြန်မာ့စစ်အစိုးရအပေါ် တရုတ်နိုင်ငံလိုတော့ ဩဇာမရှိခဲ့ပါဘူး။ တစ်ဘက်မှာ တရုတ်နဲ့ အိန္ဒိယဟာ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံတွေဖြစ်သလို စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုကိုတော့ နှစ်ဖက်လုံးရှောင်ရှားကြတာကို တွေ့ရပါတယ်။ အာစီယံနိုင်ငံများကို တရုတ်ဩဇာရှိလာမှာကို အိန္ဒိယက မနှစ်သက်သလို အာရှမှာ အိန္ဒိယဩဇာကြီးလာမှာကိုလည်း တရုတ်က မလိုလားပါဘူး။

တရုတ်နဲ့အိန္ဒိယက နှစ်နိုင်ငံနယ်စပ် နယ်နိမိတ်အငြင်းပွားမှုပြဿနာရှိသလို ကောင်းမွန်တဲ့ဆက်ဆံရေးကိုလည်း မတည်ဆောက်ထားပါဘူး။ တစ်ဖက်မှာ အိန္ဒိယနိုင်ငံက အမေရိကန်ရဲ့ မဟာမိတ်အုပ်စုလည်း ဖြစ်ပါတယ်။ ၂၀၁၉ မှာ အိန္ဒိယက ရေငုတ်သင်္ဘာကြီးကို မြန်မာစစ်တပ်က ဝယ်ယူလိုက်ပြီးနောက်ပိုင်း မြန်မာအစိုးရနဲ့ ဆက်ဆံရေး ပိုမိုနီးကပ်လာတာကို တွေ့ရပါတယ်။ တစ်ခြားတစ်ဖက်မှာလည်း မြန်မာပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးကိစ္စတွေမှာ အိန္ဒိယဟာ မြန်မာအစိုးရဘက်က ရပ်တည်ပေးတဲ့ နိုင်ငံဖြစ်ပါတယ်။

အရင်က ရခိုင့်တပ်မတော်(အေအေ)ဗိုလ်ချုပ်ခိုင်ရာဇာ အုပ်စုကို အိန္ဒိယက မြန်မာအစိုးရနဲ့ပူးပေါင်းပြီး သုတ်သင်ခဲ့ဖူးတဲ့သမိုင်း ရှိပါတယ်။ လက်ရှိကာလမှာလည်း ရခိုင်ပြည်နယ်အတွင်း တော်လှန်ရေးပဋိပက္ခအကြား မြန်မာအစိုးရနဲ့ ပူးပေါင်းတိုက်ခိုက်တာမျိုးရှိတယ်လို့ ပြောဆိုကြပါတယ်။ အိန္ဒိယကလုပ်နေတဲ့ ကုလားတန်စီမံကိန်းကို ရက္ခိုင့်တပ်တော်(အေအေ)က အနှောင့်ညှက်ပေးနေကြောင်း အိန္ဒိယသတင်းစာတွေမှာ ဖေါ်ပြနေတာကိုကြည့်ရင် အိန္ဒိယနိုင်ငံဟာ မြန်မာအစိုးရနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိနေတယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း သူ့အင်တာဗျူးတစ်ခုမှာ အိန္ဒိယအစိုးရနဲ့ ဆက်ဆံရေး မကောင်းကြောင်း ဖြေကြားဖူးတာကို တွေ့ရပါတယ်။

၂၀၁၇ ခုနှစ်က နှစ်ဘက်ပူးပေါင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်စဉ် လက်ဆွဲနှုတ်ဆက်နေကြသည့် အိန္ဒိယနှင့် မြန်မာစစ်သားနှစ်ဦး။ (ဓာတ်ပုံ - Facebook)

တစ်ခြားတစ်ဖက်မှာ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်ရှိနေတဲ့ဩဇာကို အိန္ဒိယက ထိန်းညှိယူချင်တဲ့သဘောလည်း ဖြစ်ကောင်းဖြစ်ပါမယ်။ အဲဒါကြောင့်လည်း ကျောက်ဖြူကို ဂက်(စ်)ပိုက်လိုင်း၊ ရေနံပိုက်လိုင်းနဲ့ ရေနက်ဆိပ် ကမ်းကိုတည်ဆောက်ဖို့ တရုတ်ကို ခွင့်ပြုလိုက်ချိန်မှာပဲ အိန္ဒိယကိုလည်း စစ်တွေဆိပ်ကမ်းကို ပေးထားရတာကိုကြည့်ရင် အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်ကို စိတ်ဝင်စားခြင်းဟာ တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာထိန်းချုပ်ရေး မဟာဗျူဟာကို ကာကွယ်ချင်တဲ့ သဘောလည်း ပါပါတယ်။

မြန်မာအစိုးရရဲ့ အကျပ်အတည်းကြီးဖြစ်တဲ့ မွတ်ဆလင်များ ပြန်လည်ခေါ်ယူရေးနဲ့ ပတ်သက်ရင်တော့ အိန္ဒိယအနေနဲ့ ယနေ့ထိ လက်ရှောင်တာကို တွေ့ရပါတယ်။ ဒီနေ့ထိ အနောက်အုပ်စုတွေရဲ့ မြန်မာအပေါ် ဖိအားပေးမှုနဲ့ ပတ်သက်ရင် အိန္ဒိယဟာ တစ်ခွန်းတစ်လေမှ ဝင်ရောက်ပြောဆိုတာ မရှိပါဘူး။ အိန္ဒိယနိုင်ငံမှာလည်း မြန်မာနဲ့အလားတူ မွတ်ဆလင်ပြဿနာရှိပေမယ့် ပြတ်ပြတ်သားသားကိုင်တွယ်တတ်တဲ့ အစဉ်အလာရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ ရခိုင်ပြည်ဖွံ့ဖြိုးရေးအတွက် ၂၀၁၈/၁၉ မှာ ငွေကြေးကူညီပံ့ပိုး ပေးအပ်တာမျိုးတွေတော့ တွေ့ရပါတယ်။

အမေရိကန်ရဲ့ မဟာမိတ်အုပ်စုဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးလာနေတဲ့ တရုတ်ရဲ့ဩဇာ အာရှကို မလွှမ်းမိုးရေးအတွက်တော့ အဓိက လုပ်ဆောင်ပါလိမ့်မယ်။ သို့သော်လည်း တရုတ်နဲ့ထိပ်တိုက် တွေ့ဖို့ထိတော့ အိန္ဒိယအနေနဲ့ ရှောင်ရှားမှာဖြစ်ပြီး ကျားကြီးတစ်ကောင်သဖွယ် အာရှကိုလွှမ်းမိုးဖို့ အစွန်းကုန် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဟာ အိန္ဒိယနဲ့ တရုတ်တို့ ဆုံမှတ်လည်းဖြစ်သလို တရုတ်လူသန်းပေါင်း (၁၂၀၀) ကျော် အိန္ဒိယ လူဦးရေသန်းပေါင်း (၁၂၀၀) နဲ့ အာစီယံနိုင်ငံများလူဦးရေ သန်း(၆၀၀)ကျော် စုစုပေါင်း လူဦးရေသန်း (၃၀၀၀)ဝန်းကျင် ကမ္ဘာ့လူဦးရေ ထက်ဝက်နီးပါးခန့် ရောင်းဝယ်မှုအတွက် အကောင်းဆုံး ဆိပ်ကမ်းနေရာဆိုရင်လည်း မမှားပါဘူး။

ရခိုင်ပြည်အကျပ်အတည်း

ကမ္ဘာ့စီးပွားရေးကိုမောင်းနှင်ဖို့နဲ့ ဖွံ့ဖြိုးပြီး အင်အားကြီးနိုင်ငံအများစုတွေရဲ့ ဈေးကွက်အဖြစ် ပထဝီအရ အချက်အချာကျတဲ့ ရခိုင်ပြည်နယ်ဟာ မြန်မာ့နိုင်ငံရေးပြဿနာဖြစ်တဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တစ်နည်းအားဖြင့် တိုင်းရင်းသားများ ကိုယ့်ကံကြမ္မာကိုယ် ဖန်းတီးပိုင်ခွင့်အပြည့်အဝရှိတဲ့ ဖယ်ဒရယ်နိုင်ငံထူထောင်ဖို့ အစိုးရအဆက်ဆက် ပျက်ကွက်ခဲ့တာကြောင့် မြန်မာ့လွပ်လပ်ရေးနဲ့အတူ ပေါ်ပေါက်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးပဋိပက္ခနဲ့ ရင်ဆိုင်လာရတာဟာ နှစ်ပေါင်းခုနစ်ဆယ်ကျော်လာပြီ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၅ ကနေစပြီး ရက္ခိုင့်တပ်တော်(အေအေ)နဲ့ အစိုးရစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ပွားလာတာဟာ ၂၀၁၈ ကနေ ပြင်းထန်ခဲ့ပါတယ်။ ၂၀၁၈ ဒီဇင်ဘာကနေ ၂၀၂၀ နှစ်ဝက်ထိ တိုက်ပွဲပေါင်း သုံးထောင်ကျော် ဖြစ်ပွားခဲ့ပြီး ရခိုင်လူထု နှစ်သိန်းကျော် နေရပ်စွန့်ခွာစစ်ဘေးရှောင်စခန်းများအတွင်း နေထိုင်နေကြရပါတယ်။ တိုက်ပွဲအတွင်း အသက်ဆုံးရှုံးခဲ့ရတဲ့ ဒေသခံလူထုများ၊ မသင်္ကာမှုဖြင့် စစ်တပ်က ဖမ်းဆီးစစ်ဆေးစဉ် အသက်ဆုံးရှုံးရသူများနှင့် ရက္ခိုင့်တပ်တော် (အေအေ) နှင့် အဆက်သွယ်ရှိသည်ဟုဆိုကာ အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသူတွေ များစွာရှိနေဆဲပါ။

လက်ရှိအစိုးရက ရက္ခိုင့်တပ်တော် (အေအေ) ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားပြီး ၂၀၂၀ ခုနှစ် ဩဂုတ်လမှာ ပြုလုပ်တဲ့ (၂၁) ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံသို့ မဖိတ်ကြားခဲ့တာကြောင့် ရက္ခိုင့်တပ်တော် (အေအေ) ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်တစ်ဖွဲ့လုံးဟာ ပင်လုံညီလာခံကို မတက်ရောက်ခဲ့ကြပါဘူး။ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက လက်နက်ကိုင်အဖွဲ့အစည်း အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ဖို့ တောင်းဆိုကြပေမယ့် ယနေ့အချိန်ထိတော့ အစိုးရနဲ့ မြန်မာတပ်မတော်ဘက်က ဖိတ်ကြားဆွေးနွေးတာမျိုးမရှိဘဲ (AA)ကို အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် ကြေညာကာ ရခိုင်ပြည်မြောက်ပိုင်းကို အင်တာနက် တစ်နှစ်ကျော်ကြာ ဖြတ်တောက်ထားခဲ့ပြီး ၂၀၂၀ ဇူလိုင်လမှာ ပြန်လည်ဖွင့်ပေးခဲ့သော်လည်း အင်တာနက်သုံးစွဲလို့ ခုထိမရသေးပါဘူး။

ကမ္ဘာ့နိုင်ငံအများစုက စိတ်ဝင်စားဖိအားပေးနေတဲ့ (၂၀၁၇) က မွတ်ဆလင် ခုနစ်သိန်းကျော် ရခိုင်ပြည်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားရတဲ့ ကိစ္စကလည်း အစိုးရအနေနဲ့ ဖြေရှင်းဖို့ အလွန်ခက်ခဲစေတာကို တွေ့ရပြီး အစိုးရကို အကျပ်ရိုက်စေတဲ့ ပြဿနာဖြစ်ပါတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝအာမခံတဲ့ ဖယ်ဒရယ်နိုင်ငံ တည်ဆောက်ရေးနဲ့ တိုင်းရင်းသား တန်းတူအခွင့်အရေးပြဿနာ၊ နိုင်ငံသားမဟုတ်တဲ့ မွတ်ဆလင် ပြဿနာများအပြင် ၂၀၂၀ ခုနှစ် ဩဂုတ်လမှာ ကိုရိုနာလို့ခေါ်တဲ့ (COVID-19) က ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဝင်ရောက်လာပြီး နှစ်ပတ်အတွင်း လူနှစ်ရာကျော် ကူးစက်ခံထားရတာပါ။ ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံအတွင်း အဆင်းရဲဆုံးပြည်နယ်ဖြစ်ပြီး လက်ရှိမှာ ကိုရိုနာရောဂါရဲ့ အခြေအနေကလည်း နေရပ်စွန့်ခွာသူများ စားဝတ်နေရေးကို ထိခိုက်လာမှာ သေချာပါတယ်။

နိဂုံး

ရခိုင်ပြည်နယ်အတွင်း အကြီးစား ရင်းနှီးမြှုပ်နှံမှုတွေ အများအပြားရှိနေပေမယ့် ရခိုင်လူထုရဲ့ ဘဝကတော့ ထူးခြားပြောင်းလဲလာတာမျိုး မရှိသေးပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အကျပ်အတည်းဖြစ်တဲ့ ပြည်နယ်များ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အခွန်ကောက်ခံပိုင်ခွင့်၊ သယံဇာတအပါအဝင် စီမံကိန်းကြီးများမှာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် အကျိူးခံစားပိုင်ခွင့် လုံးဝမရှိပါဘူး။ ရခိုင်ပြည် စီမံကိန်းများက တစ်နှစ်ကို အသားတင်အမြတ်ငွေ အမေရိကန်ဒေါ်လာ ဘီလီယံချီ နိုင်ငံတော်ကို ရှာပေးနေသော်လည်း ရခိုင်ပြည်နည်အတွင်း မြေသားလမ်းတောင် ကောင်းကောင်း မရှိတဲ့နေရာတွေ၊ စာသင်ကျောင်းမရှိတဲ့နေရာတွေ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့ ဆေးရုံဆေးခန်းကအစ လုံလောက်မှုရှိတာ မတွေ့ရသေးပါဘူး။

ရခိုင်ပြည်နယ်အတွင်း အရေးတကြီးလုပ်ဆောင်ဖို့ လိုအပ်နေတဲ့ တိုက်ပွဲများကိုရပ်တန့်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာရေးနဲ့ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများနဲ့ တိုင်းရင်းသားများလိုလားနေတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံတဲ့ ဖယ်ဒရယ်နိုင်ငံ တည်ဆောက်နိုင်ရေးလမ်းကြောင်းဟာ ယနေ့အချိန်ထိ ဝေဝါးနေဆဲဖြစ်ပါတယ်။ တိုင်းရင်းသားများ လိုလားတဲ့ နိုင်ငံရေးဆန္ဒနဲ့ ဗဟိုအစိုးရချုပ်ကိုင်ထားလိုတဲ့ နိုင်ငံရေးစနစ် တစ်ထပ်တည်း မကျသေးသရွေ့ မြန်မာနိုင်ငံဟာ စစ်မီးတောက်နေတော့မှာလား ဆိုတာ တွေးရင်းတောင် ကြက်သီးထစရာပါ။

ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းစစ်ကို တွေ့ဆုံဆွေးနွေးဖို့ မကြိုးစားကြဘဲ ဒီနှစ် ကိုဗစ်ကာလအတွင်းမှာ အိန္ဒိစီမံကိန်းကို လည်ပတ်ဖို့ ကြေညာလိုက်တာဟာ အိန္ဒိယအနေနဲ့လည်း ကိုယ့်နိုင်ငံဖွံ့ဖြိုးရေး မဟာဗျူဟာအတိုင်းသာ ဆက်သွားနေတယ်ဆိုတာ မြင်သာတဲ့ အနေအထားဖြစ်ပါတယ်။ မြန်မာအစိုးရအနေဖြင့်လည်း နိုင်ငံအကျပ်အတည်းကို ဖြေရှင်းပြီး ဖွံ့ဖြိုးရေးကိုချီတက်ဖို့ထက် တည်ငြိမ်မှု မရှိတဲ့ မူဝါဒတွေနဲ့ ရှုပ်ထွေးတဲ့ မြန်မာ့နိုင်ငံရေးကို စစ်ရေးနဲ့သာ ဖြေရှင်းနေပါက မြန်မာနိုင်ငံရဲ့ အနာဂတ်ကျန်းမာရေးဟာ ဘယ်အထိခိုင်မာနေမလဲဆိုတာ စဉ်းစားစရာဖြစ်လာနေပြီလို့ သုံးသပ်မိပါတယ်။

ဆက်စပ်ဖတ်ရှုရန် -

ဗီဒီယိုများ