စစ်သူကြီးမဟုတ်သော ဘုရင်မင်းထီးက အဘယ်ကြောင့် စစ်ပွဲတိုင်း အောင်မြင်ခဲ့သနည်း

မင်းထီးသည် အသက်ကိုးနှစ်အရွယ်တွင် ဘုရင်ဖြစ်လာသည်။ ရှေးက တိုင်းပြည်ဆိုးဝါးရခြင်းကို လေ့လာဆန်းစစ်သည်။ တရားဥပဒေ မစိုးမိုးသောကြောင့် ဖြစ်သည်ကို တွေ့ရှိသွားသည်။ မင်းကိုယ်တိုင်ကပင်လျှင် ဥပဒေကို လိုက်နာခြင်း မရှိသောကြောင့်ဖြစ်သည်။ မင်းထီး နန်းတက်သောအခါ အုပ်ချုပ်ရေး အမိန့်အာဏာ (၅) ရပ်ကို ထုတ်ပြန်သည်။ တရားစီရင်ရေး၌ မျက်နှာကြီးငယ်မထောက် စီရင်ဆုံးဖြတ်၍ ဥပဒေ ပြဌာန်းသည်။ ပြည်သူတို့ထံမှ အခွန်ငွေကိုလည်း တရားမျှတစွာ ကောက်ခံသည်။ တနေ့တခြား တိုင်းပြည်နိုင်ငံ ဖွံ့ဖြိုးသာယာလာခဲ့သည်။

28 Jun 2019

မင်းပြားမင်းသိန်းဇံ | DMG

ဘုရင်မင်းထီးသည် ရခိုင်သမိုင်းတွင်သာမက မြန်မာသမိုင်း၌ ထင်ရှားသော မင်းတစ်ပါးဖြစ်သည်။ မင်းထီး၏ အုပ်ချုပ်ရေးစနစ်သည် ကောင်းမွန်သဖြင့် စံပြုလောက်ပေသည်။ အုပ်ချုပ်သူဘုရင်က ပြဌာန်းပေးထားသော ဥပဒေကို ဘုရင်ကိုယ်တိုင် လိုက်နာသည်။ ဥပဒေကို ဖောက်ဖျက်သော မှူးမတ်စစ်သူကြီးများနှင့် ပြည်သူများကို ထိရောက်စွာ ပြစ်ဒဏ်ပေးသည်။ မင်းထီးဘုရင်၏ အုပ်ချုပ်ရေး ကောင်းမွန်မှုကြောင့် တိုင်းပြည်နိုင်ငံမှာ သာယာဖွံ့ဖြိုးခဲ့သည်။

ဘုရင်မင်းထီး ထီးနန်းမစံမီ ခမည်းတော်နှင့် ဘိုးတော်တို့လက်ထက်က တိုင်းပြည်နိုင်ငံ ဆိုးရွားခဲ့သည်။ မိဘများအုပ်ချုပ်မှု မမှန်သောကြောင့် ပြည်သူများ ဆင်းရဲကြရသည်သာမက လူဆိုး၊ သူခိုးများ ထကြွခဲ့ကြသည်။

မင်းထီးသည် အသက်ကိုးနှစ်အရွယ်တွင် ဘုရင်ဖြစ်လာသည်။ ရှေးက တိုင်းပြည်ဆိုးဝါးရခြင်းကို လေ့လာဆန်းစစ်သည်။ တရားဥပဒေ မစိုးမိုးသောကြောင့် ဖြစ်သည်ကို တွေ့ရှိသွားသည်။ မင်းကိုယ်တိုင်ကပင်လျှင် ဥပဒေကို လိုက်နာခြင်း မရှိသောကြောင့်ဖြစ်သည်။ မင်းထီး နန်းတက်သောအခါ အုပ်ချုပ်ရေး အမိန့်အာဏာ (၅) ရပ်ကို ထုတ်ပြန်သည်။ တရားစီရင်ရေး၌ မျက်နှာကြီးငယ်မထောက် စီရင်ဆုံးဖြတ်၍ ဥပဒေ ပြဌာန်းသည်။ ပြည်သူတို့ထံမှ အခွန်ငွေကိုလည်း တရားမျှတစွာ ကောက်ခံသည်။ တနေ့တခြား တိုင်းပြည်နိုင်ငံ ဖွံ့ဖြိုးသာယာလာခဲ့သည်။

အထူးသဖြင့် ဘုရင်မင်းထီး နန်းစံချိန်ကာလ ပြည်ပမှ ဝင်ရောက်ကျူးကျော်လာသော စစ်ဘေးနှင့် ကြုံတွေ့ရသည့် သျှမ်းတို့သည်လည်းကောင်း၊ မြန်မာ(ဗမာ)တို့သည်လည်းကောင်း၊ မွန်တို့သည်လည်းကော င်း၊ သက်တို့သည်လည်းကောင်း၊ အဖရက္ခိုင်ပြည်ကို မတရားကျူးကျော် စစ်မက်ပြုလာကြသည်။

မင်းထီးသည် သကျသာကီဝင် မင်းအမျိုးမှ ဆင်းသက်လာသူဖြစ်သည်။ အသက် (၉) နှစ်အရွယ်တွင် ထီးနန်းစံခဲ့သည်။ စစ်ပညာကို ဆည်းပူးလေ့လာခဲ့ရသူ မဟုတ်ပေ။ အဘယ်ကြောင့် စစ်ပွဲများကို အောင်မြင်ခဲ့ရပါသနည်း။ တွေးတောစရာ၊ လေ့လာစရာများက ရခိုင်သမိုင်းထဲ၌ ကျန်ရှိနေသည်။

ခရစ် (၁၂၉၈) ခုတွင် အရှေ့မြောက်အရပ်ဒေသ မိုးညှင်း၊ ကလေးမှ သျှမ်းစစ်သည်တို့ စစ်ချီလာပြီး အဉ္ဇနနဒီ လေးမြို့ချောင်းကို ဖျက်ဆီးလာကြသည်။ ခရစ် (၁၃၁၃) တွင် မြန်မာတို့သည် အမ်း၊ ဒလက် တို့ကို ကျူးကျော်ဝင်ရောက် ဖျက်ဆီးလာကြသည်။ ထိုသို့သော ရန်သူအပေါင်းတို့ကို မင်းထီးဘုရင် တိုက်ဖျက်ရန် အထူးလိုအပ်လာသည်။ ဘုရင်မင်းထီးသည် စစ်သူကြီးတစ်ဦး မဟုတ်သော်လည်း အုပ်ချုပ်ရေး၌ ကျွမ်းကျင်လိမ္မာသည်။ မင်းထီးဘုရင်၌ စစ်သူကြီးဥစ္စာနာကြီး ၊ စစ်သူကြီးအလကာၤသူ၊ စစ်သူကြီး ရာဇာသင်္ကြံ၊ စစ်သူကြီး ဓမ္မဇေယျ၊ ကိုယ်ရံကြီး ပြသတတို့ ရှိကြသည်။ ဘုရင်မင်းထီး စစ်အုပ်ချုပ်မှု၊ လမ်းညွှန်မှုအောက်၌ စစ်သူကြီးများက သူရဲကောင်းပီသစွာ ရပ်တည်ကြသည်။ ကျူးကျော်လာသော သျှမ်းစစ်ကို ဦးစွာနိုင်ခဲ့သည်။ မြန်မာပြည်သို့ စစ်တိုက်သွားပြီး စစ်တိုက်၍အောင်မြင်ခဲ့ရာ လက်ဆောင်ပဏ္ဏာတော်များ ရရှိခဲ့သည်။ စစ်သူကြီး ဥစ္စာနာကြီးက ဘုရင်မင်းထံဆက်သရာ ဘုရင်မင်းမြတ်က စစ်သူကြီးနှင့်တကွ ရဲမက်တို့အား ဆုလာဘ်များစွာ ချီးမြင့်ပေးအပ်ခဲ့သည်။

မွန်ကိုစစ်တိုက်စဉ်က ဗိုလ်ချုပ်ကြီးအလင်္ကာသူ ဦးဆောင်လျှက် စစ်တိုက်ရာ (၇)ရက်အတွင်း စစ်နိုင်ခဲ့သည်။ မွန်မင်းက များစွာသော ရွှေ၊ ငွေ၊ ဆင်၊ မြင်း အပြင် သမီးတော် စောဘုန်းခေါင်နှင့်တကွ ပိဋိကတ်ကျမ်းဂန်ကို ဆက်သခဲ့သည်။ မင်းထီးလည်း စစ်ဗိုလ်ချုပ်နှင့်တကွ ရဲမက်များစွာကို ဆုလာဘ်များစွာ ချီးမြင့်လေသည်။

ထိုနည်းတူစွာ ရခိုင်ပြည်အနောက်ဘက် မောက်သူဇာ၊ ဘင်္ဂါ(၁၂) မြို့နေ ကုလားနှင့်သက်တို့ ပူးပေါင်းပြီး ဒီလီပဆာမင်းထံ ဝင်လျှက် သောင်းကျန်းကြရာ ဘုရင်မင်းထီးက ထူးချွန်သော စစ်သူကြီး ဓမ္မဇေယျနှင့် ကိုယ်ရံကြီးပြသတ တ့ိုနှစ်ဦးကို ရဲမက်တစ်သိန်းငါးသောင်းဖြင့် စစ်ချီစေသည်။ စစ်တကောင်းမြို့ကို ဒါးမကျိုးလှံမနာဘဲ လွယ်ကူစွာရရှိခဲ့သည်။ ကုလားတပ် ကြည်း၊ရေပျက်၍ စစ်တကောင်းမြို့ကိုရလျှင် သက်မင်းလည်း အလွန်ကြောက်လန့်၍ လက်ဆောင်နှင့်တကွ  ဝင်ခံသည်။

ခရစ် (၁၃၃၃) တွင် အရှေ့သက်တို့သည် ရခိုင်ပြည်သို့ ဝင်ရောက်လာပြီး တောင်စဉ်ခုနှစ်ခရိုင်ကို ဖျက်ဆီးကြသည်။ ထိုစစ်ပွဲ၌ ဘုရင်မင်းထီးသည် အမတ်ကိုယ်ရံကြီး ရာဇာသူ၊ ရာဇာသင်္ကြံတို့ကို ရဲမက်(၁)သိန်း ကိုယ်ရံ (၂) သောင်းဖြင့် စစ်ချီစေသည်။ ဤစစ်ပွဲ၌ မင်းတုန်းလမ်းက တောင်ခွင်စားရဲကျော် ဦးဆောင်လျှက် ရဲမက်တစ်သောင်း၊ တောင်ကုတ်စားရန်မသူက သူရဲတစ်သောင်း၊ ပန်းတောင်စား သတိုးဆောင်က သူရဲတစ်သောင်း၊ ဒါးလက်စားကျော်ပုံက သူရဲတစ်သောင်း စသည့် စစ်သူကြီးများဖြင့် စစ်ချီတိုက်ခိုက်ရာ မစ္ဆာဂီဂို သရက်မြို့ကို ဒါးမကျိုးလှံမနာ အောင်ပွဲခံခဲ့သည်။

ဤစစ်ပွဲမှ ဆင်ပေါက် (၅၀)၊ ဆင်ပြောင် (၂၀)၊ ရွှေ၊ ငွေ၊ အထည်အလိပ်များစွာ ရရှိခဲ့သည်။ သက်အိမ်ထောင်စုံ တစ်သောင်းကို သိမ်းယူလာခဲ့ပြီး ၎င်းတို့ကို အမ်းချောင်း၊ ရူးချောင်း၌ နေရာချပေးပြီး (ဒိုင်းနက် ငွေခွန်အစို) ဖွဲ့တော်မူသည်။

ရခိုင်ဘုရင်မင်းထီး နန်းစံစဉ်တစ်လျှေက်၌ အရှေ့အနောက်ရန်သူများက ဝိုင်းရံနေခဲ့ကြသည်။ ထိုသို့သော ရန်သူများကို စစ်မတိုက်၍လည်းမရပေ။ ထိုစဉ်က စစ်မတိုက်၊ မနိုင်ခဲ့ပါက ရခိုင်ပြည် အချုပ်အခြာအာဏာသည် ကျဆုံးခဲ့ရမည် ဖြစ်ပေသည်။ ထိုစစ်ပွဲများကို ခုခံချေဖျက် တိုက်ပွဲဝင်ခဲ့သဖြင့် လေးမြို့ခေတ်က ဘုရင်မင်းထီး၏ ရခိုင်နိုင်ငံတော်သည် ဆက်လက်၍ ရှိနေခဲ့ခြင်း ဖြစ်ပေသည်။

ရခိုင်ဘုရင်မင်းထီးသည် ပတ်ပတ်လည် ဝိုင်းရံလျှက်ရှိနေသော ရန်သူများကို ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သော်လည်း  ထိုမင်းကိုယ်တိုင်က စစ်သူကြီးတစ်ဦး မဟုတ်မှာ သေချာသည်။ ဘုရင်မင်းထီးသည် စစ်ပွဲတိုင်း၌ အောင်မြင်စေရန် စစ်သူကြီးအသီးသီးကို တာဝန်ပေးအပ်ပြီးနောက် မဟာမုနိရုပ်ရှင်တော်သို့ ကြွတော်မူသည်။ လက်စွဲတော် စိတ်ပုတီးကို ကိုင်စွဲလျှက် ဤသို့ အဓိဌာန်ပြုတော်မူသည်။

“ မြတ်စွာဘုရား ရုပ်တုတော်အရှင်မြတ်ကိုစောင့်သော နတ်အပေါင်းတို့သည်လည်းကောင်း၊ သာသာနာငါးတောင်ကိုစောင့်သော  နတ်အပေါင်းတို့သည်လည်းကောင်း သိတော်မူသည် ဖြစ်စေရာသည်။ ငါသော်တမူကား….ဤဘဝပတ်လုံး ခန္ဓာတည်သရွေ့၌ ဒါန၊ သီလနှင့် မွေ့လျှော်တော်မူလျှက် နေ့ရက်ကို ကုန်စေအံ့ဟ ုမှတ်သည်။ ယခုရန်သူတို့သည် ငါ၏တိုင်းကားနိုင်ငံကို ပျက်စီးအောင် ပြုလာသည် ဖြစ်သောကြောင့် ဘုန်းလက်ရုံးတန်ဖိုးကို ပြပြီးမှသာလျှင်…တိုင်းနိုင်ငံအားလုံး လုံခြုံပါစေသည်။”  

ဘုရင်မင်းထီသည် သူတော်ကောင်း မင်းတစ်ပါးဖြစ်သည်။ ၅ ပါးသောသီလ၊ ၁၀ ပါးသောသီလနှင့်လည်း ပြည့်စုံသည်။ မင်းကျင့်တရားဆယ်ပါး သင်္ဂဟတရားလေးပါးကို ကျင့်ကြံလိုက်နာသည်။ ဗြမ္မာစိုရ်တရားလေးပါးကိုလည်း နှလုံးသွင်းသည်။ ဘုရင်မင်းထီးသည် တရားစောင့်သော မင်းတစ်ပါးအဖြစ် အသိမှတ်ခံရသည်။

ဘုရင်မင်းထီးမှာ စစ်သူကြီးတစ်ဦး မဟုတ်ပါ။ အဘယ်ကြောင့် စစ်ပွဲတိုင်းမှာ အောင်မြင်ရသနည်း။ သမိုင်းအဖြေကို ဆန်းစစ်ရှာဖွေကြည့်သောအခါ၌……..

၁။ ဘုရင်မင်းထီးသည် ဒါန၊ သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော မင်းတစ်ပါးဖြစ်ခြင်း။

၂။ ညဏ်ပညာကြွယ်ဝ၍ လုံ့လဝီရီယရှိခြင်း။

၃။ မင်းထီးဘုရင် စစ်အုပ်ချုပ်ရေး မှန်ကန်မှုကြောင့် မှူးမတ်နှင့် ပြည်သူအားလုံး ညီညွတ်ကြခြင်း။

၄။ ဘုရင်မင်းထီးက စစ်သူကြီးများကို လိမ္မာပါးနပ်၍ အကွက်ကျကျ စီမံအုပ်ချုပ်နိုင်ခြင်း။

၅။ စစ်သူကြီးများကလည်း တရားစောင့်သော မင်းထီးအား လေးစားခြင်း၊ အမိန့်ကိုနာခံခြင်း။

စသည့်အချက်များ၌ တည်မှီလျှက်ရှိနေကြောင်းကို သမိုင်းအမြင်တစ်ရပ်အဖြစ် ထုတ်ဖော်တင်ပြအပ်ပေ သည်။

(ယခု ဖော်ပြပါ ဆောင်းပါးကို ၂၀၁၉ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ထုတ် Development News Journal အမှတ် ၁၁၀ တွင်လည်း ဖော်ပြပါရှိခဲ့ပြီးဖြစ်သည်။)

ဗီဒီယိုများ