“အပြစ်မရှိ ပြန်လွတ်လာမည်ဆိုသော်လည်း”

ဇွန်လ ၂၁ ရက်နေ့တွင် ကျောက်တော်မြို့တစ်ခုလုံးသည် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ ရုတ်ရုတ်သဲသဲဖြစ်နေသည်။ ရဲတပ်ဖွဲ့ဝင်သုံးဦး ဖမ်းဆီးခံရခြင်းအပေါ် ဒေါသထွက်နေသော မြန်မာစစ်တပ်သည် လမ်းသွား၊လမ်းလာဟူသမျှကို တင်းကျပ်စွာစစ်ဆေးမှုများပြုလုပ်နေသည်။ အချို့ကို ဖမ်းဆီးခေါ်ဆောင်သွားသည်။

02 Jul 2022

DMG ၊ ဇူလိုင် ၂

(ဆောင်းပါး)

ဇွန်လ ၂၁ ရက်နေ့တွင် ကျောက်တော်မြို့တစ်ခုလုံးသည် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ ရုတ်ရုတ်သဲသဲဖြစ်နေသည်။ ရဲတပ်ဖွဲ့ဝင်သုံးဦး ဖမ်းဆီးခံရခြင်းအပေါ် ဒေါသထွက်နေသော မြန်မာစစ်တပ်သည် လမ်းသွား၊လမ်းလာဟူသမျှကို တင်းကျပ်စွာစစ်ဆေးမှုများပြုလုပ်နေသည်။ အချို့ကို ဖမ်းဆီးခေါ်ဆောင်သွားသည်။

ထိုသို့ဖမ်းဆီးခံရသူများထဲတွင် ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်တွင်နေထိုင်သော ကိုဇော်ဝင်း(ခ)လူထုဇော်ဝင်းလည်း ပါဝင်၏။ နံနက် ၁၀ နာရီတွင် သားသမီးသုံးဦး၊ ဇနီးဖြစ်သူတို့နှင့်အတူ မိသားစုစုံလင်စွာဖြင့် ထမင်းစားနေခိုက် အင်အား ၄၀ ခန့်ပါဝင်သော မြန်မာစစ်တပ်က နေအိမ်အထိဝင်ရောက်စီးနင်းဖမ်းဆီးသွားသည်။

“စစ်သားတွေက အိမ်ရှေ့ရောက်တော့ ဦးဇော်ဝင်းအိမ်လားတဲ့။ထမင်းစားနေတာမှာ ဖမ်းသွားတာပါ။ စစ်ဆေးမေးမြန်းဖို့ဆိုပြီး လက်ထိပ်ခတ်ပြီးခေါ်တာပါ”ဟု ဇနီးဖြစ်သူ ဒေါ်ခင်လှဇံက အသံတုန်ရီစွာဖြင့်ပြောပြသည်။

ဇွန်လ ၂၀ ရက်နေ့၊ ညနေ ၆ နာရီခန့်တွင် ကျောက်တော်မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးတို့ကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားသည်။ မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များသည် ၎င်းတို့ရဲဘော်များကို ရှာဖွေကြသော်လည်း မတွေ့ရှိသောအခါ ညနေပိုင်းအထိ မြို့အနှံ့စစ်ဆေးကြသည်။ သို့သော် ရှာမတွေ့ခဲ့။

ထို့ကြောင့် နံနက်မိုးလင်းသောအခါတွင်လည်း ဆက်တိုက်စစ်ဆေးမှုများရှိခဲ့ကာ အသက် ၄၀ အရွယ် လူမှုရေး၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်း(ခ)လူထုဇော်ဝင်းအပါအဝင် ဒေသခံ ၈ ဦးဖမ်းဆီးခံရ၏။ ယင်းအနက် အမျိုးသမီးလေးဦး လွတ်မြောက်လာခဲ့သော်လည်း ကိုဇော်ဝင်းအပါအဝင် အမျိုးသားလေးဦးမှာ ဖမ်းဆီးခံနေရဆဲဖြစ်သည်။

ကိုဇော်ဝင်းအား ရှာပုံတော်ဖွင့်ခြင်း

မြန်မာစစ်တပ်သည် ကိုဇော်ဝင်းကို ဖမ်းဆီးသွားသော်လည်း မည်သည့်အတွက်ကြောင့်ဖမ်းဆီးသည်ကို မိသားစုဝင်များကိုလည်း မပြောပြခဲ့ပေ။ ဖမ်းဆီးခံထားရမှု (၂၄)နာရီကျော်သောအခါ ဇနီးဖြစ်သူ ဒေါ်ခင်လှဇံမှာ အလွန်စိုးရိမ်လာသည်။ ထို့ကြောင့် မြို့မရဲစခန်းသို့ သွားရောက်စုံစမ်းခဲ့သော်လည်း ရဲအရာရှိများက စစ်တပ်နှင့်သက်ဆိုင်သဖြင့် မဖြေဆိုနိုင်ကြောင်းပြောဆိုကာ ပြန်လွှတ်လိုက်သည်။

“ဟိုရောက်တော့ ရဲစခန်းတာဝန်ရှိသူတွေက သူတို့ဆီမှာ ထိန်းသိမ်းထားတာမဟုတ်ဘူး။ ဒီကိစ္စကို စစ်တပ်ကတိုက်ရိုက်ကိုင်တွယ်နေတာဖြစ်တဲ့အတွက် သူတို့လည်း ဘာမှကူညီမပေးနိုင်ဘူးဆိုပြီးပြောလိုက်တယ်။ ဒါကြောင့် တံတားနားက စစ်ဆေးရေးဂိတ်ကိုသွားကြည့်ဖို့ အကြံပေးလိုက်လို့ လိုက်သွားတော့လည်းမရှိဘူးလို့ပြောတယ်”ဟု ‌ဒေါ်ခင်လှစံကပြောသည်။

ဖမ်းဆီးခံရသူများသည် စစ်ကြောရေးစခန်းတို့တွင် ရိုက်နှက်စစ်ဆေးခံရတတ်လေ့ရှိသည်ဟု ကြားဖူးနားဝရှိသော ဇနီးဖြစ်သူမှာလည်း ကိုဇော်ဝင်းအတွက် စိုးရိမ်ပူပန်လာသည်။ တစ်စုံတစ်ခုဖြစ်သွားမည်ကို စိတ်ပူလာသည်။ စစ်တပ်စခန်းသို့ စုံစမ်းရန်သွားရောက်ခဲ့သော်လည်း တစ်စုံတစ်ရာ အဖြေမရဖြစ်ခဲ့သောအခါ ပို၍ စိတ်တုန်လှုပ် ခြောက်ခြားလာသည်။ ယင်းနောက် ဆောက်တည်ရာမရသောဖြစ်နေသော ဇနီးသည်အဖို့ ယောက်ျားဖြစ်သူကို တွေ့လိုရန်အတွက် အမျိုးမျိုးကြံဖန်ရသည်။

“ဆိုတော့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာထိုင်နေတဲ့ ဗိုလ်မှူးတစ်ယောက်ကိုမေးကြည့်တယ်။ သူကတော့ လုံခြုံရေးတွေကတော့ ဖမ်းတာ၊ ကျနော်လည်းမသိဘူး။ ဒါပေမယ့် ဖမ်းသွားတဲ့သူတွေကို မေးကြည့်ပေးမယ်ဆိုပြီး မေးပေးပါတယ်။ အဲဒီတော့ ကိုဇော်ဝင်းကို ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားတယ်လို့ပြောပါတယ်”ဟု ဇနီးဖြစ်သူကဆိုသည်။

ယောက်ျားဖြစ်သူမှာ ကောင်းကောင်းမွန်မွန်ထိန်းသိမ်းခံထားရသည်ဟု ပြောဆိုသော်လည်း မြန်မာစစ်တပ်၏ဖမ်းဆီးခံရသူများမှာ မည်သို့မျှ သက်သာလိမ့်မည်ဟုမယုံကြည်ထားသော ဇနီးဖြစ်သူသည် သူနှင့်အမြန်ဆုံးတွေ့လိုပြီး အခြေအနေအရပ်ရပ်ကိုသိလို၏။ သူသိလိုသော အကြောင်းပြချက်တစ်ခုမှာလည်း ကိုဇော်ဝင်း၏ ကျန်းမာရေးကိစ္စများနှင့်သက်ဆိုင်နေသည်။

ကျန်းမာရေးအတွက် စိုးရိမ်ရသည်

ကိုဇော်ဝင်းသည် ပျော်ပျော်ရွှင်ရွှင် သွက်သွက်လပ်လပ်နေတတ်သူဖြစ်သောကြောင့် ကျန်းမာရေးကောင်းမွန်သော လူတစ်ဦးဟုထင်ရသော်လည်း ယင်းသို့မဟုတ်ပေ။ သူသည် လွန်ခဲ့သည့်နှစ်ပိုင်းကပင် အဆုပ်ထဲရေဝင်သည့်ဝေဒနာ ခံစားရသောကြောင့် အစာငတ်ခံ၍မရပေ။

“ထမင်းကျက်ရင် ချက်ချင်းရေစိမ်ပြီး စားရတယ်။ အစာကိုအငတ်ခံလို့မရဘူး။ တုန်နေတယ်။ ရှိတဲ့အစားအသောက်ကိုတစ်ခုကို စားရတယ်”ဟု ဇနီးဖြစ်သူက စိုးရိမ်စွာဖြင့်ပြောပြသည်။

မည်သည့်နေရာတွင် ထိန်းသိမ်းထားမှန်းမသိသော လင်ယောက်ျားဖြစ်သူသည် ကျန်းမားရေးချို့ယွင်းမည်ကို ဇနီးဖြစ်သူက အလွန်စိုးရိမ်နေသည်။ ကိုဇော်ဝင်းသည် ပုံမှန်အနေအထားတွင်ပင် အအေးဓာတ်ကို မခံထားနိုင်သူတစ်ဦးဖြစ်ပြီး ယခုကဲ့သို့ လူမသိ၊သူမသိ ဖမ်းဆီးခံရစဉ် သမံတလင်းတွင် အခင်းမပါဘဲထားမည်ကိုလည်း စိုးရိမ်လှသည်ဟု ဆိုသည်။

“သူ့မှာ အသက်လည်းကြီးလာတော့ ရောဂါပေါင်းစုံ။ ဇက်ကြောလည်းတက်တတ်တယ်။ အခုလည်း သမံတလင်းမှာအိပ်နေရမလား၊ ဘယ်လိုရှိမလဲ။ ရိုက်နှက်ခံရမှာလည်း ကြောက်ရပါတယ်။ အရင်ကြားရတာတွေက ရိုက်နှက်ခံရတယ်လို့ကြားတော့ အခုလည်း ကျွန်မလင်ကို အဲလိုလုပ်မလားလို့ ကြောင့်ကြနေရတယ်”ဟု ဇနီးဖြစ်သူက ဝမ်းနည်းစွာပြောသည်။

အများအကျိုးဆောင်ရွက်သူ

ကိုဇော်ဝင်းသည် စိတ်နေသဘောထားကောင်းမွန်သူတစ်ဦးဖြစ်သည့်အပြင် အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ဆောင်ရွက်တတ်သူသည်ဟု သူနှင့်ရင်းနှီးသူများက တညီတညွတ်တည်း ဖွင့်ပြောကြသည်။ စစ်ဘေးရှောင်အရေးတို့တွင်လည်း တက်တက်ကြွကြွ ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည်။

၎င်းသည် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်ကဖြစ်ပွားခဲ့သော မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူများကိုလည်း အသက်ကိုမငဲ့ကွက်ဘဲ အရဲစွန့်ကာ သွားရောက်ကူညီပေးခဲ့သူဖြစ်သည်။ AA နှင့် မြန်မာစစ်တပ်တို့  ရှေးဦးတိုက်ပွဲကာလ သြရမ၊ ရမ်းချောင်းတိုက်ပွဲများကြောင့် စစ်ဘေးရှောင်များကိုလည်း ကိုယ်တိုင်သွားရောက် ကူညီခဲ့ဖူးသူဖြစ်သည်။

“ဘယ်သူတစ်ဦးတစ်ယောက်မှမသွားရဲတဲ့ နေရာတွေကိုသွားပြီး ပြည်သူလူထုတွေကို လူ့အခွင့်အရေးချိုးဖောက်တာတွေကို နိုင်ငံတကာသိအောင်လည်း ကူညီဆောင်ရွက်ပေးခဲ့ပါတယ်”ဟု ကျောက်တော်မြို့ဒေသခံ လူမှုရေး၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုကျော်လှမြင့်ကပြောသည်။

ထို့ပြင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလနောက်ဆုံးပတ်တွင် စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အစိုးရက လုံခြုံရေးကဏ္ဍများကိုအကြောင်းပြကာ အင်တာနက်ဖြတ်တောက်ခဲ့သည်။ ထိုစဉ်ကာလအတွင်းတွင် မိမိဒေသတွင်းဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် ပြည်သူများ သေနတ်ဖြင့်ပစ်ခတ်ခံရမှု၊ ကျည်ထိခံရမှုများကို နည်းလမ်းမျိုးစုံဖြင့် အင်တာနက်ပေါ်တင်ပြခဲ့သော လူတစ်ဦးလည်းဖြစ်သည်။

“သူက ရခိုင်အမျိုးသားရေးအပေါ်မှာ အမှန်တကယ်ကြိုးစားပြီး ရိုးသားတဲ့သူတစ်ဦးလို့မြင်တယ်။ သူက ပြည်သူလူထုတွေ ညှင်းပန်းနှိပ်စက်ခံနေရရင်လည်း ရသင့်ရထိုက်တဲ့အခွင့်အရေးကို တောင်းဆိုတဲ့ သူတစ်ဦးလည်းဖြစ်တယ်။ သူ့လိုလူတစ်ယောက် အဖမ်းခံရတော့ နှမြောမိပါတယ်”ဟု ကိုကျော်လှမြင့်ကဖွင့်ဟသည်။

နှစ်ဖက်ကြားက မြေစာပင်များ

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် လွန်ခဲ့သည့် ၂၀၁၈ ခု၊ ဒီဇင်ဘာလနောက်ဆုံးပတ်မှစတင်ကာ ၂၀၂၀ ခု၊ နိုဝင်ဘာလ ပထမပတ်အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။ ယင်းနောက်တွင် နားလည်မှုသဘောဖြင့် အပစ်အခတ်ရပ်စဲလိုက်ကြသည်။ မြန်မာစစ်တပ်သည်လည်း ၂၀၂၁ ခု၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီး အာဏာသိမ်းမှုအပေါ်ဆန့်ကျင်နေကြသော ပြည်သူအများအပြားကို နှိမ်နင်းမှုဖြင့် အလုပ်ရှုပ်နေသည်။

အလားတူ ရခိုင်ပြည် ပြန်လည်လွတ်မြောက်ရန်ကြိုးပမ်းနေသော ရက္ခိုင့်တပ်တော်သည်လည်း ပြည်နယ်တွင်း သြဇာလွှမ်းမိုးမှုရှိအောင်ကြိုးပမ်းကာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများ အသက်ဝင်အောင် ကြိုးစားလုပ်ဆောင်လျက်ရှိသည်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုသည့် နိုင်ငံတော်၏ အခြေခံမူများကိုစွဲကိုင်ထားသော မြန်မာစစ်တပ်သည် ရက္ခိုင့်တပ်တော်၏ အချုပ်အခြာအာဏာအပေါ် ထိခိုက်စေမည့် ထိုသို့လုပ်ရပ်အပေါ် မကြိုက်နှစ်သက်ပေ။ တိုက်ပွဲရပ်စဲပြီးနောက်တွင် AA ၏လုပ်ရပ်များအပေါ် အလွန်သည်းခံခဲ့ရသည်ဟု စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲများတွင် ပြောခဲ့ဖူးသည်။

ထို့အတူ မြန်မာစစ်တပ်သည် ရခိုင်ဒေသအတွင်း စစ်အင်အားများကို နေရာအနှံ့ထပ်မံတိုးချဲ့နေခြင်း၊ မိမိတို့၏ တရားစီရင်ရေး၊ အခွန်ကောက်ခံရေး၊ အုပ်ချုပ်ရေးများတွင် အနှောင့်အယှက်ပေးခြင်း၊ အဆိုပါကဏ္ဍများတွင် တာဝန်ထမ်းဆောင်နေသော မိမိတို့၏တရားရေးဝန်ထမ်းများကို ဖမ်းဆီးရန်ကြိုးစားခြင်း၊ ခြိမ်းခြောက်ခြင်း၊ တရားရုံးများကို မြန်မာစစ်တပ်မှဝိုင်းဝန်းခြင်း၊ အမှုအခင်းများတွင်ပါဝင်သူများအား ခြိမ်းခြောက်ခြင်း၊ ရက္ခိုင်-မွတ်ဆလင် အကြား သဟဇာတဖြစ်နေမှုများအပေါ် ပျက်စီးရန်ကြိုးစားခြင်းတို့ကို မြန်မာစစ်တပ်သည် ခပ်စိပ်စိပ်လုပ်ဆောင်လျက်ရှိသည်ဟု AA ဘက်ကဆိုသည်။

ထို့အပြင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့၏ နှစ်ဖက်စစ်ရေးတင်းမာမှု ဆက်လက်မြင့်တက်လျက်ရှိနေသည်မှာ ကာလအတန်ကြာခဲ့ပြီး ဖြစ်သည်ဟုလည်းဆိုသည်။ ထို့ကြောင့် နှစ်ဖက်တိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်လာနိုင်သည့် အနေအထားရှိသည်ဟု ပြီးခဲ့သည့်မေလကပင် ထုတ်ပြန်ထားသည်။

ယင်းနောက်ပိုင်း ယခုဇွန်လအတွင်းတွင် နှစ်ဘက် လူဖမ်းပွဲစတင်ကြသည်။ ရက္ခိုင့်တပ်တော်ဘက်ကလည်း မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးခန့်ကို ဖမ်းဆီးသည်။ ထိုသို့ဖမ်းရခြင်းမှာ မြန်မာစစ်တပ်က မိမိတို့တပ်ဖွဲ့ဝင်များကို ဖမ်းဆီးထားသောကြောင့်ဟုအကြောင်းပြပြီး သုံ့ပန်းချင်းလဲလှယ်မည်ဟု အကြောင်းပြသည်။ အခြားတစ်ဖက်တွင် မြန်မာစစ်တပ်ဘက်ကလည်း ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးဒေသတို့မှ ဒေသ ခံ ၄၀ ကျော်ကို ဖမ်းဆီးလိုက်သည်။

သို့သော်လည်း ဖမ်းဆီးခံရသည့်အရပ်သားများမှာ မည်သည့်နေရာတွင် ထိန်းသိမ်းခံထားရမှန်းမသိဘဲဖြစ်နေသည်။ ၎င်းတို့ကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကိုလည်း မြန်မာစစ်တပ်က မည်သည့်မီဒီယာကိုမှ ဖြေကြားခြင်းမရှိသကဲ့သို့ တရားဝင်ထုတ်ပြန်ခြင်းလည်းမရှိပေ။

“ဒီဟာက မတရားဖမ်းဆီးချုပ်နှောင်မှုဖြစ်တဲ့အတွက် မလုပ်သင့်ဘူး။ ဖမ်းမယ်ဆိုရင်လည်း သူတို့ သေချာစုံစမ်းပြီးတော့မှ AA ဆိုရင် AA၊ ULA ဆိုရင် ULA တာဝန်ခံတွေကိုစုံစမ်းပြီးမှ ဖမ်းဆီးစေချင်တယ်။ အခုက ဖမ်းတာတွေမှာ အသက်မပြည့်တဲ့ ကလေးတွေလည်းပါတယ်။ ဒါတွေဟာ မကောင်းဘူးလို့ပြောချင်တယ်။ လူ့အခွင့်အရေးချိုးဖောက်နေတယ်”ဟု ဦးမြတ်ထွန်းက ထောက်ပြသည်။

ထို့ပြင် ဖမ်းဆီးထားပြီးနောက် မိသားစုနှင့်အဆက်အသွယ်ဖြတ်တောက်ထားခြင်း၊ သတင်းထုတ်ပြန်ခြင်းမရှိသည့်အပေါ်တွင်လည်း ၎င်းကရှုတ်ချသည်။ ထိုလုပ်ရပ်သည် မှန်ကန်မှုမရှိသည့်လုပ်ရပ်ဖြစ်ပြီး အမြန်ဆုံးတွေ့ခွင့်ရအောင်စီစဉ်ပေးရန်လည်း ၎င်းကတိုက်တွန်းသည်။
မြန်မာစစ်တပ်ကဖမ်းဆီးထားသော ကိုဇော်ဝင်း(ခ)လူထုဇော်ဝင်းအပါအဝင် ကျောက်တော်ဒေသခံသုံးဦးကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် ကျောက်တော်မြို့မရဲစခန်းတွင် ဇွန်လ ၃၀ ရက်နေ့က အမှုဖွင့်ထားကြောင်း အဆိုပါရဲစခန်းမှ သိရသည်။

၎င်းတို့သုံးဦးကို လုံခြုံရေးအခြေအနေအရ ရဲစခန်း၌မထားဘဲ တပ်ရင်းအချုပ်ထဲ၌ ထိန်းသိမ်းထားဆဲဖြစ်သည်ဟု ရဲအရာရှိတစ်ဦးကပြောသော်လည်း အဆိုပါသုံးဦးကို မည်သူက တရားလိုပြုလုပ်ပြီး တရားစွဲဆိုထားသည်ကိုပြောဆိုရန် ငြင်းဆန်သည်။

အသက် ၁၄ နှစ်အရွယ် သားယောက်ျားတစ်ဦး၊ အသက် ၉ နှစ်အရွယ် သမီးငယ်တစ်ဦးနှင့် အသက်တစ်နှစ်နှင့်တစ်လမျှသာရှိသေးသော သားငယ်လေးတစ်ဦးကို မွေးဖွားထားသော ကိုဇော်ဝင်း၏ ဇနီးဖြစ်သူ ဒေါ်ခင်လှဇံက လင်ယောက်ျားဖြစ်သူနှင့်ဒအဆက်အသွယ်ပြတ်နေသဖြင့် ရူးမတတ်အောင်ခံစားရပြီး အမြန်ဆုံးတွေ့လိုသည်ဟု ပြောဆိုလိုက်သည်။

နေအိမ်တွင်ဖမ်းဆီးခံရစဉ် စစ်သားများရှေ့မှာ “အပြစ်မလုပ်မထားဘူး။ ပြန်လွတ်လာလိမ့်မယ်”ဟု ပြောဆိုခဲ့သော ကိုဇော်ဝင်း၏စကားများကို ပြန်လည်ကြားယောင်ကာ “အပြစ်ရှိရင် ရုံးတင်စစ်ဆေးပေးပါ။ အဆက်အသွယ်မပေးဘဲနဲ့ မထားပါနဲ့။ အပြစ်မရှိရင် ပြန်လွှတ်ပေးပါ”ဟု ဇနီးဖြစ်သူပြောဆိုလိုက်သည်။

နေမျိုးလင်း-ရေးသည်။

ဗီဒီယိုများ