“သူ မသေသေးပါ… သို့သော်”

ပလက်ဝမြို့နယ်တွင် မိုင်းနှင့် စစ်ကျန်လက်နက်ခဲယမ်းများ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ဒေသခံ ၃၆၄ ဦးရှိခဲ့ပြီး သေဆုံးသူ ၁၃၈ ဦးအထိရှိခဲ့ကြောင်း ရခိုင်စစ်ပွဲများအတွင်း မိုင်းနှင့် ထိခိုက်ဒဏ်ရာသူများစာရင်းကို ပြုစုနေသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး(REC)၏ စာရင်းမှတ်တမ်းများအရ သိရသည်။

By ဂေါင် 30 Jul 2022

DMG ၊ ဇူလိုင် ၃၀

(ဆောင်းပါး)

ပလက်ဝဒေသခံများဖြစ်ကြသည့် အသက် ၅၀ ကျော်အရွယ် ဒေါ်ချေခင်၊ ဒေါ်ဝင်းခင်တို့ သူငယ်ချင်းနှစ်ဦးနှင့်အတူ အမျိုးသားတစ်ဦးတို့သည် မျှစ်နှင့် ဟင်းသီးဟင်းရွက်များခူးရန် တောလမ်းလေးအတိုင်း ရိုးရာတေးသီချင်းကို သီဆိုကာ လျှောက်လှမ်းခဲ့ကြသည်။ ထိုနေ့က ပလက်ဝဒေသရှိ တောင်တန်းများတွင် မြူခိုးငွေ့များဖြင့်ဖုံးလွှမ်းကာ သာသာယာယာရှိလှသည်။

တောလမ်းတစ်လျှောက် တိတ်ဆိတ်ငြိမ်သက်နေ၍ ၎င်းတို့သီဆိုနေသည့်သီချင်းသံက လွှမ်းမိုးနေသည်။ သို့သော် ရုတ်တရက် ပြင်းထန်သည့်ပေါက်ကွဲသံတစ်ချက်ကြားလိုက်ရပြီးနောက် တောတစ်ခွင်လုံး ရုပ်ချည်းပြောင်းလဲသွားကာ အရာအားလုံးမှာလည်း အကျည်းတန်အရုပ်ဆိုးသွားခဲ့သည်။

ပြင်းထန်သော မိုင်းပေါက်ကွဲမှုကြောင့် ဒေါ်ဝင်းခင်၏ ခန္ဓာကိုယ်၊ ခြေလက်နှင့် မျက်နှာပြင်တို့တွင် မိုင်းစများထိမှန်ကာ သွေးအလိမ်းလိမ်းဒဏ်ရာများဖြင့် မြေပြင်တွင်လူးလွန့်‌နေတော့သည်။ အတူသွားသူတို့က ဒေါ်ဝင်းခင်ကို တောတောင်ကြားမှ ခက်ခဲစွာသယ်ယူခဲ့ကာ ပလက်ဝဆေးရုံသို့ ပို့ဆောင်လိုက်တော့သည်။ ထိုနေ့က ၂၀၂၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ဖြစ်သည်။

မိုင်းပေါက်ကွဲမှုမှာ ပလက်ဝမြို့နယ် အဘောင်သားကျေးရွာနှင့် တကာချောင်းကျေးရွာကြား ကားလမ်းအနီး တောစပ်တစ်နေရာတွင်ဖြစ်သည်ဟု ဒေါ်ဝင်းခင်နှင့် ဟင်းခူးရာတွင် အတူပါသူတို့ကပြောပြသည်။

ပြင်းထန်ဒဏ်ရာများရရှိထားသည့် ဒေါ်ဝင်းခင်ကို ပလက်ဝဆေးရုံတွင် ကုသ၍အဆင်မပြေသည့်အတွက် ကျောက်တော်ဆေးရုံသို့ယူဆောင်လာကာ ထိုမှတဆင့် စစ်တွေဆေးရုံကြီးသို့ပို့ဆောင် ကုသခဲ့ရသည်။

“ညာခြေ ဒူးအောက်နားကဖြတ်ထားရပြီ၊ ပြီးတော့ နှာခေါင်းပြတ်သွားတယ်။ မျက်လုံးနှစ်လုံးကလည်း လုံးဝပြန်မြင်ရတော့မယ့် အခြေအနေမရှိတော့ဘူးလို့ ဆရာဝန်ကပြောတယ်”ဟု ကုတင်ပေါ်တွင် လဲလျောင်းနေသည့် ဒေါ်ဝင်းခင်ကိုညွှန်ပြရင်း ညီမဖြစ်သူ မလွန်းလုံးကပြောပြသည်။

လက်ရှိ ဒေါ်ဝင်းခင်မှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကုတင် ၅၀၀ ဆံ့ဆေးရုံကြီးမှ (မ)အရိုးကုသဆောင်တွင် အရေးပေါ်လူနာအဖြစ် ဆေးကုသမှုခံယူနေရသည်။ ၎င်းမှာ အစားအစာ ကောင်းစွာမစားသောက်နိုင်သေးသဖြင့် အရည်၊ နို့မုန့်၊ စွပ်ပြုတ်ရည်တို့ကိုသာ ပိုက်ဖြင့်တိုက်ကျွေးနေရသည်။

ဒေါ်ဝင်းခင်မှာ ချင်းတိုင်းရင်းသားမျိုးနွယ်စုဝင် ခူမီးလူမျိုးဖြစ်သည်။ ပလက်ဝမြို့နယ် တကာချောင်း ကျေးရွာအနီးတွင် ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် မြို့ပေါ်ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည်မှာ ၃ နှစ်ခန့် ကြာမြင့်လာပြီဖြစ်သည်။

စစ်ဘေးရှောင်စခန်းတွင် နေထိုင်ရသည်မှာ အစားအသောက်ကြပ်တည်းမှုကြောင့် အနီးရှိတောတောင်များတွင် ဟင်းရှာ၊ငါးရှာကာ စားသောက်နေရာမှာ ယခုကဲ့သို့ မိုင်းပေါက်ကွဲသည့်အဖြစ်ဆိုးနှင့် ကြုံခဲ့ရခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်နှင့် နယ်နမိတ်ချင်းထိစပ်နေသည့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား ထိတွေ့တိုက်ပွဲများမှာ ၂၀၁၅ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့သည်။ ယင်းနောက် ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ ခုနှစ်များတွင်လည်း တိုက်ပွဲများပိုမိုပြင်းထန်လာပြီး ထောင်နှင့်ချီသော ပလက်ဝဒေသခံများမှာလည်း အိုးအိမ်တို့ကိုစွန့်ခွာကာ အသက်လုထွက်ပြေးရင်း စစ်ဘေးရှောင်စခန်းများတွင် တိမ်းရှောင်ခဲ့ရသည်။

ဒေါ်ဝင်းခင်မှာ ခင်ပွန်းဖြစ်သူ ဆုံးပါးသွားပြီဖြစ်၍ သားသမီး ၅ ဦးကို တောင်ယာလုပ်ကိုင်ပြီး ရှာဖွေကျွေးမွေးနေသူ ဖြစ်သည်။

ဝမ်းရေးအတွက် အသက်စွန့်ကြရသူများ

မကြာသေးခင်က မြန်မာစစ်တပ်နှင့် AA တို့အကြား တိုက်ပွဲငြိမ်သက်နေသောကြောင့် စစ်ဘေးရှောင်တချို့မှာ မိမိတို့နေရပ်ကျေးရွာများသို့ ပြန်သွားကြသော်လည်း ဒေါ်ဝင်းခင်တို့၏ ဇာတိကျေးရွာအနီးတွင် နှစ်ဘက်တပ်များ လှုပ်ရှားမှုရှိနေသေးသဖြင့် နေရပ်မပြန်ရဲကြသေးပေ။

ထို့အပြင် မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲဘဲကျန်ရှိနေသည့် အန္တရာယ်ကြီးမားသော လက်နက်ကြီးကျည်များကလည်း တကာချောင်းကျေးရွာအနီးအနားရှိ တောတောင်များတွင် ကျန်ရှိနေသေးကြောင်း ရွာသားများကပြောသည်။

သို့ရာတွင် တောတောင်ကို မှီခိုအားထားနေရသည့် ဒေသခံများအဖို့ တောတောင်သို့မသွားလျှင် အငတ်ဆင်းရဲဒဏ် ခံရမည်သာဖြစ်သဖြင့် ကံတရားကိုပုံအောကာ ထင်းခုတ်၊ ဟင်းရှာ၊ ငါးရှာခြင်းဖြင့် မိသားစုဘဝရပ်တည်ရေးအတွက် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများနှင့် လက်နက်ကိုင်အဖွဲ့များ တပ်စခန်းချခဲ့သည့် နေရာများကို မရှောင်ရှားနိုင်ဘဲ သွားရောက်နေရသည်။

“စစ်ဘေးရှောင်စခန်းမှာ စားဝတ်နေရေးကြပ်တည်းတော့ သွားရတာပေါ့လေ။ ဒီလိုဖြစ်လာမှာကိုလည်း ဘယ်သိမလဲ”ဟု မလွန်းလုံးကဆိုသည်။ လက်ရှိ အစ်မဖြစ်သူ ဒေါ်ဝင်းခင် ဆေးကုသမှုခံနေရချိန်တွင်လည်း ငွေကြေးအခက်အခဲများစွာရှိနေသည်ဟု ၎င်းကဆက်ပြောသည်။

လတ်တလောတွင် ဒေါ်ဝင်းခင်အား ဆေးကုသရေးနှင့် နေထိုင်စားသောက်ရေးအတွက် ခူမီး၊ ချင်း အရပ်ဘက်အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ရခိုင်အရပ်ဘက်အဖွဲ့အစည်းများမှ လှူဒါန်းလာသည့်ငွေများဖြင့် ကုသမှုခံယူနေရခြင်းဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။

သို့သော် လူနာမှာ ဘယ်အချိန်ထိ ကုသမှုခံယူရမည်ကို မသိရသေးသဖြင့် ရေရှည်အတွက် မလွယ်ကူသေးကြောင်း မိသားစုဝင်တို့က ဝမ်းနည်းစွာပြောဆိုသည်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အဆိုပါဒေသသည် မြန်မာစစ်တပ်နှင့် AA တပ်ဖွဲ့တို့အကြား မကြာသေးခင်က တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်ရှိမှာလည်း စစ်ရေးတင်းမာနေဆဲဖြစ်သည်။ တိုက်ပွဲများနှင့်ဆက်စပ်သည့် မြေမြှုပ်မိုင်းများ၊ စစ်ကျန်လက်နက် အကြွင်းကျန် အများအပြားရှိနေသည့် နေရာတစ်ခုလည်းဖြစ်နေသည်။

မြေမြှုပ်မိုင်းများကို မည်သည့်လက်နက်ကိုင်အဖွဲ့က ထောင်ထားခြင်း (သို့မဟုတ်) စွန့်ပစ်ထားခြင်းကို အတိအကျမသိရပေ။ လက်နက်ကိုင် နှစ်ဘက်စလုံးက ဒေသခံများ ထိခိုက်သေဆုံးဒဏ်ရာရတိုင်း တဘက်ကိုတဘက် အပြစ်တင်စွပ်စွဲလေ့ရှိသည်ကို တွေ့ရသည်။

ပလက်ဝမြို့နယ်တွင် မိုင်းနှင့် စစ်ကျန်လက်နက်ခဲယမ်းများ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ဒေသခံ ၃၆၄ ဦးရှိခဲ့ပြီး သေဆုံးသူ ၁၃၈ ဦးအထိရှိခဲ့ကြောင်း ရခိုင်စစ်ပွဲများအတွင်း မိုင်းနှင့် ထိခိုက်ဒဏ်ရာသူများစာရင်းကို ပြုစုနေသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး(REC)၏ စာရင်းမှတ်တမ်းများအရ သိရသည်။

ထိုသူများထဲတွင် အသက်မသေဆုံးသည့်တိုင် ရှင်လျှက်နှင့် ဘဝသေသွားခဲ့ကြသူ အများအပြားရှိကြောင်းနှင့် ခြေလက်အင်္ဂါဆုံးရှုံးကာ မသန်စွမ်းဘဝဖြစ်လာရသူများသည် စစ်ပွဲတွေကြောင့် ထိုသို့ဖြစ်ရခြင်းဟုဆိုကာ စိတ်ဒဏ်ရာနာကျည်းချက်များ ခံစားနေရကြောင်း စစ်တမ်းများတွင် ဖော်ပြထားသည်။

မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာဆိုသည့် ရေတိုရေရှည်မှာပါ လူမှုစီးပွားရေးအပေါ် သက်ရောက်မှုရှိသည့် ကူညီထောက်ပံ့မှုများစွာလိုအပ်ကြောင်း ကူညီထောက်ပံပေးနေသူများက ပြောသည်။

ထိုအခြေအနေများကြောင့် လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်နေသည့် တပ်ဖွဲ့များအနေဖြင့် မြေမြှုပ်မိုင်းနှင့် အန္တရာယ်ရှိ လက်နက်ခဲယမ်းများရှိသည့်နေရာများတွင် အရပ်သားများမထိခိုက်အောင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာစံချိန်စံနှုန်းများကိုအခြေခံပြီး ဦးစားပေးလုပ်ဆောင်ဖို့လိုကြောင်း ၎င်းတို့ကပြောဆိုသည်။

“မြေမြှုပ်မိုင်းတွေနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေရဲ့ အန္တရာယ်ဟာ ရေတို၊ ရေလတ်နဲ့ရေရှည်မှာပါ လူမှုစီးပွားရေးအပေါ် သက်ရောက်မှုတွေ အများကြီးရှိနိုင်ပါတယ်။ ဒီလိုသက်ရောက်မှု အများစုဟာ ချက်ချင်းမသိသာနိုင်သလို လူတွေရဲ့နေထိုင်မှု ဘဝလိုမျိုး တခြားအရာတွေနဲ့လည်း အများအားဖြင့် ဆက်စပ်နေပါတယ်”ဟု ရခိုင်စစ်ရေးပဋိပက္ခအတွင်း မြေမြှုပ်မိုင်းများနှင့်ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Jacqueline Fernandez က BNA အင်တာဗျူးတွင် ပြောဆိုခဲ့သည်။

ထို့အတူ မြေမြှုပ်မိုင်းအသုံးပြုမှုပိတ်ပင်တားမြစ်ရေး နိုင်ငံတကာစည်းရုံးလှုံ့ဆော်မှုအဖွဲ့(International Campaign to Ban Landmines–ICBL ၏ အဆိုအရ မြန်မာနိုင်ငံအတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှုန်းသည် ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်နှင့် ကိုလံဘီယာနိုင်ငံများပြီးလျှင် တတိယ အဆင့်တွင်ရှိနေသည်ဟု ပြောဆိုထားသည်။

ထိုအခြေအနေများကြောင့် နိုင်ငံတကာဥပဒေများနှင့် ထိရောက်သည့်အစီအမံဖြင့် မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရန်၊ နိုင်ငံတကာအသိုက်အဝန်းနှင့် ချိတ်ဆက်ခြင်း၊ ငွေကြေးပံ့ပိုးခြင်းနှင့် လက်နက်တားမြစ်ချက်စာချုပ်များအပါအဝင် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို လိုက်နာရန်လိုအပ်ကြောင်း ရခိုင်အမျိုးသမီး လူမှုကူညီရေးအဖွဲ့များက ထောက်ပြပြောဆိုသည်။

ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်စောဝေက “ဒီကိစ္စတွေကို အစိုးရကို ကျမတို့က အရင်တုန်းကလည်းတိုက်တွန်းခဲ့ပြီ။ မိုင်းရှင်းလင်းပေးဖို့… ပြည်သူလူထုကို မိုင်းအန္တရာယ်ကလွတ်မြောက်အောင် ဘယ်လိုနေရမယ်ဆိုတာ ပြောဆို..လမ်းပြဖို့.. ရှောင်ရှားဖို့ကိစ္စကို လုပ်ဆောင်ပေးသင့်တယ်”ဟု ဆိုသည်။

ဆက်လက်ပြီး ၎င်းက“စစ်ပွဲအကျိုးဆက်ကြားထဲမှာ အမျိုးသမီးတွေ ခံစားနေတဲ့ပြဿနာတစ်ခုလည်းဖြစ်တယ်။ မိုင်းတွေက ဘယ်နေရာမှာရှိနေလဲ ဘယ်အရပ်သားကမှ အတိအကျမသိနိုင်ဘူး။ ဒေသခံတွေက ပိုပြီးထိခိုက်နစ်နာရတယ်။ အခုတော့ သူမက ဒုက္ခိတတစ်ဦးဖြစ်သွားပြီ”ဟု ပြောသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် အဆင်းရဲဆုံး၊ ဖွံ့ဖြိုးမှုအနည်းဆုံးနှင့် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးသည့် ပြည်နယ်များဖြစ်သဖြင့် အမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူ ရင်ဘောင်တန်းအလုပ်ထွက်လုပ်မှ ထမင်းနပ်မှန်သည့်အနေအထားတွင် ကြုံတွေ့နေကြရသည်။

စီးပွားရေးအဆင်မပြေမှု၏ အကျိုးဆက်အဖြစ် စစ်ဘေးရှောင်စခန်းများတွင်လည်း အလှူရှင်များ၊ အစိုးရ၏ထောက်ပံ့မှု မလုံလောက်သည့်အတွက် နေ့စဉ်မိသားစုစားဝတ်နေရေး၊ သားသမီးကျောင်းစရိတ်အတွက် နီးစပ်ရာတောတောင်ထဲသို့ အသက်စွန့် ဟင်းရွက်ခူးရောင်းချခြင်းကဲ့သို့ အလုပ်ထွက်လုပ်ကြခြင်းဖြစ်သည်။

အထူးသဖြင့် လက်နက်ကိုင်တိုက်ပွဲ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် အပစ်ရပ်စဲသည့်ကာလများ၌ သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ဒေသအတွင်းမိုင်းရှင်းလင်းရေးကို ဦးစားပေးလုပ်ဆောင်သင့်ကြောင်း ရခိုင်အမျိုးသမီးထုက တိုက်တွန်းထားသည်။

ရခိုင့်ရှေ့ဆောင် အမျိုးသမီးအဖွဲ့ဥက္ကဋ္ဌ စောစံငြိမ်းသူက “ပြန်လည်ထူထောင်ရေးအတွက်လည်း မိုင်းထိလူနာများကို ကူညီပေးတာလည်း ဒေသခံအရပ်ဘက်အဖွဲ့အစည်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အနည်းငယ်ကူညီပေးတာတွေ တွေ့ရတယ်။ အစိုးရဘက်တော့ လုံးဝမတွေ့ရဘူး”ဟု ပြောဆိုသည်။

မိုင်းအန္တရာယ် ထိရောက်စွာရှင်းလင်းနိုင်ရေးအတွက် လက်နက်ကိုင် နှစ်ဘက်စလုံးက ညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက်သင့်ကြောင်းနှင့် တစ်ဘက်မှာလည်း မိုင်းအန္တရာယ်နှင့်ပတ်သက်ပြီး အသိပညာပေးလုပ်နေသည့် CSO အရပ်ဘက်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ငွေကြေး၊ နည်းပညာ၊ အခြေခံဗဟုသုတများ ပံ့ပိုးပေးရန်လိုအပ်ကြောင်း စောစံငြိမ်းသူက အကြံပြုပြောဆိုသည်။

စစ်ကောင်စီလက်ထက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန(ARMAC)က ဇူလိုင်လ ၈ ရက်တွင်ပြုလုပ်သည့် တွေ့ဆုံပွဲ၌ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က “အစိုးရအနေနဲ့ မိုင်းထိပြည်သူတွေကို ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်ကတည်းက ထောက်ပံ့ပေးလာခဲ့တာဖြစ်ပြီး လက်ရှိမှာ မိုင်းထိသူပေါင်း ၆၉၂ ဦး ထောက်ပံ့ပြီးဖြစ်တယ်။ မိုင်းထောက်ပံ့ကြေးစုစုပေါင်းငွေကျပ် ၁၃၈,၄၀၀,၀၀ဝိ တိတိရှိတယ်”ဟု သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

သို့သော် လက်တွေ့တွင် လူကယ်ပြန်ဝန်ကြီးဌာန၏ အဆိုပါထောက်ပံ့ငွေများကို ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝဒေသက မိုင်းထိလူနာများ မရသေးကြောင်း ကာယကံရှင်များကပြောဆိုသည်။

စစ်ဘေးရှောင်အမျိုးသမီးများ လုံခြုံရေး အကာအကွယ်ပေးမှု

စစ်ပွဲများကြောင့် အဓိက ထိခိုက်နစ်နာရသူများမှာ ကလေးသူငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများဖြစ်ကြောင်း အရပ်ဘက်လူမှုကူညီရေး ူအဖွဲ့များက ပြောဆိုသည်။ စစ်ဘေးရှောင်နေစဉ်ကာလမှာလည်း ၎င်းတို့သည် အခြေခံလိုအပ်ချက်များဖြစ်သည့် စိတ်ပိုင်း၊ ရုပ်ပိုင်း၊ ကျန်းမာရေးပိုင်းဆိုင်ရာ လိုအပ်ချက်များ စသည့်စိုးရိမ်ပူပန်မှုများကို ပိုမိုတွေ့ကြုံနေရသူများဖြစ်သည့်အတွက် ပံ့ပိုးကာကွယ်မှုအစီအစဉ်များလိုအပ်ကြောင်း လူမှုကူညီရေးအဖွဲ့များကပြောသည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ လက်အောက်ရှိ လုံခြုံရေးကောင်စီကချမှတ်ထားသော အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (United Nations Convention on the Elimination of All Forms of Discrimination against Women–UNCEDAW) ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ကို Gender၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ၂၀၀၀ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးခဲ့သည်။

ထိုဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ပါအချက်အရ “လက်နက်ကိုင် တိုက်ပွဲမှာပါဝင်တဲ့ အဖွဲ့အားလုံးဟာ မြေမြှုပ်မိုင်းများ ရှင်းလင်းရေးနဲ့ သတိပြုရေး အစီအစဉ်တွေမှာပါဝင်ဖို့ လိုအပ်ကြောင်းနှင့် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေရဲ့ အထူးလိုအပ်ချက်ကို ထည့်သွင်းစဉ်းစားဖို့လိုအပ်ကြောင်းနှင့် ကူညီထောက်ပံ့ပေးရမည်” ဟု အလေးထားဖော်ပြထားသည်ကို တွေ့ရသည်။

ရခိုင့်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ စောစံငြိမ်းသူက “ဒါတွေက တကယ့်နည်ဗျူးဟာစနစ်ကျကျ အကောင်အထည်ဖော်ဖို့အတွက် ကမ္ဘာ့ကုသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် အမှတ် ၁၃၂၅ ဖြစ်တဲ့ အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ စာချုပ်အမှတ်စဉ်တွေကို လက်နက်ကိုင်တပ်တွေအားလုံးဘက်က တာဝန်ယူဆောင်ရွက်ရမယ်”ဟု ထောက်ပြပြောသည်။

မည်သို့ပင်ဆိုစေ ပလက်ဝမြို့ စစ်ဘေးရှောင်မိသားစုများအဖို့ စစ်ပွဲများကို သူတို့မဖန်တီးခဲ့သော်လည်း စစ်ပွဲ၏သားကောင် မြေဇာပင်များအဖြစ် ချနင်းခံရမှုကြောင့် ထိခိုက်ခံစားမှုအခြေအနေက လွတ်မြောက်ဖို့နှင့် စစ်ရှောင်စခန်းမှ သူတို့၏ နေရပ်ဇာတိကို ပြန်ခွင့်ရပြီး လုံခြုံငြိမ်းချမ်းစွာ လုပ်ကိုင်စားသောက်နိုင်ဖို့ အချိန်မည်မျှကြာ စောင့်မျှော်ရမည်ကို မတွေးရဲသေးပေ။

မငြိမ်းချမ်း၊ မလုံခြုံမှု ထိခိုက်အနာတရ ဒဏ်ရာများကိုခံစားနေကြရသည့် ဒေါ်ဝင်းခင်တို့ မိသားစုများမှာလည်း စိုးရိမ်ကြောင့်ကြမှုမရှိဘဲ လုံခြုံစွာနေထိုင်ပြီး အေးချမ်းသာယာခဲ့သည့် မိမိဇာတိဌာနေ တကာချောင်းကျေးရွာမှာ ပြန်လည်နေထိုင်လုပ်ကိုင်စားသောက်နိုင်မည့် အခြေအနေတရပ်ကို အမြန်ဆုံးရောက်ရှိဖို့ မျှော်လင့်တောင့်တနေကြသည်။

“အခု သူ့မှာက မျက်လုံးနှစ်လုံးက လုံးဝမမြင်။ ခြေထောက်တဘက်ကလည်း ဆုံးရှုံးသွားပြီ။ သူကတော့ အသက်မသေဘူးလေ။ ဒါပေမယ့်...”ဟု ညီမဖြစ်သူ မလွန်းလုံးက စီးကျလာသည့် မျက်ရည်များကိုသုတ်ရင်း ပြောလေသည်။

ကာယကံရှင်လူနာမှာ ဘာမှမမြင်ရတော့သလို အနီးအနားတွင်ပြောနေကြသည့် စကားများကို သဲ့သဲ့လေးကြားရခြင်းထက် ဘာမှမပိုဟု ဆိုလေသည်။ စစ်ပွဲအကျိုးဆက် အနိဌာရုံအောက်တွင် ဘဝပျက်ခဲ့ရသည့် ဒေါ်ဝင်းခင်၏ အနာဂတ်နေ့ရက်များကို မိသားစုဝင်များက တွေးတောပူပန်ရင်း စိတ်မကောင်းကြီးစွာခံစားနေကြရလေသည်။

ဂေါင် - ရေးသည်။

ဗီဒီယိုများ