သက်ဝင်ဆဲဖြစ်သော မြိုတို့၏ ရိုးရာနွားထိုးပွဲ

ဗုဒ္ဓဘာသာကိုးကွယ်သည့် မြိုများမှာ ရိုးရာနတ်အားပူဇော်ခြင်းကို လက်ရှိအချိန်ထိ လုပ်ဆောင်ကြသည်။ ရိုးရာနွားထိုးပွဲကျင်းပချိန်တွင် မြိုလူမျိုးတို့၏ ရိုးရာအက၊ အတီးအမှုတ်တူရိယာများကို ထည့်သွင်းကာ ပျော်ပျော်ရွှင်ရွှင်ဖြင့်ကျင်းပကြသည်။ ပွဲတော်ရက်ကို သုံးရက်တိုင်တိုင် ကျင်းပလေ့ရှိကြသည်။

18 May 2022

DMG ၊ မေ ၁၈

(ဆောင်းပါး)

ဓားကိုယ်စီကိုင်ဆောင်ထားသော လူကြီးပိုင်း၊လူလတ်ပိုင်းအရွယ်ရှိသည့် ယောင်္ကျား(၉)ဦးတို့သည် ရွာနှင့်ငါးမိုင်ခန့်အကွာရှိ တောင်ပေါ်သို့တက်သွားကြသည်။ ထိုအထဲတွင် အသက်(၄၁)နှစ်အရွယ် ဦးအောင်ထွီးလည်း တစ်ဦးအပါအဝင်ဖြစ်သည်။

ဦးအောင်ထွီးတို့အုပ်စု တောင်ပေါ်မှပြန်ဆင်းလာချိန်တွင် ဝါးစည်းများကိုထမ်း၍ ဆင်းလာကြသည်။ ကျေးရွာသို့ရောက်သည်နှင့် ရရှိလာသည့်ဝါးများကို လိုအပ်သလိုခွဲခြမ်းပိုင်းဖြတ်ကြသည်။ ထိုဝါးများကိုအသုံးပြုကာ နေအိမ်တစ်အိမ်နှင့်တွဲကပ်လျက် စင်ကြီးတစ်စင်ကို ကျေးရွာသားများဝိုင်းဝန်းကာ ဆောက်လုပ်ကြတော့သည်။

ထိုသူတို့မှာ ဖိရိုးဖလာ ဘိုးဘွားစဉ်ဆက်ထိန်းသိမ်းကျင်းပလာခဲ့သည့် မြိုတိုင်းရင်းသားတို့၏ ရိုးရာနွားထိုးပွဲကို ကျင်းပရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။ ဦးအောင်ထွီးအပါအဝင် ရွာသားများမှာ ရိုးရာစင်ကြီးပြီးမြောက်စေရန် အားသွန်ခွန်စိုက်နှင့် လုပ်ကိုင်လျက်ရှိကြသည်မှာ ရိုးရာကိုအလေးထားမှု၊ စည်းလုံးညီညွတ်မှုတို့ကို ဖော်ပြလျက်ရှိနေသည်။

“ဒါက ကိုယ့်လူမျိုးရဲ့ထုံးထမ်းအစဉ်အလာဖြစ်တယ်။ ရိုးရာပွဲအဖြစ် လုပ်တာလည်းဖြစ်တဲ့အတွက် တထောင့်တစ်နေရာကနေ ပါဝင်ကူညီတာဖြစ်တယ်။ ဒီလိုရိုးရာပွဲလုပ်မယ်ဆိုရင် ရွာလုံးကျွတ်ဆိုသလို တစ်ဦးနဲ့တစ်ဦးပံ့ပိုးကူညီကြတယ်”ဟု ဦးအောင်ထွီးက ဂုဏ်ယူဝင့်ကြွားစွာပြောပြသည်။
မြို့လူမျိုး လူဦးရေ ၄၀၀ ခန့်နေထိုင်သည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဗန်းဗွီကျေးရွာတွင် ရိုးရာနွားထိုးပွဲကိုကျင်းပရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။

မြိုလူမျိုးတို့သည် ရိုးရာနွားထိုးပွဲကို အိမ်သစ်တက်ခြင်း၊ ကလေးသူငယ်များကို နားဖောက်မင်္ဂလာကျင်းပခြင်း၊ သား/သမီးများအိမ်ထောင်ပြုချိန်တွင် အလှူပေးသည့်အနေဖြင့်ကျင်းပခြင်း၊ မိသားစုထဲမှ တစ်စုံတစ်ဦး နာမကျန်းဖြစ်သည့်အခါ တောင်ယာနတ်အားပွဲပေးသည့်အနေဖြင့်ကျင်းပခြင်း၊ သားသမီးမဖြစ်ထွန်းလျှင် သားဆုပန်သည့်အနေဖြင့်ကျင်းပခြင်း စသည့်အကြောင်းခြင်းရာတို့ကြောင့် ကျင်းပလေ့ရှိကြသည်။

ယခုတစ်ခါ ကျေးရွာအတွင်းရှိ အမျိုးသမီးတစ်ဦး နာမကျန်းဖြစ်နေသည့်အတွက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာစေရန် တောင်ယာနတ်အားပွဲပေးနိုင်အောင် ဦးအောင်ထွီးတို့ နွားထိုးပွဲပြုလုပ်ရန် စီစဉ်နေခြင်းလည်းဖြစ်သည်။

“နွားထိုးပွဲလုပ်တာက ယုံကြည်မှုအရ လုပ်တာဖြစ်တယ်။ ဘိုးဘွားအစဉ်အဆက်လုပ်လာတဲ့ နွားထိုးပွဲလည်းဖြစ်တယ်”ဟု မြိုစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးဇနီဖြူကရှင်းပြသည်။

နွားထိုးပွဲပြုလုပ်ခြင်းဖြင့် မိသားစုကျန်းမာရေးကောင်းမွန်ပြီး စီးပွားလာဘ်လာဘများ တိုးတက်ကောင်းမွန်စေသည်ဟု မြိုတိုင်းရင်းသားများက ယုံကြည်ကြသည်။ မြိုတိုင်းရင်းသားတို့မှ နွားထိုးပွဲကိုကျင်းပရာတွင် ရာသီဥတု၊ နေ့ရက်၊ အချိန်အခါ သတ်မှတ်ချက်မရှိကြပေ။

ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်တစ်ခုဖြစ်သော မြိုလူမျိုးတို့သည် ရခိုင်ပြည်တွင် ရှေးအကျဆုံး လူမျိုးတစ်မျိုးဖြစ်သည်။ ရှေးယခင်က မိရိုးဖလာနတ်ကိုးကွယ်ခဲ့ကြသော်လည်း လက်ရှိတွင် အများစုမှာ ဗုဒ္ဓဘာသာကိုးကွယ်ကြပြီး ခရစ်ယာန်ဘာသာကို ကိုးကွယ်သူများလည်းရှိကြသည်။

ဗုဒ္ဓဘာသာကိုးကွယ်သည့် မြိုများမှာ ရိုးရာနတ်အားပူဇော်ခြင်းကို လက်ရှိအချိန်ထိ လုပ်ဆောင်ကြသည်။ ရိုးရာနွားထိုးပွဲကျင်းပချိန်တွင် မြိုလူမျိုးတို့၏ ရိုးရာအက၊ အတီးအမှုတ်တူရိယာများကို ထည့်သွင်းကာ ပျော်ပျော်ရွှင်ရွှင်ဖြင့်ကျင်းပကြသည်။ ပွဲတော်ရက်ကို သုံးရက်တိုင်တိုင် ကျင်းပလေ့ရှိကြသည်။

နွားထိုးပွဲမကျင်းပမီ (အကြို)ပထမနေ့တွင် ပွဲကျင်းပမည့်မိသားစု၏နေအိမ်တွင် ပြုပြင်စရာရှိသည့်အခန်းကို ပြုပြင်ကြပြီး ညနေပိုင်းအချိန်၌ ရိုးရာဓလေ့အရ ဝက်တစ်ကောင်ကို ပွဲရှင်၏အိမ်ပေါ်တွင် သတ်ရသည်။ ထိုသို့ ဝက်သတ်ခြင်းမှာ မြိုဓလေ့အရ အိမ်စောင့်နတ်အား ပူဇော်ကြခြင်းဖြစ်သည်။

ယင်းနောက် သတ်ထားသည့်ဝက်၏ နားရွက်ဖျားကိုလှီးဖြတ်ကာ ချည်ကြိုးများနှင့်ပူးတွဲချည်နှောင်ပြီး အန္တရာယ်ကင်းအဆောင်လက်ဖွဲ့တစ်ခုအနေဖြင့် ပွဲရှင်မိသားစုဝင်များက ဝတ်ဆင်ကြသည်။

နွားထိုးပွဲဒုတိယနေ့တွင် ရွာသားများသည် နွားထိုးပွဲကျင်းပမည့် ရိုးရာစင်ကြီးတစ်ခုဆောက်လုပ်ရန်အတွက် တောင်ပေါ်သို့သွားကာ ဝါးများကိုခုတ်ယူကြရသည်။ ခုတ်ယူလာသည့်ဝါးများကိုအသုံးပြုကာ ပွဲရှင်၏နေအိမ်နှင့်တွဲကာ ရိုးရာစင်ကြီးကို ဆောက်လုပ်ကြသည်။

ထို့နောက် ရွာအလယ်တွင် နွားတစ်အောင်အားချည်နှောင်ရန် ပန်းဖွားတိုင်တစ်ခုကို စိုက်ထူကြသည်။ ထိုနေ့ ညနေပိုင်းအချိန်တွင် မြိုရိုးရာအကအဖွဲ့များက ရိုးရာတူရိယာများကိုတီးမှုတ်ကာ နွားကိုချည်နှောင်ထားသည့် ပန်းဖွားတိုင်ကိုပတ်၍ ညဉ့်လုံးပေါက်ကခုန်ကြသည်။

တတိယမြောက်နေ့တွင်ကား ချည်နှောင်ထားသည့်နွားကို လှံဖြင့်ထိုးသတ်ပြီး ပွဲရှင်၏အိမ်၌ ဆောက်လုပ်ထားသည့် ရိုးရာပွန်းဖွားစင်ကြီးပေါ်သို့ယူဆောင်ပြီး မြိုလူမျိုးတို့၏ ရိုးရာအတိုင်းချက်ပြုတ်ကာ ပွဲတက်ရောက်လာသူများကို ဧည့်ခံကျွေးမွေးကြသည်။

ဘိုးဘွားစဉ်ဆက်ကျင်းပလာခဲ့သည့် မြိုရိုးရာနွားထိုးပွဲကို ဆင်းရဲမွဲတေမှုနှင့် ဒေသမတည်ငြိမ်မှု စသည့်အကြောင်းအမျိုးမျိုးတို့ကြောင့် စည်းစည်းကားကားမကျင်းပနိုင်ခဲ့သည်မှာ နှစ်ပေါင်း(၁၀)ကျော်အထိ ကြာမြင့်နေပြီဟု မြိုစာပေနှင့်ယဉ်ကျေးမှုအသင်းမှ သိရသည်။

“အခုကပြန်ပြီး (ရိုးရာနွားထိုးပွဲ)လုပ်လာကြတယ်။ ပြန်လုပ်လာကြတာက ရိုးရာနတ်တွေက ကိုင်လာတယ်။ နတ်တွေကတောင်းဆိုလာကြတယ်။ လူတွေကလည်း ရိုးရာမပျောက်အောင်ထိန်းသိမ်းဖို့အတွက် လုပ်ချင်ကြတယ်။ ရိုးရာနွားထိုးပွဲက မလုပ်လို့ရတယ်။ ပျောက်သွားလို့မရဘူး”ဟု မြိုစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးဇနီဖြူကဆိုသည်။

မြိုလူမျိုးတို့သည့် ရခိုင်ပြည်ထဲတွင်နေထိုင်လာခဲ့ကြသည့် ရှေးအကျဆုံးလူမျိုးတစ်ခုဟု မှတ်တမ်းများအရ သိရသည်။ မြိုတိုင်းရင်းသားများသည် ရခိုင်ပြည်ထဲမှ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသ၊ ပုဏ္ဏားကျွန်း မြို့နယ်၊ စမ်းပတီးချောင်းဒေသတို့အပြင် ဘူးသီးတောင်၊ မောင်တောဒေသတို့တွင် နေထိုင်ကြသည်။ လူဦးရေအားဖြင့် သောင်းဂဏန်းခန့်သာကျန်ရှိတော့ပြီး တောင်ယာလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။

မြိုတိုင်းရင်းသားများမှာ ဝေးလံခေါင်ဖျားသည့် တောင်ပေါ်ဒေသများတွင်နေထိုင်ကြသည့်အတွက် ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်း၊ ဆင်းရဲမွဲတေမှုများနှင့်အတူ ပြင်ပဗဟုသုများမှာလည်း လက်ရှိအချိန်ထိ နိမ့်ကျနေဆဲဖြစ်သည်။

မြိုတိုင်းရင်းသားများတွင် ဘာသာစကား၊ စာပေ၊ ရိုးရာ၊ ဂီတများကိုလည်း ပိုင်ဆိုင်ထားကြသည်။ ထိုသို့ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု အများအပြားရှိသည့်အထဲမှ ရိုးရာနွားထိုးပွဲမှာ တစ်ခုအပါအဝင်ဖြစ်သည်။

ရိုးရာနွားထိုးပွဲမှာ မှေးမှိန်နေရသည့်အတွက် စနစ်တကျထိန်းသိမ်းရန်လိုအပ်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ်တွင် နေထိုင်သည့် မြိုတိုင်းရင်းသားတစ်ဦးဖြစ်သူ ကိုမောင်နီထွန်းကပြောသည်။

“နွားထိုးပွဲဆိုတာက ကျနော်တို့ရိုးရာဓလေ့ဖြစ်တယ်။ လူတိုင်းလည်းမလုပ်နိုင်ဘူး။ အဲဒါတွေ ပပျောက်သွားလို့ မရဘူး။ ထိန်းသိမ်းရမယ်”ဟု ကိုမောင်နီထွန်းက လေးနက်သောလေသံဖြင့် ပြောသည်။

မြိုရိုးရာနွားထိုးပွဲကို ယခုအခါ တဖန်ပြန်လည်လုပ်ဆောင်ခြင်းလာကြသည့်အတွက် အားရကျေနပ်ပြီး ဝမ်းသာပီတိဖြစ်နေသူမှာ မြို့တိုင်းရင်းသား ဦးအောင်ထွီးပင်ဖြစ်သည်။

“အစကတော့ ကိုယ်လူမျိုးရိုးရာတစ်ခု ပျောက်ကွယ်သွားမှာကို စိုးရိမ်မိတယ်။ အခုနှစ်တွေအတွင်းမှာ တဖြည်းဖြည်းပြန်ပေါ်လာတော့ အရင်ကလူကြီးတွေနဲ့ ပျော်ပါး၊ကခုန်ခဲ့သလို အခုလည်းစိတ်ထဲမှာ မြူးပျော်မိတယ်”ဟု ဦးအောင်ထွီးက ပြုံးပြုံးရွှင်ရွှင်နှင့် ပြောလေသည်။

မင်းထွန်း - ရေးသည်

ဗီဒီယိုများ