စစ်ကောင်စီ ရွေးကော်၏ စည်းကမ်းတင်းကျပ်မှုကြောင့် မြိုတိုင်းရင်းသားပါတီ ဖျက်သိမ်းလိုက်ရ

စစ်ကောင်စီချမှတ်ထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဉပဒေသစ်တွင် ပါရှိသည့် စည်းကမ်းချက်များကို လိုက်နာမှုမရှိပါက ပါတီများမှာ အလိုအလျောက်ပျက်ပြယ်သွားမည် ဖြစ်သည်။

By Admin 09 Nov 2023

၂၀၂၀ ရွေးကောက်ပွဲကာလက မြိုတိုင်းရင်းသားပါတီ၏ မဲဆွယ်စည်းရုံးရေး ဗီနိုင်းတစ်ခု။ ဓာတ်ပုံ - မြိုတိုင်းရင်းသားပါတီ
၂၀၂၀ ရွေးကောက်ပွဲကာလက မြိုတိုင်းရင်းသားပါတီ၏ မဲဆွယ်စည်းရုံးရေး ဗီနိုင်းတစ်ခု။ ဓာတ်ပုံ - မြိုတိုင်းရင်းသားပါတီ

DMG ၊ နိုဝင်ဘာ ၉

စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဉပဒေသစ်တွင် ပါရှိသည့် စည်းကမ်းချက်ကြောင့် ရခိုင်ပြည်က မြိုတိုင်းရင်းသားပါတီကို ဖျက်သိမ်းလိုက်ရကြောင်း သိရသည်။

ထိုဉပဒေတွင် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက မှတ်ပုံတင်ပြီး ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ ၁,၀၀၀ ကို စည်းရုံးရမည်၊ ရက်ပေါင်း ၁၈၀ အတွင်း မြို့နယ် ၅ ခုတွင် ပါတီရုံးခန်းများ ဖွင့်လှစ်ရမည်ဟု ဖော်ပြပါရှိသည်။

ထို့ကြောင့် မှတ်ပုံတင်ခွင့်ပြုထားသော မြိုတိုင်းရင်းသားပါတီမှာ ရုံးခန်းများဖွင့်လှစ်ရန် ငွေကြေးအခက်အခဲများ ရှိသဖြင့် ပါတီကို ဖျက်သိမ်းလိုက်ရခြင်းဟု ပါတီ ဉက္ကဌ ဦးအေးထွန်း က DMG သို့ ပြောသည်။

“သတ်မှတ်ချိန်အတွင်း မြို့နယ် ၅ မြို့နယ်မှာ ပါတီရုံးခန်းတွေ မဖွင့်လှစ်နိုင်တဲ့အတွက် ကျနော်တို့ပါတီကို ဖျက်သိမ်းလိုက်တာပါ။ အရင် ရွေးကောက်ပွဲတွေမှာဆိုရင် ပါတီရုံးခန်းတွေ၊ စည်းရုံးရမယ့် ပါတီဝင်အင်အားတွေကို သတ်မှတ်ထားတာ မရှိတဲ့အတွက် အဆင်ပြေတယ်။ အခုထုတ်ပြန်ထားတဲ့ ဉပဒေအသစ်မှာ အကန့်အသတ်တွေ ရှိတဲ့အတွက် ပါတီကို ဖျက်သိမ်းလိုက်ရတာပါ” ဟု ပြောသည်။ 

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက် ရခိုင်က ရခိုင်အမျိုးသားပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီနှင့် ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က မှတ်ပုံတင်ခွင့်ရရှိထားပြီး  ယင်းအထဲမှ မြိုတိုင်းရင်းသားပါတီမှာ ဖျက်လိုက်သိမ်းခြင်း ဖြစ်သည်။ အင်အားကြီး ရခိုင်အမျိုးသားပါတီကိုတော့ ၇ လကျော်ကြာသည့်တိုင် စစ်ကောင်စီက မှတ်ပုံတင်ချပေးခြင်း မရှိသေးပေ။ 

မှတ်ပုံတင်ခွင့်ရရှိပြီး ရခိုင်နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်း ထက်ဝက်ကျော်မှာ အမည်၊ နေရပ်၊ မှတ်ပုံတင်နံပါတ်များ ကွဲလွဲမှုရှိသည့်အတွက် ပြန်လည်ပြင်ဆင်ပြီး ရွေးကောက်ပွဲကော်မရှင်သို့ ပြန်တင်ရန် ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်နေ့က အသိပေးခဲ့သည်။

စစ်ကောင်စီချမှတ်ထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဉပဒေသစ်တွင် ပါရှိသည့် စည်းကမ်းချက်များကို လိုက်နာမှုမရှိပါက ပါတီများမှာ အလိုအလျောက်ပျက်ပြယ်သွားမည် ဖြစ်သည်။

ခမီအမျိုးသားဖွံဖြိုးရေးပါတီ အတွင်းရေးမှူး ဦးသန်းဌေးက “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဉပဒေအသစ်မှာ ပါရှိတဲ့ စည်းကမ်းတွေကို မလိုက်နာဘူးဆိုရင် ပါတီက အလိုအလျောက် ပျက်ပြယ်သွားမှာဖြစ်တဲ့အတွက် ကျနော်တို့ ပါတီအနေနဲ့တော့ ပါတီရုံးခန်းတွေတော့ ဖွင့်လှစ်ထားပါပြီ ” ဟု ပြောသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူပြီးမှ ရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။ သို့သော်လည်း ရွေးကောက်ပွဲအပေါ် ပြည်သူစိတ်ဝင်စားမှုနည်းပါးပြီး လက်ရှိဖြစ်ပျက်နေသော လက်နက်ကိုင်ပဋိပက္ခနှင့် နိုင်ငံရေးရှုပ်ထွေးမှုများကြောင့် ရွေးကောက်ပွဲဖြစ်လာနိုင်ခြေနည်းပါးကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသည်။

#D002 #DMG

ဗီဒီယိုများ