ဝန်ကြီးချုပ် (၁) ဦး အလိုရှိသည်

တိုက်ပွဲများကြောင့် မိမိနေအိမ် များကိုစွန့်ခွာနေရသူများနှင့် မတည်ငြိမ်မှုကြောင့် ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေးလုပ်ငန်းများ နောက်ပြန်ဆုတ်နေ သည်ကို စိတ်ပျက်နေသည့်ပြည်သူများက ပြဿနာများကိုဖြေရှင်းပေးနိုင်မည့် ဝန်ကြီးချုပ်တစ်ဦးကို အလိုရှိနေကြသည်။

By မင်းထွန်း 21 Nov 2020

Written By မင်းထွန်း | DMG

အသက် ၃၅ နှစ်ပြည့်ပြီးသူဖြစ်ရမည်။ လက်ရှိ ရွေးကောက်ပွဲရလဒ်များအရ ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသူဖြစ်ရမည်။ အရေးတစ်ကြီး တာဝန်ယူဖြေရှင်းရမည့် ပြဿနာမှာ ၂ နှစ် နီးပါး ကြာမြင့်လာပြီဖြစ်သော စစ်ရေးပဋိပက္ခများ အဆုံးသတ်ရေးဖြစ်သည်။ တိုက်ပွဲများကြောင့် မိမိနေအိမ် များကိုစွန့်ခွာနေရသူများနှင့် မတည်ငြိမ်မှုကြောင့် ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေးလုပ်ငန်းများ နောက်ပြန်ဆုတ်နေ သည်ကို စိတ်ပျက်နေသည့်ပြည်သူများက ပြဿနာများကိုဖြေရှင်းပေးနိုင်မည့် ဝန်ကြီးချုပ်တစ်ဦးကို အလိုရှိနေကြသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအစောပိုင်းကနေ စတင်ဖြစ်ပွားနေသည့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများကြောင့် သိန်းနှင့်ချီရှိနေသာ စစ်ဘေးရှောင်များမှာ လက်ရှိအချိန်ထိ ၎င်းတို့၏နေရပ်သို့ မပြန်နိုင်ကြသေးပေ။

၎င်းတို့ထဲမှအများစုမှာ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပသည့် မြို့နယ်များတွင်နေထိုင်ကြသူများ ဖြစ်ကြပြီး မဲပေးခွင့်ဆုံးရှုံးထားသူများလည်းဖြစ်သည်။ ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရခဲ့သည် ဖြစ်စေ၊ မရခဲ့သည်ဖြစ်စေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပခဲ့ကြောင်းနှင့် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များကို အတည်ပြုထုတ်ပြန်ထားပြီး ဖြစ်သည်။

ယခုရွေးကောက်ပွဲ၏ တစ်နိုင်ငံလုံးမဲရလဒ်များအရ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် လက်ရှိအာဏာရ ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)သည် ၂၀၂၀ အလွန်တွင်လည်း ထပ်မံအစိုးရဖွဲ့နိုင်သည့် ပါတီတစ်ခု ဖြစ်နေသည်။ NLD ပါတီသည် ပြည်သူ့လွှတ်တော်တွင် ၂၅၈ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၁၃၈ နေရာ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်တွင် ၅၀၁ နေရာနှင့် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွင် ၂၃ နေရာဖြင့် စုစုပေါင်း ၉၂၀ နေရာအထိ အနိုင်ရရှိထားသည်။

ထို့ကြောင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းထားသည့် ပြည်ထောင်စုလွှတ်တော်တွင် ၃၂၂ နေရာထက်ကျော်လွန်ပြီး အနိုင်ရရှိထားသည့်အတွက် NLD ပါတီအနေဖြင့် နိုင်ငံတော်သမ္မတကို တင်မြှောက်ခွင့်ရမည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရတစ်ရပ်ကို ဖွဲ့စည်းခွင့်ရမည်ဖြစ်သည်။

ရခိုင်ဝန်ကြီးချုပ် NLD က ဖြစ်လာနိုင်လား

ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရကို ဖွဲ့စည်းပုံဖော်မည့် ဝန်ကြီးချုပ်ကိုခန့်အပ်ရန် သက်ဆိုင်ရာလွှတ်တော်များသို့ အမည်စာရင်း တင်သွင်းခွင့်ရှိသူသည် နိုင်ငံတော်သမ္မတသာလျှင်ဖြစ်သည်။ ရွေးကောက်ပွဲအနိုင်ရပါတီသည် ပြည်ထောင်စုအစိုးရကိုသာမက ပြည်နယ်အစိုးရဖွဲ့စည်းနိုင်ခွင့်ကိုပါ ပိုင်ဆိုင်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များက ဆိုထားသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပါတီ NLD မှ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ခဲ့ သူသည် ယင်းပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီပုဖြစ်ခဲ့သည်။ သို့သော်လည်း ဦးညီပု ဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့သည့် ငါးနှစ်တာကာလအတွင်း တပ်မတော်နှင့် AA တို့အကြား ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများရပ်တန့်ရေး (သို့မဟုတ်) လျော့ချရေးတို့အတွက် ပြည်နယ်အစိုးရမှ ကြားဝင်ဖြေရှင်းနိုင်မှု မရှိခဲ့ကြောင်း နေ့စဉ်တိုးလာနေသည့် စစ်ဘေးရှောင်အရေအတွက်က သက်သေပြနေသည်။ (၂) နှစ်နီးပါးအထိကြာမြင့်လာသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဦးရေ ၂ သိန်း ၃ သောင်း ၄ ထောင်ကျော်ရှိလာကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ နိုဝင်ဘာလ ၂ ရက်နေ့ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

စစ်ရေးပဋိပက္ခ နောက်ဆက်တွဲအဖြစ် အရပ်သားသေဆုံးသူ ၃ဝဝ ခန့်နှင့် ဒဏ်ရာရရှိသူ ၆၀၀ ကျော်အပြင် အေအေနှင့်ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့်ဖမ်းခံထားရမှုများ နေ့စဉ်ရက်ဆက် ဖြစ်ပွားလျက်ရှိသည်။ ပြည်နယ်အစိုးရကတော့ နှစ်ဘက်တိုက်ပွဲအတွင်း သေဆုံးသွားသည့်အရပ်သားများအတွက် တစ်ဦးလျှင် ငွေကျပ် ၃ သိန်းစီဖြင့် ၁၃၂ ဦးကိုလည်းကောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို တစ်ဦးလျှင်ငွေကျပ် ၅ သောင်း စီဖြင့် ၃၂၈ ဦးကိုလည်းကောင်း ထောက်ပံ့ငွေများပေးအပ်ထားကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက နိုဝင်ဘာလ ၁၆ ရက်နေ့က ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ပြောဆိုထားသည်။

သို့သော်လည်း ယင်းထောက်ပံ့မှုမှာ အားရဖွယ်မရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့ကြသည်။ ထို့အပြင် ဒေသခံပြည်သူများ အတိဒုက္ခရောက်နေခြင်းနှင့်ပတ်သက်ပြီး အာဏာရ NLD အစိုးရနှင့် လက်ရှိ ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ နှုတ်ဆိတ်နေသည့်အပေါ် ရခိုင်ပြည်သူလူထုက မေးခွန်းထုတ်နေကြသည်။

ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာခဲ့သည့် စစ်ဘေးရှောင်တစ်ဦးဖြစ်သူ ဦးစောသိန်းက “ဒုက္ခသည်ကိစ္စကို ပြည်နယ်အစိုးရအနေနဲ့ ပြောဆိုတာကိုမကြားမိဘူး၊ ကြားလည်းမကြားဖူးဘူး” ဟု မှတ်ချက်ပြုသည်။

ဗဟိုချုပ်ကိုင်မှုစနစ်ဖြင့် NLD အစိုးရမှခန့်အပ်ထားသည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့၏ ရခိုင်အရေးနှင့်ပတ်သက်ပြီးလုပ်ဆောင်ချက်များအပေါ် ပြည်သူများအားရကျေနပ်မှုမရှိဘဲ အစိုးရ (၅)နှစ် သက်တမ်းသာ ကုန်ဆုံးတော့မည်ဖြစ်သည်။ အလားတူ အစိုးရသစ်ကို ဦးဆောင်ဖွဲ့စည်းမည့်် နိုင်ငံတော်သမ္မတက ရွေးချယ်ခန့်အပ်သော နောက်ထပ် ငါးနှစ်သက်တမ်း တာဝန်ထမ်းဆောင်မည့် ဝန်ကြီးချုပ်တစ်ဦးကိုလည်း မကြာခင် မြင်ရတော့မည်ဖြစ်သည်။

လက်ရှိ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည်လည်း ၎င်း၏ဂွမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)မှ ထပ်မံအနိုင်ရရှိထားသည်။ NLD ပါတီကတော့ လက်ရှိမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အသစ် ခန့်အပ်ရေးတွင် လက်ရှိဝန်ကြီးချုပ်ဦးညီပုအား ထည့်သွင်းစဉ်းစားထားခြင်းရှိ/မရှိကို ဆုံးဖြတ်ထားခြင်း မရှိသေးပေ။

ထို့အပြင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာတွင် မည်သူ့ကို ဝန်ကြီးချုပ်ခန့်အပ်ရမည်ကိုလည်း ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း NLD ပါတီဗဟို ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

“ဒီကြားကာလမှာ ကျွန်တော်တို့ပါတီအတွင်း ဆွေးနွေးကြရပါဦးမယ်” ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

အကယ်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို NLD ပါတီမှသာ ခန့်အပ်မည်ဆိုပါက မည်သူ့ကို ခန့်အပ်မလဲဆိုသည် ကလည်း စိတ်ဝင်စားစရာကောင်းလှသည်။

ရခိုင်အမျိုးသားပါတီကို ကမ်းလှမ်းလာနိုင်သလား

တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် NLD ပါတီ၏ ရည်မှန်းချက်များနှင့် တူညီကြသည့်အတွက် နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် တိုင်းရင်းသားပါတီ ၄၈ ပါတီအား ပူးပေါင်းပါဝင်ရန် NLD ပါတီက ဖိတ်ခေါ်ထားသည်။

NLD ဖော်ဆောင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးကို တိုင်းရင်းသားပါတီများအနေဖြင့် တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟုမျှော်လင့်ကြောင်းကို “နောင်အနာဂါတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ”ခေါင်းစဉ်ဖြင့် နိုဝင်ဘာလ ၁၂ ရက်နေ့က တိုင်းရင်းသားပါတီများထံ အိတ်ဖွင့်စာပေးပို့ခဲ့သည်။

လာမည့် ၅ နှစ်တာကာလအတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံသည့် အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းရန်အတွက် ယင်းကဲ့သို့ဖိတ်ခေါ်ရခြင်းသည်ဟု NLD ဗဟိုတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသည်။

သို့သော် NLD အနေဖြင့် ၂၀၂၀ အလွန်တွင် ညွန့်ပေါင်းအစိုးရ (သို့မဟုတ်) အမျိုးသားညီညွတ်ရေးအစိုးရ မည်သည့်အစိုးရအဖွဲ့ ဖွဲ့မည်ကို မရှင်းမလင်းဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက ဆိုသည်။

“အခုက ညွန့်ပေါင်းအစိုးရဖွဲ့မှာလား၊ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့မှာလားဆိုတာ မရှင်းဘူးဖြစ်နေတယ်။ ညွန့်ပေါင်းဆိုတဲ့သဘောက ANP ပါတီက အစိုးရအဖွဲ့ထဲမှာပါလာမှာ။ ပါတီကနေပြီးတော့ ကိုယ်စားပြုပြီး နာမည်ပေးမယ်၊ ပါတီကလူရွေးမယ်ပေ့ါနော်။ အဲလိုမဟုတ်ဘဲနဲ့ အမျိုးသားညီညွတ်ရေးအစိုးရဆိုတာဟာ သူကြိုက်တဲ့လူကိုရွေးမှာပေါ့” ဟု ၎င်းကပြောသည်။

၂၀၂၀ ရွေးကောက်ပွဲအလွန် အခင်းအကျင်းအရ ရခိုင်အမျိုးသားပါတီ(ANP)သည် ရခိုင်ပြည်နယ် လွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ် ၇ ဦးဖြင့် အများဆုံးအနိုင်ရရှိထားသည့် ပါတီဖြစ်နေသည်ကို ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် ရွေးကောက်ပွဲရလဒ်များအရ သိရသည်။

NLD ပါတီကတော့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၄ ဦးဖြင့် ဒုတိယအများဆုံး အနိုင်ရရှိထားခြင်း ဖြစ်သည်။ ဤအခြေအနေတွင် ပြည်နယ်လွှတ်တော်တွင် အများဆုံးအနိုင်ရထားသည့် ANP ပါတီမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လာနိုင်သလားဟု မေးခွန်းထုတ်မှုများလည်း ရှိနေကြသည်။

လက်ရှိအခြေအနေတွင် NLD ပါတီအနေဖြင့် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တုန်းကလိုမျိုး ၎င်းတို့ကြိုက်ရာလူကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မည့်သဘောထား မဟုတ်တော့ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“ရခိုင်လွှတ်တော်မှာရှိနေတဲ့ ကိုယ်စားလှယ်အများစုရဲ့ သဘောထားကိုရယူပြီးတော့ ဝန်ကြီးချုပ်ရွေးဖို့ သမ္မတကို တင်ပြမယ်လို့ထင်တယ်” ဟု ၎င်းကဆိုသည်။

အကယ်၍ ရခိုင်အမျိုးသားပါတီကသာ ပြည်နယ်ဝန်ကြီးနေရာကိုရရှိပါက ရခိုင်ဒေသငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးကို တာဝန်ယူနိုင်မည်ဟုလည်း ဦးသန်းစိုးနိုင်က သုံးသပ်သည်။

NLD အစိုးရက ရခိုင်ပြည်နယ်တွင် ဝန်ကြီးချုပ်ခန့်အပ်ရန်အတွက် ANP ပါတီသို့ အဆိုပြုလာလျှင် “လှိုက်လှဲစွာ ကြိုဆိုသွားမည်” ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြောသည်။

ပြည်နယ်ဝန်ကြီးချုပ်နေရာအတွက် အဆိုပြုလာပါက ခန့်အပ်နိုင်မည့် ANP ပါတီမှ လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်၍လည်း “ရခိုင်ပြည်နယ်ကို ပိုင်ပိုင်နိုင်နိုင်အုပ်ချုပ်မှုစွမ်းရည်ရှိတဲ့ လူတစ်ယောက်ကိုတော့ တာဝန်ပေး ရွေးချယ်သွားမယ်” ဟု ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း၌ ANP ပါတီမှ လွှတ်တော် ကိုယ်စားလှယ် ၄၅ နေရာအထိ အများဆုံးအနိုင်ရရှိခဲ့သည့်အတွက် ပြည်နယ်အစိုးရဖွဲ့ခွင့်နှင့် ပြည်နယ်ဝန်ကြီးချုပ်နေရာကို ၎င်းတို့ပါတီမှခန့်အပ်ပေးရန် တောင်းဆိုခဲ့ကြသည်။ သို့သော် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အနိုင်ရရှိခဲ့သည့် လက်ရှိအာဏာရပါတီက ယင်းတောင်းဆိုမှုကို လျစ်လျှူရှုခဲ့ပြီး ၎င်းတို့ပါတီ၏ ပြည်နယ်ဥက္ကဋ္ဌ ဦးညီပုကို ဝန်ကြီးချုပ်နေရာပေးအပ်ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်ဝန်ကြီးချုပ်များကို နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်ရမည် ဖြစ်သည်။ ယင်းဖွဲ့စည်းပုံအရဆိုသည်ကို ANP ပါတီက လက်ခံသော်လည်း မည်သည့် လွှတ်တော်ကိုယ်စားလှယ်ကိုမဆို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်နိုင်ကြောင်းကို ထောက်ပြပြီး တောင်းဆိုခဲ့ကြသည်။ ထိုစဉ်က ရခိုင်အမျိုးသားပါတီအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့အဖြစ် ဦးဆောင်ဖွဲ့စည်းခွင့်မရလျှင် အတိုက်အခံအနေဖြင့်သာ ရပ်တည်သွားမည်ဖြစ်ကြောင်းကြေငြာခဲ့သော်လည်း ယင်းကြေညာချက်သည် ၂၀၁၅ မှ ၂၀၂၀ ကာလအထိသာဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီက ပြောဆိုထားသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ ဝန်ကြီးချုပ် ဖြစ်လာနိုင်သလား

ပြီးခဲ့သည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာ မဲရလဒ်များအရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိပြီး အစိုးရဖွဲ့ခွင့်ရရှိခဲ့သည်။ ယင်းအချိန်တွင် ကြံ့ခိုင်ရေးပါတီမှ အမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးဟောင်း ဦးလှမောင်တင်ကို သမ္မတ(ငြိမ်း)ဦးသိန်းစိန်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ် ခဲ့သည်။ သို့သော် ၂၀၁၄ ဇွန်လ ၂၀ ရက်နေ့တွင် ဦးလှမောင်တင်သည် မိမိသဘောဆန္ဒအလျှောက် တာဝန်မှ နှုတ်ထွက်သွားသည်။

ဦးလှမောင်တင်နေရာတွင် ဗိုလ်ချုပ်အဆင့်ရှိသူ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် သမ္မတဦးသိန်းစိန်က ထပ်မံအဆိုပြုခဲ့သည်။ ယင်းနောက် ၂၀၁၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့ပြီး ဦးမောင်မောင်အုန်းကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့သည်။

သမ္မတ(ငြိမ်း)ဦးသိန်းစိန် အစိုးရလက်ထက်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းရှိခဲ့သော်လည်း NLD အစိုးရအနေဖြင့် တပ်မတော်သား ကိုယ်စားလှယ်ကိုဝန်ကြီးချုပ်ခန့်အပ်ရန် အဆိုပြုနိုင်မည်မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက ဆိုသည်။

“လက်ရှိအစိုးရကတော့ တပ်မတော်ရဲ့ နိုင်ငံရေးမှာပါဝင်မှု ဆန့်ကျင်ရေးကို အခြေခံထားတဲ့အတွက်ကြောင့် တပ်မတော်သားကိုယ်စားလှယ်တွေကို ရွေးမှာမဟုတ်ဘူး” ဟု ဒေါက်တာအောင်မျိုးက သုံးသပ်သည်။

တပ်မတော်အငြိမ်းစားထိပ်ပိုင်းခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(USDP)သည် လက်ရှိ ရွေးကောက်ပွဲရလဒ်များအရ ရခိုင်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် ၁ နေရာနှင့် ပြည်နယ်လွှတ်တော် ၁ တစ်နေရာမှာသာ အနိုင်ရရှိထားသည်။

ဝန်ကြီးချုပ် (၁) ဦး အလိုရှိသည်

ပြည်နယ်အတွင်း ၂၀၂၀ အလွန် ရခိုင်ပြည်နယ်ကိုအုပ်ချုပ်မည့် ပြည်နယ်ဝန်ကြီးချုပ်သည် မည့်သည့်ပါတီမှ မည်သူဖြစ်လာမည်ကို တိတိကျကျမပြောနိုင်သေးသော်လည်း ရခိုင်ပြည်နယ်အတွင်း လူနည်းစုအခွင့်အရေးနှင့် မတူညီသော လူ့အဖွဲ့အစည်းများအကြား ရင်ကြားစေ့ရေးကို ဆောင်ရွက်ပေးနိုင်မည့်လူမျိုးကို လိုအပ်နကြောင်း သံတွဲမြို့တွင်နေထိုင်သည့် မွတ်ဆလင်လူငယ်တစ်ဦးဖြစ်သူ ကိုဉာဏ်ကျော်ဖြိုးက ဆိုသည်။

“ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံကို အတက်နိုင်ဆုံး ရင်ကြားစေ့ရေးလုပ်ပေးနိုင်ပြီး လူငယ်တွေကြားမှာလည်း ဆွေးနွေးပွဲတွေကနေတစ်ဆင့် ယုံကြည်မှုရှိလာတာမျိုးကို လုပ်ဆောင်ပေးနိုင်တဲ့ ဝန်ကြီးချုပ်မျိုးကို လိုချင်ပါတယ်” ဟု ကိုဉာဏ်ကျော်ဖြိုးက ၎င်း၏အမြင်ကို ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို ခန့်အပ်ပိုင်ခွင့်ရရှိထားသည့် NLD ပါတီကမူ ဝန်ကြီးချုပ်ကို ရွေးချယ်ရာတွင် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး မိမိအသက်ကို ပဓာနမထားဘဲ ဆောင်ရွက်နိုင်သည့်လူမျိုးကို ထည့်သွင်းစဉ်းစားသွားမည်ဟု ဆိုသည်။

“ရခိုင်တိုင်းရင်းသားတွေနဲ့ ကျန်တဲ့တိုင်းရင်းသားအားလုံး ညီညွတ်ရေးဆောင်ရွက်နိုင်တဲ့ လူမျိုးဖြစ်ရမယ်။ နောက်ပြည်ထောင်စုကြီးတစ်ခုလုံးရဲ့ အကျိုးမှာလည်း ပါဝင်ဆောင်ရွက်နိုင်တဲ့ လူမျိုးဖြစ်ရမယ်။ ဒီအချက်တွေကိုတော့ ထည့်သွင်းစဉ်းစားသွားရမှာပါ” ဟု NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကပြောသည်။

မည်သို့ပင် အရည်အချင်းသတ်မှတ်ချက်များကို ထည့်သွင်းစဉ်းစားကြသည်ဖြစ်စေ ရခိုင်ပြည်သူများကတော့ လက်ရှိဖြစ်ပွားနေသည့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများအမြန်ဆုံးရပ်တန့်နိုင်အောင် ကြားဝင်စေ့စပ်ပေးမည့် ပြည်နယ်ဝန်ကြီးချုပ်ကို လိုလားနေကြသည်။

ယင်းကဲ့သို့ လိုလားသူများအထဲတွင် ကျောက်တော်မြို့ မီးရထားဘူတာစစ်ဘေးရှောင်စခန်းတွင် ၈ လခန့်ကြာ စစ်ဘေးရှောင်နေရသည့် ဦးစောသိန်းလည်းပါဝင်သည်။ ပြီးခဲ့သည့်မတ်လအတွင်းက ကျောက်တော်မြို့နယ် တင်းမကျေးရွာတွင် တိုက်ပွဲအကျိုးဆက်ကြောင့် နေအိမ် (၅၀၀)ကျော် မီးလောင်ပျက်စီးသွားသည့်အထဲတွင် ဦးစောသိန်းနေအိမ်လည်း ပါဝင်သွားခဲ့သည်။

ထွက်ပြေးတိမ်းရှောင်လာသည့်အချိန်ကနေ လက်ရှိအချိန်ထိ သူ၏နေရပ်ကို တစ်ကြိမ်တစ်ခါမှ မပြန်ရသေးကြောင်း ဦးစိန်းသိန်းကပြောသည်။ နေရပ်ပြန်နိုင်ရေးအတွက် ၎င်း၏ တစ်ခုတည်းသောမျှော်လင့်ချက်မှာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ပြေလည်မှုရသည့်အချိန်ဟု ခံယူထားသည်။

“ကိုယ့်ရပ်ကိုယ့်ဒေသကို အမြန်ဆုံးပြန်နိုင်အောင် စွမ်းဆောင်ပေးနိုင်တဲ့ ဝန်ကြီးချုပ်မျိုးလိုချင်တယ်။ နောက်ပြီး AA နဲ့ တပ်မတော်ကြားမှာ စစ်မက်ဖြစ်ပွားနေတာကို အတက်နိုင်ဆုံး ကြားကစေ့စပ်ဆောင်ရွက်ပေးတဲ့သူမျိုး လိုအပ်တယ်။ အဲလိုနှစ်ဖက်စလုံး ပြေလည်မှုရတဲ့အချိန်မှလည်း ကျနော်တို့ ကိုယ့်ဒေသကိုပြန်နိုင်မှာဖြစ်တယ်” ဟု ဦးစောသိန်းက ပြောသည်။

ဗီဒီယိုများ