အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ

ရခိုင်အရေးနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်မှ ၂၉ ရက်နေ့အထိ တစ်ပတ်အတွင်း ထူးခြားသတင်းများကို တင်ဆက်ပေးလိုက်ပါသည်။

By Admin 01 Jul 2025

အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ

ရခိုင်အရေးနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်မှ ၂၉ ရက်နေ့အထိ တစ်ပတ်အတွင်း ထူးခြားသတင်းများကို တင်ဆက်ပေးလိုက်ပါသည်။

■ စိုင်းတင်အထက်ပိုင်းဒေသတွင် ကလေးအသေမွေးဖွားနှုန်း မြင့်တက်နေ

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ စိုင်းတင်အထက်ပိုင်းက ကျေးရွာများတွင် ကိုယ်ဝန်ဆောင်မိခင်များမှာ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရ၍ ယနှစ်အတွင်း ကလေးအသေမွေးဖွားနှုန်း သိသိသာသာ တိုးလာနေကြောင်း DMG မှ စုံစမ်းသိရှိရသည်။

ကျေးရွာ ၁၈ ရွာခန့်ရှိသော စိုင်းတင်အထက်ပိုင်းက ကျေးရွာများတွင် ယခု ၂၀၂၅ ခုနှစ်အတွင်း ကလေးအသေမွေးဖွားမှုဖြစ်စဉ် ၅ ကြိမ်ထက်မနည်းရှိလာနေပြီဟု သိရသည်။

စိုင်းတင်အထက်ပိုင်းတွင် ခမီနှင့် မြိုလူမျိုး အများဆုံးနေထိုင်ကြပြီး တောင်တောင်ကိုအမှီပြုကာ စားဝတ် နေရေးကို ဖြေရှင်းကြသူများဖြစ်သည်။

စိုင်းတင်အထက်ပိုင်းမှ ဆေးရုံဆေးခန်းရှိရာနေရာသို့ သွားရောက်မည်ဆိုပါက ကုန်းလမ်း၊ ရေလမ်းခရီးနှင့် ၅ နာရီခန့်ကြာ အဆင့်ဆင့်သွားလာရသဖြင့် ကျန်းမာရေးလက်လှမ်းမီမှု မရှိကြေပေ။

ခရီးစရိတ်မှာလည်း ငွေကျပ်ငါးသိန်းထက်မနည်း ကုန်ကျမှုရှိသဖြင့် ဆေးဝါးကုသမှုခံယူရန် အခက်အခဲများရှိ၍ ယခုကဲ့သို့ ကျန်းမာရေးပိုင်းမှာ ထိခိုက်နစ်နာမှုများဖြစ်ပေါ်နေကြရခြင်း ဖြစ်သည်။

■ ငှက်ဖျားကြောင့် အမ်းတွင် စစ်ဘေးရှောင်သေဆုံးမှု မြင့်တက်

အမ်းမြို့နယ်အတွင်းက စစ်ဘေးရှောင်များမှာ ငှက်ဖျားဖြစ်ပွားမှုမြင့်တက်မှုနှင့်အတူ သေဆုံးမှုများရှိလာနေဖြင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲများကြောင့် အမ်းမြို့နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၂,၀၀၀ ခန့်ရှိပြီး ယခုနှစ်ဇွန်လအတွင်း ငှက်ဖျားရောဂါကြောင့် ကလေးအပါအဝင် သေဆုံးသူ ၁၅ ဦးထက်မနည်း ရှိလာပြီဖြစ်သည်။

ရခိုင်ရိုးမတောင်ခြေနှင့် နီးကပ်စွာတည်ရှိနေသော အမ်းမြို့နယ်က စစ်ဘေးရှောင်များမှာ အကာမလုံခြုံမှု၊ ခြင်ထောင်မရှိမှု၊ မိုးဦးကာလမှာ ခြင်ပေါက်ဖွားနှုန်းမြင့်တက်မှုတို့ကြောင့် ငှက်ဖျားဖြစ်ပွားမှုမှာလည်း မြင့်တက်နေသည်။

ယခုကဲ့သို့ ငှက်ဖျားဖြစ်ပွားမှုမြင့်တက်နေသဖြင့် အမ်းမြို့နယ်အတွင်းက စစ်ဘေးရှောင်များမှာ ကျန်းမာရေးလက်လှမ်းမီရန် အခက်အခဲများစွာရှိနေကြသည်။

■ ရခိုင်တွင် ဒေသခံနှစ်ဦး မိုင်းနင်းမိ

တောင်ကုတ်မြို့နယ်မှ ဒေသခံတစ်ဦးမှာ ဇွန်လ ၂၆ ရက်က ပန်းတောင် - တောင်ကုတ်လမ်းမရှိ စကခ ၅ (ယခင်စစ်ကောင်စီ ဌာနချုပ်) တပ်မအနီးမှာ လယ်ကန်သင်းရိုး ဆည်နေချိန် ပေါက်တူးနှင့် မိုင်းတစ်လုံးကိုထိမိရာမှ ပေါက်ကွဲမှုဖြစ်ပြီး ပြင်းထန်ဒဏ်ရာရရှိသွားခဲ့သည်။

ဇွန်လ ၂၅ ရက်ကလည်း ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာက ဒေါ်သိန်းမြကြည် (၆၁) နှစ်မှာ ကျောက်ဖြူအခြေစိုက် ခမရ ၅၄၃ တပ်ရင်းအနီး မိုင်းနင်းမိသွားသဖြင့် ဘက်ဘက်ခြေထောက် ပြတ်သွားခဲ့ရသည်။

မိုင်းနင်းမိသူနှစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် လက်ရှိ နေရာအသီးသီး၌ ဆေးကုသမှု ခံယူနေကြရသည်။

လက်ရှိ ရခိုင်ဒေသခံများမှာ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများ၊ စစ်ကောင်စီတပ်ရင်းအနီးနှင့် စစ်ကောင်စီ ယာယီစခန်းချခဲ့သော နေရာများတွင် သွားလာလှုပ်ရှားမိရာမှ မိုင်းနင်းမိမှုကြောင့် ထိခိုက်သေဆုံးမှုနှင့် ကြုံနေကြရသည်။

■ ကျောက်ဖြူတွင် ဆန်ဈေးခေါင်ခိုက်နေ

ရခိုင်ပြည်အတွင်းက စစ်ကောင်စီထိန်းချုပ်ဆဲဖြစ်သော ကျောက်ဖြူမြို့တွင် ဆန်ရိက္ခာပြတ်လပ်ကာ ဈေးနှုန်းတရိတ်ရိတ် မြင့်တက်လာနေကြောင်း ဒေသခံများက DMG ကို ပြောသည်။

ကျောက်ဖြူမြို့တွင် မေလကုန်ပိုင်းကစတင်ကာ ဆန် ပြတ်လပ်မှု ဖြစ်ပေါ်လာခြင်းဖြစ်။ လက်ရှိ (နို့ဆီဘူး ၃၂ လုံးဆံ့/၄ ပြည်ဝင်) ဆန်ကြမ်းတစ်တောင်းကို ငွေကျပ် ၅၅,၀၀၀ မှ ၆၀,၀၀၀ ကြားနှင့် (နို့ဆီဘူး ၃၂ လုံး/ ၄ ပြည်ဝင်) ပေါ်ဆန်းမွှေးဆန်တစ်တောင်းကို ငွေကျပ် ၈၀,၀၀၀ အထိ ဈေးမြင့်တက်နေသည်။

ပြီးခဲ့သည့် ဇန်နဝါရီလမှ ဆန်ကြမ်းဆန်တစ်တောင်းကို ငွေကျပ် နှစ်သောင်းခန့်သာ ရှိခဲ့ရာကနေ ယခုအခါ ငွေကျပ် ခြောက်သောင်းအထိ မြင့်တက်လာခြင်းဖြစ်သည်။

ယခင်က ကျောက်ဖြူမြို့နယ် ကျေးလက်ဒေသများမှ ဆန်သယ်ယူရောင်းချခွင့် ရရှိခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားလာချိန်မှာ စစ်ကောင်စီက မြို့အတွင်းသို့ ဝင်/ထွက်ခွင့်ကို ပိတ်ပင်လိုက်သည်။ ကျောက်ဖြူမြို့သို့ ဈေးရောင်းဈေးဝယ် လာရောက်သူများကိုလည်း စစ်ကောင်စီက ဖမ်းဆီး တရားစွဲဆိုမှုများရှိခဲ့သည်။

ထိုအချိန်မှစ၍ ကျောက်ဖြူမြို့ခံများမှာ ဆန်ရိက္ခာရရှိရေး ခက်ခဲလာခဲ့ပြီး တဖြည်းဖြည်းနှင့် ဆန်ရှားပါးကာ ဈေးနှုန်းမြင့်တက်ဒဏ်ကို ကြုံတွေနေရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

■ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ မွတ်ဆလင်အချို့ ရခိုင်သို့ ဝင်ရောက်နေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းများမှာ စားဝတ်နေရေးအပြင် အခြားအကျပ်အတည်းများကို ရင်ဆိုင်လာရသောကြောင့် ဒုက္ခသည်စခန်းအတွင်းက မွတ်ဆလင်များမှာ မိသားစုအလိုက် ရခိုင်ပြည်ဘက်သို့ ပြန်လည်ဝင်ရောက်မှုများရှိနေကြောင်း DMG က စုံစမ်းသိရှိရသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က စားနပ်ရိက္ခာထောက်ပံ့မှုအဖြစ် ဒုက္ခသည်တစ်ဦးလျှင် လစဉ် ၁၂ ဒသမ ၅ ဒေါ်လာ ထောက်ပံ့ပေးရာကနေ ဧပြီလမှစ၍ တစ်ဦးလျှင် ၆ ဒေါ်လာသာ ထောက်ပံ့ ပေးလျက်ရှိသည်။

ဒုက္ခသည်များမှာ စခန်းအတွင်း စားနပ်ရိက္ခာမလုံလောက်မှုနှင့် ကြုံလာရသဖြင့် ရခိုင်ဘက်သို့ သွားကြခြင်းဟု ကူတူပါလောင်ဒုက္ခသည်စခန်းက မွတ်ဆလင် အမျိုးသားတစ်ဦးက ပြောသည်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ ရခိုင်ကို ဝင်ရောက်လာကြသော မွတ်ဆလင်များမှာ မောင်တောမြို့နယ် မြောက်ပိုင်းက မင်္ဂလာကြီး၊ ဦးရှဉ့်ကျ၊ သူဦးလာ၊ ကျောက်လှေကား၊ လိပ်ရ စတဲ့ကျေးရွာများနှင့် ဘူးသီးတောင်မြို့နယ်က ကျေးရွာအချို့မှာ ဝင်ရောက်နေထိုင်နေကြသည်ဟု DMG က စုံစမ်းသိရှိရသည်။

လက်ရှိ ဘင်္ဂလားဒေ့ရှ်ဘက်က ဝင်ရောက်လာသော မွတ်ဆလင်ဒုက္ခသည် အရေအတွက်ကို အတိအကျ မသိရပေ။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ ရခိုင်သို့ ပြန်လည်ဝင်ရောက်လာသော မွတ်ဆလင် ဒုက္ခသည်များနှင့်ပတ်သက်၍ အချို့ကို စိစစ်လို့ရသော်လည်း အချို့မှာ စိစစ်ရန်ခက်ခဲနေကြောင်း AA နှင့် နီးစပ်သူများထံမှ သိရသည်။

■ စစ်တွေတွင် ဆေးဝါးပြတ်လပ်လာ

စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သော စစ်တွေမြို့တွင် အခြေခံဆေးဝါး ပြတ်လပ်မှု ဖြစ်ပေါ်လာသဖြင့် ဒေသခံများ ကျန်းမာရေးအတွက် အခက်အခဲရှိလာနေကြောင်း သတင်းရရှိသည်။

စစ်တွေမြို့အတွက် လိုအပ်သောဆေးဝါးများကို ရန်ကုန်က မှာယူသုံးစွဲနေရခြင်းဖြစ်ပြီး ဇွန်လအတွင်း စစ်ကောင်စီက စစ်တွေမြို့ကို ဆေးဝါးတင်သွင်းခွင့် ကန့်သတ်ခဲ့သည့်အပြင် လေကြောင်းနှင့် ဆေးဝါးသယ်ခွင့်ကိုလည်း ဆေးရုံအထောက်အထားပြည့်စုံမှသာ အကန့်သတ်ဖြင့် သယ်ခွင့်ပြုထားကြောင်း သိရသည်။

လက်ရှိ အခြေခံဆေးဝါးများအပြင် နာတာရှည်ရောဂါသည်များ ပုံမှန်မှီဝဲနေရသော ဆေးဝါးများပါ ပြတ်လပ်မှုကြောင့် သေဆုံးသူများလည်း ရှိလာနေသည်ဟု သိရသည်။

ရခိုင်တွင် မြို့သိမ်းတိုက်ပွဲ စတင်ချိန်မှစ၍ ဆေးဝါးအပါအဝင် ကုန်စည်စီးဆင်းမှုကို စစ်ကောင်စီက ပိတ်ဆို့လိုက်သဖြင့် စစ်တွေမြို့ခံများမှာ စစ်ကောင်စီ၏ အကန့်အသတ်ဖြင့် ခွင့်ပြုထားသော ရန်ကုန်မှ ကုန်သင်္ဘောများကိုသာ မျှော်ကိုးနေကြရသည်။