- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ပြည်တွင် အဖမ်းခံရသည့် ရခိုင်အချို့ စစ်မှုထမ်းအပို့ခံရ
- ပို့ကုန်ရငွေကျန်သည့် ကုမ္ပဏီ ၁၉၇ ခုကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း
- မြန်မာအပေါ် ဆင်နွှဲတဲ့ ထရမ့်ရဲ့ စစ်ပွဲ
ပို့ကုန်ရငွေကျန်သည့် ကုမ္ပဏီ ၁၉၇ ခုကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း
၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့သည့် လုပ်ငန်းရှင်များမှာ ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေစာရင်း ရှင်းလင်းခြင်းမရှိသဖြင့် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းလိုက်ကြောင်း ဖော်ပြထားသည်။
01 Jul 2025

DMG ၊ ဇူလိုင် ၁
မြန်မာနိုင်ငံမှ ပို့ကုန်များတင်ပို့ခဲ့ပြီး ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိနေသည်ဟုဆိုကာ ကုမ္ပဏီ ၁၉၇ ခုကို စစ်ကောင်စီ၏ မြန်မာနိုင်ငံဗဟိုဘဏ်က အမည်ပျက်စာရင်း (အမည်မည်းစာရင်း) သွင်းလိုက်ကြောင်း ဇွန်လ ၃၀ ရက်က ကြေညာခဲ့သည်။
၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့သည့် လုပ်ငန်းရှင်များမှာ ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေစာရင်း ရှင်းလင်းခြင်းမရှိသဖြင့် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းလိုက်ကြောင်း ဖော်ပြထားသည်။
နိုင်ငံခြားငွေရကြောင်းမပြသည့် ကုမ္ပဏီများကို အမည်မည်းစာရင်းသွင်းခြင်းသည် စစ်ကောင်စီ၏ နိုင်ငံခြားငွေ လိုအပ်ချက်မြင့်မားလာခြင်းကြောင့် စာရင်းဟောင်းများကို ဖော်ထုတ်၍ လုပ်ငန်းရှင်များကို ဖိအားပေးခြင်းဖြစ်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်သည်။
နိုင်ငံခြားဝင်ငွေများကို စစ်ကောင်စီ သတ်မှတ်သည့် နိုင်ငံခြားငွေလဲနှုန်း၊ သွင်းကုန်လိုင်စင် တင်းကျပ်မှုများကြောင့် ပို့ကုန်ရငွေများ ပြည်တွင်းဘဏ်များတွင်ထည့်ရန် ကုမ္ပဏီဘက်က ခက်ခဲစေနိုင်ကြောင်း စီးပွားရေးလေ့လာသူများက ပြောသည်။
"ကုမ္ပဏီတွေရဲ့ နိုင်ငံခြားပို့ကုန်ရငွေတွေ စစ်ကောင်စီလက်အောက် ဘဏ်တွေကိုထည့်ရမှာက သူတို့လဲပေးတဲ့ ငွေလဲနှုန်းနဲ့ ဘယ်ကုမ္ပဏီမှ အရှုံးခံပြီး မထည့်တော့ဘူးလေ။ ဒါကိုအတင်းခိုင်းပြီး သွင်းကုန်လိုင်စင်တွေ ပိတ်ပြီး ပြန်ချမပေးတာတွေက ပို့ကုန်ရငွေတွေ လုံးဝမဝင်နိုင်တော့တဲ့ အချက်တွေပေါ့။ အကြမ်းနည်းနဲ့လုပ်လို့ အဆင်ပြေရအောင် စစ်ရေး၊ နိုင်ငံရေးမှ မဟုတ်တာ၊ စီးပွားရေးကိုဒီလိုလုပ်တော့ ကျဆင်းတာပဲရှိမှာပါ" ဟု စီးပွားရေးလေ့လာသူ အမျိုးသားတစ်ဦးက သုံးသပ်သည်။
ကုမ္ပဏီများ၏ နိုင်ငံခြားဝင်ငွေ ၇၀ ရာခိုင်နှုန်းကို စစ်ကောင်စီက သတ်မှတ်ထားသည့် ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ငွေကျပ် ၂,၁၀၀ ခန့်ဖြင့် လဲလှယ်ရမည်ဖြစ်ပြီး ကျန် ၃၀ ရာခိုင်နှုန်းကိုမှ ငွေကျပ် ၄,၅၀၀ ခန့် ပေါက်ဈေးရှိသည့် ဒေါ်လာဈေးနှုန်းဖြင့် လဲလှယ်ရန် ခွင့်ပြုထားသည်။
ထို့ကြောင့် ပြည်ပကုန်တင်ပို့သူများက နိုင်ငံခြားဝင်ငွေများကို ပြည်တွင်းသို့မသွင်းပဲ ထိုင်း၊ စင်္ကာပူ စသည့်အိမ်နီးချင်းနိုင်ငံများ၌သာ သိမ်းဆည်းမှုများလာကြပြီး စစ်ကောင်စီ၏ အရေးယူမှုသည် ပြဿနာကို ပိုမိုဆိုးသွားစေကြောင်း စီးပွားရေးသုတေသီများက ရှုမြင်ကြသည်။
"စစ်ကောင်စီလုပ်ရပ်က ပြည်ပကုန်တင်ပို့သူတွေအတွက် မက်လုံးကို ပျက်စေပါတယ်။ ပြည်ပတင်ပို့ပြီး ရလာတဲ့ငွေတွေကို ပြည်တွင်းပြန်မသွင်းတော့ဘဲ စင်္ကာပူ၊ ထိုင်းတို့မှာ ထားတာမျိုးဖြစ်လာတယ်။ ဒါကို အရေးယူတာဟာ ပြဿနာကို မပြေလည်စေနိုင်ပါဘူး။ ထုတ်လုပ်မှု၊ ကုန်သွယ်မှုကို အားပေးတယ်လည်း မမြင်မိပါဘူး။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လက်တွေ့မကျတဲ့ နိုင်ငံခြားငွေလဲလှယ်မှုစနစ် ၈ မျိုးလောက် ဖြစ်နေတာကို ပြန်ဖြောင့်ဖို့လိုအပ်ပါတယ်။ ဈေးကွက်ပေါက်ဈေးအတိုင်း ငွေလဲနှုန်းစနစ်ကို သတ်မှတ်ထားဖို့ လိုအပ်ပါတယ်" ဟု စီးပွားရေးသုတေသီတစ်ဦးက သုံးသပ်သည်။
စစ်ကောင်စီက အမည်ပျက်စာရင်း ကြေညာလိုက်သည့် ကုမ္ပဏီများထဲတွင် စစ်ကောင်စီနှင့် အဆင်ပြေသည့် ကရင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူပိုင်ဆိုင်သည့် ချစ်လင်းမြိုင် တိုယိုတာကုမ္ပဏီလည်း ပါဝင်သည်။
နိုင်ငံခြားဝင်ငွေ ရှင်းတမ်းမထုတ်ပေးသည့် ကုမ္ပဏီ ၁၉၇ ခုသည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာ သတ်မှတ်ချက်များကို မလိုက်နာခြင်းကြောင့် ကုမ္ပဏီနှင့် ကုမ္ပဏီ ဒါရိုက်တာ အဖွဲ့ဝင်များကိုလည်း စစ်ကောင်စီက အမည်မည်းစာရင်း ထည့်သွင်းလိုက်သည်။
မြန်မာနိုင်ငံတွင်းသို့ နိုင်ငံခြားငွေများ ဝင်လာသည့် အဓိကလမ်းကြောင်းများဖြစ်သည့် ပို့ကုန်တင်ပို့မှုမှ ရငွေများ ရရှိရေးသည် အဓိကကျပြီး အာရှနိုင်ငံများသို့ တင်ပို့ပါက ပို့ကုန်တင်ပို့သည့်နေ့မှ ရက်ပေါင်း ၃ဝ အတွင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ ရက်ပေါင်း ၆ဝ အတွင်း ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေ မပျက်မကွက် ထည့်သွင်းရမည်ဟု စစ်ကောင်စီက သတ်မှတ်ထားသည်။
ယင်းသတ်မှတ်ချက်ကို မလိုက်နာပါက ပုဒ်မ ၄၂-က အရ တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်၊ ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံးလည်း ချမှတ်နိုင်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ပို့ကုန်တင်ပို့သူများအနေဖြင့် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရန် ဆောင်ရွက်ရမည်ဟု ဗဟိုဘဏ်က တိုက်တွန်းထားသည်။
နိုင်ငံခြားဝင်ငွေနည်းပါးနေသည့် စစ်ကောင်စီသည် အိမ်နီးချင်းနိုင်ငံများနှင့် ပြည်ပကုန်သွယ်မှုများ ပြုလုပ်ရန်အတွက်လည်း နယ်စပ်ဒေသအများစုကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးကျဆင်းမှု ဆိုးရွားစွာ ကြုံတွေ့နေရပြီး ငလျင်ဘေး၊ အမေရိကန်နိုင်ငံ၏ စည်းကြပ်ခွန်မြှင့်တင်ခြင်းတို့ကြောင့် ကုန်ထုတ်လုပ်ငန်းများစွာလည်း ကျဆင်းကာ အခြေခံ လူတန်းစားများ ငတ်မွတ်ခေါင်းပါးမှု မြင့်တက်လာနေသည်။