စစ်ကောင်စီနှင့် အေအေ ပါဝင်သည့် ပူးပေါင်းတပ်တို့ ရေကြည်အမြောက်တပ်အနီးတွင် တိုက်ပွဲပြင်းနေ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာတွင် အခြေစိုက်ထားသည့် အမှတ်-၃၄၄ အမြောက်တပ်ရင်းအနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲများ တဖန်ပြင်းထန်နေကြသည်ဟု ဒေသခံများက ပြောသည်။

By Admin 30 Jun 2025

စစ်ကောင်စီတပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခု။ ဓာတ်ပုံ - Myanmar Defence Weapons
စစ်ကောင်စီတပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခု။ ဓာတ်ပုံ - Myanmar Defence Weapons

DMG ၊ ဇွန် ၃၀

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာတွင် အခြေစိုက်ထားသည့် အမှတ်-၃၄၄ အမြောက်တပ်ရင်းအနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲများ တဖန်ပြင်းထန်နေကြသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါအမြောက်တပ်ရင်းကို အာရက္ခတပ်တော်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က ပြီးခဲ့သည့် ဇွန် ၁၀ ရက်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၁၀ ရက်ခန့်အကြာတွင် တိုက်ပွဲငြိမ်သက်သွားခဲ့သည်။ ယခုဇွန်လ ၂၇ ရက်မှစတင်ကာ တိုက်ပွဲတကျော့ပြန် ပြင်းထန်လာခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

"တိုက်ပွဲက ပြီးခဲ့တဲ့အပတ်က အနည်းငယ်ငြိမ်နေတာကနေ ဒီရက်ပိုင်းမှာ ပြန်ပြီးပြင်းတယ်။ အမြောက်ပစ်ခတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ ရှိလာတယ်။ စစ်ကောင်စီကတော့ အမြောက်တပ်အနီးနဲ့ မုံရွာ-ပုသိမ်လမ်းပိုင်းက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာရှိတယ်" ဟု ရေကြည်မြို့နယ်က ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ယင်းတိုက်ပွဲသို့ ကျူံပျော်အခြေစိုက်တပ်ရင်း၊ တပ်စခန်းများမှ လူအင်အားဖြည့်တင်းကာ လေကြောင်းဖြင့် ပစ်ကူပေးနေကြောင်း သိရသည်။

ဇွန်လ ၂၈ ရက်ကလည်း မုံရွာ-ပုသိမ် ကားလမ်းပေါ်ရှိ ပန်းတောကြီး၊ သဲနုကုန်းကျေးရွာအနီးတို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သည်။

ရေကြည်ဒေသခံ အမျိုးသမီးတစ်ဦးက "ပုသိမ်- မုံရွာ ကားလမ်းမှာက စစ်ကောင်စီနဲ့ တော်လှန်တပ်တို့ ထိန်ချုပ်ထားတဲ့ နေရာတွေရှိကြတယ်။ စစ်ကောင်စီ ထိန်းချုပ်နေရာဆိုရင် လူစိမ်းအဝင်အထွက် တင်းတင်းကျပ်ကျပ် စစ်ဆေးတယ်။ စားသောက်ကုန်တွေ သယ်ဖို့ဆိုရင်လည်း ရပ်/ကျေးထောက်ခံစာ ပါမှရတာ။ ဒါတောင် စစ်ကောင်စီဂိတ်တွေမှာ သူတို့တောင်းရင် တောင်းတာကိုပေးကြရတယ်" ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက အမှတ်-၃၄၄ အမြောက်တပ် မကျရေးအတွက် ပုသိမ်-မုံရွာလမ်းနှင့် ငါးသိုင်းချောင်း-ဂွလမ်းဆုံရှိ ရေနံ့သာဂိတ်တွင် အထိုင်ချကွပ်ကဲနေကြောင်း ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်းတွင် ရေကြည်၊ လေးမျက်နှာ၊ အင်္ဂါပူ၊ ပုသိမ်နှင့် သာပေါင်းမြို့နယ်တို့တွင် စစ်ကောင်စီနှင့် AA အပါအဝင် ဒေသခံ PDF အင်အားစုများအကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီ၏ တပ်စခန်းများနှင့် ရဲစခန်း ၈ ခုထက်မနည်းကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားသည်။