ပဋိပက္ခများ၊စစ်ပွဲများအပေါ်တွင် မူတည်နေသည့် ရခိုင်မြောက်ပိုင်း ခရီးသွားလုပ်ငန်း

“အခု ခရီးသွားတွေကိုယ်တိုင်က လုံခြုံမှုမရှိဆိုပြီးတော့ မလာကြာတာလေ။ မြေမြင်အခြေအနေမှာလည်း အာမခံလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ အရပ်သားပြည်သူတွေတောင်မှ ဖမ်းဆီးမေးမြန်းခံရတာတွေရှိတယ်။ မြောက်ဦးအပေါ်မှာ အများကြီး သက်ရောက်မှုရှိတယ်။ စီးပွားရေးလုပ်ငန်းတွေကအစ၊ လုပ်ငန်းရှင်တွေကအစ၊ အားလုံးရပ်ဆိုင်းသွားတယ်လို့ ပြောလို့တောင်ရတယ်”

19 Aug 2019

မြောက်ဦးမြို့ပေါ်ရှိ ထင်ရှားသည့် စေတီပုထိုးများအား ဖူးတွေ့ရစဉ်။ ဓာတ်ပုံ - ဇော်ဇော်/DMG

Written by  စိမ်းကိုကို|DMG

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်နောက်ပိုင်းမှစတင်ပြီး ရခိုင်ဒေသအတွင်း ခရီးသွားလုပ်ငန်းကျဆင်းလာမှုမှာ ပြန်လည် အဖတ်ဆယ်မရသည့် အခြေအနေပင်ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဒေသတွင်းပြဿနာများမှတစ်ဆင့် ၂၀၁၇ ခုနှစ်က ရခိုင်မြောက်ပိုင်း အကြမ်းဖက်မှုဖြစ်စဉ်များနောက်ပိုင်း ရခိုင်ဒေသသို့ ခရီးသွားလုပ်ငန်း အောက်ဆုံးအဆင့်သို့ ကျဆင်းခဲ့ရသည်။ တဖန် လက်ရှိ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ တိုက်ပွဲများမှာလည်း ပြင်းထန်လာသလို  ရေရှည်ဖြစ်ပွားသွားနိုင်သည့် အတွက် ရခိုင်မြောက်ပိုင်း ခရီးသွားလုပ်ငန်း အခြေအနေမှာ လုံးဝကျဆင်းနေသော အခြေအနေပင်ဖြစ်သည်။

ရခိုင်ပြည်နယ်သည် ရှည်လျားသော ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားပြီး မိုးများသောဒေသဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်းကို တစ်ရာသီသာ လုပ်ကိုင်နိုင်သည်။ နှစ်စဉ် ခရီးသွားများ စတင်ဝင်ရောက်မှုမှာ စက်တင်ဘာလနှင့် အောက်တိုဘာလများတွင်ဖြစ်သည်။ ခရီးသွားအများဆုံးသွားလာကြသည့် နေရာမှာ သံတွဲခရိုင်အတွင်းရှိ ငပလီကမ်းခြေ၊ ကျောက်ဖြူမြို့၊ စစ်တွေမြို့မှနေ မြောက်ဦးမြို့နှင့် လေးမြို့မြစ်အတွင်းရှိ ချင်းတိုင်းရင်းသား ကျေးရွာများကို အသွားများတတ်ကြသည်။

လက်ရှိအချိန်တွင် တပ်မတော်နှင့် AA တို့ကြားတိုက်ပွဲများမှာ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအထိ ဖြစ်ပွားလာသဖြင့် ခရီးသွားလုပ်ငန်းများအပြင် မြောက်ဦးမြို့ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်း ဝင်နိုင်ရေးအတွက်ပါ ထိခိုက်မှုများရှိလာသည်။ မြောက်ဦးမြို့ပေါ်က ဟိုတယ်တချို့မှာလည်း ခရီးသည်များ လာရောက်မှုမရှိသည့်အတွက် ပိတ်လိုက်ရသလို တချို့ဟိုတယ်များမှာလည်း ဝန်ထမ်းများ လျှော့ချလိုက်ရသည်။

“ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့စစ်ပွဲတွေ ဘယ်အချိန်ရပ်မှာလဲဆိုတာကို ဘယ်သူမှ မသိဘူး။ ဒါ့ကြောင့် ခရီးသွားတွေမလာဘူး။ ခရီးသွားတွေမလာတော့ ဟိုတယ်တွေလည်း နားရတာပေါ့”ဟု ဇွန်လအတွင်း ကပိတ်လိုက်ရသည့် မြောက်ဦးမြို့ရှိ မင်းသမီးဟိုတယ်ပိုင်ရှင် ဦးလှမြင့်က ပြောသည်။

ရခိုင်ပြည်နယ်ကို ကမ္ဘာလှည့်ခရီးသည်များနှင့်၊ ပြည်တွင်းခရီးသွားများမှာ မိုးရာသီကို လာရောက်မှု အလွန်နည်း ပါးသည့်အတွက် ငပလီကမ်းခြေလို နေရာ၌ပင် ဟိုတယ်တချို့မှာ နှစ်စဉ်ယာယီရပ်ထားရသလို ယခုနှစ် မိုးရာသီတွင်လည်း ငပလီကမ်းခြေရှိ ဟိုတယ် ၃၀ ခန့်မှာ ယာယီရပ်နားထားသည်ဟု သံတွဲခရိုင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ DMG ကိုပြောဆိုထားသည်။

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၏ စာရင်းဇယားများအရ ရခိုင်ပြည်နယ်အတွင်းသို့ ခရီးသည်ဝင်ရောက်မှုမှာ ၂၀၁၉ ခုနှစ်တွင်း ရာနှုန်းပြည့် ကျဆင်းနေသည်ကိုတွေ့ရသည်။ ရခိုင်ပြည်နယ်ကို ခရီးသည်ဝင်ရောက်မှုမှာ ၂၀၁၇ ခုနှစ် အတွင်းက ၆၀၀၀၀ ကျော်၊ ၂၀၁၈ ခုနှစ်တွင် ၅၀၀၀၀ ကျော်ခန့်ရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ်မေလ အထိ ခရီးသည် ဝင်ရောက်မှုမှာ ၁၆၆ ဦးခန့်သာရှိခဲ့သည်။ 

ကမ္ဘာပေါ်တွင် ခရီးသွားလုပ်ငန်းသည်  ဒေသအတွင်းရှိ သဘာဝနှင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များဖြင့် နိုင်ငံ တစ်နိုင်ငံ၏ဝင်ငွေကို ရှာဖွေပေးနေသည့် အခန်းကဏ္ဍတစ်ခုလည်းဖြစ်သည်။ ခရီးသွားလုပ်ငန်း ကျဆင်းခြင်းသည် ယင်းနိုင်ငံ၊ ယင်းဒေသရှိ သဘာဝအရင်းအမြစ်များ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးစဉ်များ ဆုံးရှုံးခြင်းဖြစ်ကြောင်းလည်း ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

“ရိုက်ခတ်မှုကတော့ တော်တော်များများရှိတယ်။  အခုလောလောဆယ်လည်းရှိသလို အနာဂတ်မှာလည်း ဖြစ်လာမလားလို့ စိုးရိမ်နေကြတယ်။ အခုလောလောဆယ်ကတော့ အောက်တိုဘာလောက်ရောက်ရင် အစိုးရနဲ့ ငြိမ်းချမ်းရေးတစ်ခုခုရပြီးရင် နယ်မြေအေးချမ်းသွားရင်တော့ လာမယ့်လူတွေကတော့ ကုမ္ဗဏီတွေကလဲ ဆော်သြမယ်။ ဒီဖက်ကလဲ ကြိုဆိုမယ်ဆိုရင် လာဖို့ကတော့ရှိနိုင်တယ်။ အဲဒီမဟုတ်ဘဲ ပြောင်းပြန်သာဖြစ်သွားရင်တော့ ကျွန်တော်တို့ ဒီဖက်ဆိုဒ်အတွက် ဆိုးကျိုးအများကြီးရှိပြီးတော့ ဒီလုပ်ငန်း နဲ့ လုပ်ကိုင်နေကြတဲ့သူတွေအတွက် ဒီနှစ်အတွက် ဘဝအခြေအနေလုံးဝမကောင်းဘူးလို့ သတ်မှတ်ရမယ်”ဟု ဝါရင့်ဧည့်လမ်းညွှန်တစ်ဦးလည်းဖြစ် ရခိုင်ဧည့်လမ်းညွှန်များအသင်း(RTGA) ဥက္ကဌဖြစ်သူ ဦးဇော်မြင့် ကပြောသည်။

ပြီးခဲ့သည့်နှစ်များက ရခိုင်ပြည်နယ်သို့ ခရီးသွားအများဆုံးဝင်ရောက်မှုမှာ အာရှနိုင်ငံများဖြစ်သော ထိုင်း၊ ဂျပန်၊ ကိုးရီယား ခရီးသည်တစ်ချို့သာ ဝင်ရောက်ခဲ့သော်လည်း ဥရောပခရီးသွားများဝင်ရောက်မှု အလွန်းနည်းပါး ခဲ့သည်။

စစ်ပွဲများ မရပ်စဲလျှင် မြောက်ဦးအပါဝင် စစ်တွေနှင့် တခြားနေရာများကိုပါ ခရီးသည်များဝင်ရောက်မှု အလွန် နည်းပါးမည်ဖြစ်ပြီး  ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးမှာ စစ်ပွဲများ ရပ်စဲပြီးမှ ခရီးသွားလုပ်ငန်းများ ပြန်လည် ဦးမော့လာမည်ဖြစ်သည်။ တစ်ဖက်တွင်လည်း တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ဒေသတွင်း အရပ်သား ပြည်သူ များသည်ပင်လျှင် သွားလာရေး ကိစ္စရပ်များကြောင့် ဖမ်းဆီးစစ်ဆေးခံရမှုများ ရှိနေသည့်အတွက် လုံခြုံ ရေးအခြေအနေမှာ အာမခံနိုင်မှု မရှိနိုင်သလို စစ်ပွဲများဖြစ်နေခြင်းသည် မြောက်ဦးအပေါ်၌ များစွာ သက်ရောက်မှုရှိကြောင်း  မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က သုံး သပ်သည်။

“အခု ခရီးသွားတွေကိုယ်တိုင်က လုံခြုံမှုမရှိဆိုပြီးတော့ မလာကြာတာလေ။ မြေမြင်အခြေအနေမှာလည်း အာမခံလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ အရပ်သားပြည်သူတွေတောင်မှ ဖမ်းဆီးမေးမြန်းခံရတာတွေရှိတယ်။ မြောက်ဦးအပေါ်မှာ အများကြီး သက်ရောက်မှုရှိတယ်။ စီးပွားရေးလုပ်ငန်းတွေကအစ၊ လုပ်ငန်းရှင်တွေကအစ၊ အားလုံးရပ်ဆိုင်းသွားတယ်လို့ ပြောလို့တောင်ရတယ်”ဟုပြောသည်။

ရခိုင်ဒေသကို ၂၀၁၂ နောက်ပိုင်းမှစပြီး လုံခြုံမှုအခြေအနေအရ မသွားရောက်သင့်သည့် ဒေသအဖြစ် သံရုံးတချို့မှ ထုတ်ပြန်သတိပေးခဲ့ခြင်းများ ရှိနေပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့ကလည်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနမှ သူတို့နိုင်ငံသားများကို ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင်၊ကျောက်တော်၊ မင်းပြား၊ မောင်တော၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များကို လက်နက်ကိုင်ပဋိပက္ခ အချိန်မရွေးဖြစ်ပွားနိုင်သည့်အတွက် သွားရောက်ခြင်းမပြုကြရန် သတိပေး ထုတ်ပြန်ခဲ့သည်။

မြောက်ဦးမြို့ပေါ်တွင် အစိုးရခွင့်ပြုထားသည့် ဟိုတယ် ၆ လုံးနှင့် Guesthouse အလုံး ၂၀ ခန့်ရှိပြီး ရခိုင်မြောက်ပိုင်း ခရီးသွားလုပ်ငန်း ဦးမော့လာရေးမှာ စစ်ပွဲများရပ်စဲရန် အရေးကြီးကြောင်းလည်း မင်းသမီး ဟိုတယ်ပိုင်ရှင် ဦးလှမြင့်ကဆိုသည်။

“ခရီးသွားလုပ်ငန်း ပြန်လည်တိုးတက်လာဖို့အတွက် စစ်ပွဲတွေ အဓိကကျတယ်။ မဟုတ်ရင်တော့ ဒီမှာ ရှိနေတဲ့ ဟိုတယ်လုပ်ငန်းတွေ အကုန်ရပ်ပစ်ရမယ်”ဟုဆိုသည်။

ယင်းအပြင် စစ်ပွဲများရပ်စဲရေးမှာလည်း နိုင်ငံရေးအရသာ ဖြေရှင်းရမည့် အခြေအနေဖြစ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူညီမျှခွင့်များအပေါ်တွင် ဖွဲ့စည်းပုံအရ အာမခံချက်မရှိလျှင် အမျိုးသားရပ်တည်ချက်အရ လုပ်ဆောင်နေ သူများမှာလည်း ရှိနေမည်ဖြစ်ပြီး ယင်းကိစ္စရပ်များကို အစိုးရကသာ မဖြေရှင်းနိုင်ပါက စီးပွားရေးနှင့် ခရီးသွားလာရေးပါ ကျဆင်းနေမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးခင်မောင်ကြီးက သုံးသပ်သည်။

တစ်ဖက်တွင်းလည်း ရခိုင်ပြည်နယ်အတွင်းကို ခရီးသွားများလွတ်လပ်စွာဝင်/ထွက်လာနိုင်ရေးမှာ လမ်းပန်း ဆက်သွယ်ရေးအခက်အခဲများအပြင် တည်းခိုနေထိုင်ရန် ဟိုတယ်များလုံလောက်မှု မရှိခြင်းလည်းပါဝင် နေကြောင်းလည်းပြောဆိုသည်။

“တိုးရစ်တွေ အမှန်တကယ်လာကြမယ်ဆိုရင်လဲ ဒီဖက်မှာရှိတဲ့ ခရီးသွားလာရေးကိစ္စတွေ၊ ဟိုတယ်တွေဘာတွေ မပြည့်မစုံဖြစ်နေတာတွေက အရင်ကလည်းရှိခဲ့တယ်”ဟု ဦးခင်မောင်ကြီးကပြောသည်။

ဒေသတစ်ခုအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်သော အချက်များမှာ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း၊ သွားလာရေးလွယ်ကူခြင်း၊ တည်းခိုနေထိုင်ရေးအဆင်ပြေခြင်း၊ ဆွဲဆောင်မှုရှိသည့် နေရာများရှိနေခြင်းစသည့် အခြေအခံအချက်အလက်များရှိနေသော်လည်း ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုမှာ အဓိကကျနေသလို ရခိုင်ပြည်နယ်၏ မျက်မှောက်အခြေအနေတွင်လည်း ရခိုင်ပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းအခြေအနေ နှိုင်းယှဉ်လျင် တောင်ပိုင်းဒေသတွင် ပြဿနာမရှိသော်လည်း မြောက်ပိုင်းဒေသတွင် ခရီးသွားဝင်ရောက်မှု ကျဆင်းသွားခြင်းကိုတွေ့ရသည်။

ငပလီကမ်းခြေမှတစ်ဆင့် ရခိုင်မြောက်ပိုင်းဘက်ကိုလာမည့် ခရီးသည်တချို့ကိုလည်း ဒေသမတည်မှုကြောင့် လာရောက်ရန် မသင့်သေးကြောင်း ပြောဆိုခဲ့ရကြောင်းလည်း ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေး ဦးစီးဌာနမှဆိုသည်။

“ကျွန်တော်တို့ဌာနကိုလည်း တချို့ခရီးသွားဧည့်သည်တွေ မေးတာရှိပါတယ်။ သူတို့က ငပလီပြီးရင် မြောက်ဦးကို လာလည်ချင်တယ်။ မြောက်ဦးအခြေအနေ ဘယ်လိုရှိပါသလဲ မေးတဲ့အချိန်မှာလည်း လောလောဆယ်တော့ လာဖို့မသင့်သေးပါဘူးဆိုပြီးတော့ ကျွန်တော်တို့ကိုယ်တိုင် ဖြေဆိုခဲ့တာ ရှိတာပေါ့နော့်” ဟု ဟိုတယ်နှင့်ခရီးသွားဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲအောင်မိုးက DMG ပြောသည်။

မြောက်ဦးမြို့သို့ ခရီးသွားများလာရောက်ရန်အတွက် လမ်းပန်းဆက်သွယ်ရေးမှာလည်း အရေးပါပြီး ယခင်အစိုးရလက်ထက်က တည်ဆောက်ခဲ့သော မြောက်ဦးလေဆိပ်စီမံကိန်းမှာလည်း ဆက်လက်အကောင် ထည်ဖေါ်မှု မရှိသဖြင့် စီမံကိန်းရပ်ထားရသည့် အခြေအနေပင်ဖြစ်သည်။

ယင်းအပြင် မြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေး ကြိုးစားနေသည့်အချိန်ဖြစ်သလို အကယ်၍ မြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနှစ်အဖြစ် မြို့တစ်ခုဖြစ်သွားလျင်လည်း စစ်ပွဲများဆက်လက်ဖြစ်ပွားနေပါက ခရီးသွားဧည့်သည်များအနေဖြင့် လာရောက်လည်ပတ်မှု ရှိမည်မဟုတ်ပေ။

ထို့ကြောင့် မြောက်ဦးမြို့ပေါ်၌ ပစ်ခတ်မှုများ၊ ရှေးဟောင်းစေတီဘုရားများပေါ်တွင် တပ်စွဲထားခြင်းများကို နှစ်ဘက်တပ်ဖွဲ့များအနေဖြင့် ရှောင်းရှားသင့်ပြီး စစ်ပွဲများအားလုံးရပ်၍ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများဖြင့်သာ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးများကို ရခိုင်ပြည်နယ်နှင့် တစ်နိုင်ငံလုံးအတွက်ပါ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ သို့မှသာ ရခိုင်ပြည်နယ်၏ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်လာရန်အတွက် စစ်မီးကြီးကို အမြန်ဆုံးရပ်တန့်ရန်လိုအပ်သည်။

ဗီဒီယိုများ