မြေစာပင်များအတွက် ယမ်းငွေ့ပြယ်လွင့်ရေး အာမခံချက်

လေးထောင်(ခြောက်ပေ)ပတ်လည် ဓနိမိုး၊ ဝါးကြမ်းခင်းထားသည့် အခန်းငယ်၏ဝင်ပေါက်တွင် ဦးဦးထွန်းလှိုင် တစ်ယောက် ထောင်ထားသည့်ဒူးပေါ်လက်တင်ကာ အပြင်ဘက်ဆီငေးကြည့်နေပြီး အခန်းအတွင်းရှိ ၎င်း၏ အမျိုးသမီးကတော့ တစ်နှစ်သားအရွယ် သားအငယ်ကို နို့ချိုတိုက်ကျွေးလျက်ရှိနေသည်။

By အောင်ထိန် 14 Jan 2021

အောင်ထိန် ၊ DMG

“ကိုယ့်အိမ်မှာတော့ အမြဲတမ်းနေချင်တာပေါ့။ ဒါပေမယ့် တာရှည်မနေရဲခဲ့ဘူး။ ဘယ်အချိန် တိုက်ပွဲပြန်ဖြစ် လာမလဲဆိုတာကြောက်နေရတယ်” ဟု  ဦးဦးထွန်းလှိုင်က တွေးတွေးဆဆဖြင့် ပြောလိုက်သည်။

လေးထောင်(ခြောက်ပေ)ပတ်လည် ဓနိမိုး၊ ဝါးကြမ်းခင်းထားသည့် အခန်းငယ်၏ဝင်ပေါက်တွင် ဦးဦးထွန်းလှိုင် တစ်ယောက် ထောင်ထားသည့်ဒူးပေါ်လက်တင်ကာ အပြင်ဘက်ဆီငေးကြည့်နေပြီး အခန်းအတွင်းရှိ ၎င်း၏ အမျိုးသမီးကတော့ တစ်နှစ်သားအရွယ် သားအငယ်ကို နို့ချိုတိုက်ကျွေးလျက်ရှိနေသည်။

အခန်း၏အနီးအနားတွင် အပူအပင်ကင်းမဲ့စွာ ဆော့ကစားနေသော ကိုးနှစ်အရွယ် သားအကြီးကိုကြည့်ရင်း “ရွာမှာ လုံခြုံရေးအတွက်အာမခံချက်မရှိတော့ စစ်ဘေးရှောင်စခန်းကိုပဲ ပြန်လာနေရတာ” ဟု ဦးဦးထွန်းလှိုင်က ပြောလာသည်။

ဦးဦးထွန်းလှိုင်တို့မိသားစု၏ မူလနေရပ်ဖြစ်သည့် ညောင်ပင်လှကျေးရွာမှာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည့် ရသေ့တောင်မြို့နယ်အတွင်း တည်ရှိသည်။ ယင်းကြောင့် စစ်ဘေးရှောင်တစ်ထောင်ကျော် ခိုလှုံနေထိုင်နေသည့် ရသေ့တောင်မြို့ပေါ်က ရွှေပါရမီဘုန်းကြီးကျောင်း အတွင်းရှိ စစ်ဘေးရှောင်စခန်းတွင် ၎င်းတို့မိသားစုခိုလှုံနေကြသည်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်သည်။

ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလဆန်းပိုင်းမှစတင်ကာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ နှစ်ဘက် ဆွေးနွေးမှုလမ်းကြောင်း ပွင့်လာသည်နှင့်တစ်ပြိုင်နက် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများ ရပ်တန့် သွားပြီး စစ်ဘေးရှောင်တစ်ချို့ နေရပ်သို့ပြန်သွားမှုများရှိလာသည်။ ယင်းအထဲတွင် ဦးဦးထွန်းလှိုင်အပါအဝင် ညောင်ပင်လှကျေးရွာမှ ယောကျာ်းသား အယောက်သုံးဆယ်ခန့်လည်းပါဝင်သည်။ မိသားစုဝင်များကို စစ်ဘေးရှောင်စခန်းတွင်ချန်ထားခဲ့ပြီး ၎င်းတို့မှာ နှစ်ရှည်လများစွန့်ခွာခဲ့ရသည့် မိမိနေအိမ်များကို ပြန်လည် ပြင်ဆင်ရန်နှင့် စပါးခင်းများရိတ်သိမ်းရန် ရည်ရွယ်ပြီး နေရပ်သို့ပြန်သွားခြင်းဖြစ်ကြောင်း ဆိုသည်။

သို့သော် နှစ်ဘက်အပစ်အခတ်ရပ်စဲထားခြင်းသည် တရားဝင်လက်မှတ်ရေးထိုးထားခြင်းမဟုတ်ဘဲ နှစ်ဖက်နားလည်မှုနှင့် ရပ်စဲထားခြင်းသာဖြစ်သည်။ ယင်းသို့သောအခြေအနေကို မီဒီယာများမှတစ်ဆင့် ကြားထားသော ဦးဦးထွန်းလှိုင်တို့အတွက်မူ တိုက်ပွဲများပြန်ဖြစ်လာမည်ကိုစိုးရိမ်၍ မိမိတို့၏နေအိမ်များကို ထားခဲ့ပြီး စစ်ဘေးရှောင်စခန်းများသို့ ပြန်လာခဲ့သည်။

နှစ်ဘက်အပစ်အခတ်ရပ်စဲထားကြောင်း ပြောဆိုထားသော်လည်း တိုက်ပွဲကြားမှ ဒုက္ခပင်လယ်ဝေနေကြရသည့် မြေစာပင်များအတွက်မူ နေရပ်ပြန်ရေးအတွက် အာမခံချက်မပေးနိုင်သေးသည့် အခြေအနေတစ်ခုတွင်သာ ရှိသေးသည်။

ခိုင်မာသည့်အပစ်အခတ်ရပ်စဲရေး ရေရှည်တည့်တံ့ရန်အတွက် အစိုးရ၊ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) အကြား ပဏာမအပစ်အခတ်ရပ်စဲရေးစာချုပ်(Bilateral)လက်မှတ်ရေးထိုးမှုကို လုပ်ဆောင်သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက တိုက်တွန်းပြောဆိုနေကြသည်။

လက်မှတ်ရေးထိုးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများဖြစ်ပေါ်လာရန်အရေးကြီးပြီး ယင်းမှတစ်ဆင့် နှစ်ဖက် လက်နက်ကိုင်ခေါင်းဆောင်းများ၏နားလည်မှု၊ လိုက်လျော့မှုနှင့် အပြန်အလှန်ယုံကြည်မှုက အဓိကနေရာတွင် ရှိကြောင်းပြောဆိုလာသူက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင် နှစ်ပေါင်းများစွာ ကျင်လည် ခဲ့သည့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးဖြစ်သည်။
“အဓိကတော့ အပစ်အခတ်ရပ်ရမယ့် နှစ်ဖက်ခေါင်းဆောင်တွေရဲ့ နားလည်မှုနဲ့လိုက်လျောမှု အရေးကြီးဆုံးဘဲ” ဟု ၎င်းကမှတ်ချက်ပြုသည်။

လက်ရှိ ရက္ခိုင့်တပ်တော်(AA)နှင့် တွေ့ဆုံဆွေးနွေးမှုများကို တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးများဖြင့်  ဖွဲ့စည်း ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုအဖွဲ့က ဦးဆောင်နေပြီး အစိုးရမှတိုက်ရိုက်ပါဝင်မှုမရှိသောကြောင့် အပစ်အခတ်ရပ်စဲရေးအတွက် နောက်တစ်ဆင့်တက်လှမ်းနိုင်ရန် အခက်အခဲရှိနေကြောင်း စစ်ရေးအကဲခတ်သူ များက ပြောဆိုကြသည်။

အစိုးရဘက်ကမူ လာမည့်အစိုးရသစ်သက်တမ်း ငါးနှစ်တာကာလတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ အပစ်အခတ်ရပ်စဲထားခြင်းမရှိသည့် လက်နက်ကိုင်အဖွဲ့များပါဝင်လာရေး ပုံစံအသစ်ဖြင့်ချဉ်းကပ်ရန် ပြင်ဆင် ထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားထားသည်။ ယင်းပုံစံသစ်ကို"၂၀၂၀ အလွန် ငြိမ်းချမ်းရေးဖွဲ့စည်းတည်ဆောက်မှုအသစ်” ဟု အမည် ပေးထားကာ ယင်းကိစ္စရပ်ကို အရှိန်အဟုန်ဖြင့်ဖော်ဆောင်သွားမည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။

ယင်းအပြင် ရက္ခိုင့်တပ်တော်(AA)အပါအဝင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် ပမာဏအပစ်အခတ်ရပ်စဲရေး ထိုးနိုင်ရန်အတွက် ဒီဇင်ဘာလ ၁၆ ရက်နေ့က ပမာဏအပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းအဆိုကို အစိုးရမှ မြောက်ပိုင်းလေးဖွဲ့ထံသို့ ပေးပို့ထားသည်။ အစိုးရမှ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့် ပမာဏအပစ်အခတ် ရပ်စဲရေးအတွက် တစ်ဖွဲ့ချင်းစီ ဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဇန်နဝါရီလ ၈ ရက်နေ့ နေပြည်တော်တွင်ပြုလုပ်သည့် နိုင်ငံတော်သမ္မရုံးသတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

ထို့သို့ဆွေးနွေးရာ၌ IDPs ကိစ္စ၊ ဖွံ့ဖြိုးရေးကိစ္စ၊ ရွေးကောက်ပွဲမကျင်းပခဲ့သည့်ဒေသများတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး၊ ထိရောက်ခိုင်မာသော ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး၊ နှစ်ဖက်တပ်များအနေဖြင့် ထိတွေ့ တိုက်ပွဲမဖြစ်ပွားရေးအပြင် တပ်နေရာချထားရေးကိစ္စရပ်များကို ဆွေးနွေးသွားဟု သမ္မတရုံးကဆိုသည်။ သို့သော် အစိုးရက ရက္ခိုင့်တပ်တော်(AA)အား မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေငြာ ထားသဖြင့် အစိုးရမှ တစ်ဖွဲ့ချင်းဆွေးနွေးမည်ဆိုရာတွင် AA က ဥပဒေအရကန့်သတ်ချက် အခက်အခဲ ရှိနေသည်။

ယင်းကြောင့် အစိုးရမှ အေအေနှင့်ဆွေးနွေးမည်ဆိုပါက AA ကို အကြမ်းဖက်အဖွဲ့အဖြစ်က ပယ်ဖျက်ရန် လိုကြောင်း ပြောဆိုလာသူက ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေဖြစ်သည်။

“ဒီလို ပယ်ဖျက်ပေးခြင်းအားဖြင့် နှစ်ဘက်ဆွေးနွေးမှုတွေမှာ ယုံကြည်မှုတည်ဆောက်ရေးအတွက် အများကြီး အထောက်အကူဖြစ်လာမယ်လို့ ကျွန်မယုံကြည်တယ်” ဟု ၎င်းကဆိုသည်။

ယင်းအပြင် AA အဖွဲ့အား ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်အတွက် အကြမ်းဖက်အဖွဲ့အစည်းမှ ပယ်ဖျက် ပေးရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းသည့်အဆိုကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရခိုင်အမျိုးသားပါတီ ANP က ရခိုင်ပြည်နယ်လွှတ်တော်၌ တင်သွင်းလိုက်သည်။

ယင်းတိုက်တွန်းကြောင်းအဆိုကိုတင်သွင်းသူမှာ ANP ပါတီမှ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်ဖြစ်သည်။ ၎င်းက “ငြိမ်းချမ်းရေးအနှောက်အယှက်ပြုနေတာ၊ အဟန့်အတား ပြုနေတာက အကြမ်းဖက်ဆိုတဲ့ပုဒ်မ၊ မတရားအသင်းဆိုတဲ့ပုဒ်မ၊ မတရားအသင်းဆိုတဲ့ ကြေငြာထားတဲ့ အမည်နာမတွေပေါ့” ဟု ဆိုသည်။

အစိုးရ၊ တပ်မတော်နှင့် AA တို့အကြား အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှု ပိုမိုခရီးရောက်နိုင်ရေးအတွက်မူ ဦးထွန်းသာစိန်က “အဟန့်အတား စူးငြောက်ခလုတ်ဖြစ်နေတဲ့ အကြမ်းဖက်ဆိုတဲ့အမည်နာမကို ပယ်ဖျက်ပေး ရမှာဖြစ်တယ်” ဟု ထောက်ပြပြောဆိုသည်။

ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အဖြစ်က ပယ်ဖျက်၊ မပယ်ဖျက်ကိစ္စမှာ အစိုးရထိပ်ပိုင်းခေါင်းဆောင်များ လုပ်ဆောင်ရမည်တာဝန်တစ်ရပ်ဖြစ်သော်လည်း သမ္မတဦးသိန်းစိန်လအစိုးရလက်ထက်၌ အကြမ်းဖက်အဖြစ် သတ်မှတ်ခံရသည် တိုင်းရင်းသားလက်နက်များအား NCA လက်မှတ်မထိုးမီ ရက်အနည်းတွင် အကြမ်းဖက် အဖြစ်က ပယ်ဖျက်ပေးခဲ့မှုများရှိခဲ့ကြောင်း အစိုးရမှဦးဆောင်ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးကော်မရှင် အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောသည်။

“ကျွန်တော်တို့အတွေ့အကြုံတော့ ၂၀၁၁ ခုနှစ်က သမ္မတဦးသိန်းစိန်အစိုးရတုန်းက မြန်မြန်ဖိတ်ခဲ့တာ တွေ့တယ်။ ဖိတ်ပြီးတော့ဆွေးနွေးနေတာ ၂၀၁၁ ကစပြီးတော့ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅ ခုနှစ်ရောက်တော့မှ NCA လက်မှတ်ထိုးခါနီး မထိုးခင်သုံးရက်လောက်အလိုကျတော့မှ အကြမ်းဖက်အဖြစ်ကနေ ပယ်ဖျက်ပေးတာတော့ တွေ့ဖူးတယ်” ဟု ၎င်းကဆိုသည်။

အကြမ်းဖက်အဖွဲ့မှ ပယ်ဖျက်နိုင်ရေး ANP ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များက ရခိုင်ပြည်နယ်လွှတ်တော်မှ တစ်ဆင့် ကြိုးပမ်းမှုနှင့်ပတ်သက်ပြီး “သင်လျော်တဲ့လုပ်ရပ်” ဟု လက်ရှိအာဏာရ NLD ပါတီ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာမျိုးညွှန့်က မှတ်ချက်ပြုသည်။

“ဒါကတော့ သူတို့ပြည်နယ်တွင်းမှာ လိုအပ်နေတဲ့အခြေအနေအတွက် ပြည်ထောင်စုအစိုးရဆောင်ရွက်ပေးဖို့ တိုက်တွန်းတဲ့ဟာပါ။ ဒါသင့်လျော်တဲ့လုပ်ရပ်ပါ” ဟု ၎င်းကဆိုသည်။

သို့သော် AA အဖွဲ့အပေါ် တပ်မတော်၏ အာမခံချက်သည်သာ အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ရေးအတွက် ပိုမိုအရေးပါလာနိုင်ကြောင်း ထုတ်ဖော်ပြောဆိုလာသူ ဒေါက်တာမျိုးညွှန့်က

“လောလောဆယ် အေအေနဲ့ တပ်မတော်ကလည်း မကြာသေးခင်က တွေ့ဆုံဆွေးနွေးထားတဲ့အတွက် ဒါဟာတပ်မတော်ရဲ့ထောက်ခံမှုက အင်မတန်ကို အရေးပါပါလိမ့်မယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းမှစ၍ဖြစ်ပွားခဲ့သော တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲများ တရားဝင်ရပ်တန့်သွားရေးအတွက် အစိုးရဘက်မှ ခြေလှမ်းသစ်ကိုစတင်သင့်ကြောင်း ထောက်ပြပြောဆိုသူများလည်း ရှိနေသည်။

ယင်းအထဲတွင် ပါဝင်သူတစ်ယောက်ဖြစ်သည့် စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးက “ULA/AA ကို အကြမ်းဖက်အဖွဲ့အစည်းမှပယ်ဖျက်ရေးဟာ ရှေ့လာမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအားလုံးရဲ့ ပထမဆုံးခြေလှမ်းဖြစ်လာမှာပါ” ဟု ဆိုသည်။

“လာမယ့် ရခိုင်ပြည်နယ်အရေးမှာ ပိတ်ဆို့နေတဲ့အားလုံးမှာ ဒီဟာတစ်ခုကိုစပြီး ဖြေလျှော့ပြီးတော့ ပြောင်းလဲမှ သာလျှင် တခြားအဆင့်တွေကို ထပ်ပြီးတက်နိုင်မှာဖြစ်တယ်” ဟု ၎င်းကထပ်မံရှင်းပြသည်။

မည်သို့ပင်ဆိုစေ စစ်ရေးပဋိပက္ခနောက်ဆက်တွဲ မြေစာပင်ဖြစ်ခဲ့ရသည့် အရပ်သားသေဆုံးသူ ၃၀၀ ကျော်နှင့် ဒဏ်ရာရရှိသူ ၆၀၀ ကျော်၏ မိသားစုဝင်များ အပါအဝင် နေရပ်စွန့်ခွာခဲ့ရသူပေါင်း တစ်သိန်းကိုးသောင်း ကျော်က အာမခံချက်ပေးနိုင်မည့် ယမ်းငွေ့ပျယ်လွင့်ရေး သို့မဟုတ် ရေရှည်တည်တံ့သော အပစ်အခတ် ရပ်စဲရေးကို လိုလားတောင်းတနေကြသည်။

တိုက်ပွဲကြောင့် အတိဒုက္ခရောက်နေကြရသည့် စစ်ဘေးရှောင်များက လာမည့်လွှတ်တော်အခင်းအကျင်းမှ တစ်ဆင့်တက်လာမည့် အစိုးရသစ်လက်ထက်တွင် စိတ်ချလုံခြုံစွာနှင့် မိမိနေရပ်၌နေထိုင်ကာ လုပ်ကိုင် စားသောက်နိုင်ရန် မျှော်လင့်ချက်များလည်း ရှိနေကြသည်။

တစ်နှစ်ကျော်အကြာ နေအိမ်စွန့်ခွာခဲ့ရပြီး ကြမ်းကြားမှလေတိုးသည့် ဆောင်းအအေးဒဏ်ကို အံတုကာ ညအချိန်များကိုဖြတ်သန်းနေရသည့် ဦးဦးထွန်းလှိုင်နှင့် ၎င်း၏မိသားစုကမူ မိမိနေအိမ်တွင် အကြောက်တရား ကင်းရှင်းစွာဖြင့် နွေးထွေးလုံခြုံစွာပြန်လည်နေထိုင်လိုနေကြသည်။

“စစ်ဘေးရှောင်စခန်းမှာနေရတယ်ဆိုတာ ကိုယ့်အိမ်လိုဘယ်ပြည့်စုံမလဲ။ ကျွန်တော်တို့ အိမ်ပြန်ချင်ပါပြီ” ဟု ဦးဦးထွန်းလှိုင်က ပြောသည်။

ဗီဒီယိုများ