ခေတ်သစ်နိုင်ငံရေးပါတီများ၏ နောက်ခံ

နဝတ အစိုးရသည် ရခိုင်နိုင်ငံရေးပါတီများဖြစ်သော ALD ပါတီကိုလည်းကောင်း၊ တပ်ပေါင်းစုပါတီကိုလည်းကောင်း ဖျက်သိမ်းခဲ့သဖြင့် နဝတအစိုးရကျင်းပသော အမျိုးသားညီလာခံတွင် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရခိုင်လူမျိုးအသံကို ပေးနိုင်သည့် ကိုယ်စားပြုနိုင်ငံရေးပါတီ မရှိတော့ဘဲ ရခိုင်ပြည်နယ်မှ တနေရာအနိုင်ရ မြို (ခေါ်) ခမီတိုင်းရင်းသားပါတီသာ တက်ရောက်ခွင့်ရပြီး အမျိုးသားညီလာခံ ညောင်နှစ်ပင်တွင် မြို (ခေါ်) ခမီကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ တောင်းဆိုသံများသာ လွှမ်းမိုးပြီး ရခိုင်နှင့် တိုင်းရင်းသားမျိုးနွယ်စုကိုယ်စားပြု နိုင်ငံရေးအသံ လုံးဝပျောက်ကွယ်ခဲ့ရခြင်းမှာ လူမျိုးကြီးတစ်မျိုးဖြစ်သော ရခိုင်တို့ သမိုင်းဟာကွက်နှင့် လူမျိုးအသံ ဆိတ်သုဉ်းခြင်း ဖြစ်ပေါ်စေသည်။

17 Jun 2019


ထွန်းအောင်ကျော် | DMG


တရားလွှတ်တော်ရှေ့နေ ဆရာ ဦးအောင်ကျော်စိန်က ခေတ်သစ် နိုင်ငံရေးသမိုင်းကို ဆော်သြပြီး ဆရာ Khin Lat က ခေတ်သစ် နိုင်ငံရေးပါတီများ၏ နိုင်ငံရေး ခေါင်းစဉ်ဖြင့် ဆောင်းပါး Post တင်သည်ကို ဖတ်ရပါသည်။ ခေတ်သစ်နိုင်ငံရေးပါတီများ ဆိုသဖြင့် ၁၉၈၈ ခုနှစ်နောက်ပိုင်း အကြောင်းကိုသာ ဖေါ်ညွှန်းရပါလိမ့်မည်။

၁၉၈၈ နောက်ပိုင်း ၁၉၉၀ ခု ရွေးကောက်ပွဲအတွက် နဝတ အစိုးရက နိုင်ငံရေးပါတီများ ဖွဲ့စည်းခွင့်ပေးသဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံရေး ပါတီ ၂၀၀ ကျော်ခန့် မှိုပေါက်သလို ပေါက်လာခဲ့ပါသည်။ ဤတွင် ကျွန်တော်တို့ ပါဝင်ခဲ့သော ဖွဲ့စည်းမည့်ပါတီ ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ (ANDP)၏ ကဏ္ဍလည်း ပါဝင်လာပါသည်။

ANDP ဖွဲ့စည်းရန် စစ်တွေမြို့မောလိပ်ရပ်ကွက်ရှိ ဆရာဦးဘသိန်း၏ လေးထပ်တိုက် အပေါ်ဆုံးထပ်တွင် စည်းဝေးခဲ့ကြပါသည်။ ယင်းအချိန်က ၈၈ အရေးအခင်း အရှိန်အဟုန်ဖြင့် နဝတ အစိုးရက အကြိုညွှန့်ပေါင်းအစိုးရ သို့မဟုတ် နိုင်ငံရေး အစည်းအဝေးတစ်ရပ် ခေါ်ယူမည်ဟု ထင်မှတ်၍ သူ့ထက်ငါ နိုင်ငံရေးပါတီထောင်ပြီး နိုင်ငံရေးပါတီ ခေါင်းဆောင်လုပ်ကြပါသည်။ အသွင်အမျိုးမျိုး၊ နိုင်ငံရေးတခါမှ မလုပ်ဖူးသူများလည်း ဒီမိုကရေစီရပြီထင်ပြီး မိုးဦးကျ ဒင့်ဂျိုးဟင်း (မိုးကျလဖက်) ထွက်သလို ပါတီထောင်ခဲ့ကြပါသည်။

ANDP ထူထောင်ရန် စတင်ကြစဉ်က နဝတ စစ်အစိုးရက နိုင်ငံရေးပါတီထောင်ခွင့်ပြုမည်ဟု မသိကြသေးပါ။

ဦးဆောင်သူများမှာ ဆရာဦးဘအုန်း (သျှင်အုန်း)၊ ဆရာဦးဘသိန်း၊ ဆရာရှေ့နေ ဦးစောမောင်၊ ဆရာဦးအောင်ကျော်ဇံ၊ ဆရာဦးဝေစိန်အောင် တို့ ဦးဆောင်ပါသည်။ ယင်းအချိန်က ANDP အနေဖြင့် တရားဝင်ဖွဲ့စည်းခွင့် မရလျှင်လည်း ရခိုင်နိုင်ငံရေး အင်အားစုတရပ်အဖြစ် စုစည်းပြီး အမျိုးသားရေးကျရာတာဝန်ကို ဖြစ်သည့်နည်းဖြင့် ဖေါ်ဆောင်ရန် ယုံကြည်ချက်ဖြင့် စုစည်းကြခြင်းဖြစ်သည်။

ဦးဆောင်ကြသူအားလုံးမှာ မိမိတို့တစ်ဘဝစာလုံးကို ရခိုင်အမျိုးသားရေးအတွက် နိုင်ငံရေးတွင် မြှုပ်နှံခဲ့ကြသူများ ဖြစ်ကြပါသည်။ ယင်းအချိန်က ကျွန်တော်တို့အနေဖြင့် လူငယ်၊ အသက် ၃၀ ပတ်ဝန်းကျင် ဖြစ်ကြသည်။ ယင်းအချိန်က လူငယ်အဖွဲ့ဝင်များအဖြစ် ဦးအောင်သန်း၊ ဦးခင်မောင်လတ်၊ ဦးအစိန်(မောင်မင်းမာ မြောက်ဦး)၊ ဦးလှမောင်၊ ဦးမောင်ကျော်ခိုင် (ပေါက်တော) နှင့် ဦးကျော်ဇံသာ (ဗာစီတီ ကျူရှင်ဆရာ) နှင့် ကျွန်တော် ထွန်းအောင်ကျော်တို့ ပါဝင်ခဲ့သည်။

ဤသို့ စီစဉ်နေကြစဉ် နဝတ အစိုးရက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်နိုင်ကြောင်း ကြေငြာချက် ထွက်ပေါ်လာသဖြင့် ANDP အနေဖြင့်လည်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် ဆွေးနွေးကြစဉ်ပင် ရခိုင်သဟာယအဖွဲ့ အဖွဲ့ဝင်အများစုပါဝင်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီ မှတ်ပုံတင်ကြောင်း သတင်းစာအသီးသီးတွင် ပါလာခဲ့သည်။

သည်တွင် ANDP ၌ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပူးပေါင်းသင့်ကြောင်း ရခိုင်တွင် နိုင်ငံရေးပါတီနှစ်ခု မပေါ်သင့်ကြောင်း ကဏ္ဍပေါ်ပေါက်လာပါသည်။ အဓိက ဆရာဦးအောင်သန်းနှင့် ကျွန်တော် အပြင်းထန်ဆုံးဖြစ်ပါသည်။

ဆရာဦးဘအုန်းသည် အလွန်အေးဆေး တည်ငြိမ်သူဖြစ်ပါသည်။ ကျွန်တော့်အား အေးဆေးစွာ ရှင်းပြပါသည်။ မင်းတို့က အတွေ့အကြုံ နည်းသေးကြောင်း၊ ပါတီပေါင်းတယ်ဆိုတာ တန်းတူရည်တူ တစ်ပါတီနဲ့တစ်ပါတီ ပေါင်းရကြောင်း ANDP မှာ မှတ်ပုံမတင်ရသေးသဖြင့် ပါတီမဟုတ်သေးကြောင်း၊ ယင်းကြောင့် ပေါင်းလျှင် မှတ်ပုံတင်ပြီးသည့် ပါတီသို့ ဝင်ရောက်သည့် သဘောဆောင်ကြောင်း ရှင်းပြပါသည်။ ကျွန်တော် လုံးဝလက်မခံခဲ့ပါ။ ယင်းအပြင် လူကြီးများကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါသည်။

ဆရာတို့အနေဖြင့် ပါတီမပူးပေါင်းလိုခြင်း၊ သီးခြားပါတီထောင်လိုခြင်းမှာ ပုဂ္ဂိုလ်ရေးအာဏာ တည်ထောင်လို၍ဖြစ်ကြောင်း၊ အမျိုးသားရေးအတွက် ယခုအချိန်သည် တခုတည်းသော အင်အားဖြစ်ရန်လိုကြောင်း အကယ်၍  ANDP အား သီးခြားတည်ထောင်လိုပါက မိမိတို့လူငယ်များ မပါလိုကြောင်း အဓိက ကျွန်တော် အပြင်းအထန် ကန့်ကွက်ပါသည်။ ယင်းနောက် ဆရာဦးအောင်ကျော်ဇံ၊ ဆရာဦးဝေစိန်အောင်တို့အား ပူးပေါင်းရေးအတွက် ဆွေးနွေးရန် ရန်ကုန်သို့စေလွှတ်ပြီး ပူးပေါင်းရန် ပဏာမ သဘောတူညီချက် ရရှိခဲ့ပါသည်။

ယင်းနောက် ဒေါက်တာ စောမြအောင် ဦးဆောင်သောအဖွဲ့ စစ်တွေသို့ လာရောက်ရာ ကျွန်တော်တို့ သွားကြိုကြပါသည်။ သည်အချိန်တွင်ပင် စိတ်မချမ်းသာစရာအဖြစ်များ စတင်ကြုံရပါသည်။ ကြိုဆိုသူများသည် ပူးပေါင်းဖော်များအဖြစ် သတ်မှတ်ဆွေးနွေးကြိုဆိုသည့် အဆင့်မဟုတ်ဘဲ သာမန်ပါတီဝင်များသဖွယ် စတင်ဆက်ဆံခံရသည်။ သည်ထက် ထိခိုက်ရတာက မွတ်စလင်ဝန်ကြီး မောင်တော ဘူးသီတောင်အား မွတ်စလင်ပြည်နယ် ထူထောင်ရန် တသက်လုံးကြိုးပန်းခဲ့သူ စူလတန်မာမုဒ်၏သမီး ဟူမေရာ အား ALD ၏ ဗဟိုကော်မတီဝင်အဖြစ် ANDP ခေါင်းဆောင်များက ကြိုဆိုလိုက်ရသည့်အဖြစ်ကို ကျွန်တော် ရင်ထုမနာဖြစ်ရသည်။

ဤသို့ဖြစ်ရခြင်း အဓိက တရားခံမှာ ကျွန်တော်ဖြစ်သည်။ ဤတွင်မှ ALD တွင် ဗဟိုအဆင့်များ အပြီးသတ် ဖွဲ့စည်ပြီးဖြစ်ကြောင်း ကျွန်တော်တို့ သိခဲ့ရသည်။ နောက်ဆက်တွဲအဖြစ် ဆရာဦးစောမောင်အား ကွန်မြူနစ်ဖြစ်၍ ပါတီတွင် မပါဝင်စေရေးနှင့် ထုတ်ပယ်ပေးရန် ALD မှ တောင်းဆိုခဲ့သည်။

ဆရာဦးစောမောင်သည် တစ်ဘဝလုံး ရခိုင်အရေးအတွက် လုပ်ဆောင်ခဲ့သည်။ ထောင်အကြိမ်ကြိမ် ကျခဲ့သည်။ နိုင်ငံတော်ပုန်ကန်မှုဖြင့် ဖမ်းဆီးခံရသည်။ အမျိုးသား နိုင်ငံရေးသမား စစ်စစ်တစ်ဦးကို တသက်လုံး လူမှုရေးလုပ်လာသူများက ဖယ်ရှားပေးရန် တောင်းဆိုမှုအား ANDP မှ လက်မခံဘဲ ပယ်ချခဲ့သည်။

ရလဒ်မှာ ဟူမေရာ ကဲ့သို့သော လူများက ALD ၏ ဗဟိုကော်မတီများဖြစ်လာပြီး၊ တသက်လုံး ရခိုင်အရေးအတွက် ထောင်အကြိမ်ကြိမ်ကျခံ နိုင်ငံရေးလုပ်လာကြသူ ANDP ခေါင်းဆောင်များကို ရခိုင်ဒီမိုကရေစီ စစ်တွေမြို့နယ်အဖြစ် အဆင့်နိမ့်သတ်မှတ်ခဲ့သည်။ ယင်းအပြင် ဒေါက်တာ တင်အောင်အား ဒေါက်တာ စောမြအောင်၏ တိုက်ရိုက်ခန့် ဒု-ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ပြီး စစ်တွေမြို့နယ်အဖွဲ့အား အထူးစောင့်ကြည့်စေခဲ့သည်။

ယင်းအချိန်တွင် ရခိုင်ပြည်တွင် နိုင်ငံရေးပါတီများအဖြစ် ရက္ခိုင်ကျောင်းသားလူငယ်များအဖွဲ့ချုပ်၊ ရခိုင်တိုင်းရင်းသားများညီညွတ်ရေးအဖွဲ့ (ရတည)၊ ဦးကျော်ဇံရှီ၏ ရခိုင်ပြည်သူ့ညီညွတ်ရေးပါတီ၊ ဦးဘုံပေါက်သာကျော်၏ ရခိုင်ဒီမိုကရက်တစ်ပါတီ (နာမည်လွဲလျှင် ခွင့်လွှတ်ပါ)၊ ရခိုင်ပြည်လူ့အခွင့်အရေးပါတီ စသည်ဖြင့် ရခိုင်နိုင်ငံရေးပါတီများ ပေါ်ပေါက်ပြီးဖြစ်ရာ ရက္ခိုင်ကျောင်းသားလူငယ်များက တစုတစည်းတည်းသော နိုင်ငံရေးပါတီဖြစ်ပေါ်လာရေး ကြိုးပမ်းရာတွင် ALD မပါဝင်သော ရခိုင်ပြည်သူ့ဒီမိုကရေစီ တပ်ပေါင်းစု ဖြစ်လာပြီး ANDP များသည် အဓိက တပ်ပေါင်းစုအင်အား ဖြစ်လာသည်။ ဒေါက်တာ စောမြအောင်၏ တိုက်ရိုက်ခန့် စစ်တွေမြို့နယ် ဒု-ဥက္ကဋ္ဌ ဒေါက်တာ တင်အောင်လည်း ပါလာကာ တပ်ပေါင်းစုအဖွဲ့ဝင် ဖြစ်လာသည်။

၁၉၉၀ ခုရွေးကောက်ပွဲတွင် အဓိက ရခိုင်နိုင်ငံရေးပါတီများအဖြစ် ALD ပါတီ၊ ရတည(ပါတီတပ်ပေါင်းစု) ပါတီတို့ ယှဉ်ပြိုင်ခဲ့ပြီး ရခိုင်လူမျိုးများက နိုင်ငံရေးအသိထက်မြက်စွာ ရခိုင်တပါတီတည်းကို ရွေးချယ်မဲပေးခဲ့ခြင်းဖြင့် ALD သည် မဲ ၁၁ နေရာရရှိသော အနိုင်ရပါတီ ဖြစ်လာသည်။

နဝတ အစိုးရသည် ရခိုင်နိုင်ငံရေးပါတီများဖြစ်သော ALD ပါတီကိုလည်းကောင်း၊ တပ်ပေါင်းစုပါတီကိုလည်းကောင်း ဖျက်သိမ်းခဲ့သဖြင့် နဝတအစိုးရကျင်းပသော အမျိုးသားညီလာခံတွင် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရခိုင်လူမျိုးအသံကို ပေးနိုင်သည့် ကိုယ်စားပြုနိုင်ငံရေးပါတီ မရှိတော့ဘဲ ရခိုင်ပြည်နယ်မှ တနေရာအနိုင်ရ မြို (ခေါ်) ခမီတိုင်းရင်းသားပါတီသာ တက်ရောက်ခွင့်ရပြီး အမျိုးသားညီလာခံ ညောင်နှစ်ပင်တွင် မြို (ခေါ်) ခမီကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ တောင်းဆိုသံများသာ လွှမ်းမိုးပြီး ရခိုင်နှင့် တိုင်းရင်းသားမျိုးနွယ်စုကိုယ်စားပြု နိုင်ငံရေးအသံ လုံးဝပျောက်ကွယ်ခဲ့ရခြင်းမှာ လူမျိုးကြီးတစ်မျိုးဖြစ်သော ရခိုင်တို့ သမိုင်းဟာကွက်နှင့် လူမျိုးအသံ ဆိတ်သုဉ်းခြင်း ဖြစ်ပေါ်စေသည်။

ဤတွင် နဝတ အစိုးရသည် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီများအား လွှတ်တော်ခေါ်ယူပေးခြင်း မရှိဘဲ ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုပစ်ပယ်ခဲ့သဖြင့် NLD အဖွဲ့မှ ဦးဆောင်၍ လွှတ်တော်ကိုယ်စားပြုကော်မတီကို ၁၉၉၀ ခု ရွေးကောက်ပွဲအနိုင်ရပါတီ လူပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းခေါ်ယူခဲ့ရာ လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP တွင် ALD မှ ဒေါက်တာ စောမြအောင် ဥက္ကဋ္ဌ ဦးအေးသာအောင် အတွင်းရေးမှူးဖြစ်လာသည်။

SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်ဦး ဦးစီး၍ ညီညွတ်သော တိုင်းရင်းသားလူမျိုုးများ မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းရာ ဦးနိုင်ငွေသိန်း၊ ဦးနိုင်ထွန်သိန်း တို့ဦးဆောင်သော မွန်အဖွဲ့၊ ဦးကျင်ကျင့်ထန် ဦးစီးသော ဇိုမီးအဖွဲ့၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ဦးဂျီဘောင်ရင်း ဦးစီးသော ကချင်အဖွဲ့များ ပါဝင်သည်။

ယင်းအဖွဲ့သို့ ရခိုင်ဒီမိုကရေစီအဖွဲ့မှ သဘာပတိအဖွဲ့ဝင်အဖြစ် ဦးအောင်ထွန်းစိန် (ALD ပုဏ္ဏားကျွန်းမြို့နယ် အနိုင်ရကိုယ်စားလှယ်)၊ ဦးစီးအဖွဲ့ဝင်အဖြစ် ဦးအုန်းတင်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်အဖြစ် ဦးဘချမ်းဖြူ စသော ALD အဖွဲ့ဝင်များ ဝင်ရောက်ခဲ့သည်။

ဦးအောင်ထွန်းစိန်သည် နိုင်ငံခြားသို့ ထွက်ခွာခဲ့ခြင်းကြောင့်လည်းကောင်း၊ ဦးဘချမ်းဖြူသည် တရားမဝင် နိုင်ငံရေးစာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိမှုဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံရခြင်းကြောင့်လည်းကောင်း၊ ဦးအုန်းတင် တစ်ဦးတည်းကျန်ရှိရာ ယင်းလစ်လပ်နေရာများတွင် သဘာပတိအဖွဲ့ဝင်အဖြစ် ALD မှ ဦးမောင်စောဖြူ အားလည်းကောင်း၊ လုပ်ငန်းကော်မတီအဖြစ် တပ်ပေါင်းစုပါတီဝင်ဖြစ်ခဲ့သော ကျွန်တော် ထွန်းအောင်ကျော် အားလည်းကောင်း အစားထိုးခန့်အပ်ခဲ့သဖြင့် ခန့်မှန်း၂၀၀၃ - ၂၀၀၄ ခုနှစ်ခန့်တွင် ကျွန်တော် UNA အဖွဲ့ဝင် ဖြစ်လာသည်။ UNA အဖွဲ့ဝင်အဖြစ် တိုင်းရင်းသားများကဏ္ဍအတွက် တိုင်းရင်းသားခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။ အထူးသဖြင့် မွန်အမျိုးသားခေါင်းဆောင် ဦးနိုင်ငွေသိန်း၏ ရန်ကင်းနေအိမ်တွင် ဆွေးနွေးကြသည်က များသည်။

ယင်းအချိန်က UNA အဖွဲ့သို့ ဝင်ရောက်ဆောင်ရွက်ကြခြင်းမှာ ဗြောင် ပေါ်တင်ဝင်ရောက် ဆောင်ရွက်ကြခြင်း ဖြစ်ပါသည်။

ဤတွင် ဦးအုန်းတင်တို့ UNA သို့ ဝင်ရောက်ကြခြင်းနှင့် ပတ်သက်၍ ဦးအုန်းတင် ALD နှင့် SNLD တို့အကြား အပြန်အလှန် စာတိုစာရှည်များပို့၍ မကြေမလည် ပြဿနာဖြစ်မှုများ ရှိခဲ့သည်။ ALD မှ ဦးအုန်းတင်အား SNLD ဦးခွန်ထွန်းဦးတို့နှင့် မပေါင်းရန် တားမြစ်ထားပါလျက် UNA သို့ ဝင်ရောက်သဖြင့် ဦးအုန်းတင်အား ပါတီမှ ထုတ်ပယ်ကြောင်း ဦးစောမြအောင်၊ ဦးအေးသာအောင်၊ ဦးထွန်းဝင်းတို့ ၃ ဦး လက်မှတ်ထိုးထုတ်ပြန်ခဲ့သည်။

ယင်းတွင် မိမိပါတီကိစ္စကို မိမိတို့ဘာသာ မဖြေရှင်းဘဲ SNLD ပါတီအမည်နှင့် ဦးခွန်ထွန်ဦး အမည်အား ထည့်သွင်းရေးသားခြင်းကို ဖြေရှင်းရန် စာဖြင့်ရေးသားတောင်းဆိုမှုများရှိခဲ့သည်။ ဤကိစ္စများသည် တစ်ချိန်က အမှတ်ရဖွယ် သမိုင်းဖြစ်ရပ် အကွေ့ငယ်များဖြစ်သည်။

ယခုအခါ UNA အဖွဲ့တွင် ALD ပါတီရော၊  SNLD ပါတီပါ အတူတကွ လက်တွဲဆောင်ရွက်နေကြပြီဖြစ်သဖြင့် နိုင်ငံရေးတွင် ထာဝရရန်သူမဖြစ် ဆိုသည့်စကား မှန်ကန်ကြောင်း မြင်တွေ့နိုင်ပါသည်။

ကျွန်တော် UNA အဖွဲ့ဝင်အဖြစ် ၂၀၁၀ ရွေးကောက်ပွဲကာလ မကျရောက်မီအထိ ဖြစ်ပါသည်။ နဝတ အစိုးရက ၂၀၁၀ တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေငြာသည်။ သည်တွင် အဓိက သမိုင်းဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာသည်။

၁၉၉၀ ခု ရွေးကောက်ပွဲတွင် အနိုင်ရသူများက ယခုရွေးကောက်ပွဲသည် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းမည့် ရွေးကောက်ပွဲဖြစ်၍ လက်မခံဘဲ သပိတ်မှောက်ရန် တိုက်တွန်းသည်။

တဖက်က စဉ်းစားသူများက ၂၀၁၀ ရွေးကောက်ပွဲကို ဘာပဲဖြစ်ဖြစ်ပြိုင်ရမည်။ ရွေးကောက်ပွဲ မဲဆွယ်ပွဲကို အသုံးချရမည်။ အမျိုးသားရေး နိုးကြားလာစေရန် လှုံ့ဆော်ရမည်။ ဖမ်းချင်လည်း ဖမ်းနိုင်သည်၊ ထောင်ကျချင်လည်း ကျနိုင်သည်။ မည်သို့ပင်ဆိုစေ လွှတ်တော်တက်ခွင့်ရလျှင်လည်း လွှတ်တော်သည် နိုင်ငံရေးစင်မြင့်ဖြစ်ရမည်။ ပြည်သူများ နိုင်ငံရေးအပိတ်ခံရသည်မှာ ၁၉၉၀ မှသည် ၂၀၁၀ ထိ အနှစ် ၂၀ ကာလအတွင်း နိုင်ငံရေးပေးထားချက် ပုံစံခွက်ထဲတွင် မလူးမလွန့်သာ အခြေအနေကို ဖောက်ကိုဖောက်ထွက်သင့်သည်ဟု မြင်ကြသည်။ အထူးသဖြင့် ရခိုင်သည် ၁၉၉၀ ခုက ကဲ့သို့ နိုင်ငံရေးပါးစပ်ပိတ် မခံသင့်ဟု ခံယူကြသည်။

ယင်းကြောင့်လည်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) ကို ဖွဲ့စည်း၍ ရွေးကောက်ပွဲ ဝင်ခဲ့ကြသည်။ ရွေးကောက်ပွဲဝင်ရန် ခေါ်သင့်ခေါ်ထိုက်သူများကို ကိုယ်တိုင်သွားခေါ်ခဲ့ပါသည်။ တချို့က မိသားစု ဒုက္ခအဖြစ်မခံနိုင်ဟု ဗြောင်ပြောသည်။ တချို့က ၂၀၀၈ ဖွဲ့ စည်းပုံကို မကြိုက်ဟုပြော၍ ငြင်းပယ်ခဲ့ကြသည်။ ၂၀၁၀ ရွေးကောက်ပွဲကို ဖြစ်ချင်ရာဖြစ် မထူးဆိုသူများ၊ ထောင်မကြောက် တန်းမကြောက် ဆိုသူများ ရွေးကောက်ပွဲဝင်ခဲ့ကြသည်မှာ အမှန်ပင်ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံကို မကြိုက်ဟု ငြင်းခဲ့သူများသည် ၂၀၁၅ တွင် ရခိုင်ပါတီ အမတ်များ ဖြစ်နေကြပါပြီ။ နိုင်ငံရေးခံယူချက်က သူ့အပိုင်းပါ။ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည့် ပါတီသည်လည်း ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင်ပင် လွှတ်တော်တက်ပြီး အစိုးရပင် ဖြစ်နေချေပြီ။

နိုင်ငံရေးရည်မှန်းချက် ဆိုသည်မှာ တိမ်တောင်သဖွယ်ပါ။ ပုံသေနည်းချ တွက်ချက်လို့ မရပေ။

ဒုတိယကမ္ဘာစစ်ကြောင့် လွပ်လပ်သည့် နိုင်ငံအမြောက်အများ ပေါ်ပေါက်ခဲ့ပါသည်။ မြန်မာနိုင်ငံက တောင်တန်းဒေသ တိုင်းရင်းသားများ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးကြ၍ ပြည်ထောင်စုပေါ်လာသည်။ အကယ်၍ လက်မှတ်မထိုးခဲ့လျှင် ပြည်ထောင်စု ပေါ်လာပါ့မလား၊ မည်သို့ ဖြစ်နေမည်လဲ။

သည်ကဲ့သို့ နိုင်ငံရေးဆိုသည်မှာ အချိန်အခါ၊ အခြေအနေ၊ အလှည့်အပြောင်း ဖြစ်ပေါ်လာတဲ့ ပထဝီနိုင်ငံရေးများအပေါ်တွင် မူတည်ဖြစ်ပေါ်မှာပါ။ ဝိရိယလွန်ကဲ၍လည်းမရ၊ ဖြစ်သင့်လျှင် ဖြစ်လိမ့်မယ်ဟုလည်း ပစ်ပယ်၍မရ၊ အချိန်အခါ အခြေအနေပေးလျှင် မတုံ့မဆိုင်း လက်ငင်းဆုပ်ကိုင် အရယူတတ်ရန် လိုပါသည်။

လက်ငင်း နိုင်ငံရေးပါတီများ၏ အခြေအနေကို အထူးမဝေဖန်လိုပါ။ ဝေဖန်အကြံပြုရမှာက နိုင်ငံရေးစိတ်ပါဝင်စားသူများနှင့် ပြည်သူများက ဆောင်ရွက်သင့်သည်။ မိမိတို့ မျက်မြင်အခြေအနေ ဖြစ်သည့်အတွက် မြင်သိပြီးဖြစ်သည်။ နိုင်ငံရေးပါတီတခုမှာ မိမိတို့မူဘောင်၊ မိမိတို့ရည်မှန်းချက် မိမိတို့ဖြစ်ပေါ်လိုမှုကို မိမိတို့မှာရှိသည့် အင်အားအရပ်ရပ်ဖြင့် အခြေပြု ချီတက်ကြရပါလိမ့်မည်။ တဆင့်ချင်းစီ ပြောင်းလဲဖော်ဆောင်သွားကြပါလိမ့်မည်။ အနာဂတ်တွင် အဟောင်းများချုပ်ငြိမ်းပြီး တက်ကြွသည့်၊ ခွန်အားရှိသည့်၊ ဆန်းသစသည့် အတွေးအခေါ်ပိုင်ရှင်များဖြစ်သော မျိုးဆက်သစ်လူငယ်များကသာ ဖန်တီးပုံဖော်ကြလိမ့်မည်ဟု အလေးအနက် ယုံကြည်ထားပါသည်။

(၂၀၁၉ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ထုတ် Development News JournaL , အမှတ် ၁၀၉ တွင် ဖော်ပြခဲ့သော ဆောင်းပါးဖြစ်သည်။)

ဗီဒီယိုများ