အင်းဒင်က အနှိမ်ခံလူသား (သို့မဟုတ်) မြေဖြူကိုင်ခဲ့သော ဆရာ

“ကျွန်တော်အမြင်ကတော့ သူ့ကိုလွှတ်ပေးရမယ်။ မလွှတ်ပေးဆိုတာဟာ နိုင်ငံရေးကစားကွက်လို့မြင်တယ်။ ဘင်္ဂါလီနဲ့ ကျွန်တော်တို့ကို ထိုးကျွေးနေတယ်လို့ မြင်တယ်၊ ထွန်းအေးနဲ့အပြင် ဒီ့ပြင်ပြည်သူတွေနဲ့ပါ လုံးဝ မပတ်သက်ဘူး။ ထွန်းအေးကို သူတို့က ထိုးကျွေးတာ”

By စိမ်းကိုကို 21 Jun 2019

Written by စိမ်းကိုကို | DMG

ခေါင်းပေါ်က ဖြူဖွေးနေသောဆံပင်များကို နောက်သို့ချပြီး ဖြစ်သလိုစည်းထားသည်။ နဖူးပြင်ပေါ်ဆံပင် တချို့မှာ ထိုးထိုးထောင်နှင့် ဇရာ၏ရုပ်အသွင်ဖေါ်ပြနေသည်။ အသားညိုညို ခန္ဒာသွယ်သွယ်နှင့် အသက် ၇၀ ကျော်အရွယ် အဖွားအိုတစ်ဦးမှာ အင်းဒင်ကျေးရွာမှ ဖမ်းဆီးထောင်ချခံထားရသည့် ကိုထွန်းအေး၏ မိခင်ကြီး ဒေါ်ယိုင်နုဖြူပင် ဖြစ်သည်။

အသက်အရွယ်အားဖြင့် ကြီးရင့်ပြီဖြစ်သော်လည်း မိခင်တစ်ယောက်၏ သားပေါ်ထားရှိသော ခံစားမှုများ လျော့နည်းမသွားပေ။ အထူးသဖြင့် ထောင်ကျခံနေရသည့် သားဖြစ်သူ ကိုထွန်းအေးလွတ်လာမည့် အချိန်ကို စောင့်ရင်း သောကများကိုခံနေရဟန်တူသည်။ ဆို့နင့်နေသည့် ရင်ထဲမှခံစားချက်များသည် မခံစားနိုင်သည့် အဆုံးမျက်ရှည်အဖြစ်သသို့ ပြောင်းလဲကာ ပါးပြင်သို့စီးကျသွားသည်။ ထိုသို့စီးကျလာသော မျက်ရည်ကို လက်ဖြင့်သုတ်ရင်း ကြွေကွဲနာကြင်စွာထွက်ပေါ်လာသည့် စားလုံးများမှာ “သားမိနှစ်ယောက် တစ်ရက်လာရင် မျက်ရည်ကျပြီးစောင့်ကြည့်ကြတယ်။ လုပ်လဲမလုပ်ချင်၊ ကိုင်လဲမကိုင်ချင်။ အဲဒီသားကိုပဲ လွမ်းလို့နေတာ။ သားတွေကပြောတယ်။ မေမေ လွတ်ငြိမ်းချမ်းသာလာတယ်။ နားထောင်နားထောင် ဆိုရင်လဲ သူမပါဘူး။ သုံးခါခံရပြီ ” ဟူ၍ပင်ဖြစ်သည်။

ကိုထွန်းအေးသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ပဋိပက္ခဖြစ်စဉ်အတွင်း အင်းဒင်ကျေးရွာမှ မူစလင် ၁၀ ဦးသတ်ဖြတ် ခံရမှုကို ရိုက်တာသတင်းဌာနမှ ဖေါ်ထုတ်ရေးသားပြီးနောက်ပိုင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ချို့နှင့်အတူ ဖမ်းဆီးခံရသူဖြစ်သည်။ သို့သော် ဖမ်းဆီးခံရသည့် နယ်ခြားစောင့်တပ်ဖွဲ့မှ ၇ ဦးမှာ လွတ်မြောက်သွားကြပြီသလို၊ အင်းဒင်ကိစ္စစုံစမ်းဖေါ်ထုတ်ခဲ့သည့် ရိုက်တာသတင်းထောက်နှစ်ဦး၊ ဒုရဲမှူး မိုးရန်နိုင် အစရှိသူအားလုံး လွတ်မြောက်သွားကြပြီဖြစ်သော်လည်း ကိုထွန်းအေးတစ်ယောက် လွတ်မြောက် လာခြင်းမရှိပေ။ နိုင်ငံတော်သမ္မလွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အကြိမ်တိုင်းသည့် ကိုထွန်းအေး တစ်ယောက် ပါမလာခြင်းပင်ဖြစ်သည်။

မူစလင် ၁၀ ဦးသတ်ဖြတ်မခံရမည်က ကိုထွန်းအေး၏ဖခင်ကို အကြမ်းဖက်သမားများက သတ်ဖြတ်ခဲ့ကြသည်။ မူစလင် ၁၀ ဦးသတ်ဖြတ်ခံရမှုတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ကိုထွန်းအေးလည်းပါဝင်သည် ဟုဆိုကာ ဖမ်းဆီးပြီး လူသတ်သည့်အစုအဖွဲ့တွင်ပါဝင်မှုဖြင့်  ထောင်ဒဏ် ၅ နှစ်ချမှတ်ခံထားရခြင်းသည်။

ယင်းသို့ အင်းဒင်ဖြစ်စဉ်ကြောင့် ပြစ်ဒဏ်ကျခံနေသူများလွတ်မြောက်လာသော်လည်း ကိုထွန်းအေး ပါမလာ ခြင်းပေါ် သူ၏ဇနီးဖြစ်သူက နိုင်ငံတော်သမ္မအနေနဲ့ ဦးစားပေးပြီးလွတ်ပေးသင့်တယ်လို့ တောင်းဆိုသည်။

“နယ်ခြားစောင့်တွေ တပ်မတော်ကလူတွေကို အကုန်လုံးလွှတ်လိုက်ပြီလို့ ကြားတယ်။ ဒီအမှုကိုဖေါ်ဆောင်ခဲ့တဲ့  သတင်းထောက်နှစ်ယောက်ကိုလဲလွှတ်လိုက်ပြီ ကျွန်မယောက်ကျားကိုလည်း နိုင်ငံတော်သမ္မအနေနဲ့ ဦးစားပေးပြီးသူ့ကိုလွှတ်ပေးစေချင်ပါတယ်။”ဟု ဒေါ်ခင်စန်းမြင့်ကပြောသည်။

ကိုထွန်အေးကို ဖမ်းဆီးစဉ်က CID မှနေအိမ်ကိုလာရောက်ရှာဖွေမှုများရှိခဲ့ပြီး မည့်သည့်သက်သေမှ ရရှိမသွားသလို အစိုးရသက်သေ ၁၂ ဦးထဲတွင် ကိုထွန်းအေးသတ်ဖြတ်ခဲ့ကြောင်း မျက်မြင်သက်သေ တစ်စုံတစ်ရာမရှိခဲ့ ကြောင်းလည်း ဆိုသည်။

ကိုထွန်းအေးကို တရာစွဲပြီး တစ်နှစ်ခန့်အကြာတွင် ရာဇသတ်ကြီးပုဒ်မ ၃၃၂(၂)/၃၄ လူသတ်သည့် အစုအဝေးတွင်ပါဝင်မှု ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့သည်။ သို့သော် ရာဇသတ်ကြီးပုဒ်မ ၂၀၂ အရ သေဆုံးသူများမှာ မည်သူမည်ဝါဖြစ်ကြောင်းအမှုတွဲမှာ မပေါ်ခဲ့သလို ကိုထွန်းအေး၏ ဖခင် ဦးအနီမောင်ကို အကြမ်းဖက်သမားများက သတ်ဖြတ်လိုက်သည့်အတွက် မကျေနပ်သဖြင့် လက်စားချေသတ်ဖြတ်သည့် ပုံစဉ်မျိုးဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သူ၏ရှေ့နေ ဦးခင်ဝန်းကပြောသည်။

“သူတို့အထက်တန်းကျောင်းအုပ်ကြီးကိုယ်တိုင်က အဲဒီမှာရှိတယ်။ အဲဒီအစုအဝေးမှာ ပါဝင်တာမရှိကြောင်း သက်သေထွက်ဆိုချက်တွေ အတိအလင်းရှိရက်နဲ့ ဒီလိုပြစ်ဒဏ်ပေးလိုက်တာဟာ ပေါ်လစီအရလေ” ဟုဆိုသည်။

ကိုထွန်းအေးကို စတင်ဖမ်းဆီးစဉ်က သူ၏ညီတစ်ဦးကိုပါ ဖမ်းဆီးစစ်ဆေးခဲ့သည်ဟုလည်း ၎င်းကဆိုသည်။ အမှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်တရားလွှတ်တော်သို့ အယူခံတင်သွင်းခဲ့သော်လည်း ပယ်ချခံလိုက် ရသည်ဟုလည်း ဆိုသည်။

ကိုထွန်းအေးမှာ မူလတန်းပြကျောင်းဆရာတစ်ဦးဖြစ်သလို သား၊သမီး ၃ ဦး၏ဖခင်တစ်ဦးဖြစ်ပြီး ရိုးရိုးအေးအေးနေတတ်သူတစ်ဦးဖြစ်ကာ အရက်သေစာများပြင်သောက်စားခြင်းမရှိကြောင်း သူ၏ သူငယ်ချင်းဖြစ်သူ အင်းဒင်းကျေးရွာအုပ်ချုပ်ရေးမှူးကဆိုသည်။

“ထွန်းအေးက အသောက်အစားလဲကင်းတယ်။ လူကောင်းတစ်ယောက်ပါ။ ကိုယ်ဟာနဲ့ကိုယ်အေးဆေး လုပ်စားနေတာပါ”ဟုဆိုသည်။

အကြမ်းဖက်မှုဖြစ်စဉ်များနောက်ပိုင်း အင်းဒင်းကျေးရွာတွင် ကိုထွန်းအေးတို့မိသားစုတစ်ခုလုံး ဒုက္ခပင်လယ်ထဲ သို့ကျရောက်ခဲ့ကြသည်။ ကိုထွန်းအေး၏မိခင် ဒေါ်ယိုင်နုဖြူတွင် လင်ယောကျားကို ဆုံးရှုံးခဲ့ရသလို လုပ်ကိုင်စား သောက်မည့် ကျွဲ၊နွားများပါဆုံးရှုံးခဲ့သည်။ ယင်းနောက်တွင် သားဖြစ်သူ ကိုထွန်းအေးမှာလည်း ထောင်ဒဏ် ၅ နှစ်ချမှတ်ခံလိုက်သဖြင့် မိသားစုတစ်ခုလုံး တစ်ပူပေါ် နှစ်ပူဆင့်ခဲ့ရသည်။ သက်ဆိုင်ရာအစိုး ရအဖွဲ့အစည်းများကိုလည်း ကိုထွန်းအေးလွှတ်မြောက်ရေးအတွက် သနားခံစားများတင်ခဲ့ သည်ဟု ဒေါ်ယိုင်နုဖြူကဆိုသည်။

အင်းဒင်ဖြစ်စဉ်ကြောင့် တပ်မတော်သား အရာရှိစစ်သည် ၄ ဦး တစ်ခြားအဆင့် ၃ ဦးတို့ကို တို့ကို တပ်မတော ကာကွယ်ရေးဦးစီးချုပ်က ပြစ်ဒဏ်သာသက်သာခွင့် ပေးလိုက်သည့်အတွက် ် လွတ်မြောက်ခဲ့သည်ဟု အစိုးရဘက်ကပြောဆိုသည်။

လူသတ်မှုဖြစ်စဉ်အတွင်း ရဲတပ်သား ဇွဲမောင်မောင်ဆိုသူကိုလည်း ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ရာမှ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၆ (ခ) နဲ့အရ အရေးယူခံခဲ့ခြင်းသာဖြစ်ပြီး လူသတ်မှုနှင့် အရေးယူခဲ့ခြင်းမရှိ သလို အဆိုပါ ရဲတပ်သားသည်  လျော့ပေါ့ပြစ်ဒဏ် ပြင်ဆင်ပေးဖို့ အယူခံတင်ပြခဲ့ပြီး ထောင်ဒဏ် ၁ နှစ် နဲ့ ၇ လ ကျခံပြီး ပြစ်ဒဏ်လျော့ ပေးခဲ့သဖြင့် ၂၀၁၉ ခုနှစ် မေလ ၈ ရက်နေ့က လွတ်မြောက်ခဲ့သည်ဟု ဦးဇော်ဌေးက မီဒီယာများကို ပြောဆိုထားသည်။

ကိုထွန်းအေး၏ မိခင် ဒေါ်ယိုင်နုဖြူအား ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ - စိမ်းကိုကို)

မောင်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းကမူ အင်းဒင်းဖြစ်စဉ်၌ ဖမ်းဆီးထားသည့် တရားခံ မူစလင် ၁၀ ဦးကို ဥပဒေအကြောင်းအရ သတ်မည်ဟု တောင်းယူ၍မရနိုင်သည့်အတွက် ကိုထွန်းအေးမှာ လူသတ်ရာတွင် ပါဝင်နိုင်မှုလုံးဝမရှိဟု ယူဆရကြောင်း၊ ကိုထွန်းအေးကို ထောင်ချခြင်းမှာလည်း လုပ်ကြံမှု သာဖြစ်ကြောင်း ဆိုသည်။

ပြစ်ဒဏ်ကျခံထားရသူများ အားလုံးလွှတ်မြောက်သွားသော်လည်း ဒေသခံဖြစ်သူ ကိုထွန်းအေး ယနေ့အချိန်ထိ လွှတ်မြောက်လာခြင်းမရှိခြင်းအပေါ်မှာလည်း ဦးမောင်အုန်းက ယခုလိုပြောသည်။

“ကျွန်တော်အမြင်ကတော့ သူ့ကိုလွှတ်ပေးရမယ်။ မလွှတ်ပေးဆိုတာဟာ နိုင်ငံရေးကစားကွက်လို့မြင်တယ်။ ဘင်္ဂါလီနဲ့ ကျွန်တော်တို့ကို ထိုးကျွေးနေတယ်လို့ မြင်တယ်၊ ထွန်းအေးနဲ့အပြင် ဒီ့ပြင်ပြည်သူတွေနဲ့ပါ လုံးဝ မပတ်သက်ဘူး။ ထွန်းအေးကို သူတို့က ထိုးကျွေးတာ”ဟု ဆိုသည်။

ကိုထွန်းအေးမှာ ထောင်ဒဏ်ချခံရသဖြင့် ကျောင်းဆရာအလုပ်မှလည်း ထုတ်ပါယ်ခြင်းခံရလို မိသားစု စားဝတ်နေရေးအပိုင်းကိုပါ များစွာထိခိုက်ခဲ့သည်။ လက်ရှိတွင် ကိုထွန်းအေးမှာ ဘူးသီးတောင်အကျဉ်းထောင်၌ ထောင်ဒဏ်ကျခံနေသည်မှာ တစ်နှစ်ကျော်ခန့်ကြာ မြင့်သည့် ကာလတွင် ဇနီးဖြစ်သူခင်မျာ အစစအရာရာ ချို့တည့်စွာဖြင့် ရုပ်ကန်းနေထိုင်လျက်ရှိကြောင်းလည်း ဆိုသည်။

“ယောက်ကျားတစ်ယောက်အတွက်လဲ ရုန်းကန်ရ၊ သားသမီးတွေအတွက်လဲ ရုန်းကန်ရ၊သားသမီးတွေ ပညာရေးလဲ တစ်စရှိပါသေးတယ်။ သမီးအကြီးဆုံးက ကိုးတန်းတက်နေပါတယ်။ သားအလတ်က ခြောက်တန်းပါ။ အငယ်ဆုံးသားက လေးနှစ်ပဲရှိပါသေးတယ်။ တော်တော်လေးကို အဆက်အခဲ ရောက်နေပါတယ်။ အဲဒါကြောင့် သားသမီးတွေကို စာနာထောက်ထားပြီး အမြန်ဆုံးလွှတ်ပေး စေချင်ပါတယ်။ အခုမပါပေမယ့် လာမယ့်လွှတ်ငြိမ်းချမ်းသာခွင့်တွေထဲမှာ နိုင်ငံတော်အကြီးအကဲတွေ သူ့ကိုလွတ် မြောက်လာအောင် ကြိုးစားဆောင်ရွက်ပေးကြပါ”ဟုလည်း ကိုထွန်းအေး၏ ဇနီးဖြစ်သူက မေတ္တာရပ်ခံသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်တွင် လူပေါင်း များစွ အတိဒုက္ခရောက်ကြရသည့် အထိ အင်းဒင်းကျေးရွာမှ ကိုထွန်းအေးတို့ မိသားစုသည်လည်း အပါဝင်ဖြစ်သည်။

မူစလင် ၁၀ သေဆုံးမှုကိစ္စနှင့်ပတ်သက်၍ ကိုထွန်းအေးနှင့်အတူ အပြစ်ရှိသည်ဟုဆုံးဖြတ်ကာ ထောင်ဒဏ်ပြစ်ဒဏ်ချလိုက်ပြီးနောက် တပ်တော်သား ၇ ဦးကိုမှု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြစ်ဒဏ်သာသာခွင့်ဖြင့်လွှတ်ပေးလိုက်ခြင်း။ မူဆလင် ၁၀ သေဆုံးမှုကို ဖေါ်ထုတ်ရေးသားခဲ့သည့် ရိုက်တာ သတင်းထောက် ၂ ဦးနှင့် ဒုရဲမှူးမိုးရန်နိုင်တို့မှာလည်း နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခြင်းဖြင့် လွှတ်မြောက်ခဲ့ကြခြင်းကို ထောက်ရှု့လျှင် နိုင်ငံတော်၏တာဝန်ကိုထမ်းဆောင်ခဲ့သည့် မူလတန်းပြ ကျောင်း ဆရာတစ်ဦး၏ ပြစ်ဒဏ်ကိုမူ  ဇာနာထောက်ထားနိုင်မည့်သူ မည်သူ ရှိနိုင်သေးမည်နည်း။

သို့သော် ကိုထွန်းအေး၏ မိခင်ကြီး ဒေါ်ယိုင်နုဖြူနှင့် ဇနီးဒေါ်ခင်စန်းမြင့်အပါဝင် သူတို့၏မိသားစုဝင်များမှာ လွတ်ငြိမ်းချမ်းသာခွင့်ဟူသော သတင်းစကားများကို ကြားမိတိုင်း ရင်တမမဖြင့် မျော်လင့်နေကြမည်ပင်ဖြစ်သည်။

(ယခုဖော်ပြပါဆောင်းပါးကို ၂၀၁၉ ခုနှစ် ဇွန်လ ၁၅ ရက်နေ့ထုတ် Development News Journal အမှတ် ၁၁၀ တွင်လည်း ဖတ်ရှုနိုင်သည်။)

ဗီဒီယိုများ