ရခိုင်က စိုက်ပျိုးရေး ခြေလှမ်းသစ်

ရခိုင်ပြည်အတွင်းက အသေးစားကုမ္ပဏီတစ်ခုဖြစ်သည့် Great Arian Development Company သည် တောင်သူများ သီးနှံစိုက်ပျိုးမှုဖြင့် အကျိုးဖြစ်ထွန်းစေရေး၊ စိုက်ပျိုးရေးလုပ်ငန်းများတိုးတက်လာစေရေး၊ ဒေသထွက်ကုန်များကို ကုန်ချောအဖြစ်ထုတ်လုပ်နိုင်ရေးနှင့် ဒေသခံများကို အခွင့်အလမ်းဖန်တီးပေးနိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် စိုက်ပျိုးရေးနှင့်ပတ်သက်သည့် စီမံချက်တစ်ရပ်ကို ဆောင်ရွက်လျက်ရှိသည်။

By Admin 24 Dec 2022

ရခိုင်က စိုက်ပျိုးရေး ခြေလှမ်းသစ်

DMG ၊ ဒီဇင်ဘာ ၂၄

(ဆောင်းပါး)

အပင်များစိမ်းစိုကာ အသီးအပွင့်များ ဝေဝေဆာဆာဖူးပွင့်နေသည့် ငရုတ်စိုက်ခင်းအား ဦးရွှေမောင်က ကျနော်တို့ကို လိုက်ပြသည်။ နည်းပညာသစ်နှင့် မျိုးကောင်းမျိုးသန့်ကို စိုက်ပျိုးထားသော ငရုတ်စိုက်ခင်းတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းနေသည့်အကြောင်းကို ဦးရွှေမောင်က အားတက်သရောပြောပြသည်။

ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ကန်ချောင်းကျေးရွာက အသက်(၄၁)နှစ်အရွယ် ဦးရွှေမောင်သည် စိုက်ပျိုးရေးကို ဝါသနာပါသူတစ်ဦးပီပီ ငရုတ်အပါအဝင် အခြားသီးပင်စားပင်များကိုလည်း နှစ်စဉ်စိုက်ပျိုးလေ့ရှိသည်။

ယခင်က ဦး‌ရွှေမောင် စိုက်ပျိုးခဲ့သည့်နည်းမှာ ဒေသငရုတ်ကို မိရိုးဖလာအတိုင်း မြေယာထွန်ယက်ပြန့်ကြဲနည်းဖြင့် စိုက်ပျိုးခြင်းဖြစ်သည်။ ထိုနည်းစနစ်က အိမ်တွင်းစားသုံးနိုင်ရန်အတွက်သာ ရရှိခဲ့ပြီး တပိုင်တနိုင် စီးပွားဖြစ်သို့ မတက်လှန်းနိုင်ခဲ့ပေ။

ယခုအချိန်မှာ စိုက်ပျိုးရေးနည်းစနစ်သစ်ကြောင့် ဦးရွှေမောင် မျှော်လင့်ချက်ရှိလာခဲ့ပြီဖြစ်သည်။ နည်းပညာ အကူအညီပေးရေးအဖွဲ့တစ်ခုရဲ့ လမ်းညွှန်ချက်များဖြင့် သူ့၏စိုက်ခင်းထဲတွင် ငရုတ်ပင်များကို အောင်မြင်စွာ စိုက်ပျိုးထားနိုင်ခဲ့ပြီဖြစ်သည်။

“အခုစိုက်ထားတဲ့ ငရုတ်တွေက အသီးအပွင့်တွေလည်း အားကောင်းတယ်။ ထွက်နှုန်းလည်း ကောင်းတယ်။ မိုးရာသီမှာလည်း ပင်စည်အားကောင်းတယ်လေ။ ဆောင်းရာသီဆိုရင်လည်း မိုးရာသီလိုဘဲ ထွက်နှုန်းကောင်းတယ်”ဟု ဦးရွှေမောင်က အားတက်သရောပြောလာသည်။

လက်ရှိ စိုက်ပျိုးထားသည်မှာ မိုးထောင်ငရုတ်နှင့် ကျောက်စိမ်းငရုတ်မျိုးဖြစ်ပြီး နည်းပညာသစ်ကြောင့် ပြောင်းလဲမှုရှိနေသည့် သူ့၏စိုက်ခင်းက အကျိုးပေးမည်မှာ သေချာမည်ဟု ဦးရွှေမောင်က ယုံကြည်နေသည်။

တောင်သူများ ထိတွေ့ခွင့်ရလာသည့် စိုက်ပျိုးနည်းသစ်

ရခိုင်အခြေစိုက် စိုက်ပျိုးရေးနည်းပညာ အဖွဲ့တစ်ခုဖြစ်သည့် အော်ဂဲမြေအဖွဲ့သည် ၂၀၂၁ ခုနှစ်မှစတင်ကာ ရခိုင်ပြည်အတွင်းက စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့်မြို့နယ်တို့တွင် စိုက်ပျိုးရေးနှင့်ပတ်သက်၍ နည်းပညာပေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။

တောင်သူများ အကျိုးအမြတ်ရရှိရေး၊ သီးနှံအောင်မြင်ဖြစ်ထွန်းရေးနှင့် ရခိုင်ပြည်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရည်ရွယ်ကြောင်း အော်ဂဲမြေ စိုက်ပျိုးရေးနည်းပညာပေးအဖွဲ့မှ တာဝန်ခံ ကိုရဲထွန်းမြင့်က ပြောသည်။

“စိုက်တော့စိုက်ချင်တယ်၊ နည်းစနစ်မသိတဲ့အတွက် ဆုံးရှုံးသွားတဲ့စိုက်ခင်းတွေ အများကြီးရှိပါတယ်။ အဲလိုဆုံးရှုံးမှုမဖြစ်ရအောင် ကျနော်တို့နဲ့ တိုင်ပင်ဆွေးနွေးပြီးတော့ စိုက်ပျိုးမယ်ဆိုရင် ပိုပြီးတော့ အကျိုးအမြတ်ဖြစ်ထွန်းမှာကို ကျနော်တို့ကလိုလားပါတယ်”ဟု ကိုရဲထွန်းမြင့်ကပြောသည်။

အော်ဂဲမြေအဖွဲ့အနေဖြင့် ငရုတ်အပြင် သခွား၊ ခရမ်း၊ ကြက်သွန်၊ မတ်ပဲ စသည့်သီးနှံများ စိုက်ပျိုးရေးနှင့်ပတ်သက်၍လည်း ဓာတုဆေးကင်းလွတ်သော GAP နည်းစနစ်ကိုအသုံးပြုကာ နည်းပညာပေးမှုများကို လုပ်ဆောင်လျက်ရှိကြောင်း ယင်းအဖွဲ့ကဆိုသည်။

ကျောက်စိမ်းငရုတ်ကို မစိုက်ပျိုးမီ အပင်အရေအတွက်ကို တွက်ချက်ကာ မြေဆွေး၊ နွားချေးနှင့် ကြက်ချေးတို့ကို ရောစပ်ပြီး မြေများကိုတူးဆွခြင်းနှင့် ဘောင်အမြင့်များ ပြုလုပ်ရသည်။ အဆိုပါ ဘောင်အပေါ်တွင် တူးဆွထားသောမြေများ ကျစ်လစ်သွားစေရန်နှင့် နေရောင်ခြည်ဒဏ်ကို ကာကွယ်နိုင်ရန်အတွက် တာပေါ်လိတ်စများ ဖုံးအုပ်ကာ ရေသွင်းစနစ်ဖြင့် စိုက်ပျိုးသည့်နည်းဖြစ်သည်။

အဆိုပါ ငရုတ်ကိုစိုက်ပျိုးပြီး ၂ လအကြာတွင် စတင်ခူးဆွတ်နိုင်ကာ သီးနှံထွက်နှုန်းပုံမှန် အခြေအနေ ရောက်ချိန်တွင် တစ်လလျှင်လေးကြိမ်အထိ ခူးဆွတ်နိုင်ကြောင်း သိရသည်။

အပင်ကြီးထွားမှုမှာ ၃ ပေကျော်အထိ ရှည်လျားပြီး အပင်သက်တမ်းမှာလည်း ၇ လ၊ ၈ လအထိကြာမြင့်ကာ ရာသီဥတုဒဏ်ကိုသာ စနစ်တကျနှင့် ကာကွယ်နိုင်မည်ဆိုပါက နှစ်တချို့တိုင်အောင် သီးနှံခူးဆွတ်နိုင်ကြောင်း အော်ဂဲမြေအဖွဲ့က လေ့လာတွေ့ရှိထားသည်။

ဦးရွှေမောင် ငရုတ်စိုက်ပျိုးနေသည့် ပေါက်တော်မြို့နယ်၊ ကန်ချောင်းကျေးရွာက မြေများမှာ ရွံ့စေးမြေဖြစ်ပြီး စိုက်ပျိုးရေးဖြစ်ထွန်းမှု အားနည်းသော ဒေသလည်းဖြစ်သည်။ ပြောင်းလဲလာသည့် နည်းစနစ်သစ်ကြောင့် နွေရာသီကာလမျိုးတွင် ရေပေးဝေမှုအတွက် အခက်အခဲတချို့ရှိသော်လည်း မိရိုးဖလာထက်စာရင် မပြောလောက်စရာဟု ဦးရွှေမောင်ကဆိုသည်။

“ဒီငရုတ်က ဒေသငရုတ်ကို ဖိရိုးဖလာအတိုင်း စိုက်ပျိုးရတာကောင်းတယ်။ ဒေသငရုတ်က အကြမ်းခံတယ်။ ဒါပေမဲ့ သီးထွက်မကောင်းဘူး။ အခုစိုက်ထားတဲ့ငရုတ်က သီးထွက်ကောင်းတယ်။ အပင်လည်း ကြာရှည်ခံတော့ ကျွန်တော်တို့အတွက် ပိုအဆင်ပြေတယ်”ဟု ဦးရွှေမောင်ကပြောသည်။

ဦးရွှေမောင်မှာ လက်ရှိ ကျောက်စိမ်းငရုတ် ၀ ဒသမ ၄၀ ဧက စိုက်ပျိုးထားပြီး စိုက်ခင်းတစ်ခုလုံးအတွက် အရင်းငွေ ၃၈ သိန်းရှိခဲ့သည်။ စိုက်ပျိုးပြီး ငါးလအတွင်း သီးနှံရောင်းရငွေမှာ ကျပ်သိန်း ၂၀ ကျော်အထိ ရောင်းချထားနိုင်ပြီဖြစ်ကာ နောက်ထပ်လည်း ခူးဆွတ်နိုင်မည်ဟု မျှော်မှန်းထားသည်။

စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာတွင် နေထိုင်သော ဒေါ်လှမေကလည်း ထိုနည်းစနစ်သစ်နှင့် စိုက်ပျိုးနေသူ တစ်ဦးဖြစ်သည်။ ၎င်းငရုတ်စိုက်လာသည့် သက်တမ်းတစ်လျှောက် ယခုကဲ့သို့ သီးနှံထွက်နှုန်းကောင်းပြီး အောင်မြင်ဖြစ်ထွန်းမှုမျိုးကို မတွေ့ကြုံဖူးကြောင်းလည်း အံ့ဩသင့်စွာပြောသည်။

ဒေသငရုတ်ကို မိရိုးဖလာအတိုင်းစိုက်ပျိုးခြင်းထက် ကုန်ကျစရိတ်သက်သာကာ အထွက်နှုန်းလည်းကောင်းသည့် နည်းပညာသစ်နှင့် တဖန်ပြောင်းလဲစိုက်ပျိုးမှုက ရလာဒ်ကောင်းသည်ဟု ဒေါ်လှမေကပြောသည်။

“ကျွန်မ အရင်စိုက်ခဲ့တဲ့ ငရုတ်က မြေဩဇာကျွေးရတော့ စရိတ်ကပိုကြီးတယ်။ ပြီးတော့ ပေါင်းရှင်းရတာနဲ့ အလုပ်လည်းများတယ်။ ထွက်တာနဲ့ ရင်းရငွေနဲ့ တွက်ခြေကမကိုက်ဘူး။ အခုစိုက်ထားတဲ့ငရုတ်ဆိုရင် ငွေကုန်ကြေးကျလည်းသက်သာတယ်။ သီးထွက်နှုန်းလည်း ကောင်းတော့ လုပ်ရတာလဲပျော်တယ်”ဟု အသက် ၃၅ နှစ်အရွယ် ဒေါ်လှမေက ငရုတ်စိုက်ခင်းကို ညွှန်ပြကာပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ငရုတ်စိုက်ခင်း ၀ ဒသမ ၂ ဧကတွင် အရင်းငွေ ကျပ် ၈ သိန်းခန့် ရင်းနှီးခဲ့ရာ ကျပ်သိန်း ၃၀ ခန့် အမြတ်ငွေရှိခဲ့သည့်အတွက် ယခုနှစ်တွင်လည်း စိုက်ပျိုးထားကာ နောင်နှစ်များတွင်လည်း စိုက်ပျိုးသွားရန် စဉ်းစားထားကြောင်း ဒေါ်လှမေကပြောသည်။

စိုက်ပျိုးရေး ဦးမော့စေလို

ရခိုင်ပြည်အတွင်းက အသေးစားကုမ္ပဏီတစ်ခုဖြစ်သည့် Great Arian Development Company သည် တောင်သူများ သီးနှံစိုက်ပျိုးမှုဖြင့် အကျိုးဖြစ်ထွန်းစေရေး၊ စိုက်ပျိုးရေးလုပ်ငန်းများတိုးတက်လာစေရေး၊ ဒေသထွက်ကုန်များကို ကုန်ချောအဖြစ်ထုတ်လုပ်နိုင်ရေးနှင့် ဒေသခံများကို အခွင့်အလမ်းဖန်တီးပေးနိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် စိုက်ပျိုးရေးနှင့်ပတ်သက်သည့် စီမံချက်တစ်ရပ်ကို ဆောင်ရွက်လျက်ရှိသည်။

“ရခိုင်က ဒေသခံတွေဟာ စားသုံးကုန်အားလုံးကို ဈေးအများကြီးပေးပြီး ပြည်မဖက်က ဝယ်ယူစားသုံးနေရတယ်။ ငရုတ်သီးမှုန့်ဆိုရင်လည်း အားလုံးက ပြည်မဖက်ကို မှီခိုနေရတယ်။ ဆိုတော့ ကျွန်တော်တို့ ဒေသခံ တောင်သူတွေမှာ အဲဒီအခွင့်အလမ်း ဆုံးရှုံးနေရကြရတယ်”ဟု Great Arian Development Company ဒါရိုက်တာ ဦးမြတ်ကျော်ကပြောသည်။

လက်ရှိတွင် ငရုတ်စိုက်ပျိုးရေးကို အဓိကလုပ်ဆောင်နေပြီး အော်ဂဲမြေနည်းပညာပေးရေးအဖွဲ့နှင့် ပူးပေါင်းကာ ဒေသနှင့်ကိုက်ညီမည့် ကျောက်စိမ်းငရုတ်အပါအဝင် အမျိုးအစား (၆)မျိုးခန့်ကို စမ်းသပ်စိုက်ပျိုးနေကြောင်း သိရသည်။

အဆိုပါမျိုးများ စမ်းသပ်စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းပါက ငရုတ်စိုက်ပျိုးလိုသည့် တောင်သူများကို ကုမ္ပဏီမှ သွင်းအားငွေစုတစ်ဝက် စိုက်ထုတ်ပေးသွားမည်ဖြစ်ပြီး ထွက်ရှိလာသော ကုန်များကိုဝယ်ယူကာ ဈေးကွက်အာမခံချက် ဖော်ဆောင်ပေးသွားဖြစ်ကြောင်း ဦးမြတ်ကျော်က ရှင်းပြသည်။

Great Arian Development Company မှ တည်ထောင်ထားသော စစ်တွေမြို့ရှိ အိုးသူကြီးစက်ရုံသည် လက်ရှိတွင် ငရုတ်သီး၊ ဟင်းမွှေးမဆလာ၊ ငနီတူခြောက်၊ မတ်ပဲ စသည်များကို ကုန်ချောအဖြစ် ထုတ်လုပ်လျက်ရှိသည်။

Great Arian Development Company က လုပ်ဆောင်နေသော မျိုးကောင်းမျိုးသန့်နှင့် နည်းပညာသစ်ကို စမ်းသပ်အောင်မြင်ကာ သီးနှံစိုက်ပျိုးသူများ ပေါ်ပေါက်လာမည်ဟုလည်း ဦးမြတ်ကျော်က ယုံကြည်နေသည်။

ရခိုင်ပြည်အတွင်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့်မြို့နယ်တို့များတွင် ခရမ်းသီး၊ အာလူး၊ ငရုတ်၊ သခွား၊ မြေပဲ၊ မုံညင်း၊ ဖရဲ၊ ဂေါ်ဖီ၊ မတ်ပဲ စသည့်ဆောင်းသီးနှံများကို အဓိကစိုက်ပျိုးကြသည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏စာရင်းအရ ရခိုင်တစ်ပြည်လုံးမှာ စိုက်ပျိုးဧက ၁၂ သိန်းခွဲကျော် ရှိသည်အထဲတွင် ဆောင်းသီးနှံစိုက်ပျိုးဧက ၅ သိန်း ၄ သောင်း ၂ ထောင်ကျော်ရှိရာ လက်ရှိတွင် ဆောင်းသီးနှံစိုက်ပျိုးသည့်ဧက ၆၀ ရာခိုင်နှုန်းအထိ လျော့ကျသွားကြောင်း သိရသည်။

ခေတ်မီနည်းပညာ၊ ရင်းနှီးငွေနှင့် ဈေးကွက်အာမခံချက်ကိုသာ ဖော်ဆောင်ပေးနိုင်မည်ဆိုပါက ရခိုင်ပြည်တွင် စိုက်ပျိုးရေးလုပ်ငန်း တွင်ကျယ်လာနိုင်ကြောင်းပြောဆိုသည့် တောင်သူများလည်းရှိနေသည်။

နှစ်ပေါင်း ၂၀ ကျော် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်လာသည့် ကျောက်တော်မြို့မှ ဦးမောင်ထွီးက “အခုက ဆင်းရဲတွင်းထဲမှာ ဘဝတွေနစ်မြုပ်နေရတာက ကျွန်တော်တို့မှာ ဘာမှမရှိဘူး”ဟု ပြောသည်။

စိုက်ပျိုးထုတ်လုပ်မှု အားနည်းခြင်း၏ နောက်ဆက်တွဲဆိုးကျိုး

ပင်လယ်ကမ်းရိုးတန်းနှင့်အတူ ရေခံမြေခံကောင်းကို ပိုင်ဆိုင်ထားသော်လည်း နည်းပညာအားနည်းခြင်း၊ ဈေးကွက် အာမခံချက်မရှိခြင်းနှင့် လုပ်သားအင်အား နည်းပါးလားခြင်းတို့ကြောင့် ရခိုင်ပြည်က စိုက်ပျိုးရေးလုပ်ငန်းမှာ တဖြည်းဖြည်းနှင့် အကျဘက်ကိ ဦးတည်နေသည်။

ဒေသခံများမှာ ပြည်မဘက်မှ ဝင်ရောက်လာသော သစ်သီးဝလံများကို ဈေးပိုပေး၍ ဝယ်ယူစားသုံး‌နေရသည်က ပြည်တွင်းစိုက်ပျိုးထုတ်ကုန်နည်းပါးခြင်းကို မီးမှောင်းထိုးပြနေသည်။

ထိုအရာများကို ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် အမျိုးသားအကျိုးစီးပွားရေး အခြေခံကျောရိုးတစ်ခုကို တည်ဆောက်ယူရမည်ဟု ရခိုင့်ဝါရင့်စီးပွားရေးသမားတစ်ဦးဖြစ်သူ ဦးခင်မောင်ကြီးက ထောက်ပြ ပြောဆိုထားသည်။

“ကိုယ့်ဒေသနဲ့ လိုက်လျောညီထွေစွာနဲ့ တန်းဖိုးမြှင့်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေက မရှိဘူး။ အဲတော့ ရခိုင်ပြည်ဟာ ဘာဖြစ်သွားသလဲဆိုတော့ သူများကိုပဲ အမြဲတမ်းမှီခိုပြီး စားသောက်နေရတဲ့ အခြေအနေ ရောက်သွားတယ်။ ဒါတွေကို တော်လှန်ရေးတစ်ရပ်လို ပြုပြင်ပြောင်းလဲပစ်နိုင်မှ ဒီအခြေအနေက ပြန်ပြီးကောင်းလာနိုင်မယ်”ဟု ဦးခင်မောင်ကြီးက ယူဆသည်။

စိုက်ပျိုးထွက်ကုန်များနှင့်ပတ်သက်၍ ပြည်မဘက်ကို အားကိုးနေရသော ရခိုင်ပြည်အတွက် လက်ရှိ စစ်ကောင်စီလက်ထက်တွင် ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကို အလူးအလဲ ရင်ဆိုင်နေရသည်။ တဆက်တည်းမှာ တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားခဲ့မှုကြောင့် စစ်ကောင်စီက လမ်းခရီးပိတ်ဆို့မှုများကိုပြုလုပ်ခဲ့ရာတွင် ရခိုင်ပြည်အတွင်း ကုန်စည်ပြတ်တောက်မှုကို ကြုံတွေ့ခဲ့ကြရသည်။

ရက္ခိုင့်တပ်တော်(AA)ကလည်း ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း သတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်းစိုက်ပျိုး ထုတ်လုပ်မှုကို ပိုမိုလုပ်ဆောင်ရန် ပြောကြားခဲ့သည်။

“သွင်းကုန်၊ပို့ကုန်တွေနဲ့ပတ်သက်လို့ အနာဂတ်မှာ တစ်ဖက်တည်းကိုမှီခိုတာထက် အဖက်ဖက်က ကုန်သွယ်ရေး လမ်းကြောင်းတွေဖွင့်ပြီးတော့ ဆက်ဆံရေးတွေကို စဉ်းစားထားရမှာဖြစ်ပါတယ်။ ပြီးရင် ကိုယ့်ကိုကိုယ် ရပ်တည်နိုင်အောင် စိုက်ပျိုးထုတ်လုပ်မှုတွေကိုလည်း လုပ်ကြရမှာဖြစ်ပါတယ်”ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

ယင်းအပြင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) အစိုးရအနေဖြင့် ပြည်သူများကို ဦးဆောင်ဦးရွက် စီမံကိန်းများ အကောင်အထည်ဖော်ရန်အတွက် လုပ်ဆောင်နေကြောင်းလည်း ဦးခိုင်သုခက ပြောဆိုခဲ့သည်။

နည်းစနစ်သစ်၏ သိသိသာသာပြောင်းလဲမှုအခြေအနေကို ကိုယ်တိုင်တွေ့မြင်နေရသော ပေါက်တောမြို့နယ်မှ ဦးရွှေမောင်ကမူ ရွံ့စေးမြေတွင်လည်း ငရုတ်စိုက်ပျိုးဖြစ်ထွန်းနေသည်ကို ဝမ်းပန်းတသာဖြစ်နေသည်။

မြေဆီမြေနှစ်ကောင်းသော ဒေသများတွင်သာ နည်းပညာသစ်နှင့် စိုက်ပျိုးကြမည်ဆိုပါက အထွက်နှုန်း ပိုမိုကောင်ကာ စီးပွားဖြစ်လာမည်ဟု ဦးရွှေမောင်က ယုံကြည်သည်။

“တောင်သူတိုင်းသာ စိုက်ပျိုးလာမယ်ဆိုရင် ငရုတ်နဲ့ပတ်သက်လို့ ပြည်မကို အားကိုးစရာမလိုတော့ဘူး။ ကျွန်တော်တို့ပြည်ရဲ့ စိုက်ပျိုးရေးလည်း ပြန်တိုးတက်လာမယ်။ စိုက်ပျိုးစနစ်သစ်ကို သေချာလိုက်နာဖို့ပဲလိုတယ်”ဟု ဦးရွှေမောင်က အနာဂတ်စိုက်ပျိုးရေးကို ရည်ညွှန်းပြောဆိုသည်။

အောင်ထိန်-ရေးသည်။

ဗီဒီယိုများ