စစ်ကောင်စီထံ လက်နက်စီးဆင်းမှု ကန့်သတ်ခြင်းသည် မွတ်ဆလင်နေရပ်ပြန်ရေးအတွက် သော့ချက်ဟု ကုလကိုယ်စားလှယ်ပြော

မြန်မာစစ်ကောင်စီထံ လက်နက်များ မရောက်ရှိအောင် နိုင်ငံတကာ အသိုင်းအဝိုင်းက ပူးပေါင်းဆောင်ရွက်ခြင်းသည် မွတ်ဆလင်ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် သော့ချက်ကျကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက သြဂုတ်လ ၂၅ ရက်နေ့တွင် ပြောကြားလိုက်သည်။

By Admin 26 Aug 2025

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား၌ ခင်းကျင်းပြသထားသည့် ဒုံးကျည်များ။ ဓာတ်ပုံ - AP

ဘင်္ဂလားဒေ့ရှ်တွင် ကျင်းပနေသည့် မွတ်ဆလင်ဒုက္ခသည်ရေးရာ နိုင်ငံတကာ ကွန်ဖရင့် ဒုတိယနေ့၌ တက်ရောက်လာသည့် တွမ်အင်ဒရူးက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ လက်နက်ပိတ်ဆို့ရေး လုပ်ဆောင်ဖို့ လတ်တလော မဖြစ်နိုင်သေးပေမယ့် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ခိုင်မာတဲ့ သတင်းအချက်အလက်တွေ ရထားရင် ကိုယ့်အစီအစဉ်နဲ့ကိုယ် ဆောင်ရွက်နိုင်ပါတယ်" ဟု တွမ်အင်ဒရူးက ပြောကြားသည်။

ကုလသမဂ္ဂက အချက်အလက်များနှင့် ဖြစ်စဉ်အမှန်များကို အဓိက ထုတ်ပြန်နေသည့် တချိန်တည်း၌ ကြားဝင်ဆောင်ရွက်ရေး၏ အောင်မြင်မှုအတိုင်းအတာသည် အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံရေး သဘောဆန္ဒနှင့် ထိတွေ့ဆက်ဆံမှုအပေါ် မူတည်နေသည်ဟု သူက ပြောသည်။

မြန်မာသို့ လက်နက်တင်ပို့မှု သုံးပုံတစ်ပုံခန့်အထိ လျှော့ချနိုင်ငံခဲ့သည့် စင်္ကာပူနိုင်ငံ၏ စုံစမ်းစစ်ဆေးမှုကိုလည်း သူက နမူနာအဖြစ် ထောက်ပြပြောဆိုသည်။ စင်္ကာပူမှ မြန်မာသို့ ဒေါ်လာသန်း ရာပေါင်းများစွာ တန်ဖိုးရှိသည့် လက်နက်များ တင်ပို့မှုကို မိမိ၏ အစီရင်ခံစာက ဖော်ထုတ်တင်ပြနိုင်ခဲ့သည့်အတွက် စင်္ကာပူအစိုးရက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ တင်ပို့မှု ၉၀ ရာခိုင်နှုန်းခန့်အထိ လျှော့ချနိုင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း တွမ်အင်ဒရူးက ပြောသည်။

မွတ်ဆလင်ဒုက္ခသည်ရေးရာ နိုင်ငံတကာ ကွန်ဖရင့်အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားတွင် သြဂုတ်လ ၂၄ ရက်မှ ၂၆ ရက်အထိ သုံးရက်ကြာ ကျင်းပလျက်ရှိသည်။

ယခုကွန်ဖရင့်ကို မွတ်ဆလင်ဒုက္ခသည်ရေးရာ အထူးကိုယ်စားလှယ်ရုံးနှင့် ဘင်္ဂလးဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့က နောက်လ ၃၀ ရက်နေ့တွင် ကုလသမဂ္ဂ၌ ကျင်းပမည့် မွတ်ဆလင်ဒုက္ခသည်ရေးရာ ညီလာခံ အကြို ပူးပေါင်းကျင်းပကြခြင်း ဖြစ်သည်။