- လူငယ်ပျောက် ကြေညာချက်များကို စစ်ကောင်စီ သတင်းစာများက လက်မခံ
- အိန္ဒိယနှင့် တရုတ် တိုက်ရိုက်လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲရန် သဘောတူ
- ဘင်္ဂလာတွင် ရာစုနှစ်များစွာ တည်ရှိခဲ့သည့် ရခိုင်ရွာများ တစစ တိမ်ကောလာနေ
- မောင်တောနယ်စပ် လုံခြုံရေး AA က အားစိုက်လုပ်ဆောင်နေ
- ကျောက်ဖြူက စစ်ရှောင်ကျောင်းသားများ အကူအညီလိုအပ်နေ
ဘင်္ဂလာတွင် ရာစုနှစ်များစွာ တည်ရှိခဲ့သည့် ရခိုင်ရွာများ တစစ တိမ်ကောလာနေ
ပါတူဝါခါလီခရိုင် ကာလာပါရာကမ်းခြေဒေသတွင် တစ်ချိန်က တက်ကြွလှုပ်ရှားနေခဲ့သည့် ချာယာနီပါရာ (Chayanipara) ရခိုင်ရွာကား ယခုအချိန်၌ အရိပ်အယောင်ပင် မကျန်တော့။ ပေရာ ရေနက်ဆိပ်ကမ်း (Payra Port) ဆောက်လုပ်ရေးကာလအတွင်း အစအနမကျန်အောင် ဝါးမျိုခံလိုက်ရပြီ။
20 Aug 2025

ပါတူဝါခါလီခရိုင် ကာလာပါရာကမ်းခြေဒေသတွင် တစ်ချိန်က တက်ကြွလှုပ်ရှားနေခဲ့သည့် ချာယာနီပါရာ (Chayanipara) ရခိုင်ရွာကား ယခုအချိန်၌ အရိပ်အယောင်ပင် မကျန်တော့။ ပေရာ ရေနက်ဆိပ်ကမ်း (Payra Port) ဆောက်လုပ်ရေးကာလအတွင်း အစအနမကျန်အောင် ဝါးမျိုခံလိုက်ရပြီ။
ကမ်းခြေခါးပတ်ကွင်းတစ်လျှောက် ရာစုနှစ် နှစ်ခုကျော် စည်ပင်ဝပြောခဲ့သော အခြားရခိုင်ကျေးရွာ အများအပြားအပေါ် ၌လည်း အလားတူ ကြမ္မာဆိုးကြီး ကျရောက်နေပြီဖြစ်သည်။
အချို့နေရာများမှာ ကမ်းပါးတိုက်စားမှုကြောင့် ဆုတ်ယုတ်သွားသည်။ မြင့်တက်လာသော ဒီရေက နေအိမ်များ၊ လယ်ကွင်းများကို ဝါးမျိုသွားသည်။ အချို့မှာမူ သမိုင်းဝင် ပိုင်ဆိုင်မှုကို အလေးမထားသည့် ကိုယ်ကျိုးစီးပွား ဇောကပ်နေသူများထံတွင် မောင်ပိုင်စီးခံလိုက်ရခြင်း။ မကြာသေးသော နှစ်များအတွင်း ဖွံ့ဖြိုးတိုးတက်ရေး ဆိုသော ခေါင်းစဉ်အောက်မှနေ၍ အစိုးရ ကျောထောက်နောက်ခံ ပြုထားသည့် အခြေခံအဆောက်အဦ စီမံကိန်းများကြောင့်လည်း ရွာလုံးကျွတ် ရှင်းလင်းခံလိုက်ရသည်များ ရှိ၏။
ရော့ဂျ်ပါရာ၊ ခီချာပါရာ၊ ပူနိုမာပါရာ၊ ဒိုကာဆီပါရာ၊ အာဆာလက်ခါပါရာ၊ တာဂျီပါရာ၊ ဒုံကူပါရာ၊ ဖန်ချိုင်ပါရာ၊ အာနန်တာပါရာနှင့် ဂျော်ဂျီတောင်ပူ (Jojitongmbu) အစရှိသော ကျေးရွာများသည် ကွယ်ပျောက်သွားကြပြီ။ ထိုအမည်များမှာ နှုတ်ပြောသမိုင်းတွင်သာ ရှိကြတော့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရခိုင်တို့ တည်ရှိခဲ့သည့် နေရာများမှာ ဟိုတစ်ကွက် သည်တစ်ကွက်ဖြင့် အစုငယ်များအဖြစ် ပြန့်ကြဲလျက်ရှိပြီး အပြောင်းအလဲ လှိုင်းလုံးကြီးများ လှိမ့်ဝင်လာသည်နှင့်မျှ ၎င်းတို့၏ ကိုယ်ပိုင် စရိုက်လက္ခဏာများကို ဆက်လက်ထိန်းသိမ်းနိုင်ရန် ရုန်းကန်နေကြရသည်။
ဘယ်လို ပျောက်ကွယ်သွားကြသလဲ
ဘင်္ဂလားဒေ့ရှ် ဌာနေလူမျိုးများဖိုရမ်၏ ဘာရီရှာဒေသဆိုင်ရာ ဥက္ကဌ ဖြစ်သလို ရခိုင်အသိုင်းအဝိုင်းမှလည်း ဖြစ်သည့် မောင်ချိုသိန်း တာလုတ်ဒါက ၎င်းတို့၏သမိုင်းအား ကိုယ်တိုင် စုဆောင်းထားသည့် စာအုပ်များမှတစ်ဆင့် ခြေရာခံပြောပြသည်။
သက္ကရာဇ် ၁၇၈၄ ခုနှစ်တွင် ရခိုင်ထီးနန်းကို ဗမာဘုရင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မိသားစု ၁၅၀ ခန့်သည် လှေအစီး ၅၀ ဖြင့် ပင်လယ်ပြင်ကို ဖြတ်ကာ တောင်ပိုင်းကမ်းခြေရှိ လက်ရှိအခေါ ဘာရီရှာဒေသသို့ ရောက်ရှိလာခဲ့ကြသည်ဟု မောင်ချိုသိန်းက ပြောသည်။ ထိုသူတို့သည် ပါတူဝါခါလီခရိုင်ရှိ ရန်ဂါဘာလီဒေသတွင် ပထမ အခြေချခဲ့ကြသည်။

နောက်ပိုင်း၌ အရှေ့အိန္ဒိယ ကုမ္ပဏီ၏ အကူအညီဖြင့် သူတို့သည် သားရဲတိရစ္ဆာန်များ ထူပြောသည့် အဆိုပါ တောရိုင်းမြေများကို လယ်ယာမြေအဖြစ် ပြောင်းလဲခဲ့ကြသည်။
ဘာကာဂန့်ချ်-ဆန်ဒါဘန်း ကိုလိုနီဒေသ၌ ရခိုင်ကျေးရွာပေါင်း ၂၃၇ ရွာခန့်အထိ ပွားများခဲ့သည်။ ၁၉၀၈ ခုနှစ်တွင် ဗြိတိသျှအစိုးရသည် အဆိုပါဒေသ တစ်ခုလုံးအတွက် ခီပူပါရာတွင် ကိုလိုနီအရာရှိတစ်ဦး ခန့်ထားသည်။
BDNews24 သတင်းဌာနက ၂၀၂၅ ခုနှစ် ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၃၁ ရက်အတွင်း ပါတူဝါခါလီနှင့် ဘာဂူနာ ဒေသများရှိ နေရာလေးခုကို သွားရောက် လေ့လာခဲ့ရာတွင် ရခိုင်လူဦးရေ ကျဆင်းလာစေသည့် အဓိက အကြောင်းရင်းကြီး သုံးခုကို မြင်တွေ့ခဲ့ရသည်။ သဘာဝကပ်ဘေး၊ မြေနေရာ သိမ်းယူခံရမှုနှင့် တရားတဘောင် အငြင်းပွားမှု ဝန်ထုပ်ဝန်ပိုးတို့ဖြစ်သည်။
ဒေသခံများက ၁၉၆၅ ခုနှစ်တွင် ၎င်းတို့ ကြုံခဲ့ရသည့် ရေကြီးမှုကို မှတ်မှတ်ရရ ပြန်ပြောင်းပြောပြကြသည်။ အဆိုပါရေကြီးမှု၌ ရခိုင်များ အဓိကနေထိုင်ကြသည့် ခရိုင်ဒေသကြီးနှစ်ခုသည် ညဉ့်တွင်းချင်း ရေမြုပ်သွားခဲ့သည့်အတွက် လူအများအပြား သေဆုံးခဲ့ရသလို ကျေးရွာများဆိုလျှင်လည်း ရွာလုံးကျွတ် ရေစီးနှင့် ပျောက်ကွယ်သွားခဲ့သည်။
ဆွစ်ဇာလန်အခြေစိုက် Frontiers in Marine Science ဂျာနယ်က ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် လေ့လာမှုတစ်ရပ် ပြုလုပ်ခဲ့ရာ၌ ကူကာတာကမ်းရိုးတန်းသည် ၁၉၈၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်အကြား၌ ကုန်းတွင်းပိုင်းသို့ ကျွံဝင်လာမှုသည် နှစ်စဉ် ၀.၃၂ စတုရန်းကီလိုမီတာစီ ရှိသည်ကို တွေ့ရှိခဲ့သည်။
"ဘုန်းကြီးရဲ့ မွေးဇာတိက တူလာတိုလီရွာပါ။ ဟိုတုန်းက ၁၂၅ မိသားစုရှိတယ်။ ၁၉၆၅ မှာရေကြီးတော့ မိသားစုနှစ်စု၊ လူစုစုပေါင်း ခြောက်ယောက်ပဲ အသက်ရှင်ကျန်ခဲ့တယ်။ ရခိုင်တွေ အများကြီးသေတယ်။ ကျေးရွာ အများအပြား ပျောက်ကွယ်သွားတယ်" ဟု ကူဝါကာတာမြို့ရှိ သီရိမင်္ဂလာ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် Indrabonsho Thera က မိန့်ကြားသည်။

အဆိုပါဘေးဆိုးကြီးအတွင်း စာရွက်စာတမ်းများလည်း အများအပြား ပျက်စီးဆုံးရှုံးသွားကြသဖြင့် အပြင်လူများ မြေနေရာဝင်ယူရန် အခွင့်အရေး ရသွားကြသည်ဟုလည်း ဘုန်းတော်ကြီးက မိန့်သည်။ "တဖြည်းဖြည်းနဲ့ ရခိုင်အရေအတွက်က နည်းသွားတယ်။ ကျန်ခဲ့သူတွေ ကျတော့လည်း နှစ်တိုင်း မုန်တိုင်းတိုက်လိုက် ရေကြီးလိုက်နဲ့ စားနပ်ရိက္ခာ ဖျက်ဆီးခံနေရတဲ့ နေရာမှာ နေလို့ ဘာထူးဦးမှာလဲလို့ တွေးပြီး နောက်ဆုံးကျ ထွက်သွားကြတာပဲ" ဟုလည်း သူက မိန့်ကြားသည်။
"နောက်ပိုင်းမှာ ရေကာတာတွေ ဆောက်လိုက်တော့ ဘင်္ဂါလီတွေ အခြေချ နေလာကြတယ်" ဟု သူကမိန့်သည်။
"အခုဖြစ်နေတဲ့ ပုံစံအရကတော့ နောက်ဆုံးကျရင် တို့အားလုံးကို နှင်ထုတ်ဖို့ ကြိုးစားလာမယ်ထင်တယ်" ဟု သူကပြောသလို မပြီးပြတ်သေးသည့် လယ်ယာမြေအမှုများကို လက်စသတ်ရန်လည်း တိုက်တွန်းသည်။
တာလုတ်ဒါကတော့ ၁၉၆၅ ရေကြီးမှုကြောင့် အချို့ကျေးရွာများ၌ နေအိမ် တစ်လုံးမှ မကျန်ခဲ့သည့်အကြောင်းကို သူ့ရှေ့က လူကြီးများ၏ ပြောစကားကို ပြန်ပြောပြသည်။
"အကျင့်ပျက်တဲ့ ဝန်ထမ်းတွေက မြေစာရင်းစာအုပ် အတုတွေလုပ်ပြီး ကျွန်တော်တို့ရဲ့ မြေတွေကို ယူသွားကြတယ်။ တခါတခါကျတော့လည်း မိသားစုတစ်စုက လိုအပ်လို့ မြေတစ်ဧက ရောင်းရာကနေ နှစ်ဧက သုံးဧက လောက်ထိ ပါသွားတာမျိုး ရှိတယ်" ဟု သူကပြောသည်။
"ဟိုတုန်းက ဒီဘာသာစကား မပြောတတ်သူတွေတောင် အများကြီးရှိတယ်။ တဖြည်းဖြည်းနဲ့ ရခိုင်လူဦးရေ ကျဆင်းသွားတာ" ဟု သူကဆိုသည်။
ပေရာဆိပ်ကမ်းနှင့် ဓာတ်အားပေးစက်ရုံများကြောင့် မြေစျေး မြင့်တက်လာသောအခါ အခွင့်အရေးသမားများသည် သချင်္ိုင်းမြေများ၊ သောက်သုံးရေကန်များ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများကအစ ရသမျှကို ယူလာကြသည်။
ကျေးရွာများ ပျက်သုဉ်းသွားရသည့် ဒုတိယအကြောင်းရင်းကား တရားတဘောင် ရင်ဆိုင်ရသည့် အမှုများကြောင့် ငွေကုန်ကြေးကျ များပြားသည့်ပြဿနာ။
ဌာနေတိုင်းရင်းသားများဖိုရမ်အဖွဲ့ (Indigenous Peoples Forum) ၏ ဗဟိုကော်မတီဝင် ဦးမောင်မြက ဤဒေသတွင် နေထိုင်နေဆဲ ရခိုင်မိသားစုတိုင်းနီးပါးလောက်သည် မြေယာအငြင်းပွားမှု အမှုများကို တစ်ခု သို့မဟုတ် တစ်ခုထက်ပို ရင်ဆိုင်နေရသူချည်း ဖြစ်သည်ဟု ပြောသည်။
အဆိုပါ အမှုများသည် ပြေလည်ရန် နှစ်ပေါင်းများစွာ၊ တခါတရံ ဆယ်စုနှစ်များစွာအထိ ကြာမြင့်တတ်သည့်အတွက် ရခိုင်ပြည်သို့ ပြန်သွားကြသူများပင် အများအပြား ရှိသည်ဟု သူကဆိုသည်။
ဘာဂူနာမြို့ တာတာလီဒေသရှိ လော်ပါရာကျေးရွာတွင် ရှိနေသည့် စွန့်ပစ် အိမ်ခြံမြေ အများအပြားက အဆိုပါစကားကို သက်သေထူနေသည်။ ကျေးရွာဥက္ကဌ ဦးစိန်သန်းမောင်ကလည်း တရားတပေါင် ကုန်ကျစရိတ် မတတ်နိုင်၍ မြန်မာဘက်သို့ ပြောင်းရွှေ့သွားကြသူအချို့ ရှိကြောင်း အတည်ပြု ပြောဆိုသည်။
သဘာဝဘေးဒဏ်နှင့် တရားတဘောင်အပြင် လောလောလတ်လတ် ကြုံနေကြရသည့် ခြိမ်းခြောက်မှုမှာ ပေါ်တင်မြေကျူးကျော်သည့် လုပ်ရပ်ဖြစ်သည်။ လယ်ယာမြေများ အပိုင်ယူခံရသည်မှာ ယခင့်ယခင်တည်းက ဖြစ်သော်လည်း ယခုအခါ လူနေအိမ်ခြေများကိုပါ ကျူးကျော် ယူငင်ခံလာရခြင်း ဖြစ်သည်။
တချိန်က ရခိုင်ကျေးရွာ ၂၂၀ အထိ ရှိခဲ့သော်လည်း ယခုအခါ ၄၄ ရွာသာ ကျန်တော့သည်ဟု ဦးမောင်မြက ပြောသည်။ ပါတူဝါခါလီတွင် ၂၇ ရွာ၊ ကာလာပါရာတွင် ၁၃ ရွာ၊ ရန်ဂါဘာလီ၌ ၄ ရွာဖြစ်သည်။ "လူဦးရေ ၅၀,၀၀၀ ကျော် ရှိခဲ့ရာကနေ အခုတော့ ၂,၅၀၀ လောက်ပဲ ကျန်တော့တယ်" ဟု ဦးမောင်မြက ပြောသည်။
"အမှုအခင်းတွေက နှစ်ပေါင်း ၃၀၊၄၀ အထိကြာတယ်။ ဒီအသိုင်းအဝိုင်းက ငွေကြေးအင်အား အရမ်းတောင့်တင်းတာမျိုး မဟုတ်တော့ ဘာမှ မတတ်နိုင်ဘူး" ဟုလည်း သူကဆိုသည်။

ရေကြည်ရာမြက်နုရာသို့
ပြီးခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်အတွင်း ကမ်းရိုးတန်းဒေသတလျှောက် တည်ရှိခဲ့ကြသည့် ရခိုင်ကျေးရွာ စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းနီးပါးသည် ယခုအခါ ဘင်္ဂါလီကျေးရွာများအဖြစ် ပြောင်းလဲသွားကြပြီဖြစ်ကြောင်း ကွင်းဆင်းလေ့လာမှုများနှင့် သတင်းရင်းမြစ်များ၏ အတည်ပြုချက်များအရ သိရသည်။
ရခိုင်လူဦးရေသည်လည်း ၉၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပြီ။ ယခုအခါ နောက်ဆုံးလက်ကျန် ၄၄ ရွာ၌ ရခိုင်လူဦးရေ စုစုပေါင်းမှာ ၂,၅၀၀ ခန့်သာ ကျန်တော့သည်။
ချာယာနီပါရာဒေသတွင် ဆိုလျှင် နောက်ဆုံးကျန်ခဲ့သည့် မိသားစု ခြောက်စုအား ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ပေရာရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေးက ဖယ်ရှားပစ်လိုက်သည်။
ယခုအခါ ကာလာပါရာဒေသတွင် ယခင် ကျေးရွာဥက္ကဌဟောင်း၏ သားဖြစ်သူ ရခိုင်လူမျိုး ဦးစိန်သာမော် (Ching Damo) သည် အိမ်ငှားနေရသည်။ နောက်ထပ် မိသားစုလေးစုမှာလည်း အခြားနေရာများ၌ ခြေသလုံးအိမ်တိုင်သဖွယ် နေထိုင်နေကြသည်။
"ကျွန်တော်တို့ဘဝတွေက ခြေသလုံးအိမ်တိုင်လို ဖြစ်ကုန်ပြီ" ဟု ဦးစိန်သာမော်က ဆိုသည်။ "မြေသိမ်းတုန်းကတော့ ပြန်အခြေမချမီအထိ လုံလောက်တဲ့ ပမာဏတစ်ခု ပေးမယ်လို့ ကတိပေးတယ်။ တစ်လကို တာကာငွေ ၅၀၀၀ စီနဲ့ ငါးလတော့ ရခဲ့တယ်။ ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာတော့ တစ်ပြားမှ မရတော့ဘူး" ဟု သူကပြောသည်။
ဆိပ်ကမ်းအာဏာပိုင်များသည် သူတို့အား အစိုးရမြေ လျှောက်ထားရန် ပြောသည်ဟု ဦးစိန်သာမော်က ဖြည့်စွက်ပြောဆိုသည်။ "နောက်ပိုင်း သူတို့ပြတဲ့မြေကို လိုက်ကြည့်တော့ .. မိသားစု ခြောက်စုအတွက် ပေးထားတာက ၄၀ ဒက်ဆီမယ် (၁၇,၄၂၄ စတုရန်းပေ) ပဲ ရှိတယ်။ ကျွန်တော်တို့ မီးသင်္ဂြ ိုလ်မြေ တစ်ခုတည်းတောင် အရင်က တစ်ဧက ကျယ်တာကို" ဟု သူကပြောသည်။
"သောက်ရေကန်၊ မီးသင်္ဂြ ိုလ်မြေ၊ ဝတ်ပြုဖို့နေရာ ဒါတွေအတွက်ကိုက အနည်းဆုံး တစ်ဧကလောက် လိုတယ်" ဟု ဦးစိန်သာမော်က ဆိုသည်။
ကာလာပါရာရှိ ရခိုင်မိသားစုတစ်ခုမှ တက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးဖြစ်သည့် မင်းသိန်းပရိုမီလာ (Meinthin Promila) ကတော့ သူမ၏ ဆွေစဉ်မျိုးဆက် နေထိုင်ခဲ့သည့် ရန်ဂါဘာလီမှ ကျေးရွာကို ပင်လယ်ပြင်တွင် ဆုံးရှုံးခဲ့ရသူ ဖြစ်သည်။ "ကျေးရွာအများအပြားကတော့ ပျောက်သွားပြီ။ ချာယာနီပါရာရွာလည်း ပေရာ ဆိပ်ကမ်းစီမံကိန်း ကာလမှာ ပါသွားပြီ။ နောက်တစ်ရွာလည်း ပျောက်သွားပြီ။ ကျွန်မတို့ရဲ့ တည်ရှိမှုက မရေရာတော့ဘူး" ဟု သူကဆိုသည်။
"ဘယ်အစိုးရပဲ တက်တက်၊ မြေကျူးသူတွေသာ မျက်နှာပြောင်းသွားမယ်။ မြေကျူးကျော်မှုကတော့ မပြောင်းဘူး" ဟုလည်း မင်းသိန်းပရိုမီလာက ပြောဆိုသည်။
တရားတဘောင်အောက်မှာ နင်းခြေခံရခြင်း
Caritas အဖွဲ့ကြီး၏ အချက်အလက်များအရ ဆိုလျှင် ဘင်္ဂလာရှိ ရခိုင်လူမျိုး ၉၀ မှ ၉၅ ရာခိုင်နှုန်းခန့်အထိမှာ ယခုအခါ မြေပိုင်ယာပိုင် မရှိကြတော့ပေ။
၂၀၀၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ မြေယာအငြင်းပွားမှု ၁၁၂ မှုအထိ ဖြေရှင်းခဲ့သော်လည်း အချို့သာ ၎င်းတို့အတွက် အဆင်ပြေခဲ့ပြီး အခြားအငြင်းပွားမှုများကမူ စာရွက်ပေါ်တွင်သာ ပြေလည်ခဲ့ခြင်း ဖြစ်သည်။
တာတာလီဒေသ တစ်ခုတည်းတွင်ပင် မြေယာအငြင်းပွားမှု တစ်ရာကျော်ရှိသည်။ ကာလာပါရာတွင်လည်း အမှုပေါင်း ၁၃၀-၁၄၀ ခန့်ရှိသည်။
ဦးမောင်မြကတော့ ဒေသအုပ်ချုပ်ရေး အဖွဲ့အနေဖြင့် ရခိုင်ရေးရာအတွက် သီးခြားဌာနတစ်ခု ဖွဲ့စည်းပြီး လယ်မြေအခြေအနေကို စောင့်ကြည့်နိုင်ရေးအတွက် လစဉ် အစည်းအဝေး ကျင်းပပေးရန် အကြံပြုသည်။ "ဒါဆိုရင် အနည်းဆုံး ကျွန်တော်တို့လက်ထဲ လက်ရှိ ကျန်နေသေးတဲ့ မြေတွေလောက်ကိုတော့ အကာအကွယ် ပေးနိုင်တာပေါ့လေ" ဟု သူက ဆိုသည်။
နာမည်တွေ ပျောက်ကွယ်
ကျေးရွာများ ပျောက်သွယ်သွားသလို ရွာနာမည်များလည်း ပြောင်းလဲသွားသည်။ ဟိုက်ချန်ပါရာ (Huichhanpara) သည် ဟူစိန်ပါရာ ဖြစ်သွားသည်။ အစိုးရ၏ ရှေးဟောင်းသုတေသန ဌာနမှ တရားဝင်မှတ်တမ်းများတွင်ပါ ပြောင်းလဲသွားခြင်း ဖြစ်သည်။

အထင်ရှားဆုံး ဥပမာမှာ ကူဝါကာတာ ဖြစ်သည်ဟု ဘုန်းတော်ကြီး Indrabonsho က ပြောသည်။ "မူရင်းနာမည်က ဂါဒလာပါ။ ငါးဖမ်းဘုတ်တွေ ဆိပ်ကမ်းတဲ့နေရာလို့ အဓိပ္ပာယ်ရတာပေါ့။ နောက်ပိုင်း လမ်းတွေ ခင်းလာတယ်။ ခရီးသွားတွေလည်း နေထွက်ချိန် နေဝင်ချိန်တွေ ကြည့်ဖို့ ရောက်လာကြတယ်။ အဲဒီမှာ ဒေသလူကြီးတွေက ဂါဒလာဆိုတဲ့ နာမည်ဟာ ဆွဲဆောင်မှု မရှိဘူးလို့ ယူဆလာကြတာ" ဟု သူက ပြောသည်။
"ရေရှားတဲ့အတွက် ရေတွင်းတွေ အများအပြား တူးထားကြတယ်။ ဒီဘုန်းကြီးကျောင်းဘေးက ရေချိုတွင်းဆိုရင် ဒေသခံတွေ နှစ်ပေါင်းများစွာ အသုံးပြုလာကြတာ။ ရေတွင်းထဲကရေခပ်ဖို့ကို လူတွေ တန်းစီပြီး စောင့်ကြရတယ်။ ကူဝါကာတာဆိုတာ အဲဒီရေတွင်းနာမည်။ ဒါကို အစွဲပြုပြီး ခေါ်တာ" ဟုလည်း ဘုန်းတော်ကြီးက ပြောသည်။
ဒိုကာဆီပါရာမှနေ၍ ဒိုဗာရှီပါရာ၊ အာချာလက်ခါပါရာမှနေ၍ အာဒါလက်ခန်၊ သင်းချူပါရာမှသည် အန်းချူပါရာ၊ အောင်သန်းပါရာမှနေ၍ အာနန်တာပါရာ စသဖြင့် ပြောင်းသွားသည့် အများများ အပြားအပြား ရှိသည်ဟု ဦးမောင်မြက ပြောသည်။ "နာမည်တွေ ပြောင်းတယ် ဆိုရင်တောင် နောက်ဆုံးကျန်ခဲ့တဲ့ ရွာနည်းနည်းပါးပါးကိုတော့ ဆက်လက် တည်ရှိခွင့်ပေးပါဦး" ဟု သူက ဆိုသည်။
စောသန္တာအေး
BDNews24 ဝဘ်ဆိုက်တွင် ဖော်ပြထားသည့် Centuries-old Rakhine settlements disappearing under the tide of land grabs, erosion, 'development' သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။