ရခိုင်ဘက်မှ သေနတ်သံများကြောင့် နယ်စပ်တလျှောက် ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတင်းကျပ်

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ရခိုင်ဘက်ခြမ်းတွင် တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် နယ်စပ်တလျှောက်တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)က သတိအနေအထားဖြင့် လုံခြုံရေး ကင်းလှည့်မှုများ ပြုလုပ်နေကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။

By Admin 24 Aug 2025

နတ်မြစ်အတွင်း ကင်းလှည့်နေကြသည့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ရေယာဉ်များအား ၂၀၂၅ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Prothom Alo

သြဂုတ်လ ၂၂ ရက်၊ သောကြာနေ့က ဘင်္ဂလားဒေ့ရှ်ဘက်သို့ ခိုးဝင်ရန် ကြိုးပမ်းသည့် မွတ်ဆလင် ၆၂ ယောက်ကို လာလမ်းအတိုင်း ပြန်ခိုင်းလိုက်သည်ဟု တက္ကနာမှ BGB တပ်ရင်းမှူး ဗိုလ်ကြီး အာရှိကာရာမန်က ဒါကာထရီဗျူး သတင်းဌာနသို့ ဖြေကြားထားသည်။

"နယ်စပ်တလျှောက်မှာ ဝင်ဖို့လုပ်နေကြသူတွေ ထောင်ပေါင်းများစွာ ရှိပါတယ်။ ဒါကို BGB က သတိဝီရိယနဲ့ စောင့်ကြပ်နေပါတယ်။ ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးပါဘူး။ အဓိကဝင်ပေါက်တွေမှာ ကင်းလှည့်မှုတွေ တိုးမြှင့်ဆောင်ရွက်နေပါတယ်" ဟု သူကပြောဆိုသည်။

ထို့အပြင် သေနတ်ပစ်ခတ်မှုများမှာ နယ်စပ်တဘက်ခြမ်းတွင် ဖြစ်ပွားနေခြင်းဖြစ်ရာ မိမိတို့ဘက်၌ စိုးရိမ်နေရန် မလိုအပ်ကြောင်းလည်း ဗိုလ်ကြီး အာရှိကာရာမန်က ပြောသည်။

သေနတ်သံများကို သောကြာနေ့ညဉ့်ပိုင်းက စတင်ကြားရခြင်း ဖြစ်ကာ စနေနေ့ အစောပိုင်းအထိ ကြားခဲ့ရသည်ဟု ဘင်္ဂလားဒေ့ရှ်သတင်းများတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များ ဖြစ်ကြသည့် ARSA ၊ RSO နှင့် ARA တို့သည် အာရက္ခတပ်တော်၏ စခန်းနေရာများကို ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ တိုက်ပွဲများကြောင့် ထွက်ပြေးလာကြသူ မွတ်ဆလင်များမှာလည်း ယခုအခါ နတ်မြစ် ရခိုင်ဘက်ခြမ်းတွင် ရောက်နေကြပြီး ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဝင်ရောက်ရန် အခြေအနေ ကြည့်နေကြသည်ဟု ဒါကာထရီဗျူးန် သတင်းတွင် ဖော်ပြချက်အရ သိရသည်။

ယခုလ ၁၉ ရက်နေ့ညဉ့်ကလည်း မွတ်ဆလင် လက်နက်ကိုင်နှစ်ဖွဲ့သည် အာရက္ခတပ်တော်၏ တပ်စခန်းနှစ်ခုကို ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ပရိုသော်မ်အာလို သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။