သက်တိုင်းရင်းသားတို့၏ ကြီးလေးတဲ့ စိန်ခေါ်မှု

သက်လူမျိုးတို့နေထိုင်ရာ မကျည်းကုန်ရွာသည် မောင်တောနှင့် ၄ မိုင်အကွာ ဘူးသီးတောင်-မောင်တော ကားလမ်းဘေး၊ မောင်တောတောင်ပိုင်း အငူမော်လမ်းမကြီးတို့နှင့် နီးကပ်စွာတည်ရှိသည်။ ယင်းကြောင့် မကျည်းကုန်းကျေးရွာတွင် အိမ်ခြေ ၂၅၀ ခန့်ရှိပြီး လူဦးရေအများဆုံးနေထိုင်ကြကြောင်း သိရသည်။

By Admin 14 May 2022

DMG (ဆောင်းပါး)

ဂေါင် - ရေးသည်။

မယူတောင်တန်းကြီးရှိသစ်ပင်၊ဝါးပင်တို့မှာ အစိမ်းရောင်၊အဝါရောင်တို့ဖြင့် ခြယ်သထားပြီး ဘင်္ဂလားပင်လယ်ပင်ပြင်မှ တိုက်ခတ်လာသည့် လေအေးနုတို့ကြောင့် တောင်ကြောတစ်လျှောက် ပေါက်ရောက်နေသော သစ်ပင်ပန်းမာလာတို့မှာ လှုပ်လှုပ်ရွရွနှင့်ရှိနေကြသည်။

ထိုတောင်တန်းအောက်ခြေရှိ ကျေးလက်ရွာငယ်လေးမှာ သက်တိုင်းရင်းသားများ အေးချမ်းပျော်ရွှင်စွာနေထိုင်ရာ မောင်တောမြို့နယ်(လေးမိုင်) မကျည်းကုန်းကျေးရွာပင်ဖြစ်သည်။
ထိုသို့သာယာသည့်ကျေးရွာတွင် သက်လူမျိုးတို့မှာ ပျော်ရွှင်စွာနေထိုင်ကြရသည်ဟု မြင်နိုင်သော်လည်း ၎င်းတို့၏စိတ်ထဲတွင် နောင်လာမည့်ကာလအတွက် လူမျိုးစု ပျောက်ကွယ်သွားမည့်အရေးနှင့် စိန်ခေါ်မှုတို့အပေါ် စိုးရိမ်စိတ်များ ရှိနေကြသည်။

“ကျနော်တို့လူမျိုးတွေက စိန်ခေါ်မှုတွေနဲ့ ကွယ်ပျောက်လုမတတ်ဖြစ်နေတယ်” ဟု သက်တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးလည်းဖြစ်၊ လွှတ်တော်အမတ်ဟောင်း တစ်ဦးလည်းဖြစ်သူ ဦးလှထွန်းကျော်ကပြောပြသည်။

ရခိုင်ပြည်သည် ရေခံမြေခံကောင်းပြီး သဘာဝအရင်းအမြစ်ပွားကြွယ်ဝသည့် ကမ်းမြောင်ဒေသ ဖြစ်သည်နှင့်အညီ ရခိုင်မျိုးနွယ်စု (၇)ခုတို့က သမိုင်းစဉ်ဆက် အေးချမ်းစွာဖြင့်လက်တွဲကာ မှီတင်းနေထိုင်လာခဲ့ကြသည်။

ထိုမျိုးနွယ်စုတို့မှာ ရခိုင်၊ ခမီ၊ မြို၊ သက်၊ ဒိုင်းနက်(သက္ကမ)၊ မရမာကြီးနှင့် ကမန် တို့ဖြစ်ကြပြီး ယင်းအထဲတွင် သက်တိုင်းရင်းသားများမှာ လူဦးရေထောင်ဂဏန်းနှင့် အနည်းဆုံးဖြစ်နေသဖြင့် အနာဂတ်ကာလတွင် မျိုးနွယ်စု ပျောက်ကွယ်သွားနိုင်သည့် အခြေအနေနှင့် ကြုံတွေ့နေခြင်းလည်းဖြစ်သည်။

သက်လူမျိုးတို့သည် အစဉ်အဆက် ဗုဒ္ဓဘာသာကိုးကွယ်မှုနှင့်အတူ ကိုယ်ပိုင်ဘာသာစကား၊ စာပေ၊ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ တို့ဖြင့် နေထိုင်လာသည့် မျိုးနွယ်စု တစ်ခုလည်းဖြစ်သည်။

■ နေထိုင်ရာဒေသနှင့် လူဦးရေ

သက်လူမျိုးခေါင်းဆောင်များမှ ကောက်ယူထားသည့်စာရင်းအရ ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် နယ်စပ်ဒေသတစ်ကြောရှိ ခုန်တိုင်၊ မင်္ဂလာညွှန့်၊ သစ်တုံးနားခွဆုံ၊ သက္ကိုင်ညာ၊ တိုက်ချောင်း၊ အောင်ချမ်းသာ၊ ဝေလာတောင်၊ ခမောင်းဆိပ်၊ မကျည်းကုန်း စသည့်ကျေးရွာ ၉ ရွာတွင် သက်လူဦးရေ ၁,၂၀၀ ကျော်ခန့် ရှိကြောင်း သိရသည်။ ထို့အတူ ဘူးသီးတောင်မြို့နယ်မှ ဂုပ္ပီ၊ အောင်ဇေယျ၊ ကထီးလှ၊ ကျွန်းပေါက် စသည့်ကျေးရွာ(၄)ရွာနှင့် ရသေ့တောင်မြို့နယ် ချွတ်ပြင်(စေတီပြင်)၊ တောင်ရင်းတန်းရပ်ကွက်တို့တွင် နေထိုင်လျက်ရှိသည်။

ထို့အပြင် စစ်တွေမြို့၊ ဗျိုင်းဖြူရွာတွင်လည်း သက်လူမျိုးနေအိမ် ၁၀ အိမ်နှင့် ပုဏ္ဏားကျွန်း ကျေးတောရွာမှာ အိမ်ခြေ ၂၃ အိမ်နေထိုင်ကြပြီး မြောက်ဦးမြို့နယ် အောင်မင်္ဂလာကျေးရွာ၊ ဆင်ချဆိပ်ရပ်ကွက်နှင့် အမ်းမြို့တွင်လည်း အနည်းငယ်စီ ပျံ့နှံ့နေထိုင်ကြောင်း သက်ခေါင်းဆောင်တို့က ဆိုသည်။

ရန်ကုန်မြို့၊ တောင်ဒဂုံဆိပ်ကမ်းတွင်လည်း စက်ရုံနေ့စားအလုပ်သမားအဖြစ် လုပ်ကိုင်နေကြသည့် အိမ်ခြေ ၁၃၀ ခန့်ရှိပြီး နေပြည်တော်တွင်လည်း သက်လူမျိုးနေအိမ် ၁၀ အိမ်ကျော်ခန့်ရှိကြောင်း သိရသည်။

“စာရင်းအတိအကျ ကောက်လိုက်တဲ့အချိန်မှာ ရခိုင်ပြည်ထဲမှာဆိုရင် ၃,၀၀၀ နဲ့ ၄,၀၀၀ ကြားလောက်ပဲ ရှိနေပြီး ဗမာပြည်ရော အခြားတနံတလျားမှာ နေထိုင်ကြတဲ့ သက်လူမျိုးဦးရေဟာ ၆,၀၀၀ နီးပါးလောက်ပဲ ရှိတော့တယ်” ဟု ဦးလှထွန်းကျော်က ရှင်းပြသည်။

ထိုသို့ သက်လူမျိုးများ လူဦးရေနည်းပါးလာခြင်းနှင့် လူမျိုးစုကွယ်ပျောက်သွားနိုင်သည့် အဓိက အကြောင်းအရင်းမှာ ယခင်က သက်လူမျိုးများသည် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ ဘဝရပ်တည်ချက် လုံခြုံရေးအာမခံချက်မရှိဘဲ ဘဝဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်နေသည်ကို တွေ့ရသည်။ ယင်းအပြင် လက်ရှိတွင် လူမျိုးကြီးအုပ်စုတို့အကြား ပြန့်ကြဲနေထိုင်ရခြင်းလည်း ပါဝင်သည်။

အထူးသဖြင့် မောင်တောမြောက်ပိုင်းတွင် တောင်ယာလုပ်ကိုင်စားသောက်ကြရင်း မောင်တောဒေသ အရေးအခင်းပြဿနာတို့ကြောင့် အသက်အန္တရာယ် လုံခြုံမည့်နေရာသို့ ထွက်ပြေးတိမ်းရှောင်ကြရင်း တစတစပြန့်ကြဲသွားကာ ပျောက်ကွယ်လာခြင်းကို တွေ့ရသည်။

■ စည်ကားတဲ့ မကျည်းကုန်းရွာ

သက်လူမျိုးတို့နေထိုင်ရာ မကျည်းကုန်ရွာသည် မောင်တောနှင့် ၄ မိုင်အကွာ ဘူးသီးတောင်-မောင်တော ကားလမ်းဘေး၊ မောင်တောတောင်ပိုင်း အငူမော်လမ်းမကြီးတို့နှင့် နီးကပ်စွာတည်ရှိသည်။ ယင်းကြောင့် မကျည်းကုန်းကျေးရွာတွင် အိမ်ခြေ ၂၅၀ ခန့်ရှိပြီး လူဦးရေအများဆုံးနေထိုင်ကြကြောင်း သိရသည်။

လေးမိုင်ရွာကို ၁၉၇၁ နှစ်ကစတည်ခဲ့ပြီး ယခုအခါတွင် နှစ်ပေါင်း ၅၁ နှစ်ရှိနေပြီဖြစ်သည်။ သက်ကျေးရွာများထဲတွင် သက်တမ်းအကြာဆုံးနှင့် စည်ကားသည့် ရွာကြီးတစ်ရွာဟု ဆိုနိုင်သည်။

၁၉၅၈- ၅၉ ခုနှစ်တွင် မူဂျာဟစ်ထကြွမှုကြောင့် သက်တို့မှာ ဝေလာမြေမှ ကစဉ့်ကလျားဖြင့်ထွက်လာကာ မိမိကျွမ်းကျင်ရာ အလုပ်အကိုင်များကိုရှာပြီး နေရာအနှံ့သို့ပြန့်ကြဲကာ ယာယီအစုများဖြင့် နေထိုင်ခဲ့ကြရသည်။

ယင်းမှတခါ ၁၉၇၁ ခုနှစ်တွင် မကျည်းကုန်းရွာသို့ အချို့ပြန်လည်ရောက်ရှိကာနေထိုင်ခဲ့ကြပြီး ကျေးရွာအနီးရှိ နိုင်ငံတော်ပိုင် ကျွန်းစိုက်ခင်းနှင့် သစ်တောများတွင် နေ့စားအလုပ်သမားဘဝဖြင့် ခက်ခဲစွာရုန်းကန်ခဲ့ကြရသည်။ နဂိုမူလက တောင်ယာလုပ်ကိုင်သူများဖြစ်သဖြင့် တောင်ယာ မရှိသောနေရာတွင် ငွေကြေးမလုံလောက်မှုကြောင့် ဆန်ကွဲများကိုစားကာ ရွာတည်ခဲ့ရကြောင်းလည်း ဦးလှထွန်းကျော်က ပြောပြသည်။

ဦးလှထွန်းကျော်တို့ မိသားစုမှာလည်း မောင်တောမြောက်ပိုင်း တမန်းသားကျေးရွာမှ ပြောင်းရွှေ့လာကြခြင်းဖြစ်ပြီး အခြားသော သက်လူမျိုးတို့မှာလည်း ထိုမကျည်းကုန်းရွာကနေ အခြားနေရာသို့ ရေကြည်ရာမြက်နုရာရှာရင်း ထွက်သွားခဲ့ကြောင်း သိရသည်။

ယင်းနောက် ၂၀၁၂ နှင့် ၂၀၁၇ ခုနှစ်တို့တွင်ဖြစ်ပွားခဲ့သော လူမျိုးရေးဆန်သည့်ပဋိပက္ခများကြောင့် သက်လူမျိုးတို့နေထိုင်ရာ မောင်တောမြောက်ပိုင်းရှိ ဝေလာတောင်၊ တပ်ချောင်း၊ အောင်ချမ်းသာ စသည့်ကျေးရွာတို့မှ ထပ်မံပြောင်းရွှေ့ အခြေချ နေထိုင်လာကြသည့်အတွက် မကျည်းကုန်းကျေးရွာမှာ ပိုမိုစည်ကားလာခဲ့သည်။

“ကျမတို့ တမန်းသားရွာက လုံခြုံရေးမရှိတော့ တောင်ယာ လယ်လုပ်မယ်ဆိုလည်း မရဘူး၊ ကြောက်နေရတယ်။ အဓိကတော့ ကိုယ့်ရဲ့ အသက်ရှင်ရပ်တည်ရေးက လုံခြုံရေးအခြေအနေကြောင့် မပြောင်းချင်ပေမဲ့ ပြောင်းလာရတယ်”ဟု ဒေါ်ကြာမစိန်ကဆိုသည်။

ဒေါ်မကြာစိန်တို့မိသားစုမှာ မောင်တောမြောက်ပိုင်း တမန်းသားကျေးရွာဇာတိဖြစ်ကြပြီး ၂၀၁၇ မောင်တောဖြစ်စဉ်နောက်ပိုင်းတွင် မကျည်းကုန်းရွာသို့ ပြောင်းရွှေ့အခြေချ နေထိုင်လာကြခြင်းဖြစ်သည်။

ယခုအခါ မောင်တောမြို့နယ်တွင် သက်လူဦးရေ ၁,၂၀၀ ကျော်နေထိုင်ကြသည့်အတွက် သက်လူမျိုးများ အများဆုံးနေထိုင်ရာ ဒေသလည်းဖြစ်နေသည်။

၂၀၁၂ မတိုင်မီက မောင်တောတွင် သက်လူမျိုးတို့၏ ကျေးရွာ ၁၀ ရွာခန့်နှင့် လူဦးရေ ၂,၀၀၀ ကျော် ရှိခဲ့သော်လည်း အရေးအခင်းတွင် သရေကုန်ဘောင်ကျေးရွာမှာ သက်လူမျိုး ကျောင်းဆရာလင်မယား အသတ်ခံရမှုကြောင့် နယ်စပ်ဒေသတလျောက်နေထိုင်ကြသည့် သက်လူမျိုးများမှာ စိုးရိမ်စိတ်ဖြစ်ကာ ထွက်ပြေးခဲ့ကြသည်။

၂၀၁၇ မောင်တောဖြစ်စဉ်နောက်ပိုင်းတွင် ARSA ၊ RSO တို့ကဲ့သို့ လက်နက်ကိုင်အဖွဲ့များ၏ ခြိမ်းခြောက်မှုများ ရှိလာသဖြင့် မောင်တောတွင်နေထိုင်သည့် သက်လူမျိုးများမှာ ရန်ကုန်၊ အမ်း၊ ပုဏ္ဏားကျွန်း စသည့်နေရာများသို့ ထွက်ခွာသွားသူများရှိခဲ့သည်။

လက်ရှိတွင် သက်လူငယ်အများအပြားမှာလည်း အလုပ်အကိုင်ရှားပါးမှုကြောင့် တခြားသူများနည်းတူ နေရပ်စွန့်ခွာကာ ရန်ကုန်၊ နေပြည်တော်အပါအဝင် ထိုင်း၊ မလေးရှား၊ တရုတ် စသည့်နိုင်ငံများသို့လည်း အများအပြားရောက်ရှိသွားပြီဖြစ်သည်။ သက်တို့မှာ လူနည်းစုတစ်ခုအနေဖြင့် တစ်စုတစ်ရုံးတည်း မနေနိုင်တော့ဘဲ လူသားရင်းမြစ်ပြန့်ကြဲလာမှုတို့က ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်အနေဖြင့် ဖြစ်လာနေသည်။

ထိုသို့ သက်မျိုးနွယ်စုများ နေရာသစ်တွင် မိမိကျွမ်းကျင်ရာအလုပ်အကိုင်တို့နှင့် အခြေချလာကြသည်မှာ တဘက်ကကြည့်လျှင် ကောင်းသော်လည်း အခြားတဘက်တွင် မျိုးနွယ်စုအရေးနှင့်ပတ်သက်ပြီး အားနည်းချက်များလည်း ဖြစ်စေခဲ့သည်။

တဖြည်းဖြည်း ရွှေ့လျားသွားလာနေခြင်းအားဖြင့် ၁၀ စုနှစ်တစ်ခုကနေ နောင်နှစ်ပေါင်း ၃၀၊ ၄၀ ထိ ကြာမြင့်လာလျှင် စုစည်းမှုအနေအထား မလွယ်ကူတော့ပေ။ ထိုအချက်မှာလည်း မျိုးနွယ်စု တည်တံ့ခိုင်မြဲရေးအတွက် အထူးသတိထားရမည့် အချက်တစ်ခုလည်းဖြစ်နေသည်။

“၁၀ စုနှစ်ကနေ နှစ် ၃၀၊ ၄၀ ကြာလာမယ်ဆိုရင် တနည်းအားဖြင့် မျိုးဆက်တစ်ခုအထိ ဖြစ်သွားရင်တော့ ပြန်ပြီးတော့ စည်းလုံးမှုအနေအထားကတော့ မလွယ်ဘူး” ဟု မောင်တောသုံးမိုင်ကျေးရွာတွင် နေထိုင်သည့် သက်လူမျိုး အထက်တန်းကျောင်းအုပ် ဆရာကြီးဖြစ်သူ ဦးဦးရွှေက မှတ်ချက်ပြုသည်။

■ သက်လူမျိုး ဆင်းသက်လာပုံနှင့် ရွှေ့လျားမှု

သက်လူမျိုးများသည် သမိုင်းမတင်မီခေတ် ဘီစီ ၃,၀၀၀ ကျော်လောက်ကနေ မြန်မာပြည်ကို ပထဆုံး ဝင်ရောက်ကြသည့် တိဗက်အနွယ်မျိုးစုထဲက သက်၊ ဗျူ၊ ကမ်းယမ်လူမျိုးထဲတွင် တစ်ခုပါဝင်သည်။ ရခိုင်ပြည်ကို ပထမဆုံးဝင်လာသည့်အခါ လူဦးရေမည်မျှထိရှိခဲ့သည်ကို အတိအကျမသိခဲ့သော်လည်း သမိုင်းတွင်သည့် လူမျိုးတစ်မျိုးအဖြစ် ရပ်တည်နေသည်ကို တွေ့ရသည်။

ရခိုင် မာရယုမင်းဆက်၏ ရာဇဝင်ကျမ်းလာအရ ရခိုင်နှင့်သက်လူမျိုးများသည် ရှေးယခင်ကပင် အတူနေထိုင်လာခဲ့ကြောင်း ရခိုင်သမိုင်းသုတေသီများ၏ မှတ်တမ်းနှင့် ရာဇဝင်ကျမ်းတို့တွင် ခိုင်မာစွာတွေ့ရသည်။

ပထမဆုံး သက်တို့သည် ချင်းတောင်တန်း၊ ကုလားတန်မြစ်ဖျားကနေ တောင်စဉ်တောင်ရိုးအတိုင်း စုံဆင်းလာကြကာ ဝေးလံခေါင်သီသော မောင်တောမြောက်ပိုင်း ဝေလာတောင်ဒေသတွင် လက်ပံပင်ကြီးများကို ခုတ်လဲပြီး လယ်ယာမြေများဖန်တီးကာ ရွာပေါင်း ၁၂ ရွာ ထူထောင်နေထိုင်လာခဲ့ခြင်း ဖြစ်ကြောင်း သက်လူကြီးများက ပြောဆိုကြသည်။

အစတွင် အခြေချနေထိုင်လာရာ၌ လူဦးရေမည်မျှရှိခဲ့သည်ကို တိတိကျကျ စားရင်းဇယားမှတ်တမ်းများ မရှိကြပေ။ မောင်တောဒေသတွင် နေထိုင်လာကြရင်း လူမျိုးရေးဆန်သည့် ပဋိပက္ခများ ပေါ်ပေါက်လာကာ လုံခြုံရေးအာမခံချက် မရှိသဖြင့်  မူလနေထိုင်ရာ ဝေလာတောင်ဒေသကိုစွန့်ခွာပြီး ထွက်ပြေးခဲ့ရသည်ဟု ဦးထွန်းလှကျော်က ရှင်းပြသည်။

“ရှင်းရှင်းပြောရရင် ကျနော်တို့မျိုးနွယ်စုဟာ တခြားမျိုးနွယ်စုတွေရဲ့အကြားမှာ တဖြည်းဖြည်း လောင်းရိပ်မိပြီးတော့ အားတင်အနိုင်ကျင့်တာ ခံရတယ်ပေါ့။ ဒါကြောင့် လူသူနဲ့ဝေးရာကို တဖြည်းဖြည်း ရောက်သွားကြတယ်။ ဆိုလိုတာက မြို့ပြတွေကိုမရောက်ဘဲ လူသူဝေးရာ တောတောင်တွေကိုပဲပြေးပြီး သမိုင်းက လမ်းစပျောက်သွားတယ်” ဟု ၎င်းကဆိုသည်။

■ သက်တို့ဌာနေ ဝေလာမြေ

သက်လူမျိုးတို့သည် မောင်တောမြောက်ပိုင်းရှိ ဝေလာတောင်တန်းဒေသကို သူတို့၏ ဘိုးဘွားများက မူလအခြေစိုက်ခဲ့သည့်နေရာဟု မှတ်ယူထားကြသည်။ သို့သော်လည်း ၁၉၅၈- ၅၉ ခုနှစ်တို့တွင် သက်တို့ အမြတ်တနိုးတန်ဖိုးထားရာ ဝေလာမြေ၌ မူဂျာဟစ်ထကြွမှုကြောင့် မကြာခဏ နေရပ်စွန့်ခွာကြရသဖြင့် သက်ရွာတို့သည် မောင်တောမြောက်ပိုင်းတွင် အနှစ် ၃၀ ခန့်ပင်နေထိုင်ရခြင်းမရှိဘဲ ရွာများပျက်ခဲ့ရသည်။ ယင်းနောက်တွင် နေရာသစ်များ၌ ယာယီရွှေ့လျားနေထိုင်ကြခြင်းကြောင့် အတည်တကျချပြရန် မလွယ်ကူတော့ပေ။

ထို့အတူ မကြာခဏဖြစ်ပွားလေ့ရှိသည့် ပဋိပက္ခများကြောင့် ထွက်ပြေးရာကနေ ယနေ့အချိန်တွင် တမန်းသားနှင့် ဝေလာတောင်သာ ကျန်ရှိတော့သည်။ သက်ကျေးရွာများသည် ရွာတည်ထောင်ပြီး နှစ် ၃၀ မကြာမီတွင် ထပ်မံထွက်ပြေးရသဖြင့် အမွေအနှစ်ခိုင်မာသည့် အဆောက်အဦးတို့မှာလည်း သက်သေပြစရာ မရှိသလောက် ရှားပါးသည်။

လက်ရှိတွင် သက်တိုင်းရင်းသားတချို့မှာလည်း စစ်သား၊ ရဲသားအပြင် အခြားသော ဌာနဆိုင်ရာများသို့ ဝင်ရောက်သွားခဲ့ကြပြီး အချို့အမျိုးသမီးများမှာလည်း မြို့ပြဒေသတို့တွင် လုပ်ကိုင်စားသောက်ရင်း လူမျိုးခြားတို့ဖြင့် အိမ်ထောင်ကြင်ဖက် ဖြစ်သွားသူများလည်း ရှိလာနေသည်။

သက်တိုင်းရင်းသားများသည် ထိုသို့အခက်အခဲ စိန်ခေါ်မှုတို့ကိုဖြတ်သန်းကာ နေရသော်လည်း မိမိတို့ ရပ်တည်ရှင်သန်ရေးအတွက် အလုပ်ကြိုးစားကြသလို ပင်ကိုယ်စိတ်ထား ရိုးသားပွင့်လင်းသည်ကို တွေ့ရသည်။

၎င်းတို့ဖြတ်သန်းလာသည့် သမိုင်းတလျှောက်တွင် ကူးလူးဆက်နွယ်နေရသည့် အခြားသော ရခိုင်၊ ခမီ၊ ဒိုင်းနက် စသည့် မည့်သည့်လူမျိုးနှင့်မျှ ပဋိပက္ခရန်ငြိုးရန်စဖြစ်ခြင်းမရှိဘဲ ဌာနေရခိုင်ပြည်ကြီးတွင် အေးချမ်းစွာနေထိုင်လာသည်ကို ယနေ့ထိတိုင် တွေ့မြင်ရဆဲဖြစ်သည်။

ပုဏ္ဏားကျွန်းဒေသခံ ခမီတိုင်းရင်းသားတစ်ဦးဖြစ်သူ ကိုအင်္ဂါအောင်က “ရခိုင်မှာ ရှေးပဝေသဏီကတည်းက ရခိုင်၊ ခမီ၊ မြို၊ သက်၊ ဒိုင်းနက် စတာတွေဟာ အတူနေထိုင်လာကြသလို ဒီသက်လူမျိုးတွေဟာလည်း ငြိမ်းချမ်းရေးကို အထူးလိုလားပြီး ပတ်ဝန်းကျင်နဲ့ ပဋိပက္ခမရှိဘဲ သဟဇတကျကျ ရိုးသားကြိုးစားပြီး နေထိုင်လာတာကို တွေ့ရတယ်” ဟု မှတ်ချက်ပြုသည်။

■ ထိန်းသိမ်းရမည့် အခြေအနေ

ယခင်က ဝေးလံခေါင်သီပြီး ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသည့် ဒေသမှထွက်ပြေးလာရသည့် သက်လူမျိုးတို့မှာ ယခုအခါ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မည့်နေရာ၊ ပညာသင်ကြားခွင့်ရနိုင်မည့် မြေပြန့်ဒေသများသို့ ပြောင်းရွှေ့လာနေကြသည်။

ထိုသို့ ကြိုးပမ်းလာကြခြင်းမှာလည်း ယခင်က ရိုးရာလုပ်ငန်းဖြစ်သော တောင်ယာအလုပ်မှာ တစ်နေရာကို တစ်နှစ်သာလုပ်ရပြီး တောတောင်ပြုန်းတီးမှု၊ ရာသီဥတုဖောက်ပြန်မှုတို့ကြောင့် လုံးဝအဆင်မပြေတော့ခြင်း ကြောင့်လည်းဖြစ်သည်။ ယင်းကြောင့် ထိုအလုပ်များကို တစတစစွန့်ခွာလာကြကာ လယ်ယာ၊ စိုက်ပျိုးရေးနှင့် ကုန်အရောင်းအဝယ်လုပ်ငန်းတို့ကို မှီခိုလာကြသည်။

အခက်အခဲများစွာထဲက သက်ခေါင်းဆောင်များသည် သက်လူမျိုး တည်တံခိုင်မြဲစေရေးအတွက် ပညာရေးကို ဦးစားပေးသင်ကြားရန် အစီအစဉ်ရေးဆွဲကာ မျိုးဆက်သစ်တို့ကို ထိန်းကျောင်းလာကြသည်။ ခေတ်ပညာတတ် လူငယ်တို့က မိမိတို့၏ ရိုးရာ၊ စာပေများ၊ ဝတ်စားဆင်ယင်မှုများကို ဖော်ထုတ်ကာ ယခုအခါ ပထဆုံးအကြိမ် သက်အမျိုးသားနေ့ကို ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့တွင် ညီညွတ်မှုအားဖြင့် ကျင်းပနိုင်လာပြီဖြစ်သည်။

ယခုအခါ မောင်တောမြို့နယ်ရှိ ဌာနဆိုင်ရာရုံးများတွင် သက်လူမျိုးဝန်ထမ်းအရေအတွက် ၁၀ ရာခိုင်နှုန်းခန့် ရှိလာနေကြောင်းလည်း သိရသည်။ သို့သော်လည်း များစွာသောစိန်ခေါ်မှုတို့ကြောင့် ထင်သလောက်တော့ ခရီးမရောက်သေးပေ။

အခြားတဘက်မှာလည်း သက်လူမျိုးများ မကွယ်ပျောက်စေဖို့အတွက် နိုင်ငံတော်အစိုးရအနေဖြင့် အကူအညီအထောက်အပံ့များ ပေးဆောင်နိုင်ရေးမှာ အဓိကဖြစ်ပြီး အတည်တကျနေထိုင်ရေးအတွက် ဒေသအတွင်းစက်ရုံကြီးများ မတည်ဆောက်ပေးနိုင်သော်လည်း ၎င်းတို့နှင့် လိုက်လျောညီထွေမှုရှိစေမည့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးရန် လိုအပ်နေသည်။

လက်ရှိအနေအထားရ သက်တိုင်းရင်းသားများမှာ နိုင်ငံရေးပါတီ မထူထောင်နိုင်သဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့် ဒေသတို့တွင် လုံခြုံရေးကောင်းမွန်သည့် ကျေးရွာကြီးများတည်ဆောက်ပြီး တစ်စုတစ်စည်းတည်း နေထိုင်နိုင်မှ အနာဂတ်မှာ တည်တံ့ခိုင်မြဲမည်ဟုလည်း သက်ခေါင်းဆောင်တို့က ယုံကြည်လာကြသည်။

ရခိုင့်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့ ဥက္ကဋ္ဌ စောစံငြိမ်းသူက “ရခိုင်တွေဘက်ကလည်း လူဦးရေအများဆုံး မျိုးနွယ်စုတစ်ခုဖြစ်တဲ့အတွက် အခြားသော ရခိုင်မျိုးနွယ်စုတွေကိုလည်း ညီတူညီမျှ၊ သာတူညီမျှ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သင့်တယ်။ အားလုံး တစ်စုတစ်လုံးတည်းဖြစ်ပြီး ရခိုင်ဒေသရဲ့ လူမှုဘဝအားလုံးကို ကောင်းမွန်စွာ ရပ်တည်နိုင်ရေးအတွက် ဖေးမကူညီသင့်တယ်လို့မြင်တယ်” ဟု ဆိုသည်။

အချုပ်အားဖြင့် မေယုဒေသနှင့် ဝေးမြေရပ်ခြားတွင် ကွယ်ပျောက်လုလုဖြစ်နေသည့် သက်လူမျိုးများမှာ ထပ်မံပြီး နိုင်ငံရေးမတည်ငြိမ်မှုများနှင့် တခြားသောပဋိပက္ခများ နောက်ထပ်ဖြစ်ပေါ်လာပါက ရောက်သည့်နေရာတွင် ညီညွတ်မှုကို တည်ဆောက်ရန် လိုအပ်နေသည်။

“နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ လုံခြုံရေးမတည်ငြိမ်မှုတွေနဲ့ တခုခုပြိုကွဲလာပြီး ဒီနေရပ်ကိုသာ ထပ်ပြီး စွန့်သွားရမယ်ဆိုရင်တော့ အစ္စရေးစိတ်ဓာတ်ကလေးနဲ့သွားကြပါလို့ သက်လူမျိုးတွေကို အန္တိမရည်မှန်းချက်အဖြစ် မှာထားတယ်” ဟု သက်တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလှထွန်းကျော်က ပြောသည်။

ဗီဒီယိုများ