သက်လူမျိုးပညာရေး တိုးတက်လာစေရန် တက္ကသိုလ်ဝင်တန်းအောင် သက်ကျောင်းသား ၁၀၀ ကျော်အား ဆုချီးမြှင့်

ဆုချီးမြင့်ပွဲများ လုပ်ဆောင်လာပြီးနောက်တွင် သက်လူမျိုးများ၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်လာပြီး သက်လူမျိုးများ၏ ပညာရေးမှာလည်း တိုးတက်မြင့်မားလာသည်ဟု သက်တိုင်းရင်းသားလူငယ်များ ပညာရေးဖောင်ဒေးရှင်းက ပြောသည်။ 

By Admin 07 Aug 2023

သက်လူမျိုးပညာရေး တိုးတက်လာစေရန် တက္ကသိုလ်ဝင်တန်းအောင် သက်ကျောင်းသား ၁၀၀ ကျော်အား ဆုချီးမြှင့်

DMG ၊ ဩဂုတ် ၇ 

သက်လူမျိုးများ ပညာရေးကဏ္ဍတွင် တိုးတက်မြင့်မားလာစေရန်အတွက် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် ရခိုင်ပြည်အတွင်းက တက္ကသိုလ် ဝင်တန်းစာမေးပွဲအောင်မြင်သည့် သက်လူမျိုး ကျောင်းသား/သူ ၁၀၄ ဦးအား ဆုချီးမြင့်ပွဲကို မောင်တောမြို့နယ်၊ မကျည်းကုန်းကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ဆုချီးမြှင့်ပွဲကို သက်တိုင်းရင်းသားလူငယ်များပညာရေးဖောင်ဒေးရှင်းက ဦးဆောင်ကာ (၆) ကြိမ်မြောက်အဖြစ် ဩဂုတ်လ  ၆ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

သက်တိုင်းရင်းသားလူငယ်များပညာရေးဖောင်ဒေးရှင်း ဥက္ကဌ ဦးရွှေက “နောင်အနာဂတ်မှာ သက်လူငယ်တွေ ပညာရေးတိုးတက်မြင့်မားလာစေဖို့၊ လူငယ်တွေ အပြိုင်အဆိုင်ကြိုးစားလိုတဲ့စိတ် ကိန်းအောင်းစေဖို့နဲ့ မိမိတို့လူမျိုးအချင်းချင်း စည်းလုံးမှုစိတ်ဓာတ် ခိုင်မာလာစေဖို့ ပြုလုပ်ရတာဖြစ်တယ်” ဟု ပြောသည်။

တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် သက်လူငယ်များထဲမှ ရိုးရိုးအောင်မြင်သူများကို တစ်ဦးလျှင် ငွေကျပ် ၅၀,၀၀၀ စီ ဆုချီးမြှင့်ပြီး ဂုဏ်ထူးဖြင့် အောင်မြင်သူများကို တစ်ဘာသာလျှင် ငွေကျပ် ၃၀,၀၀၀ စီ ထပ်မံဆုချီးမြှင့်ကြောင်း သိရသည်။ 

မကျည်းကုန်းကျေးရွာမှ တစ်ဘာသာ ဂုဏ်ထူးဖြင့် ဆုရကျောင်းသူ မလှလှဝင်းက “အခုလိုမျိုး ဆုချီးမြှင့်တာကို အရမ်းဝမ်းသာတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျမတို့ နောက်ထပ်ကြိုးစားချင်စိတ်တွေကို တဖန်ပြန်ပြီး နှိုးဆွစေတယ်။ ပြီးတော့ အခုပညာသင်ယူနေဆဲဖြစ်တဲ့ လူငယ်တွေအတွက်လည်း အတုယူစရာဖြစ်စေတယ်” ဟု ပြောသည်။ 

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ် ဝင်တန်းစာမေးပွဲအောင်မြင်သည့် သက်လူမျိုး ကျောင်းသား/သူ (၁၀၄) ဦးထဲတွင် (၄) ဘာသာ ဂုဏ်ထူးရှင် တစ်ဦး၊ (၃) ဘာသာ ဂုဏ်ထူးရှင်  ငါးဦး၊ (၂) ဘာသာ ဂုဏ်ထူးရှင် ၁၁ ဦး၊ (၁) ဘာသာ ဂုဏ်ထူးရှင် (၂၉) ဦးနှင့် ရိုးရိုးအောင် (၅၈) ဦးတို့ဖြစ်သည်။ 

အဆိုပါလူငယ်များအတွက် ဆုချီးမြှင့်ငွေများကို သက်တစ်မျိုးသားလုံးက လှူဒါန်းထားသည့် ငွေများဖြင့် ပေးအပ်ခြင်းဖြစ်ကြောင်း သက်တိုင်းရင်းသားလူငယ်များ ပညာရေးဖောင်ဒေးရှင်းမှ သိရသည်။ 

သက်တိုင်းရင်းသားလူငယ်များ ပညာရေးဖောင်ဒေးရှင်းကို ၂၀၁၆ ခုနှစ်က မောင်တောမြို့နယ်၊ မကျည်းကုန်း ကျေးရွာတွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း ပညာရေးဆုချီးမြှင့်ပွဲများကို ပြုလုပ်လာခြင်းဖြစ်သည်။ 

ဆုချီးမြင့်ပွဲများ လုပ်ဆောင်လာပြီးနောက်တွင် သက်လူမျိုးများ၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်လာပြီး သက်လူမျိုးများ၏ ပညာရေးမှာလည်း တိုးတက်မြင့်မားလာသည်ဟု သက်တိုင်းရင်းသား လူငယ်များ ပညာရေးဖောင်ဒေးရှင်း ဥက္ကဌ ဦးရွှေက ပြောသည်။ 

“(အောင်ချက်က) တစ်နှစ်ထက်တစ်နှစ် တိုးလာတာရှိတယ်။ ပြီးခဲ့တဲ့ နှစ်တွေထက် ဒီနှစ်မှာ ၄၈ ယောက်လောက် တိုးတက်သွားတာရှိတယ်။ ကျနော်တို့အသင်းက ကြိုးစားမှုကြောင့်နဲ့ သူတို့ကိုယ်တိုင်ကြိုးစားမှုကြောင့် တိုးတက်သွားတာဖြစ်တယ်” ဟု သူက ပြောသည်။ 

ရခိုင်ပြည်အတွင်းက တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သည့် သက်လူမျိုး ကျောင်းသား/သူအရေအတွက်မှာ ၂၀၁၈ -၂၀၁၉ ပညာသင်နှစ်တွင် ၂၈ ဦး၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ၃၀ ဦးထိ တဖြည်းဖြည်း  မြင့်တက်လာပြီး ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်တွင် ၅၉ ဦးနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ၁၀၄ ဦးအထိ ရှိလာခြင်းဖြစ်သည်။ 

ရခိုင်မျိုးနွယ်စုများထဲတွင် ရခိုင်၊ ခမီ၊ မြို၊ သက်၊ ဒိုင်းနက်(သက္ကမ)၊ မရမာကြီးနှင့် ကမန် တိုင်းရင်းသားတို့ရှိပြီး ယင်းအထဲတွင် ရခိုင်ပြည်အတွင်းနေထိုင်သည့် သက်တိုင်းရင်းသားဦးရေမှာ ၄,၀၀၀ ခန့်ဖြင့် အနည်းဆုံး ဖြစ်နေသည်။ 

သက်လူမျိုးခေါင်းဆောင်များ ကောက်ယူထားသည့်စာရင်းအရ သက်လူမျိုးများသည် မောင်တောမြို့နယ် နယ်စပ်ဒေသတကြောရှိ ကျေးရွာများတွင် အများဆုံးနေထိုင်ကြပြီး ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့် မြို့နယ်တွင်လည်း ပျံ့နှံ့နေထိုင်ကြကြောင်း သိရသည်။

#I011

ဗီဒီယိုများ