တရားဥပဒေစိုးမိုးမှုရှိမှ  “မအေးချမ်း”သော်လည်း “သာယာ”မည့် ရခိုင်

တိုက်ပွဲဖြစ်နေသည့် ဘက်နှစ်ဘက်စလုံးသည် ပြည်သူအတွက်ဟု နှစ်ဘက်လုံးက ကြွေးကြော်ထားသည်။ သို့သော် လက်ရှိအခြေအနေတွင် တိုက်ပွဲဖြစ်ပွားရာ နေရာဒေသများရှိ ကျေးလက်နေပြည်သူတို့၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးဖို့ မေ့နေကြသည်။ ထို့ကြောင့်  လက်နက်ကိုင်တပ်ဖွဲ့များအားလုံး တိုက်ပွဲ ကြားက ပြည်သူလူထုအပေါ် စေတနာအမှန်ထားရန်နှင့် လူထုယုံကြည်လေးစားအောင် ပြည်သူဘက် မျက်နာမူ သည့် စည်းကမ်းများကို လိုက်နာစောင့်စည်းရန်လိုမည်ဟု ရှုမြင်သည်။ တိုက်ပွဲမဖြစ်ရေးကို ပြည်သူလူထုအနေဖြင့် တားဆီးမရသော်လည်း ပြည်သူများကို သနားကြင်နာကြရေးကို တောင်းဆိုနိုင်သည်။

By မှတ်ကြီးသား - ဥပဒေ 06 Aug 2019

ကျည်ဆံထိမှန်၍ စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူနေရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး

Written by > မှတ်ကြီးသား-ဥပဒေ|DMG

လက်ရှိ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တိုက်ပွဲများသည် ၂၀၁၉ ခုနှစ် နှစ်ဦးပိုင်းမှစ၍ ပလက်ဝမှ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ အမ်းနှင့် ယခုဆိုလျှင် မြေပုံထိ တစ်စတစ်စ ကျယ်ပြန့်လာခဲ့သည်။ တိုက်ပွဲများကျယ်ပြန့်လာ သည့်နည်းတူ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများသည်လည်း ရှိလာသည်။ အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်း အပြစ်မဲ့ပြည်သူများအနေဖြင့် မတရားဖမ်းဆီးမှုများ၊ ညှဉ်းပမ်းနှိပ်စက်မှုများ၊ လူမဆန်စွာ သတ်ဖြတ်မှုများ၊ သေဆုံးမှုများ၊ ဒဏ်ရာရရှိမှုများ၊ သတင်းအစဖျောက်ခံရမှုများ၊ ပစ္စည်းဥစ္စာ သိမ်းပိုက်ခံရမှုများ၊ ပေါ်တာဆွဲခံရမှုများကို ခံလာကြရပေသည်။ လူထုတစ်ရပ်လုံး နေ့စဉ်နှင့်အမျှ စိုးရိမ်ပူပန်ကြောက်လန့်မှုများ ဖြစ်နေကြရသည်ကို တွေ့ရပေသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့အကြား စစ်ဖြစ်ပွားရသည့် အခြေခံအကြောင်းတရားကို လေ့လာ ကြည့်မည်ဆိုလျှင် ရက္ခိုင့်တပ်တော်၏ ရည်မှန်းချက်မှာ ရခိုင်တိုင်းရင်းသားတို့၏ အကျိုးစီးပွားကို ကာကွယ်လိုမှု နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရလိုမှုဖြစ်ပြီး မြန်မာ့တပ်မတော်၏ ရည်မှန်းချက်မှာ နိုင်ငံတော် အချုပ်အခြာအာဏာ တည်မြဲရေးနှင့် နိုင်ငံ၏အကျိုးစီးပွားကို ကာကွယ်ရန်ဖြစ်ကြောင်း တွေ့ရသည်။ ထို့ကြောင့် ရက္ခိုင့်တပ်တော်၏ အမြင်မှာ တပ်မတော်နှင့် အစိုးရတို့သည် ရခိုင်များကို ဖိနှိပ်ချုပ်ချယ်နေသည်ဟုအမြင်ရှိပြီး မြန့်မာ့တပ်မတော် က ရခိုင်တို့သူပုန်ထ၍ တိုင်းပြည်မငြိမ်မသက်ဖြစ်နေသည်ဟု အမြင်ရှိနေသည်။ ထိုအမြင်များကြောင့် တိုက်ပွဲ များမှာ မိုးရာသီပင်ဖြစ်လင့်ကစား စစ်မက် တဟုန်ထိုး ဖြစ်ပွားလျှက်ရှိနေသည်ကို တွေ့ရသည်။ စင်စစ်အားဖြင့် တစ်ဖက်နှင့်တစ်ဖက် ဘာလိုချင်သည်၊ ဘာဖြစ်ချင်သည်ကိုလည်း  သိနေကြသည်။ သို့သော် တစ်ဖက်နှင့် တစ်ဖက် နိုင်ငံရေးအရ အပေးအယူ အလျှော့အတင်း မလုပ်သဖြင့် တိုက်ပွဲများကြားတွင် ပြည်သူများက မြေစာ ပင်ဖြစ်လာနေသည်။

စစ်ဖြစ်လျှင် ပြည်သူနစ်နာမည်ဆိုသည်ကိုတော့ အားလုံးကသိပြီးသားဖြစ်သည်။  သို့သော် အပြစ်မဲ့ ပြည်သူများကို ဥပဒေမဲ့ ကြက်၊ ဝက်သတ်သလို ကြွက်မနိုင်လို့ ကျီကိုမီးရှို့သည့်ကိစ္စများကို ရှောင်ရန်တော့ လိုအပ်ပေသည်။ တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာရန် လိုအပ်သကဲ့သို့ တပြိုင်နက်တည်းတွင် လူ့အခွင့်အရေးကိုလည်း လေးစားလိုက်နာရန်လိုသည်။  စစ်ပွဲကြားထဲတွင် ပြည်သူတို့၏ အခွင့်အရေးနှင့် ပစ္စည်းဥစ္စာ အသက်အိုးအိမ်များအား ထိခိုက်မည့်ကိစ္စများကို ရှောင်ရှားရန်လိုသည်။  

 ကျေးရွာအတွင်း ဝင်ရောက်နေရာယူထားကြသည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - သဘာဝနဒီ

တိုက်ပွဲဖြစ်တိုင်း  ပြည်သူလူထုအနေဖြင့် တိုက်ပွဲဖြစ်ပွားရာ နယ်မြေများတွင် ဒုက္ခသည်များဖြစ်ကြရသည်။ ဒုက္ခသည်ဆိုသည့်အတိုင်း ခါးသီးလှသော အဖြစ်ဆိုးများကို သေမတတ်ခံစားကြရသည်။  ယခု မိုးရာ သီဖြစ်သည့်အတွက်ကြောင့် စားဝတ်နေရေးအတွက် ပို၍ပူပင်သောကများ ဖြစ်ကြရသည်။

ထိုသူများ၏ အတိဒုက္ခကျနေမှုများကို ဘေးလူများပါ လိုက်ပါပူဆွေးရပြီး တတ်နိုင်သလောက် မျှဝေခံစားပေး၊ အကူအညီများကို ပေးကြရသည်။ တိုက်ပွဲကျယ်ပြန့်လာသည့်နှင့်အမျှ ရခိုင်ပြည်၏ ဘေးဒုက္ခမှာ နတ်လူမကယ်ကူနိုင်ထိဖြစ်လာသည်။

ယခုဆိုလျှင် စားနပ်ရိက္ခာ ရှားပါးလာသည်သာမက ကူးသန်းရောင်းဝယ် စီးပွားရေးများသည်လည်း ဆုတ်ယုတ်လာပြီး ရခိုင်ပြည်နယ်၏ စီးပွားရေးမှာ ကျဆင်းလာသည်ဟု ယေဘုယျသုံးသပ်နိုင်သည်။

တိုက်ပွဲဖြစ်နေသည့် ဘက်နှစ်ဘက်စလုံးသည် ပြည်သူအတွက်ဟု နှစ်ဘက်လုံးက ကြွေးကြော်ထားသည်။ သို့သော် လက်ရှိအခြေအနေတွင် တိုက်ပွဲဖြစ်ပွားရာ နေရာဒေသများရှိ ကျေးလက်နေပြည်သူတို့၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးဖို့ မေ့နေကြသည်။ ထို့ကြောင့်  လက်နက်ကိုင်တပ်ဖွဲ့များအားလုံး တိုက်ပွဲ ကြားက ပြည်သူလူထုအပေါ် စေတနာအမှန်ထားရန်နှင့် လူထုယုံကြည်လေးစားအောင် ပြည်သူဘက် မျက်နာမူ သည့် စည်းကမ်းများကို လိုက်နာစောင့်စည်းရန်လိုမည်ဟု ရှုမြင်သည်။ တိုက်ပွဲမဖြစ်ရေးကို ပြည်သူလူထုအနေဖြင့် တားဆီးမရသော်လည်း ပြည်သူများကို သနားကြင်နာကြရေးကို တောင်းဆိုနိုင်သည်။

တိုက်ပွဲကြားတွင် တရားဥပဒေစိုးမိုးရေးကို နှစ်ဘက်လုံးအလေးထားရန် လိုအပ်မည်ဟုထင်သည်။ တရားဥပဒေ စိုးမိုးရေးကို အလေးမထားဆိုပါက အာဏာရှင်စရိုက်(သို့မဟုတ်) မင်းမဲ့စရိုက် ဆန်သွားတတ်သည်။ တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာမှုမရှိပါက ပြည်သူ့အကျိုးအတွက် လုပ်ဆောင်နေသည်ဟုဆို သည်မှာ ယုံကြည်နိုင်ဖွယ်ရာ ရှိလိမ့်မည်မဟုတ်ပေ။ တရားဥပဒေကို လေးစားလိုက်နာကြမည်ဆိုလျှင် ပြစ်မှု မြောက်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မပြုလုပ်ရန် လိုအပ်ပေသည်။

တိုက်ပွဲအတွင်း နှစ်ဘက်ပစ်ခတ်တိုက်ခိုက်ကြစဉ် ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများရှိကြသော်လည်း ၎င်းမှာ ပြစ်မှု မမြောက်ပေ။ သို့သော် စစ်သုံ့ပန်းများဖမ်းဆီးမိသောအခါ နိုင်ငံတကာစံချိန်စံနှုန်းကို မလေးစားမလိုက်နာပါက ပြစ်မှုမြောက်မည်ဖြစ်သည်။ ဤသည်မှာ စစ်ပွဲများအတွင်း လိုက်နာရမည့် ကိစ္စဖြစ်သည်။ စစ်ပွဲများအတွင်း လိုက်နာစောင့်စည်းမှုမရှိပါက  နိုင်ငံတကာမှ စောင့်ကြည့်နေသည့်အတွက် ပြစ်မှုကျူး လွန်သည့်အဖွဲ့တွင် သာမက ဂုဏ်သိက္ခာကျဆင်းပြီး အများယုံကြည်လေးစားမှုကို ရရှိနိုင်မည် မဟုတ်ပေ။

စစ်ပွဲများအတွင်း လက်နက်ကိုင်သူတစ်ဦးချင်း အထူးလိုက်နာရမည့် တာဝန်တစ်ရပ်မှာ အပြစ်မဲ့ပြည်သူများအား မတရားဖမ်းဆီးချုပ်နှောင်ထားခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ အကြောင်းမဲ့ သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ လူအများသွားလာသည့်လမ်းများတွင် မိုင်းထောင်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကိုဖျက်စီးခြင်းနှင့် သိမ်းယူခြင်း၊ လိင်ကျွန်ပြုခြင်း၊ ပေါ်တာဆွဲခြင်းနှင့် လူသားဒိုင်းကာအဖြစ်အသုံးပြုခြင်း စသည်တို့ကိုမပြုရန်နှင့် အထူးရှောင် ရှားရန်လိုအပ်သည်။ ထိုသို့ လိုက်နာစောင့်စည်းရမည့်တာဝန်ကို မလိုက်နာဘဲ လက်နက်ကိုင်တပ်ဖွဲ့တိုင်း ပြည်သူလူထုကို အနိုင်ကျင့်မည်ဆိုပါက သက်ဆိုင်ရာအကြီးအကဲများက စစ်ဆေးအရေးယူပြီး အမှန်တကယ် ကျူးလွန်ပါက ပြစ်ဒဏ်ချမှတ်ရန် လိုအပ်ပါသည်။ အကယ်၍ ပြစ်မှုကျူးလွန်နေသည့် လက် အောက်ငယ်သား ရဲဘော်(သို့မဟုတ်)အရာရှိအား အရေးမယူပါက ထိုတပ်သားများကျူးလွန်သည့်ပြစ်မှုများ၏ တရားခံသည် သက်ဆိုင်ရာတပ်ဖွဲ့၏ ခေါင်းဆောင်အကြီးအကဲ၏ တာဝန်ဖြစ်သည်ကို ပြောစရာလိုမည် မထင်ပေ။ ထိုပြစ်မှုကို နောင်တစ်ချိန်တွင် ရင်ဆိုင်ဖြေရှင်းရမည်ကိုလည်း အားလုံးအသိပင်ဖြစ်ပါသည်။

မတ်လအတွင်းက မင်းဖူးကျေးရွာအနီး ကျရောက်ပြီး မပေါက်ကွဲသေးသည့် လက်နက်ကြီးတစ်ခုအား တွေ့ရစဉ်။

အောက်ခြေတပ်ရင်းတပ်ဖွဲ့များက အထက်အမိန့်နှင့် ညွှန်ကြားချက်များကို မလိုက်နာဘဲ အထက်ဖော်ပြပါ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြုလုပ်ပါက စစ်ဆေးအပြစ်ပေးရမည့်တာဝန်မှာ အကြီးအကဲ၏ တာဝန်ဖြစ်သည်။ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အောက်ခြေမှ အသံထွက်လာပါက လက်အောက်ခံ တပ်များ၏ အစီရင်ခံစာတင်ပြမှုထက် စနစ်တကျစစ်ဆေးပြီး အရေးယူရန် လိုအပ်ပေလိမ့်မည်။ လက်အောက်ခံ အရာရှိများက အစီရင်ခံစားများကို လိမ်ညာ၍တင်ပြမှုများကို စစ်ဆေးတွေ့ရှိပါကလည်း ထိုအရာရှိ၊ အရာခံများ ကိုလည်း ပွင့်လင်းမြင်သာအောင် အရေးယူရမည်ဖြစ်သည်။ ထိုသို့ ပွင့်လင်းမြင်သာအောင် အရေးယူဆောင် ရွက်နိုင်မှသာလျှင် တိုင်းပြည်နှင့်လူမျိုးကို ကာကွယ်သည့် အဖွဲ့အစည်းများဖြစ်သည်မှာ ဗေဒင်မေးစရာပင် လိုမည်မဟုတ်ပေ။

ထို့ကြောင့် တိုက်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်နှင့် ဒေသများတွင် အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရန်တာဝန်မှာ လက်နက်ကိုင်တပ်ဖွဲ့အားလုံးတွင် တာဝန်ရှိသည်ဟု မြင်ပါသည်။ မည်သည့်တိုက်ပွဲတွင်မဆို အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် လက်နက်ကိုင် တပ်ဖွဲ့များ၏ ရည်မှန်းချက်ဖြစ်သည်မှာ မြေကြီးလက်ခတ်လွဲနိုင်မည်မဟုတ်ပေ။ သို့ဖြစ်၍ တိုက်ပွဲကာလအတွင်း ထိုရည်မှန်းချက်ကို မမေ့ရန်အရေးကြီးသကဲ့သို့ တပ်စိပ်၊ တပ်စု၊ တပ်ဖွဲ့၊ တပ်ရင်း၊ တပ်မများကို ဦးဆောင် ညွှန်ကြားသူများအနေဖြင့် သက်ဆိုင်ရာ တပ်စိပ်၊ တပ်စု၊ တပ်ဖွဲ့၊ တပ်ရင်းနှင့် တပ်မများကို အမိန့်ပေး ညွှန်ကြား ထားရန် အရေးကြီးသည်။ သို့မှသာ လူတစ်ဦးချင်းစီ၏ အောက်ခြေရဲဘော်များအနေဖြင့် အထက်မှ ညွှန်ကြားချက်များကို လိုက်နာလာပြီး လူ့အခွင့်အရေးကို လေးစားလိုက်နာမှုနှင့်အတူ အရပ်သားပြည်သူများ စိုးရိမ်ကြောင့်ကြ ထိတ်လန့်မှုများကို လျှော့ချလာနိုင်ကာ အများလေးစားမှုကိုရရှိပြီး လူထုယုံကြည်ထောက်ခံ သည့် အဖွဲ့များ ဖြစ်လာနိုင်မည်ဖြစ်သည်။

အောက်ခြေတပ်ရင်းများမှ တိုက်ပွဲဖြစ်ပြီးနောက် မကျေနပ်မှုများ (သို့မဟုတ်) ဒေါသထွက်မှုများ ရှိကောင်း ရှိနိုင်သည်။ မကျေနပ်၍သော်လည်းကောင်း၊ ဒေါသထွက်၍သော်လည်းကောင်း  မထင်မှတ်ဘဲ လုပ်ဆောင်မှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူများအား ထိခိုက်မှုများ ဖြစ်ချင်ဖြစ်သွားနိုင်သည်။ ထိုအခြေအနေကို ထိန်းချုပ်ရန်မှာ ခက်ခဲနိုင်ပါသည်။ သို့သော် ထိုသို့ဖြစ်ပွားခဲ့ပါက အထက်အရာရှိများအနေဖြင့် ခေါင်းကိုက်နိုင်စေသော်လည်း ထိုသို့ အမှုမဲ့အမှတ်မဲ့ ပြုလုပ်မှုကြောင့် အရပ်သားပြည်သူများ ထိခိုက်ပါက ချက်ချင်း အရေးယူရန် လိုအပ်ပေလိမ့်မည်။ လျစ်လျူရှုထားပါက ပြဿနာများ ပိုမိုကြီးထွားလာကာ ဖြေရှင်း၍ရနိုင်မည် မဟုတ်ပေ။

မတ်လအတွင်းက တပ်မတော်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် မင်းဖူးကျေးရွာမှ မရီရီစိုးနှင့် သမီးဖြစ်သူ သေဆုံးမှုောကာင့် ဝမ်းနည်းပူဆွေးနေသည့် မိခင်ဖြစ်သူ။

ယခုအချိန်သည် ဖုန်း၊ အင်တာနက်နှင့် သတင်းမီဒီယာများပွင့်လင်းလာသည့်ခေတ်ဖြစ်သည့် အတွက် လည်း အချိန်နှင့်တပြေးညီ သတင်းအချက်အလက်များကိုသိရှိနိုင်သည့်အတွက် အမှန်တရားကိုဖော်ထုတ်ရန် လွယ်ကူသည့်အချိန်ဖြစ်ပါသည်။ ထို့အတွက် တိုက်ပွဲကြောင့် အရပ်သားပြည်သူများထိခိုက်မှုများရှိလာပါက နေရာတိုင်း တွင်ဖုံးဖိရန်မလွယ်ကူနိုင်ပေ။ ထိုကြောင့် အောက်ခြေတွင်လှုပ်ရှားနေသောတပ်ဖွဲ့နှင့် အရပ်သား ပြည်သူများအကြား ပြဿနာတစ်စုံတစ်ရာဖြစ်ပွားလာပါက လက်နက်ကိုင်ထားသည့်သူများတွင် တာဝန်ရှိသည့်အတွက် အချိန်မှီ စုံစမ်းဖြေရှင်းရန်အရေးကြီးပါသည်။ သို့မှသာ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှ တမှုကို လူထုအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ရန်သူကို မိတ်ဆွေဖွဲ့နေသည့် ယနေ့ကမ္ဘာကြီးတွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲမဖြစ်နှင့်ဟု ပြည်သူလူထုအနေဖြင့် နှစ်ဘက်လုံးအား ပြောဆို၍မရသော်လည်း တိုက်ပွဲအတွင်း အပြစ်မဲ့ပြည်သူများအား မြေစာပင်မပြုလုပ်ရန် လိုအပ်ပါသည်။ မည်သည့်လက်နက်ကိုင်တပ်မဆို ကြွက်မနိုင်ကျီမီးရှို့သည့် အလုပ်များကို မလုပ်ဖို့လည်း အရေးကြီးပါသည်။ တိုက်ပွဲဖြစ်လျှင် အနိုင်အရှုံးတော့ ရှိနိုင်သည်။ တိုက်ပွဲတွင်ရှုံးပါက မြင်မြင်သမျှ ဒေါသနှင့်ပစ်ခတ်ပြီး တွေ့သမျှပြည်သူလူထုအား ရန်သူအဖြစ်မမြင်ရန် အရေးကြီးပါသည်။ ရန်သူအဖြစ်မြင်သွားပါက နောက်ဆက်တွဲပြဿနာမှာ ဖြေရှင်းရ ခက်ခဲသွားနိုင်သည်။ ယနေ့ ကမ္ဘာ့ကုလသမဂ္ဂ မဟာမင်းကြီးရုံးနှင့် လုံခြုံရေးကောင်စီသော်လည်းကောင်း၊ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးသော်လည်းကောင်း၊ ပြည်တွင်း ပြည်ပ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများ သော်လည်းကောင်း ရခိုင်ပြည်နယ်ကို စောင့်ကြည့်နေကြသည့် အချိန်လည်းဖြစ်သည်။

ယနေ့ကမ္ဘာကြီးတွင် ယခင်ဆယ်စုနှစ်များကဲ့သို့ အစိုးရ၊ လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ထင်တိုင်း ကြဲ၍မရနိုင်တော့သကဲ့သို့ စစ်ပွဲများတွင် လူမျိုးတုန်းသတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်များကို ကျူးလွန်ခြင်းနှင့် လူသားဖြစ်မှုကို ဆန့်ကျင်သည့်ပြစ်မှုများ လုပ်ဆောင်ပါက တရားစွဲဆိုခြင်းမပြုနိုင်သည့်တိုင် နိုင်ငံရေးဂုဏ် သိက္ခာအရ ကျဆင်းသွားပြီး ကမ္ဘာ့အလယ် မျက်နှာငယ်စရာ ဖြစ်လာပေမည်။ မည်သည့်ကိုမျှ ဂရုစိုက်စရာမလိုပါကလည်း ထိုအဖွဲ့၏ ဂုဏ်သိက္ခာနှင့် ရပ်တည်ချက်ပင်ဖြစ်ပါသည်။

ဇူလိုင်လအတွံင်းက ရေနစ်မြုပ်မှု ကြုံတွေ့ခဲ့ရသည့် မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်း စစ်ဘေးရှောင်စခန်း

ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်း အေးချမ်းသာယာနိုင်ရန်မှာ နိုင်ငံရေးအရ ဖြေရှင်းရန် အရေးကြီးပေသည်။ နိုင်ငံရေးအရ ဖြေရှင်းရန်ဆန္ဒမရှိပါက လက်နက်ကိုင်တိုက်ပွဲများရှိနေလျှင် ရခိုင်ပြည်နယ်အေးချမ်း သာယာရေးမှာ ရှိလာနိုင်မည်မဟုတ်ပေ။ သို့သော် လက်နက်ကိုင်တိုက်ပွဲများအတွင်း အပြစ်မဲ့အရပ်သား ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် အခွင့်အရေးများကို ထိခိုက်နစ်နာအောင်မပြုလုပ်ဘဲ လျှော့ချနိုင် သမျှ လျှော့ချနိုင်မည်ဆိုပါက မအေးချမ်းသော်လည်း သာယာနိုင်ပါသည်။ ယင်းသို့မဟုတ် မလွှဲသာ၍ ထိပ်တိုက် ရင်ဆိုင်နေကြရသည် ဆိုလျင်လည်း တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဖော်ဆောင်ပေးရန် လိုအပ်ပါသည်။ သို့မှာသာ တရားမျှတသော လူ့ဘောင်ကို ဖော်ဆောင်လာနိုင်ပြီး အေးချမ်းသာယာဖွံ့ဖြိုးသော အနာဂတ်တိုင်းပြည်ကြီးကို တည်ဆောက်လာ နိုင်မည်ဖြစ်ပါကြောင်း သုံးသပ်တင်ပြအပ်ပေသည်။

 

မှတ်ကြီးသား (ဥပဒေ)

 

ဗီဒီယိုများ