မနက်ဖြန်တိုင်းကို လှပစေချင်သူ

 ဦးစန်းငွေသည် တောင်ကုတ်မြို့နေ လူထုမှ ရွေးကောက်တင်မြှောက်ထားသော  မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌတစ်ဦးလည်း ဖြစ်သည်။ စစ်တွေတက္ကသိုလ်မှ ဓါတုဗေဒသိပ္ပံဘွဲ့(B.Sc Chemistry) ရရှိထားသူ အသက် (၅၀) အရွယ်ဖြစ်သည်။ ငယ်စဉ်အချိန်က သူ၏ မွေးရပ်ဇာတိမြေဖြစ်သော ရမ်းဗြဲ မြို့နယ်၊ စကုကျွန်း၊ ပိန္နဲချောင်းကျေးရွာ၊ ဘုန်းတော်ကြီးစာသင်ကျောင်း (ဘကကျောင်း) တွင် လေးတန်းအထိကို တက်ရောက် သင်ကြားခဲ့ရသူဖြစ်သည်။

27 Jun 2019

 

Written by > ရက္ခ| DMG

“နိုင်ငံတဝှမ်းလုံးမှာ ဂေါက်ကွင်း၊ ဘောလုံးကွင်း၊ ရေကူးကန်စသဖြင့် လူကြီးကစားကွင်းတွေပဲ ရှိကြတယ်။ အဲ ဒီလို လူကြီးကစားကွင်းမျိုးတွေကိုပဲ ဦးစားပေးပြီးတော့ လုပ်နေကြတယ်..။ ကလေးကစားကွင်း တစ်ခုလောက် လုပ်မယ်ဆိုတာမျိုး သိပ်မတွေးကြဘူး။ ကလေးတွေဟာ နိုင်ငံရဲ့ အနာဂတ်ပါ။ ကလေးတွေရဲ့ ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်မှုဟာ နိုင်ငံတော်ရဲ့ ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်မှုပါပဲ။ လူကြီးတွေမှာ လူကြီးကစားကွင်းလိုအပ် သလို ကလေးတွေအတွက်လည်း ကလေးကစားကွင်းရှိဖို့လိုအပ်ပါတယ်”

                                                          ဦးစန်းငွေ (တောင်ကုတ်မြို့နယ် စည်ပင်ကော်မတီ ဥက္ကဌ)

တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်၊ တောင်ကုတ်ချောင်းကမ်းနားနံဘေးတွင် ကလေးငယ်တချို့ လွတ်လပ်ပျော်ရွှင်စွာ ဆော့ကစားလျှက်ရှိသည်။ ကမ်းနားလမ်းတလျှောက်ရှိ စနစ်တကျ ပြုလုပ်ပေးထားသော ကလေးကစားစရာ ပစ္စည်းတချို့ပေါ်တွင် ပျော်ရွှင်စွာဆော့ကစားနေကြသူများရှိသကဲ့သို့ ကွန်ကရစ်လမ်း တလျှောက်တွင် စကိတ်စီးနေကြသော ကလေးငယ်တချို့လည်း ရှိနေသည်။ ထို့အတူ အေးအေးလူလူ အပန်း ဖြေရင်း စကားစမြည်ပြောဆိုနေကြသော လူကြီးတချို့လည်း ရှိနေ၏။

ဦးစန်းငွေ တစ်ယောက် တောင်ကုတ်ချောင်းမှတိုက်ခတ်လာသော လေပြေသော့သော့ကလေးများကို အားရပါးရ ရှူရှိုက်လိုက်ရင်း ပျော်ရွှင်စွာ ဆော့ကစားနေကြသော ကလေးများကို ကျေနပ်စွာကြည့်နေမိသည်။ ညနေညိုအချိန်သည် ကမ်းနားလမ်း၏အလှကို သဘာဝအတိုင်း လှပနေသည်မှန်သော်လည်း လွတ်လပ်ပျော်ရွှင် စွာဆော့ကစားနေကြသော ကလေးများကြောင့် ပိုမိုပြည့်စုံစေသည်ဟု ဦးစန်းငွေက တွေးသည်။

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်က သည်နေရာတွင် စားသောက်ဆိုင်နှင့် ပျော်ပွဲစားရုံတချို့သာ ရှိခဲ့သည်။ နေ့စဉ်နှင့်အမျှ အဝင်အထွက် ရှိနေကြသော မော်တော်ဘုတ်ကြီးများနှင့် ကုန်ထမ်းသမားများကိုသာ မြင်တွေ့ခဲ့ရသည်။ မော်တော်ဘုတ်ကြီးများမှ စက်ယန္တရားပေါက်ကွဲသံများ၊ အော်ဟစ်ဆဲဆိုသံများက အချိန်နှင့်အမျှ ဆူညံလွန်းခဲ့သည်။ စက်ဆီညှော်နံ့များ၊ ယမကာနံ့နှင့် ပွဲရုံများမှလျှံထွက်လာသော အနံ့အသက်မျိုးစုံကိုသာရှူရှိုက်ခဲ့ရသည်။ ချောင်း ကမ်း ပါးတလျှောက်တွင် ပိတ်ဆို့ဆောက်လုပ်ထားကြသော အဆောက်အဦးများက တောင်ကုတ်ချောင်း ၏ အလှအပကို ကွယ်ဝှက်ထားခဲ့သည်။ အတိတ်ကာလ မှ ကမ်းနားလမ်းမြင်ကွင်းနှင့် လက်ရှိအချိန် ကမ်းနားလမ်းမြင်ကွင်းကို ယှဉ်တွေးမိရင်း ဦးစန်းငွေတစ်ယောက် ကျေနပ်မိ၏။ သို့သော် သည်မျှနှင့် သူကျေနပ်၍ မဖြစ်သေးချေ။ သည်မြို့၊ သည်ပတ်ဝန်းကျင်နှင့် သည်က လေးငယ်များအတွက် သူဆက်လက်ကြိုးစားရဦးမည်ဟုတွေးရင်း သက်ပြင်းမောတစ်ချက် ချလိုက်မိသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့က တောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်၊ ပန်းတောင်း-တောင်ကုတ်လမ်းနံ ဘေးရှိ ဦးဥတ္တမပန်းခြံအနီးတွင် ကလေးကစားကွင်းတစ်ခု ပြုလုပ်မည့်မြေနေရာကို ကစားကွင်းဖြစ်မြောက်ရေး ကော်မတီအဖွဲ့က အတည်ပြုအလံတိုင်များ စိုက်ထူခဲ့ကြသည်။ အလျှား ပေ - ၃၀၀၊ အနံ ပေ - ၁၅၀ ခန့်ရှိသော မြေကွက်ကလေးသည် ယခင်က မြန်မာ့သစ်ထုတ်ထုတ်လုပ်ရေးမှ မြေပုံကြမ်းနှင့် ပုံစံ(၁၀၅) ရယူထားသော မြေနေရာဖြစ်သည်။ လက်ရှိအချိန်တွင် ကလေးကစားကွင်း ဖြစ်မြောက်ရေးကော်မှ ထိုမြေနေရာကို တရားဝင် လွှဲပြောင်းရယူနိုင်အောင် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။

တောင်ကုတ်မြို့ ကလေးကစားကွင်းဖြစ်မြောက်ရေးကော်မတီထဲတွင် နာယကအဖြစ် NLD ပါတီမှ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်နှင့် တောင်ကုတ် မြို့ နာရေးကူညီမှုအသင်းဥက္ကဌ ဦးစံဆင့်တို့ပါဝင်ကြသည်။ ထို့အပြင် တောင်ကုတ်မြို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမိုးက ဥက္ကဌဖြစ်ပြီး တောင်ကုတ်မြို့နယ် စည်ပင်ကော်မတီ ဥက္ကဌ ဦးစန်း ငွေ က ဒု- ဥက္ကအဖြစ် တာဝန်ယူထားသည်။ တောင်ကုတ်မြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အရပ်အဖက်အ ဖွဲ့အစည်းများ၊ လူမှုရေးဆိုင်ရာတက်ကြွလှုပ်ရှားသူစုစုပေါင်း (၂၀) ဦးပါဝင်သည်။

တောင်ကုတ်မြို့သည် မြို့ပေါ်ရပ်ကွက် (၄) ခုဖြင့် ဖွဲ့စည်းထားသော မြို့ကလေးတစ်မြို့ ဖြစ်သည်။ ရ ခိုင်ရိုးမ၏ တံခါးဝမြို့အဖြစ် လူသိများသည်။ ရခိုင်ရိုးမတောင်ခြေတွင် တည်ရှိကာ တောတောင်၊ မြစ်ချောင်းတို့ ပေါများသော မြို့ကလေးပင်ဖြစ်သည်။ အမ်း-စစ်တွေလမ်း မရှိမီအချိန်က တောင်ကုတ်မြို့သည် ရခိုင်ပြည်နယ် အနှံံ့မြို့များ၏ ပြည်မသို့သွားလာရာ ထွက်ပေါက်မြို့လည်း ဖြစ်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ တောင်ကုတ်မြို့နယ်တွင် လူဦးရေစုစုပေါင်း-၁၁၄၄၃၇ ဦး(ကျား- ၅၅၆၇၃-ဦးနှင့် မ- ၅၈ ၇၆၄) ဦးရှိကြောင်း ဖော်ပြသည်။ မြို့ပြတွင် နေထိုင်သူ စုစုပေါင်းလူဦးရေ-၂၈၆၅၂ဦး(ကျား-၁၃၆၅၂၊ မ-၁၅၀၉၀) ရှိကြောင်း ဆိုသည်။ တောင်ကုတ်မြို့၏ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်မှု အခြေအနေအရ မြို့ပြတွင် လူနေ ကျဲပါးကာ ကျေးလက်ဒေသတွင် လူနေထူထပ်သည်။ ကျေးလက်လူဦးရေ-၈၅၇၈၅ဦး( ကျား-၄၂၁၁၁၊ မ- ၄၃၆ ၇၄ဦး) ရှိပြီး မြို့ပြနေထိုင်သူရာခိုင်နှုန်းးမှာ ၂၅.၀ ရာခိုင်နှုန်းးသာရှိကြောင်း သန်းခေါင်စာရင်းမှ ဖော်ပြသည်။

တောင်ကုတ်ုမြို့နယ်တွင် အတန်းပညာမတက်ရသေးသူ ကလေးငယ်-၈၁၄၇ ဦး ရှိကြောင်း ၂၀၁၄ သန်း ခေါင်စာရင်းတွင် တွေ့ရှိရသည်။ ထို့အပြင် မူလတန်းမှ-၄ တန်းအထိကလေးငယ်-၃၁၉၁၄ ဦး၊ ၅ တန်းမှ ၈-တန်း အထိလူငယ်- ၁၃၂၄၃ဦးနှင့် ၉-တန်းမှ ၁၀ တန်းအထိလူငယ်-၆၀၄၉ ဦး ရှိကြောင်း ဖော်ပြထားသည်။ သို့သော် တောင်ကုတ်မြို့မှ ကလေးသူငယ်နှင့် အရွယ်ရောက်ပြီး လူငယ်လူရွယ်များသည် ပန်းခြံ၊ ကစားကွင်းများ၊ လေ့ လာစရာ ပြတိုက်ပြခန်းများနှင့် အားကစားရုံများ မရှိသောအဖြစ်နှင့် လူငယ်ဘဝကို ဖြတ်သန်းနေကြရသည်။

          “ကလေးတွေရဲ့ဘဝကို လူကြီးတွေက မေ့ထားလာခဲ့တာကြာပါပြီ။ လူကြီးတွေက သူတို့ရဲ့အတ္တအတွက် ပဲ အမြဲတမ်း အလုပ်လုပ်နေကြတယ်။လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် ကလေးတွေကစပြီးတော့ ပြင်ဆင်ပြောင်းလဲနိုင်ရမယ်။ ဒါကြောင့် ကျွန်မတို့ တာဝန်ယူနေတဲ့အချိန်မှာ ကလေးတွေအတွက်၊ ကိုယ့်မြို့ကိုယ့်ဒေသအတွက် တတ်နိုင်သလောက် စွမ်းဆောင်ပေးခဲ့ချင်လို့ပါ။”

          တောင်ကုတ်မြို့နယ်သူ NLD ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်က ပြောပြ သော စကားပင်ဖြစ်သည်။ ဒေါ်နီနီမေမြင့်သည် ကလေးကစားကွင်း ဖြစ်မြောက်ရေးကော်မတီတွင် နာယကနေရာမှ တာဝန်ယူထားသူ တစ်ဦးဖြစ်ပြီး ယခုကဲ့သို့ ကလေးကစားကွင်းဖြစ်မြောက်ရေးအိပ်မက်မှာ သူ၏ အိပ်မက်ပင်ဖြစ်ကြောင်း သူကဆိုသည်။ တောင်ကုတ်မြို့ ရခိုင်လူမှုကွန်ယက်မှ ဦးဇေယျာ်ကလည်း တောင်ကုတ်မြို့တွင် ကလေးကစားကွင်းတစ်ခု ဖြစ်မြောက်လာရေးကို ဝမ်းသာစွာ ကြိုဆိုရမည်ဖြစ်ကြောင်း ဆိုသည်။ ကမ္ဘ္ဘာ့နိုင်ငံများတွင် ကလေးငယ်များကို အလေးထားကာ ကလေးများ၏ ကာယဉာဏ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နေကြသော်လည်း မြန်မာနိုင်ငံတွင် အားနည်းမှု ရှိနေသေးကြောင်း သူက ဆိုသည်။

“ ကလေးတွေအတွက် ပျော်ရွှင်လွတ်လပ်စွာ ကစားနိုင်မယ့် နေရာတစ်ခု ရှိနေတယ်ဆိုတာ ကလေးတွေအတွက် ကောင်းမွန်တဲ့ လက္ခဏာတစ်ခုဖြစ်သလို မြို့အတွက်လည်း မြို့အင်္ဂါရပ်နဲ့ ကိုက်ညီတဲ့ အချက်တစ်ခုဖြစ်ပါတယ်”

တောင်ကုတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်မှူး ဦးလှမိုးဦး ပြောပြသောစကားများပင် ဖြစ်သည်။ မြို့နယ်မှူးဦးလှမိုးဦးသည် တောင်ကုတ်မြို့ လူမှုအသိုင်းအဝိုင်းများနှင့် အလွန်သဟဇာတကျသော သူတစ်ဦးုဖြစ်ကြောင်း သတ်မှတ်ခံရသူ ဖြစ်သည်။ သာရေးနာရေးနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များတွင် မြို့နေလူထုနှင့် တသားတည်းရှိနိုင်သော အရာရှိတစ်ဦးပင် ဖြစ်သည်။ လက်ရှိ ကလေးကစားကွင်းဖြစ်မြောက် ရေးကော်မတီတွင်လည်း သူသည် ဥက္ကနေရာမှ တာဝန်ယူထားသူတစ်ဦး ဖြစ်သည်။

တောင်ကုတ်မြို့၏ ဖွံ့ဖြိုးတိုးတက်ရေး၊ စည်ပင်သာယာရေးနှင့် သာရေးနာရေး ကိစ္စရပ်များတွင် နောက် ကွယ်မှတမျိုး ရှေ့ထွက်၍တဖုံ ကြိုးစားစွမ်းဆောင်ပေးနေသူတစ်ဦး ရှိသည်။ ထိုသူသည် သဘာဝတရားကို ချစ် သည်။ ရိုးသားခြင်း၊ ပွင့်လင်းမြင်သာခြင်းနှင့် လွတ်လပ်ခြင်းကို ချစ်သည်။ ထို့အပြင် ကလေးငယ်များကို တန်ဖိုး ထားချစ်ခင်သည်။ တောင်ကုတ်မြို့နယ်၏ သာယာဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘာသာရေး၊ သာရေးနာရေး ကိစ္စရပ်မှန်သမျှတွင် ရှေ့ဆုံးမှ ငွေအားလူအားဖြင့် တတ်နိုင်သမျှ ကူညီတတ်သူဖြစ်သည်။ ကိုယ်တိုင်က စာအုပ်နှင့် စာရေးကိရိယာ အရောင်းဆိုင်တစ်ခုကို ဖွင့်လှစ်ထားသူဖြစ်သကဲ့သို့ မြို့နယ်တွင် စာဖတ်အားမြင့်တက်ရေးနှင့် စာကြည့်တိုက်ဖြစ်မြောက်ရေးများကို ကြိုးပမ်းဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။ သူ့နာမည်က ဦးစန်းငွေပင် ဖြစ်သည်။  

ဦးစန်းငွေသည် တောင်ကုတ်မြို့နေ လူထုမှ ရွေးကောက်တင်မြှောက်ထားသော  မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌတစ်ဦးလည်း ဖြစ်သည်။ စစ်တွေတက္ကသိုလ်မှ ဓါတုဗေဒသိပ္ပံဘွဲ့(B.Sc Chemistry) ရရှိထားသူ အသက် (၅၀) အရွယ်ဖြစ်သည်။ ငယ်စဉ်အချိန်က သူ၏ မွေးရပ်ဇာတိမြေဖြစ်သော ရမ်းဗြဲ မြို့နယ်၊ စကုကျွန်း၊ ပိန္နဲချောင်းကျေးရွာ၊ ဘုန်းတော်ကြီးစာသင်ကျောင်း (ဘကကျောင်း) တွင် လေးတန်းအထိကို တက်ရောက် သင်ကြားခဲ့ရသူဖြစ်သည်။ လက်ရှိအချိန်တွင် တောင်ကုတ်မြို့၏ လူထုချစ်ခင်သော မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌတာဝန်ကို ထမ်းဆောင်လျှက်ရှိသည်။ သူတာဝန်ယူခဲ့သော တစ်နှစ်ခွဲတာ ကာလတလျှောက်တွင် မြို့၏ စည်ပင်သာယာ ဖွံ့ဖြိုးရေး မျက်နှာတစ်ခုကိုသာ ကြည့်ကာ အလုပ်လုပ်ခဲ့သောကြောင့် မြို့နေလူထု၏ ထောက်ခံမှုကိုလည်း ပိုမိုရရှိခဲ့သူ ဖြစ်သည်။

တောင်ကုတ်မြို့၊ ကလေးကစားကွင်း ဖြစ်မြောက်ရေးကော်မတီတွင် ဦးစန်းငွေသည် ဒု-ဥက္ကဌတာဝန် ကို ယူထားသူဖြစ်သည်။ သို့သော် သတ်မှတ်ထားသော တာဝန်ဆိုသည်မှာ သူ့အတွက် အဓိကမဟုတ်ဘဲ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကလေးသူငယ်များ ကာယဉာဏဖွံံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ကြိုးစား ဆောင်ရွက်နေသူဖြစ်သည်။ ထို့အပြင် သူသည် အနှစ်နှစ်အလအလက သန္ဓေတည်နေခဲ့သော ငွေရှင်ကြေးရှင်နှင့် အာဏာရှင်စနစ်ကို ရွံ့မုန်းစွာ တွန်းလှန်သူလည်းဖြစ်သည်။ ကလေးများသည် နိုင်ငံတော်၏ အနာဂတ်၊ မနက်ဖြန်တိုင်း၏ အရှင်သခင်အဖြစ် ခံယူရင်း ကလေးများ၏ အနာဂတ်ကို လှပပြည့်စုံအောင် လုပ်ဆောင်ခြင်းသည် နိုင်ငံတော်ကို ပြုစုပျိုးထောင်ခြင်းဟု သူကခံယူသည်။ ထို့အတွက် တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်ရှိ တောင်ကုတ်ချောင်းနံဘေး ကမ်းနားလမ်းတွင် ကလေးငယ်များ ပျော်ရွှင်စွာ ဆော့ကစားနိုင်ရေးသည်လည်းကောင်း၊ ပန်းတောင်း-တောင်ကုတ်လမ်းနံဘေးမှ ဦးဥတ္တမပန်းခြံအနီးတွင် ကလေးကစားကွင်း ဖြစ်မြောက်ရေးသည်လည်းကောင်း သူ၏ မက်မပြယ်သော အိပ်မက်ပင်ဖြစ်လေသည်။ ။

ရက္ခ

(ယခုဖော်ပြပါ ဆောင်းပါးကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ ထုတ် Development News Journal အမှတ် ၁၁၀ တွင်လည်း ဖော်ပြပါရှိပြီးဖြစ်သည်။)

 

                                                                       

ဗီဒီယိုများ