ရန်ကုန်မြို့စွန်က ဝေဝါးနေသည့် အနာဂတ်များ

ယူနီဖောင်းအပြည့်အစုံဖြင့် လက်နက်များကိုင်ဆောင်ထားသော ရဲနှင့်စစ်သား အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများက အလုပ်သမား ၂၀၀ ကျော်ခန့်ကို ခေါ်ဆောင်လာပြီး လူနေအိမ်များကို ဝင်ရောက်ဖျက်ဆီးလိုက်ကြသည်။ 

By Admin 01 Mar 2023

ရန်ကုန်မြို့စွန်က ဝေဝါးနေသည့် အနာဂတ်များ

DMG (လူမှုဘဝဆောင်းပါး)

ယူနီဖောင်းအပြည့်အစုံဖြင့် လက်နက်များကိုင်ဆောင်ထားသော ရဲနှင့်စစ်သား အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများက အလုပ်သမား ၂၀၀ ကျော်ခန့်ကို ခေါ်ဆောင်လာပြီး လူနေအိမ်များကို ဝင်ရောက်ဖျက်ဆီးလိုက်ကြသည်။ 

သွပ်အမိုးအပြားများ၊ သံတိုသံစများမှာလည်း မြေကြီးပေါ်တွင် ပြန့်ကြဲလျက်ရှိနေပြီး အနီးပတ်ဝန်းကျင်ရှိ လူနေအိမ်များမှာလည်း လေပြင်းမုန်တိုင်း တိုက်ခတ်ခံထားရသည့်အလား ခေါင်မိုးများပွင့်ထွက်ကာ တစ်စစီ ယိုင်လဲပျက်စီးနေတော့သည်။

လူတချို့ကမူ အဆိုပါနေရာမှ အသုံးပြု၍ရရှိနိုင်သေးသော ပစ္စည်းများကို ရှာဖွေကောက်ယူကာ တစ်နေရာ၌ စုဆောင်းနေကြသည်။ ထိုနေရာကား ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှ စံသမာဓိရပ်ကွက်ပင်ဖြစ်သည်။ လူဦးရေတစ်သောင်းကျော်ရှိသော စံသမာဓိရပ်ကွက်နေ အိမ်ထောင်စု ၁,၄၂၂ စုမှာ ကျူးကျော်အဖြစ် သတ်မှတ်ခံရလိုက်ရသဖြင့် နေ့ချင်းညချင်း အိမ်ပိုင်ရှင်အဖြစ်မှ အိမ်ရာမဲ့ဘဝသို့ ရောက်ရှိသွားခဲ့ရသည်။

ထိုသို့ ဖြိုဖျက်ခံလိုက်ရသူများထဲတွင် ရခိုင်ပြည်မှ ပြောင်းရွေ့အခြေချနေထိုင်နေသည့် ဦးအောင်ကျော်ထွန်း၏ နေအိမ်လည်း ပါဝင်သွားခဲ့သည်။

“ဘဝကတော့ ဖောင်ဖျက်ဝါးလို ဖြစ်သွားပြီ။ ရစရာမရှိတော့ဘူး။ အိုးနဲ့အိမ်နဲ့နေခဲ့ရတဲ့ ဘဝကနေ အခုတော့ ခေါင်းချစရာနေရာတောင် မရှိတော့ဘူး” ဟု ဘုန်းကြီးကျောင်းတစ်ခုတွင် ယာယီခိုလှုံနေရသည့် အသက် ၄၀ ကျော်အရွယ် ဦးအောင်ကျော်ထွန်းက သူ့ဘဝအခြေအနေကို ပြောပြသည်။

ဦးအောင်ကျော်ထွန်းမှာ ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ရာချောင်းကျေးရွာဇာတိဖြစ်ပြီး မိသားစုနှင့်အတူ လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်မှစတင်ကာ ရန်ကုန်မြို့တွင် ပြောင်းရွှေ့အခြေချနေထိုင်ခဲ့သည်။ မြို့ကြီးပြကြီးကို ရောက်ရှိလာသော ၎င်းတို့မိသားစုမှာ အိမ်ငှားနေထိုင်ကာ ကြုံရာကျပန်းလုပ်ကိုင်ပြီး ဘဝကို အစပျိုးခဲ့ကြသည်။

နှစ်တချို့ကြာမြင့်လာပြီးနောက် စုမိဆောင်းမိ ငွေတချို့တစ်ဝက်နှင့် ဇာတိမြေမှ အိမ်နှင့်ခြံကိုရောင်းချကာ ၂၀၁၅ ခုနှစ်တွင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ စံသမာဓိရပ်ကွက်အတွင်း (အနံ ၂၀ ပေ × အလျား ၆၀ ပေ)ပတ်လည် မြေကွက်တစ်ခု ဝယ်ယူခဲ့သည်။ ထိုမြေကွက်တွင် ထိပ်ဝ ၂၀ ပေနှင့် အလျား ၃၀ ခန့်ရှိသည့် ကွန်ကရစ်အခင်း၊ ဝါးထရံကာ နေအိမ်တစ်လုံးကို ဆောက်လုပ်ခဲ့သည်။ ခေတ်ကာလအရ ရန်ကုန်မြို့တွင် ကိုယ်ပိုင်အိမ်နှင့် နေထိုင်ရန် မလွယ်ကူပေ။ 

“အဲဒီတုန်းက သားသမီးတွေလည်း အရွယ်မရောက်သေးတော့ ကျနော်တို့လင်မယားနှစ်ယောက် အလုပ်လုပ်တဲ့ ဝင်ငွေနဲ့စုဆောင်းပြီး အိမ်တစ်လုံးဆောက်နိုင်ဖို့ ကြိုးစားခဲ့ကြတာဖြစ်တယ်။ အခု ပေါက်စျေးနဲ့ ဆိုရင်တော့ အိမ်၊ ခြံ နှစ်ခုလုံး သိန်း ၂၀၀ လောက် ရှိလောက်တယ်။” ဟု ဦးအောင်ကျော်ထွန်းက ဆိုသည်။ 

နှစ်ကာလအတော်ကြာ ခက်ခက်ခဲခဲနှင့်ကြိုးစားရုန်းကန်ပြီးမှ ဝယ်ယူဆောက်လုပ်နိုင်ခဲ့သည့် အသိုက်အမြုံမှာ တခဏအတွင်း ဖြိုဖျက်ခံလိုက်ရသည့်အတွက် ဦးအောင်ကျော်ထွန်းတစ်ယောက် ယူကြုံးမရဖြစ်နေရှာသည်။

ဒီမှာနေလာတာလည်း နှစ်ပေါင်း ၁၀ ကျော်ပြီ။ အခုလိုအချိန်ရောက်မှ ဖြိုဖျက်ခံလိုက်ရတော့ ယူကြုံးမရဖြစ်ရပါတယ်

မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေ၊ ပျဉ်းမပင်စက်မှုဇုန်ဧရိယာ ဧက ၅၆၀ ကျော်မှာ ခွင့်ပြုချက်မဲ့ ဆောက်လုပ်ထားသည်ဟုဆိုကာ စံသမာဓိရပ်ကွက်မှ နေအိမ်များကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့ နောက်ဆုံးထားဖယ်ရှားပေးရန်နှင့် မဖယ်ရှားပါက တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်လိုက်သည်။ 

ယင်းမတိုင်မီကလည်း စံသမာဓိရပ်ကွက်သည် ကာကွယ်ရေးဝန်ကြီးပိုင်မြေ ဖြစ်သဖြင့် ထိုရပ်ကွက်အတွင်းနေထိုင်သည့် နေအိမ်များကို ဖယ်ရှားပေးရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် အသိပေးမှုရှိခဲ့သည်။

အချိန်တစ်ပတ်ကြာပြီးနောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီခန့်တွင် ရဲ၊ စစ်သား၊ ဌာနဆိုင်ရာ၊ အလုပ်သမားလူဦးရေ ၂၀၀ ဝန်းကျင်နှင့်အတူ ဘတ်ဖိုး ၄ စီးဖြင့် စံသမာဓိရပ်ကွက်ရှိ နေအိမ်များကို စတင်ဖြိုဖျက်ခဲ့သည့်အတွက် လူဦးရေတစ်သောင်းကျော်မှာလည်း လမ်းဘေးမှာ နေထိုင်ရသည့်ဘဝသို့ ရောက်သွားတော့သည်။

ယင်းအထဲတွင် ဦးအောင်ကျော်ထွန်း အပါအဝင် ရခိုင်ပြည်မှ ပြောင်းရွေ့အခြေချ နေထိုင်သူဦးရေ ၄,၀၀၀ ခန့်ပါဝင်ကြောင်း သိရသည်။ ၎င်းတို့မှာ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ မြေပုံ စသည့်မြို့နယ်တို့မှဖြစ်ပြီး ရန်ကုန်တိုင်းတွင် အခြေချနေထိုင်နေကြသည်မှာ ဆယ်စုနှစ်မက ကြာမြင့်ခဲ့ပြီလည်းဖြစ်သည်။

အိမ်ပိုင်ဘဝမှ အိမ်ရာမဲ့အခြေအနေသို့ ရောက်ရှိသွားသည့်အတွက် စားဝတ်နေရေး၊ ဘဝရပ်တည်ရေးနှင့်အတူ အနာဂတ်ပါ ပျောက်ဆုံးနေကြောင်း နေအိမ်ဖယ်ရှားခံလိုက်ရသည့် ဒေါ်စန္ဒာအေးက ရင်ဖွင့်လာသည်။

“အိမ်ဆောက်ပြီး ၂ နှစ်နှစ်လောက် နေလိုက်ရတယ်။ အခုတော့ အိမ်ငှားနေဘဝကို ရောက်သွားပြီ။ နောက်ထပ် အိမ်ခြံတစ်ခြံရဖို့အတွက် ဘယ်လောက်စုဆောင်းရအုံးမလဲ မသိတော့ပါဘူး” 

အဆိုပါရပ်ကွက်တွင် ကရင်၊ ဗမာ၊ ကချင်၊ ရခိုင် စသည့် လူမျိုးပေါင်းစုံနေထိုင်ခဲ့ကြပြီး ဖြိုဖျက်ခံလိုက်သည့်အထဲတွင် ဝါးထရံကာ၊ ဝါးခင်းသည့်နေအိမ်၊ အုတ်ဖြင့်ခိုင်မာစွာ ဆောက်လုပ်ထားသည့် နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းသင်ခန်းများ ပါဝင်သွားသည်။

လက်ရှိတွင် နေအိမ်ဖြိုဖျက်ခံလိုက်ရသူတချို့မှာ သင်္ကန်းကျွန်း၊ မင်္ဂလာဒုံ၊ ထောက်ကြန့် စသည့် မြို့နယ်များထဲမှ ရပ်ကွက်အသီးသီးသို့ ပြောင်းရွေ့ပြီးနေထိုင်ကြသလို၊  တချို့မှာလည်း လမ်းဘေးတွင် တဲထိုးနေထိုင်နေကြကြောင်း သိရသည်။

နေအိမ်ဖြိုဖျက်ခံရသဖြင့် မိသားစုစားဝတ်နေရေး၊ သားသမီးပညာရေးအတွက်ပါ တွေးပူနေရကြောင်း ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်မှ ပြောင်းရွေ့အခြေချနေထိုင်သူ ဦးမောင်ရွှေတင်က ပြောသည်။

“တကယ့်ကို အခက်အခဲ ရောက်သွားပါတယ်။ လုပ်နေတဲ့ ထင်းရောင်းတဲ့အလုပ်ကိုလည်း ပြန်လုပ်ဖို့ အဆင်မပြေတော့ဘူး။ သမီးကြီးကလည်း အလုပ်မလုပ်တတ်သေး၊ သားလတ်တစ်ယောက်က မသန်စွမ်း၊ သားငယ်ဆိုရင်လည်း ၇ တန်းကျောင်းနေအရွယ် သူတို့ရဲ့ရှေ့ရေးကိုတောင် မတွေးရဲပါဘူး။ သားငယ်ဆိုရင် ဒီကနေ ဟိုးအဝေးကြီးကိုသွားပြီးတော့ ကျောင်းသွားတက်ရတယ်။ ဒီအတိုင်း ဝင်ငွေမရှိဘူးဆိုရင် နောက်နှစ်မှာ သူ့ကို စာသင်နိုင်မှာ မဟုတ်တော့ပါဘူး” ဟု ၎င်းက ကြေကွဲစွာပြောဆိုသည်။ 

စစ်ကောင်စီက ဖယ်ရှားလိုက်သော ရပ်ကွက်အတွင်း နေထိုင်သူများမှာ ကျူးကျော်နေထိုင်ခြင်း မဟုတ်ဘဲ စာချုပ်စာတမ်းများနှင့် အိမ်ခြံမြေအမည်ပေါက်ဝယ်ယူကာ နေထိုင်နေကြခြင်းဖြစ်ကြောင်း ကာယကံရှင်များက ပြောဆိုကြသည်။

မြန်မာစစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် တိုင်းနှင့်ပြည်နယ်များမှ နေအိမ်အများအပြားကို ကျူးကျော်ဟုသတ်မှတ်ကာ ဖြိုဖျက်မှုများပြုလုပ်ခဲ့သည်။ နေအိမ်ဖယ်ရှားခံရသူများမှာ အာဏာသိမ်းမှုကြောင့် အဆမတန်မြင့်တက်နေသည့် ကုန်ဈေးနှုန်း၊ ရှားပါးလာသော အလုပ်အကိုင်အခွင့်အလမ်း အောက်မှာ ဘဝရပ်တည်ရေးအတွက် မျှော်လင့်ချက်ကင်းမဲ့သွားပြီဟု ပြောဆိုကြသည်။ 

“စစ်ကောင်စီက ကျနော်တို့ကို လုပ်ချင်သလို လုပ်နေတာ။ ကုန်စျေးနှုန်းတွေတက်ပြီး ဒီလောက်ဒုက္ခရောက်နေကြတာ အခုလိုလုပ်လိုက်တော့ ဘဝပျက်ကြတာပေါ့။ အိမ်ရှိရင်တော့ ဘာပဲဖြစ်ဖြစ် ကျနော်တို့မှာ ခံသာသေးတယ်။ အခုက အိမ်လည်းမရှိတော့ တစ်ပူပေါ်နှစ်ပူဆင့်ကြတာပေါ့” ဟု နေအိမ်ဖြိုဖျက်ခံလိုက်သည့် ကိုသန့်ဇင်က ရင်ဖွင့်လာသည်။ 

နေအိမ်ဖယ်ရှားခံလိုက်ရသည့် စံသမာဓိရပ်ကွက်က သောင်းနှင့်ချီသောလူဦးရေမှာ မည်သူတစ်ဦးတစ်ယောက်၏ အကူအညီဆောင်ရွက်ပေးမှုမှ မရရှိဘဲ စမ်းတဝါးဝါးနှင့် လမ်းပျောက်နေကြရသည်။

၎င်းတို့မှာ ရန်ကုန်မြို့ကြီးတွင် အခြေချနေထိုင်မည်ဟု ဆုံးဖြတ်ထားကြသူများဖြစ်၍ မိမိတို့၏ဇာတိမြေသို့ ပြန်မည်ဆိုပါကလည်း ကျေးရွာမှာနေအိမ်မရှိတော့သလို၊ လုပ်ကိုင်စားသောက်ဖို့လည်း အလုပ်မရှိသည့်အတွက် ရန်ကုန်မြို့ကြီးတွင် အနာဂတ်ပျောက်ဆုံးစွာဖြင့် ဆက်လျှောက်နေကြရသည်။

“အခုက ကြိုးစားခဲ့သမျှအရာအားလုံး တစ်စစီပျက်စီးသွားခဲ့ပြီ။ ဘဝကို ဘယ်ကနေဘယ်လိုစရမှန်းကို မသိတော့ဘူး။ တွေးကြည့်လေရင်လေးလေ ဖြစ်ရတယ်” ဟုပြောရင်း ဦးအောင်ကျော်ထွန်းတစ်ယောက် ရှေ့ဆက်ရမည့်အရေးကို တွေးပူနေတော့သည်။

မျိုးသီရိကျော် ရေးသည်။

ဗီဒီယိုများ