ရေခပ်မကြုံခဲ့သော်လည်း

ဖန်သားပြင်၌ပေါ်နေသော ဗီစီတီသီချင်းပါမြင်ကွင်းများကို သူ စိုက်ကြည့်နေမိသည်။ လှပသော တောတောင်များ၊ ခမ်းနားထည်ဝါသော ဘုရားပုထိုးများ၊ မြောက်ဦးနန်းတော်ရာကုန်း၊ သာယာသော ကမ်းခြေများ၊ လတ်ဆတ်သောပင်လယ်စာများကို စိတ်ထဲက မြင်ယောင်မိသည်။ သူ မွေးဖွားရာဇာတိမြေ၏ အလှနှင့်ရသကို တို့ကနဲ့ဆိတ်ကနဲ့ ခံစားလိုက်ရသလိုရှိသည်။ မည်သည့်နေရာပဲ ရောက်နေပါစေ၊ မိမိတို့ ဇာတိမြေ၏ပုံရိပ်များ၊ အလှနှင့်ရသကို ထိတွေ့မိသူတိုင်း စိတ်ကြည်နူးရပေသည်။

By နေလင်းခိုင်(မြောက်ဦး) 16 Sep 2022

DMG ၊ စက်တင်ဘာ ၁၆

(ဆောင်းပါး)

(၁)

မိဘအိမ်ကို သူ မပြန်ဖြစ်ခဲ့တာ ကြာပြီ။ အနီးအနားရှိတုန်း တစ်လတစ်ခါဖြစ်ဖြစ်၊ သုံးလတစ်ခါဖြစ်ဖြစ် ပုံမှန်ပြန်ဖြစ်ခဲ့သော်လည်း အခုတော့ မိဘအိမ်နှင့်ဝေးရာ ရှမ်းပြည်ဘက်မှာတာဝန်ကျနေ၍ တစ်ခေါက်တစ်ခေါက် ပြန်ဖြစ်ဖို့ကမလွယ်။ လမ်းစရိတ်ကတစ်မျိုး၊ ခွင့်ရဖို့ကလည်း မသေချာသောအခါ တကူးတကမပြန်ဖြစ်။ ဒီနှစ်တော့ ဖခင်၏ ၆၀ နှစ်ပြည့် မွေးနေ့အမီ မိဘအိမ်ပြန်လာကြခြင်းဖြစ်သည်။ သူတို့မိသားစုသည် တောင်ကြီးမှနေ၍ ကားစီးလာကြသည်။

ရာသီဥတုသည် မိုးအကုန် ဆောင်းအကူးဖြစ်၍ အေးစိမ့်စိမ့်ဖြစ်နေသည်။ တိုက်ခတ်လာသော လေများသည် နှင်းခိုးနှင်းငွေ့များဖြင့် ပြည့်နှက်နေသည်။

“ခရီးသည်များခင်ဗျာ၊ ထမင်းစားနားမှာဖြစ်တဲ့အတွက် မိမိတို့ရဲ့ တန်ဖိုးရှိတဲ့ပစ္စည်းတွေကို ယူဆောင်ပြီးတော့ ကားပေါ်က ဆင်းပေးကြပါခင်ဗျာ”

သူတို့မိသားစု ကားပေါ်ကဆင်းကြသည်။ နာရီဝက်ခန့်ကြာပြီးနောက် ထမင်းစားပြီး၍ ကားပေါ်သို့ တက်သောအခါ ကားစပယ်ရာက “လူကြီးမင်းများခင်ဗျာ၊ အခုအချိန်ကစပြီးတော့ ရခိုင်ရိုးတောင်ကို တက်မှာဖြစ်တဲ့အတွက် ကားမူးတဲ့သူများ ကြွတ်ကြွတ်အိတ်များ လိုအပ်ပါက လာယူလို့ရပါတယ်”ဟု ဆိုသောအခါ ကားပြတင်း၏ဘေးဖက်သို့ လှမ်းကြည့်လိုက်သည်။

နေဝင်ပျိုးစအချိန် ရိုးမတောင်ကြီးသည် မှိုင်းပျပျနှင့်အုံ့ဆိုင်းနေသည်။ အဝေးကိုကြည့်သော်လည်း သစ်ပင်တောတောင်များကိုသာ မြင်ရသည်။ နေလုံးကြီးသည် သစ်ပင်များပေါ်တွင် အလင်းရောင်ဖြာကျလျက် အိပ်တန်းတက်ရန် ဟန်ပြင်နေသည်။

စကားမပီကလာ ပီကလာနှင့် သူ့ရင်ခွင်၌လိုက်ပါလာသော သားလေးသည် “ပါပါ၊ ဘိုးဘိုးတို့ဆီ ရောက်တော့မှာလား ပါပါ”ဟု မေးလာသဖြင့်” အေး..သား၊ မနက်ကျမှရောက်မယ်..သား၊ လမ်းမှာ ကားပေါ်မှာ တစ်ညအိပ်ရဦးမယ်..သား”ဟု ပြန်ပြောမိသည်။ သားငယ်သည် အလိုမကျသည့်ဟန်ဖြင့် သူ့မျက်နှာကို စိုက်ကြည့်နေသည်။

“ရိုးမတောင်ညို ခြားဗျာယ်ထား၊ သဘာဝလှပ စိမ်းလန်းစိုပြေနီ………………”။ ရခိုင်အဆိုတော် ခိုင်ကျော်လင်း၏သီချင်းကို ကားစပယ်ရာဖွင့်ပြသည်။ သူ၏စိတ်ထဲမှာ နွေးထွေးမှုကိုခံစားရသည်။ ထိုနွေးထွေးမှုမှာ မည်သည့်ခံစားချက်နှင့်မျှမတူ။ ကြက်သီးများပါ ထနေသည်။ သီချင်းက သူ၏ အိမ်လွမ်းစိတ်ကို ပိုနိုးဆွပေးနေသလို ခံစားရသည်။ ပြည်မတွင်နေထိုင်၍ မိမိတို့ ရခိုင်ပြည်ကို ပြန်သောသူတိုင်း ရိုးမတောင်တန်းနှင့် ရခိုင်သီချင်းကို တွဲစပ်၍နားထောင်ရလျှင် အိမ်လွမ်းစိတ်က အလိုလို ဖြစ်မိကြသည်။ ရိုးမတောင်တန်းပေါ်ကို ခြေချမိသည်နှင့်တစ်ပြိုင်နက် လုံခြုံမှုကို ခံစားရသည်။  စိတ်သည် တက်ကြွလာသည်။ မြူးထူးလာသည်။ နွေးထွေးလာသည်။

ဖန်သားပြင်၌ပေါ်နေသော ဗီစီတီသီချင်းပါမြင်ကွင်းများကို သူ စိုက်ကြည့်နေမိသည်။ လှပသော တောတောင်များ၊ ခမ်းနားထည်ဝါသော ဘုရားပုထိုးများ၊ မြောက်ဦးနန်းတော်ရာကုန်း၊ သာယာသော ကမ်းခြေများ၊ လတ်ဆတ်သောပင်လယ်စာများကို စိတ်ထဲက မြင်ယောင်မိသည်။ သူ မွေးဖွားရာဇာတိမြေ၏ အလှနှင့်ရသကို တို့ကနဲ့ဆိတ်ကနဲ့ ခံစားလိုက်ရသလိုရှိသည်။ မည်သည့်နေရာပဲ ရောက်နေပါစေ၊ မိမိတို့ ဇာတိမြေ၏ပုံရိပ်များ၊ အလှနှင့်ရသကို ထိတွေ့မိသူတိုင်း စိတ်ကြည်နူးရပေသည်။

ကားပေါ်သို့ တိုက်ခတ်လာသောလေများသည်လည်း ပိုလတ်ဆတ်လာသလို ခံစားရသည်။ ကားစပယ်ရာက ရခိုင်သီချင်းများကို တစ်ပုဒ်ပြီးတစ်ပုဒ် ဆက်ကာဖွင့်နေသဖြင့် သူ၏ အလွမ်းစိတ်များသည်လည်း ပိုလာသည်။ ဂီတသည် လူ၏ အလွမ်းဓာတ်ခံစိတ်ကို ပိုလှုံ့ဆော်နိုင်သည်ကို သူ ယုံသည်။ ဖြစ်နိုင်လျှင် မြန်မြန်ရောက်ချင်ပြီ။ ရန်ကုန်ကနေ မိုင် ၆၀၀ ကျော်ဝေးသော ခရီးကို တစ်စက္ကန့်နှင့် ရောက်ချင်လှပါဘိ။

(၂)
ဘေးနားက ဇနီးနှင့်သားကို လှမ်းကြည့်သောအခါ အိပ်ပျော်နေကြပြီဖြစ်၍ သူသည် တွေးချင်ရာ တွေးနေမိသည်။ ရခိုင်သီချင်းစာသားတစ်ပိုင်းတစ်စကို လိုက်ဆိုလိုက် အတိတ်ကအကြောင်းများကို တွေးလိုက်နှင့် ဟန်ကျနေသည်။ သို့သော် သူ၏အတွေးများက ငယ်ဘဝပုံရိပ်များဆီသို့ ရောက်လာသည်။

“မင်း..ဆယ်တန်းကို ဂုဏ်ထူးနဲ့အောင်ရမယ်.. မင်းက အိမ်မှာ အငယ်ဆုံးသား…. မင်းအစ်ကိုတွေ အစ်မတွေလို ရိုးရိုးအောင်လို့ မရဘူး….”

သူ့အဖေ၏ ဆုံးမစကားကို ပြန်ကြားယောင်မိသည်။ ဟုတ်ပါသည်။ သူသည် မွေးချင်းခြောက်ယောက်အနက် အငယ်ဆုံးသားလေးဖြစ်သည်။ ငယ်ငယ်ကတည်းက စာတော်၍ မိဘများမှ မျှော်လင့်ထားသည်။ အဖေမှာ ပညာရေးကို လိုက်စားသူဖြစ်သည်နှင့်အညီ သားသမီးခြောက်ယောက်ကို မရှိမဲ့၊ ရှိမဲ့ ရှာကြံကာ ပညာသင်ပေးသည်။ အဖေသည် ကွမ်းသီးခြံလုပ်၍ သားသမီးများကို ပညာတတ်အောင်စာသင်ပေးရှာသည်။ “မင်းတို့ ငါ့လိုမဖြစ်အောင်၊ ငါ့လို ပင်ပင်ပန်းပန်းမလုပ်ရအောင် ငါက ပညာသင်ပေးတာ၊ ငါတို့ကျတော့ ပညာမတတ်တဲ့အခါ နေပူမရှောင် မိုးရွာမရှောင် အလုပ်ကိုကြိုးစားလုပ်ရတယ်။ မင်းတို့ကို နေရိပ်မှာ ဘောပင်လေးကိုင်ပြီး ထမင်းစားလို့ရအောင် ပညာသင်ပေးတာ။ ဒါကြောင့် တန်ဖိုးထားကြ”ဟူ၍ မိသားစု ထမင်းစားဝိုင်းများတွင် အဖေ အမြဲမှာနေကြစကားများကို သတိရမိသည်။

အဖေ၏ စေတနာနှင့် အားထုတ်မှုကို နားလည်၍ သူ့အစ်ကိုများနှင့် သူ့အစ်မများမှာလည်း မခံချင်စိတ်ဖြင့် ပညာကို အပတ်တကုန် ကြိုးစားရှာကြသည်။ သို့သော်လည်း သူ့ကျမှ အဖေက ပိုအားထားနေသည်။ သို့သော်လည်း မိဘများမှန်းထားသလောက် ဆယ်တန်းကို ဂုဏ်ထူးများစွာဖြင့် မအောင်ခဲ့ပေ။ အင်္ဂလိပ်စာ ဂုဏ်ထူးတစ်ဘာသာတည်းဖြင့်သာ ကျေနပ်လိုက်ရသည်။ သည်လိုနှင့် သူ့ခေတ်သူ့အခါက ခေတ်စားနေသည့် ကွန်ပျူတာတက္ကသိုလ်တက်၍ ဘွဲ့ရခဲ့သည်။

ဘွဲ့ရပြီးနောက် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် မန်နေဂျာအလုပ် ဝင်လုပ်ခဲ့သည်။ ဝင်ငွေကောင်းသည်။ သို့သော် အဖေက ကုမ္မဏီအလုပ်ကို သဘောကျပုံမရ။ သားကို အစိုးရဝန်ထမ်းဖြစ်စေချင်သည်။ အစိုးရဝန်ထမ်းလုပ်မှ ဂုဏ်ရှိသည်ဟု အဖေယူဆထားပုံရသည်။ သို့နှင့် အဖေ၏ တိုက်တွန်းချက်ကြောင့် အစိုးရဌာနတစ်ခုတွင် အရာရှိအလုပ်လျှောက်ရာတွင် ရွေးချယ်ခံလိုက်ရသည်။

မိဘ၏ မေတ္တာတရားသည် ကြီးမားလှပေစွ။ မိဘတိုင်း သားသမီးကို ဆင်စီး၍မြင်းရံသည်ကို မြင်ချင်ကြသည်။ သားသမီးများအောင်မြင်လျင် ဝမ်းသာကြသည်။ ပီတိဖြစ်ကြသည်။ အနာဂတ်အတွက် အာမခံချက်ရှိသော အစိုးရအလုပ်ကိုရ၍ အဖေခမျာ ဝမ်းသာလို့မဆုံး။ သား အရာရှိဖြစ်သည်ကို အိမ်လာသည့်လူတကာကို ဂုဏ်ဖော်ပြသည်။ အမှန်တော့လည်း သူ့သားအငယ်ဆုံးအတွက် သူ ဂုဏ်ယူမိသည်။ သူ့အထက် အစ်ကိုအစ်မများမှာ ကျောင်းဆရာအလုပ်ကိုသာ လုပ်ကိုင်ကြသော်လည်း သူ့သား အငယ်ကောင်၏ အရာရှိဆိုသောဂုဏ်ကို သူ ဂုဏ်ယူမဆုံး ဖြစ်နေခြင်းဖြစ်သည်။ အဖေ… ကျေးဇူးကြီးမားပါတယ်.. အဖေရေ..။

သူ၏ အတွေးများကိုရပ်၍ တစ်ရေးတစ်မောအိပ်ရန် ပြင်လိုက်သည်။ အာရုဏ်ဦးသည် လင်းစပြုနေပြီ။ ကားပေါ်ပါ လူအားလုံးမှာ ဟောက်သူကဟောက်နှင့် ကားဒရိုင်ဘာ၊ ကားစပယ်ရာနှင့် သူ တို့(၃)ဦးသာ မအိပ်ဘဲ ကျန်နေသည်။ ခဏအကြာတွင် သူ အိပ်ပျော်သွားသည်။

(၃)

“ထတော့..ထတော့…အိမ်ရောက်တော့မယ်….မင်းပြား ရာမောင်တံတား ရောက်နေပြီ”

ဘေးနားက ဇနီးဖြစ်သူနိုး၍ ဘေးပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်ရာ ရာမောင်တံတားကြီးသည် လေးမြို့မြစ်ကိုမိုး၍ ရင်ကော့ပေးနေသလား ထင်ရသည်။ သို့သော်လည်း သူ ငယ်ငယ်ကလိုမျိုး ကြိုးတံတား မဟုတ်တော့ပေ။ ကွန်ကရစ်တံတား။ ဘေးဝေးရာတွင် စပါးခင်းများ စိမ်းစိုဝင်းမှည့်နေသည်။ မြစ်ရေသည် အရှေ့မှ အနောက်သို့ စီးဆင်းနေပေသည်။

ကားသည် တဖြည်းဖြည်းနှင့်မောင်းနှင်လာရာ သူမွေးဖွားရာ သူ၏ဇာတိချက်မြုတ်မြေသို့ ဆိုက်ရောက်သည်။ ဖုန်းကြိုဆက်ထား၍ အဖေနှင့်အမေတို့သည် လမ်းဘေး၌ ရပ်စောင့်နေကြသည်ကို တွေ့ရသည်။

“ဟေ..မင်း ရှမ်းပြည်မှာနေလို့…. အသားဖြူလာလိုက်တာ..”ဟု အမေက နှုတ်ဆက်စကားဖြင့်ဆီးကြိုသည်။ အဖေနှင့်အမေမှာ သားသမီးအလာကို ပီတိဖြစ်သည့်ပုံစံဖြင့် အပြုံးများကိုယ်စီဝေဆာလျက်။ အိမ်ရောက်သောအခါ ဆွေးမျိုးညှာတာများလာကြသည်။ နှုတ်ဆက်သူက ဆက်၊ စကားပြောသူက ပြောနှင့် အိမ်ပြန်လာသောသူ့ကို ဆီးကြိုကြသည်။

အထီးကျန်နေသော အဖေသည် သားသမီးများ အိမ်လည်လာသည်နှင့် စကားများ ဖောင်ဖွဲ့အောင် ပြောနေရှာသည်။ လက်ရှိ ရခိုင်ပြည်၏ စစ်ရေးအကြောင်း၊ နိုင်ငံရေးအကြောင်း သူ တွေးမိသမျှ သူ့ခံယူချက် အတွေးအမြင်များကို ပြောနေသည်။ ရက္ခိုင့်တပ်တော်၏ စွမ်းဆောင်ရည်အကြောင်း၊ မကြာမီ လွတ်မြောက်တော့မည်အကြောင်း ပြောရင်း ပြောရင်း “ဪ မင်းက အစိုးရလူပဲ၊ ငါလည်း ပြောချင်တာ ပြောမိလိုက်ပြီ”။

အစိုးရလူ။ အဖေသုံးနှုန်းလိုက်သော စကားလုံးသည် သူ၏နားထဲတွင် စိမ့်ကနဲ့ဝင်သွားသည်။ အဖေသည် သူ့ကို အစိုးရလူဟုမြင်နေပြီလား။ အဖေ့စိတ်ထဲမှာ သူ့သားကိုပင် မယုံချင်တော့တာလား။ တိုက်ပွဲကာလအတွင်း ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများက သူ့ကို ခြောက်လှန့်နေသလား။ အဖေ၏ ပြောစကားကြောင့် သူ စိတ်မကောင်းဖြစ်ရသည်။ ဝမ်းနည်းမိသည်။ ဘေးပတ်ဝန်းကျင်လူများက ပြောသည်ဆိုလျှင် သူ ခံနိုင်သေးသည်။ ခုတော့ သူ့အဖေကိုယ်တိုင်က သူ့ကို အစိုးရလူဟု ပြောဆိုလိုက်ခြင်းမှာ သူ့ရင်ထဲခံစားရသည်။

(၄)

အစိုးရဌာနဆိုင်ရာအသီးသီးတွင် ရခိုင်လူမျိုးတချို့ တာဝန်ထမ်းဆောင်နေကြရသည်။ တချို့လည်း တစ်ဝမ်းတစ်ခါးအတွက် လုပ်ကြရသလို တချို့ကလည်း လုပ်စရာအလုပ်မရှိသည့်အခါ ဝင်လုပ်ကြရသည်။ ဝန်ထမ်းဖြစ်လျှင် ဂုဏ်ရှိသည်ဟူသောခံယူချက်ဖြင့် တချို့လုပ်ကြသည်။

မည်သို့ပင်ဆိုစေကာမူ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် အစိုးရဝန်ထမ်းဘဝကို မလွှဲမရှောင်သာ ရွေးချယ်လိုက်ကြရပေသည်။ ကြိုးစားပမ်းစားရထားသည့် ဘွဲ့တစ်ခုကို အလဟဿမဖြစ်ဖို့ မတတ်သည့်အဆုံးတွင် အစိုးရဝန်ထမ်းအလုပ်ကို စိတ်ပါသည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေ ရွေးချယ်လုပ်ကိုင်ကြရသည်။ သူ့လိုလူဆိုလျှင် ကိုယ်ပိုင်စီးပွားရေးဖြစ်ဖြစ် ကောင်းရောင်းကောင်းဝယ်လုပ်ဖို့ အရင်းအနှီးမရှိသည့်အခါ အစိုးရဝန်ထမ်းအလုပ်မှလွဲ၍ လုပ်ကိုင်စရာ အခြားအသက်မွေးဝမ်းကျောင်းလည်း မရှိပေ။ ပြည်မနေသူများမှာ အစိုးရဝန်ထမ်းအလုပ် မလုပ်ချင်လျှင် ကုမ္ပဏီအလုပ်လုပ်မလား၊ ကိုယ်ဝါသနာပါရာ မွေ့ပျော်ရာမှာလုပ်ကိုင်ဖို့ အခွင့်အလမ်းများစွာရှိသည်။ ရခိုင်ပြည်ကဲ့သို့ တိုင်းရင်းသားဒေသများတွင်မူ ထိုကဲ့သို့ အခွင့်အရေးမျိုးကို မရရှိကြသည်မှာလည်း ဝမ်းနည်းစရာကောင်းသည်။

အရင်တုန်းက ဝန်ထမ်းဖြစ်သွားလျှင် အလုပ်ရှိသည်၊ ဂုဏ်ရှိသည်ဟူ၍ လူတွေ လေးစားကြသော်လည်း ယခုတော့ မဟုတ်တော့ပြီ။ ခေတ်ရေစီးကြောင်း ပြောင်းသွားပြီဆိုတာ သူ သဘောပေါက်လိုက်သည်။ ကွန်ဖက်ဒရိတ်ပဲဆိုဆို၊ သီးခြားလွတ်လပ်တဲ့နိုင်ငံပဲဆိုဆို ပန်းတိုင်သို့ ရက္ခိုင့်တပ်တော်က ဦးဆောင်ချီတက်နေစဉ်တွင် ရခိုင်ပြည်က ရခိုင်လူမျိုးအစိုးရဝန်ထမ်းများသည် လူအများ လေးစားတန်ဖိုးထားခြင်း မခံရတော့ပြီ။ ရန်သူ့ဘက်တော်သား၊ ရန်သူ့အလုပ်ကို လုပ်ကိုင်ပေးနေသူများဟု မြင်နေကြသလား။ သူ နက်နက်ရှိုင်းရှိုင်း စဉ်းစားမိသည်။

ရခိုင်တစ်ပြည်လုံးက အမျိုးသားရေးလမ်းကြောင်းကို ချီတက်နေချိန်တွင် အစိုးရဝန်ထမ်းအလုပ် လုပ်နေရသည်ကို သူကိုယ်တိုင်လည်း မကျေမနပ်ဖြစ်ရသည်။ သူငယ်ချင်းများကြားတွင်ပင် သူ့အလုပ်ကို တခုတ်တရ ဂုဏ်ယူစွာမပြောဖြစ်တော့ပေ။ သူ့ကိုယ်သူ လိပ်ပြာမလုံဖြစ်ရသည်။

ကိုယ့်ရပ်ကိုယ့်မြေအတွက် တာဝန်မကျေသလို ခံစားရသည်။ ဘဝရပ်တည်ရေးအတွက် မလုပ်ချင်ဘဲ လုပ်နေရသည့်အတွက် စိတ်မပါတော့ပေ။ သူ အလုပ်ထွက်ဖို့ အကြိမ်ကြိမ်စဉ်းစားဖြစ်သည်။ သို့သော်လည်း အလုပ်ဟူသမျှ နေရာတစ်ခု၊ ရာထူးတစ်ခုရဖို့အတွက် ပေးဆပ်ရရာ ထိုပေးဆပ်ထားမှုကို အလဿလည်းမဖြစ်စေချင်ပေ။ အလုပ်ဆက်လုပ်မည်၊ အလုပ်ထွက်မည်ဟူသော ဆုံးဖြတ်ချက်ကြားတွင် ဇဝေဇဝါဖြစ်ရသည်။ လက်ရှိခေတ်ကာလနှင့် မကိုက်ညီတော့သည့် သူ့အလုပ်ကိုစွန့်ခွာဖို့ အချိန်တန်ပြီဆိုသည်ကိုလည်း တဖြည်းဖြည်း သဘောပေါက်လာသည်။

အရင်တုန်းက အစိုးရအလုပ်တစ်ခုရဖို့ ငွေအား၊လူအားဖြင့် အားစိုက်ထုတ်ခဲ့ရသောအလုပ်သည် ခုတော့ လူအများ၏ နှာခေါင်းရှုံ့ခြင်းကို ခံနေရပေပြီ။ အခြားတစ်ဖက်တွင်မူ အမျိုးသားရေးအတွက် အထူးသဖြင့် တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေသူများကို အများကလေးစားနေကြသည်။ စေတနာထား၍ မေတ္တာ ပိုကြသည်။

ဖြစ်သင့်ပါသည်။ အမျိုးသားရေးကို ဦးတည်လျှောက်လှမ်းနေသူများကို တန်ဖိုးထားလေးစားသည်မှာ ယထာဘူတကျပါသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသားရေးလုပ်ငန်းကို လူတိုင်းလုပ်နိုင်သည်က မဟုတ်ပေ။ အမျိုးသားရေးလမ်းကြောင်းကိုလျှောက်လျှင် အရာရာကို စွန့်လွှတ်ထားကြရသည်။ အသက်နှင့် ခန္ဓာကို တိုင်းပြည်နှင့်လူမျိုးအတွက် ပေးလှူထားရသည်။ မိဘအိမ်နှင့်ဝေးရာတွင် ခက်ခဲပင်ပန်းစွာ ဖြတ်သန်းကြရသည်။ ကိုယ့်အတ္တထက် အများပရဟိတအတွက် အချိန်ပေးဆပ်ရသည်။ မတော်လျှင် အသက်ပါပေးဆပ်ရသည့် မွန်မြတ်သောအလုပ်ဖြစ်သည်။ အရမရှိဘဲ ပေးဆပ်ရသောအလုပ်ဖြစ်သည်။ နောင်လာမည့်မျိုးဆက်များအတွက် တာဝန်ကျေပွန်သော အလုပ်လည်းဖြစ်သည်။

သာမန်မိသားစုဘဝဖြင့် အေးအေးလူလူဖြတ်သန်းချင်သော သူလိုလူများ မလုပ်နိုင်သော အရာဖြစ်သည်။  သို့သော်လည်း သူအနေဖြင့် စိတ်မကောင်းဖြစ်ရသည်မှာ အစိုးရအရာရှိဟူသော အလုပ်ကိုရဖို့ တွန်းတွန်းတိုက်တိုက်အားပေးခဲ့သူ အဖေကိုယ်တိုင်က သူ့သားကိုမြင်သည့် အမြင်ပြောင်းသွားခြင်း ဖြစ်သည်။

“အဲလိုလည်း မဟုတ်ပါဘူး အဖေရေ၊ အစိုးရအလုပ်ကိုလုပ်နေရပေမယ့် ကိုယ့်ရပ်ကိုယ့်ပြည်အတွက် စိတ်က အမြဲတမ်းရှိပါတယ်၊ သားတို့ခေတ်တုန်းက AA ပေါ်မလာသေး၊ AA သာပေါ်လာခဲ့ရင် သားတို့လည်း အခုလောက်ဆို အဲမှာပဲရှိမှာပါ”
သူ၏ စကားကိုကြားသောအခါ ဖခင်ဖြစ်သူမှာ တစ်ချက်ပြုံးပြီး ရယ်လိုက်သည်။ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် အစိုးရဝန်ကိုထမ်းနေရသော်လည်း မိမိတို့လူမျိုး လွတ်မြောက်ရေးအတွက် အဝေးကနေ စိတ်ဖြင့်အားပေးနေသူပါ။ ကာယအားဖြင့် မပါဝင်နိုင်သော်လည်း အမျိုးသားရေးကို ထိခိုက်စေသော သစ္စာဖောက်လုပ်ရပ်များကို မလုပ်လျှင် ရပြီမဟုတ်လားဟု သူ၏ စိတ်ထဲကပြောမိသည်။

(၅)

ရခိုင်လူမျိုးအစိုးရဝန်ထမ်းများကို ရခိုင်လူမျိုးများက အမြင်တစ်မျိုးဖြင့်ကြည့်ကြသလို အုပ်ချုပ်သူ ဗမာလူကြီးများကလည်း ရခိုင်လူမျိုးဝန်ထမ်းဆိုလျှင် မသင်္ကာသောအကြည့်၊ မယုံကြည်သော သဘောထား၊ စိတ်မချသောအမြင်များ ရှိကြပေသည်။ သူတို့အချင်းချင်း ပြောဆိုဆွေးနွေးရာတွင် ရခိုင်လူမျိုး ဝန်ထမ်းတစ်ဦးဦးရှိလျှင် သတိထား၍ပြောဆိုသည်။ ဆိုရလျှင် ရခိုင်လူမျိုးဝန်ထမ်းများသည် ယနေ့ကာလ၌ ပဲလွှာကြားဆားညှပ်သကဲ့သို့ ကြားမှာရပ်တည်နေရသည်။ နှစ်ဖက်စလုံး၏ သတိထား စောင့်ကြည့်မှုကိုပါ အာရုံစိုက်ခံနေရသည်။ မိသားစုနှင့် ဘေးပတ်ဝန်းကျင်အသိုင်းအဝိုင်း၏ အထင်သေးခြင်းကိုပါ ခံနေကြရပေသည်။

သို့သော်လည်း သူ ဖြေတွေးမိသည်။ အမှန်တကယ်ဆိုလျှင် တိုင်းပြည်တစ်ခုကိုတည်ဆောက်သောအခါ သေနတ်ကိုင်ထားသော လက်များသာ လိုအပ်သည်မဟုတ်။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ဖို့ ဘောပင်ကိုင်သောဝန်ထမ်းများ၊  အင်ဂျင်နီယာများ၊ နားကြပ်ချိတ်သော ဆရာဝန်များ၊ မြေဖြူကိုင်သောဆရာများလည်း လိုအပ်သည် မဟုတ်လား။

တိုင်းပြည်တစ်ခုကိုတည်ဆောက်ရာတွင် ကဏ္ဍအသီးသီး၌ အသိပညာရှင်၊ အတတ်ပညာရှင်များ များစွာလိုအပ်ပေသည်။ သို့မှသာ လွတ်မြောက်သောတိုင်းပြည်ကို သီးခြားရပ်တည်နိုင်အောင် ဆောင်ကြဉ်း ပေးနိုင်ပေမည်။ အုပ်ချုပ်ရေးသမားက အုပ်ချုပ်ရေးအလုပ်ကို လုပ်မည်။ ကာကွယ်ရေးတာဝန်ကို ယူထားရသော စစ်သားများက နိုင်ငံကိုကာကွယ်ပေမည်။ ထို့အတူ နိုင်ငံ့အနာဂတ်ဖြစ်သော ကလေးငယ်များကို ဆရာ၊ ဆရာများက ပညာသင်ပေးမည်။

ဆိုလိုရင်းမှာ လွတ်မြောက်သောတိုင်းပြည်တစ်ခုကို ပိုင်ဆိုင်ရစေဦး၊ ထိုတိုင်းပြည်ကို ဟန်ချက်ညီအောင် ယန္တရားပုံမှန်လည်ပတ်နိုင်ဖို့ ဝန်ထမ်းများလိုအပ်ပေသည်။ စစ်တိုက်တတ်သော စစ်သားများရှိရုံဖြင့် မလုံလောက်။ လမ်း၊ တံတားတည်ဆောက်တတ်သော အင်ဂျင်နီယာများ ရှိရုံဖြင့်လည်း မလုံလောက်။ သက်ဆိုင်ရာနယ်ပယ်တွင် ကျွမ်းကျင်ရာ၊ လိမ္မာရာ လုပ်သားနှင့်အင်အား အဆင်သင့်ဖြစ်ဖို့ အရေးတကြီး လိုအပ်ပေသည်။ ထိုတည်ဆောက်ရေး ကွက်လပ်များမှာလည်း ချက်ချင်းလက်ငင်းဖြည့်ဆည်း၍ ရသည်မဟုတ်။ အချိန်ယူ တည်ဆောက်ရသည်။ လူတိုင်းသည် သူ့နေရာနှင့်သူ တန်ဖိုးကိုယ်စီရှိကြပေသည်။

သူ့ကိုယ်သူ အားပေးနေမိသည်။ အဖေ့ကိုလည်း နားလည်ဖို့ သူ ကြိုးစားသည်။ အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ဖို့ ရေခပ်မကြုံသော်လည်း ထင်းခွေတဲ့အခါကြုံမှာပါ.. အဖေရေ။ ဘဝကံအကျိုးပေးတွေကြောင့် ခရီးဦးအစမှာ မပါဝင်နိုင်သော်လည်း တိုင်းပြည်နှင့်လူမျိုးက လိုအပ်လာသောအချိန်မှာ ပေးဆပ် တာဝန်ထမ်းဆောင်ကြရမည် မဟုတ်ပါလား…..။

(၆)

ခုတော့….. တောတွင်းတစ်နေရာတွင် သူ့ဘဝဇာတ်ကြောင်းကိုတွေးရင်း အိမ်လွမ်းမိသည်။ အဖေ့ သားအတွက် ဒုတိယအကြိမ် ဂုဏ်ယူနေမယ်လို့ သား မျှော်လင့်ပါတယ်…အဖေ…။

နေလင်းခိုင်(မြောက်ဦး) - ရေးသည်။

ဗီဒီယိုများ