ကျော့ပိုက်၊ ဝိုင်းပိုက်၊ ကမ်းဆွဲပိုက်နှင့် သံတွဲကမ်းခြေ

အမှန်အားဖြင့် ကျော့ပိုက်လုပ်ငန်းကို လုပ်ကိုင်ကြသည်မှာ သံတွဲမြို့နယ်သာ မဟုတ်။ သံတွဲနှင့် ဂွကမ်းခြေတစ်လျှောက် ကျေးရွာကြီးများတွင်လည်း ကျော့ပိုက်လုပ်ငန်းကို လုပ်ကိုင်နေကြသည်။ သံတွဲကို အခြေစိုက်၍ ကမ်းဝေးငါးဖမ်းသင်္ဘော (Trawler) များရှိသည်။ သို့ရာတွင် ဒေသခံများက ပိုင်ဆိုင်ခြင်းမဟုတ်။ ရန်ကုန်အခြေစိုက် ကုမ္ပဏီများက လာရောက်ဖမ်းဆီးနေခြင်းဖြစ်သည်။ ဤဒေသနေ ရေလုပ်ငန်းလုပ်ကိုင်သူများမှာ ကမ်းဝေးငါးဖမ်းလုပ်ငန်း လုပ်ကိုင်ရန် စိတ်မဝင်စားကြ။

By ကျွန်းသားငမန်း 19 May 2019

ကျွန်းသားငမန်း / DMG

ဂွနှင့် သံတွဲလမ်းမှာ မိုင် ၈၀ ကျော်ခန့်သာရှိသည်။ ဘင်္ဂလားပင်လယ်အော်ကိုယှဉ်၍ ဖောက်လုပ်ထားသောလမ်းဖြစ်သည်။ ဂွမှလာလျှင် လက်ယာဖက်တွင် ရခိုင်ရိုးမတောင်၏ တောင်စွယ်တောင်တန်းများက စိမ်းစိမ်းညို့ညို့ဖြင့် ပင်လယ်ပြင်ကို အပေါ်မှစီး၍ ငုံ့ကြည့်နေသည်သို့ မြင်ရမည်။ လက်ဝဲဖက်တွင်တော့ ဘင်္ဂလားပင်လယ်အော် ပင်လယ်ပြင်ကျယ်ကြီးဖြစ်သည်။ ကားလမ်းသည် ပင်လယ်ကမ်းနားမှ ကပ်၍တစ်သွယ်၊ ခွာ၍တစ်မျိုး ဖောက်လုပ်ထားသည်။ ကားဖြင့်ခရီးသွားရသည်မှာ တောတောင်တို့မှ တိုက်ခတ်လာသည် လေနုအေးကို ခံစားရသလို၊ ပင်လယ်ပြင်မှ တိုက်ခတ်လာသည့် လေပြေလေညှင်းကိုလည်း ခံစားရရှိနိုင်သည်။

ဂွမှသံတွဲသို့ လာရာလမ်းတွင် ဆတ်သွားတံတား၊ ကုလားပြင်တံတား၊ ကျိန္တလီတံတားများကို ဖြတ်သန်းခဲ့ရသည်။ စာရေးသူမှာ ၁၉၈၀ ခုနှစ်ခန့်က သံတွဲမှ ဂွသို့သွားဖူးသည်။ ထိုစဉ်ကတော့ ကုလားပြင်ချောင်းနှင့် ဆတ်သွားချောင်းတို့မှာ တံတားတွေ မတည်ဆောက်ဖြစ်သေး။ အဆိုပါချောင်းနှစ်သွယ်ကို ဒေသလုပ်ဖောင်ဖြင့် ကူးဖြတ်ခဲ့ရသည်။ စက်လှေ ခပ်လတ်လတ်နှစ်စင်းကို တစ်ဖက်တစ်ချက် ခပ်ခွာခွာထားပြီး ကားတွေ တင်ဆောင်နိုင်ရန် အခင်းတွေခင်းထားသော ဖောင်ဖြစ်သည်။ ထိုးဝါးဖြင့် ထိုး၍တစ်သွယ်၊ ကြိုးဖြင့်ဆွဲ၍တစ်နည်း ဖြတ်ကူးခဲ့ရသည်။ သဲထိတ်ရင်ဖိုဖွယ် ခရီးများဖြစ်သည်။ ယခုတော့ ဂွ-သံတွဲကား လမ်းတစ်လျှောက် တံတတားကြီးတွေ တည်ဆောက်ပြီးဖြစ်သလို လမ်းမှာ ချောမွေ့ဖြောင့်ဖြူးနေပြီ။ နိုင်ငံတော်သည် လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိရာ ချောင်း၊ မြောင်းတွေ့လျှင် တံတားတွေဆင်ပေးခြင်းဖြင့် သွားလမ်းသာ၍ လာလမ်းဖြောင့်ခဲ့ပြီ။

ကားလမ်းတစ်လျှောက် ကျေးရွာကြီးများမှာ ရေလုပ်ငန်းစီးပွားဖြင့် ရှင်သန်နေကြခြင်းဖြစ်သည်။ ထို့အတူ ကျေးရွာများတွင် အုန်းပင်တောများကိုလည်း တွေ့ရသည်။ အုန်းစီးပွားသည်လည်း ဒေသခံတို့၏ စီးပွားရေးကို ဖြည့်ဆည်းပေးနေခြင်း ဖြစ်သည်။ လမ်းတစ်လျှောက်ကျေးရွာများတွင် ငါးဖမ်းပိုက်တွေ နေလှန်းထားသည်ကို မြင်တွေ့ရသလို အရိပ်ကောင်းကောင်းတွင် ပိုက်ဖာနေသည့် ရေလုပ်သားများကိုလည်း တွေ့ရသည်။ တစ်ချို့နေရာများတွင်တော့ နီညိုညိုအဆင်းရှိ မျှင်ငါးပိကြမ်းများကို လက်လေးလုံးအရွယ် ခွက်ကလေးများပြုလုပ်၍ နေလှန်းထားသည်ကို မြင်တွေ့ရသည်။ အခြောက်မြန်စေရန်ဖြစ်မည်။

“ ဒီဒေသတစ်လျှောက်ရဲ့ အဓိကစီးပွားရေးလုပ်ငန်းကတော့ ရေလုပ်ငန်းပါပဲဗျာ။ စပါးအနည်းအကျဉ်း၊ ပဲမျိုးစုံ … အဲ ပဲမျိုးစုံ ဆိုတဲ့နေရာမှာ မြေပဲကို အဓိကထား စိုက်ပျိုးကြတာပါ။ ငါးမျိုးစုံရဲ့ဈေးကွက်ကတော့ ရန်ကုန်ပါပဲ။ ပဲဆိုတာကလည်း ဒေသမှာ ဆီမကြိတ်ဘဲ ပြည်တို့၊ ရန်ကုန်တို့ကို တင်ပို့ကြတာပါ” ဟု ကျန္တလီကျေးရွာတွင် ခေတ္တနားခိုက် တွေ့ခဲ့ရသော ဦးမောင်မောင်ခင်က ပြောခဲ့သည်။

လမ်းတစ်လျှောက်တွေ့ခဲ့ရသော ရဟိုင်းကူးတို့၊ ကုလားပြင်၊ ဆတ်သွား၊ ကျိန္တလီ စသည့် ကျေးရွာကြီးများမှာ ရေလုပ်ငန်းကို အဓိကလုပ်ကိုင်နေသည့် နေရာများဖြစ်ကြသည်။ ကျိန္တလီကတော့ မြို့ဖြစ်ပြီး ရေလုပ်ငန်းနှင့်ပတ်သက်သည့် ကုန်သည်၊ ပွဲစားများဖြင့် စည်ကားသော မြို့ကလေးတစ်မြို့ဖြစ်သည်။ အထူးသဖြင့် သံတွဲကမ်းခြေတစ်လျှောက် ကျေးရွာများမှ ဒေသခံများမှာ ငါးများဖမ်းဆီးရာတွင် ကမ်းဝေးငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်ခြင်းမရှိကြ။ ကမ်းနီးငါးဖမ်းလုပ်ငန်းကိုသာ လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ငါးဖမ်းရာတွင်လည်း ကျော့ပိုက်နှင့် ဝိုင်းပိုက်များကိုသာ အသုံးများကြသည်။ ငါးဖမ်းလှေများမှာ ဆွဲသင်္ဘောများ မဟုတ်ကြ။ ဆွဲသင်္ဘော(Trawl)များကို ဒေသခံများက ဂျမ်းလှေဟုခေါ်သည်။

စာရေးသူ သံတွဲသို့ရောက်တော့ ညမှောင်ရီသန်းစပြုပြီ။ စာရေးသူသွားမည့်နေရာမှာ သံတွဲမြို့မှ ၇ - မိုင် ခန့်ဝေးသောကမ်းခြေရှိ ဂျိတ္တောကျေးရွာဖြစ်သည်။ စာရေးသူ၏ အမာခံစာဖတ်ပရိသတ် တစ်ဦးဖြစ်သည့် ဦးဘဝင်းမှာ ဂျိတ္တောကျေးရွာတွင်နေထိုင်ပြီး ရေလုပ်ငန်းလုပ်ကိုင်နေသူဖြစ်ရာ ဦးဘဝင်းထံတွင် တည်းခိုပြီး သံတွဲကမ်းခြေ၏ ရေလုပ်ငန်းအကြောင်းကို လေ့လာရန် လာရောက်ခဲ့ခြင်းဖြစ်သည်။ ဂျိတ္တောရောက်တော့ ဦးဘဝင်းမှာ နေအိမ်တွင်မရှိ။ ကမ်းခြေနားတွင် ရှိနေသည်ဆို၍ စာရေးသူလိုက်သွားဖြစ်သည်။ ဦးဘဝင်း၏နေအိမ်မှ ကမ်းခြေသို့ ငါးမိနစ်ခန့်လျှောက်လျှင် ရောက်သည်။ ဂျိတ္တာကမ်းခြေ၏ ညနေဆည်းဆာသည် ရေလုပ်သားတို့ဖြင့် သက်ဝင်လှုပ်ရှားလျက်ရှိနေသည်။ နေလှန်းထားသော ငါးများကို ပြန်လည်ရုပ်သိမ်း ထုပ်ပိုးသူကထုပ်ပိုး၊ သိုလှောင်ရုံများသို့ သယ်ယူကသယ်နှင့် အလုပ်ရှုပ်နေကြသည်။ ဦးဘဝင်းက အလုပ်သမားများကို လိုက်လံကြီးကြပ်နေသည်။

ကျော့ပိုက်၊ ဝိုင်းပိုက်နှင့် ကမ်းခြေ

နေဝင်စပြုပြီ။ နေဝင်ရီတရောအချိန်၊ အမှောင်သန်းစပြုလာပြီ။ ကမ်းခြေမှအဝေးသို့ လှမ်းကြည့်လိုက်သောအခါ နှစ်စီးတွဲမီးရောင်လက်လက်များကို လှမ်းမြင်ရသည်။ ကမ်းခြေတွင် တွေ့ရသည့် ဦးဘဝင်းနှင့်မိတ်ဆက်ပြီး ပင်လယ်ပြင်ကို လှမ်းကြည့်ရာမှ မြင်ရသည့်မြင်ကွင်းကို မေးကြည့်မိသည်။

“အဲဒါတွေက ပိုက်လှေတွေလေ ဆရာ။ အထူးသဖြင့်ကတော့ ကျော့ပိုက်သမားတွေပေါ့။ ကျော့ပိုက်တစ်ဖုံဆိုရင် လှေနှစ်စီးပါရတယ်။ ဒီလို မှောင်တဲ့ညတွေမှာ ငါးတွေကို ဖမ်းရတာပါ” ဦးဘဝင်းက ပြောခြင်းဖြစ်သည်။ ရေလုပ်သားများကား ညအမှောင်တွင်သာ လုပ်ငန်းလုပ်ကိုင်ကြရသူများဖြစ်သည်။ ကိုတံငါရေလုပ်သားတို့ဘဝတွင် ညအမှောင်ချိန်သည် သူတို့၏အလုပ်ချိန်။ တစ်ညလုံး ငါးအုပ်ကိုရှာကြ၊ ဖမ်းကြနှင့် နံနက်လင်းမှသာ ဆိပ်ကမ်းသို့ဝင်လာကြမည်။

စာရေးသူမှာ ကျော့ပိုက်နှင့်ဝိုင်းပိုက် ဆိုသည့်အမည်များကို ဦးဘဝင်းနှင့်တွေ့မှ ကြားဖူးခြင်းဖြစ်သည်။ ဦးဘဝင်း၏ စီစဉ်ပေးမှုကြောင့် နောက်တစ်နေ့နံနက်တွင် ဂျိတ္တောကျေးရွာမှ ကျော့ပိုက်လှေခေါင်းဆောင် ဦးဖိုးဆွေနှင့် တွေ့ဆုံပြီး သံတွဲကမ်းခြေ၏ ငါးဖမ်းလုပ်ငန်းများကို မေးမြန်းဖြစ်ခဲ့သည်။

“ကျော့ပိုက်ဆိုတာကတော့ ငါးတွေကို အောက်ကနေကျော့ပြီး ဖမ်းယူနိုင်တဲ့ပိုက်ပေါ့ ဆရာ။ ကျော့ပိုက်သမား၊ ကျော့ပိုက်ခေါင်းဆောင်တွေဟာ ဘယ်ရာသီ၊ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လိုငါးအမျိုးအစားတွေ ပေါ်မယ်၊ ရှိနေမယ်ဆိုတာကို သိကြတယ်ဆရာ။ အစဉ်အဆက်အားဖြင့် မှတ်သားထားလာကြတာပေါ့။ ဒီလို မှတ်ထားတဲ့နေရာတွေကို သွားပြီး ငါးအုပ်ကိုတွေ့တာနဲ့ ဝိုင်းပတ်ကျော့ပြီး ဖမ်းဆီးကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ မှတ်ထားတဲ့ ဒေသ၊ နေရာတွေက အများအားဖြင့် လွဲခဲပါတယ်”

ဦးဖိုးဆွေက သူ၏လုပ်ဆောင်မှုကို ပြောခြင်းဖြစ်သည်။

“ကျော့ပိုက်တစ်လက်ဟာ လက်လံ ၁၅၀ ကနေ ၁၈၀ ထိ ရှည်ပါတယ်။ ၄ တောင်တစ်လံဆိုတော့ လက်တောင်အားဖြင့် ၆၀၀ ကျော် ၇၀၀ လောက်ရှိတာပေါ့။ ပိုက်ကွက်အနေအထားကတော့ ၂ လက်မကွင်း၊ ၁ လက်မကွင်း စသဖြင့် အမျိုးမျိုးရှိပါတယ်။ ငါးအုပ်ကိုလိုက်ပြီး အသုံးပြုရတာပေါ့ဆရာ။ ဇောက်အနေနဲ့ကတော့ လက်တောင် ၁၀၀ ကျော်ရှိပါတယ်။ ဒါမှလည်း ရေအနက်မှာရှိတဲ့ ငါးတွေကို ကျော့ယူလို့ရတာပေါ့။

ကျော့ယူတယ်ဆိုကတည်းက အောက်ကနေကျော့ပြီး ဖမ်းယူတာပါ။ ကျွန်တော်တို့က ညအချိန်၊ လမိုက်ရက်တွေမှ ငါးတွေကိုဖမ်းယူရတာဖြစ်ပါတယ်။ ငါးအုပ်ကိုတွေ့ပြီဆိုတာနဲ့ ကျွန်တော်တို့ငါးတွေကို ကျော့ပိုက်နဲ့ ဝိုင်းလိုက်တာပဲ။ ဝိုင်းတဲ့အချိန်ကတော့ ၁၀ မိနစ်၊ မိနစ် ၂၀ လောက်ပဲကြာပါတယ်။ ငါးဖမ်းပိုက်လှေ သမားတွေရဲ့ ကျွမ်းကျင်မှုကလည်း အရေးကြီးပါတယ်။ အချိန်တိုအတွင်း ဝိုင်းပတ်နိုင်မှ ငါးတွေ ထွက်မပြေးနိုင်ဘူးပေါ့ ဆရာ”

ကျော့ပိုက်၏ပုံသဏ္ဍာန်ကို မြင်လွယ်အောင် ပြောရမည်ဆိုပါက ကြိုးရှုံ့အိတ်ပုံစံဖြစ်သည်။ အပေါ်မှကားထားပြီး ငါးအုပ်ကိုဝိုင်းပတ်ပြီးသည်နှင့် အောက်ခြေမှ ကြိုးစကိုဆွဲငင်ကာ ရှုံ့ယူလိုက်ပြီး ငါးများကို ပိတ်လှောင်ထားခြင်းဖြစ်သည်။ ထိုကဲ့သို့ ဝိုင်းပတ်ပိတ်လှောင်ပြီးနောက် ပိုက်ဝိုင်းတွင် ပိတ်လှောင်နေသောငါးများကို ဆယ်မဖမ်းယူခြင်းဖြစ်သည်။

“ ကျော့ပိုက်နဲ့ အဓိကဖမ်းယူတဲ့ ငါးများကတော့ ငါးနီတူ၊ ငါးကုန်းညို၊ ပလာတူး စတဲ့ငါးတွေဖြစ်ပါတယ်။ တစ်ခါတစ်လေတော့လည်း ကံကောင်းရင် မမျှော်လင့်ဘဲ ငါးမုတ် (အမည်း)တို့၊ ငါးမဲလုံးလို့ခေါ်တဲ့ တူနာငါးတို့၊ ငါးတံခွန်တို့ကို တွေ့ရတတ်ပါတယ်။ ဒါဆိုရင် ရေလုပ်သားတွေ ကံကောင်းတာပေါ့။ ဒီငါးတွေက ဈေးကောင်းကောင်းရတာကိုး။ ငါးတွေအထိအမိကောင်းရင်၊ ငါးအုပ်ကြီးကြီးတွေ့ရင် နောက်တွဲလှေနဲ့တင်တာတောင် မနိုင်တော့ ကမ်းကိုလှမ်းပြီး ငါးသယ်တဲ့ လှေတွေကို မှာပြီးယူရပါတယ်။ တစ်ခါတစ်လေ လှေ ၆ စီးလောက်နဲ့ သယ်ရတဲ့အခါမျိုးရှိတယ်”

ဦးဖိုးဆွေက ပြောခြင်းဖြစ်သည်။ ငါးအုပ်ကောင်းကောင်းတွေ့လျှင် တစ်ကြိမ်တည်းနှင့် သိန်း ၁၀၀ ကျော်၊ ၂၀၀ ခန့် ရရှိတတ်သည်ဟုလည်း ဆိုသည်။ တစ်ခါက ဈေးကောင်းရတတ်သည့် ငါးမဲလုံးခေါ် တူနာငါးကောင်ရေ ၅၀၀၀ ကျော် ရရှိဖမ်းမိခဲ့ဖူးကြောင်းလည်း ဆိုသည်။ သံတွဲကမ်းခြေတွင် နိုဝင်ဘာလ၊ ဒီဇင်ဘာလများတွင် ပလာတူးငါးများ အထိအမိများတတ်ပြီး၊ ဖေဖော်ဝါရီလမှ ဧပြီလအထိ ငါးနီတူများကို အုံနှင့်ကျင်းနှင့် တွေ့ရတတ်သည်ဟု ဆိုသည်။ ငကုန်းညိုကိုမူ ဧပြီလမှ သြဂုတ်လအတွင်း ဖမ်းယူရရှိတတ်သည်ဟုလည်း ဦးဖိုးဆွေက ပြောပြသည်။

ငါးကုန်းညိုအုပ်နဲ့တွေ့ရင် တစ်ခါတစ်လေ သယ်ယူမနိုင်တော့လို့ ပိုက်ကိုခွဲပြီး လွှတ်ပေးခဲ့ရတာတွေ ရှိခဲ့ပါတယ် ဆရာ။ သာမန် ငါးအုပ်တစ်အုပ်ကိုတွေ့ပြီး ဖမ်းယူဆယ်တင်မယ်ဆိုရင် အချိန် ၁ နာရီခွဲ ၂ နာရီလောက်တော့ ကြာတတ်ပါတယ်။ ကျွန်တော်တို့က ဒီမှာတစ်ကျော့ဖမ်းပြီး နောက်ငါးအုပ်ကိုရှာ၊ ငါးအုပ်နောက်ကို လိုက်ပြီး ထပ်ပြီးကျော့ဖမ်းတာပါပဲ။ ကျွန်တော်တို့က ကြယ်ရောင်နဲ့မြင်ရတဲ့ ရေပြင်အနေအထားကို လေ့လာပြီး ငါးအုပ်ရှိ၊ မရှိကို သိပါတယ်။ အတွေ့အကြုံက စကားပြောတာပေါ့ ဆရာ။ ဒီလိုနဲ့ တစ်ညမှာ နှစ်ကျော့၊ သုံးကျော့ထိ ဖမ်းယူရတာတွေရှိပါတယ်။ လောဘလေဆရာရဲ့၊ လောဘ” ဟု ဦးဖိုးဆွေက ဆိုပြန်သည်။

ငါးဖမ်းသမားတို့ လောဘကြီးမည်ဆိုကလည်း ကြီးနိုင်လောက်သည်။ ကျော့ပိုက်တစ်ဖုံ၏ ကုန်ကျစရိတ်မှာ ၂၀၀၃ ခုနှစ် ဈေးနှုန်းအရ စက်လှေအပါအဝင် သိန်း ၁၅၀-၁၆၀ ခန့် ရှိတတ်သည်ဟုဆိုသည်။ ကျော့ပိုက်တစ်ဖုံအတွက် လှေနှစ်စီးလိုအပ်ပြီး လှေသား ၂၀ ဦးမှ ၂၅ ဦးခန့် ထားရှိရသည်။ ဖမ်းဆီးရမိသည့် ငါးတန်ဖိုးအပေါ်မူတည်၍ ပိုင်ရှင်က ၅၀ ရာခိုင်နှုန်း၊ လှေသားများက ၅၀ ရာခိုင်နှုန်း ခွဲဝေယူလေ့ရှိကြသည်။ ပိုက်ခေါင်းဆောင်မှာ လှေသားများမှ အချိုးကျခွဲတမ်းအပြင်၊ လှေပိုင်ရှင်ထံမှလည်း ၁၀ ရာခိုင်နှုန်းခန့်ရသည်ဟု ဆိုသည်။ ၂၀၀၃ ခုနှစ် လေ့လာချက်အရ ငါးဖမ်းရာသီကုန်ဆုံးချိန်တွင် လှေသားတစ်ဦးအဖို့ စားပြီးသောက်ပြီး  ၄ - ၅ သိန်းခန့်ကျန်သည်ဟုလည်း သိရသည်။

“ကျွန်တော့်အတွေ့အကြုံအရကတော့ နိုဝင်ဘာလမှာတွေ့တဲ့ ငါးကုန်းညိုတို့၊ ဒီဇင်ဘာ၊  ဇန်နဝါရီလတွေမှာ ဖမ်းယူရရှိတတ်တဲ့ ငါးနီတူတို့၊ ပလာတူးတို့ဆိုတာက အနည်းငယ်သေးပါတယ်။ ဖေဖော်ဝါရီလ နောက်ပိုင်းဆိုရင်တော့ အကောင်ကြီးတွေကို ဖမ်းယူရရှိတတ်ပါတယ်” အနားတွင်ရှိနေသည့် ဦးဘဝင်းက ဝင်ပြောခြင်းဖြစ်သည်။

“သံတွဲကမ်းခြေမှာ ကျော့ပိုက်လုပ်တဲ့ ရွာတွေက ဆင်ခေါင်း၊ ဝါးတောင်ကွင်း၊ မြပြင်၊ လင်းသာ၊ ဂျိတ္တောနဲ့ စပါးကြီးကွက်တို့ ဖြစ်ပါတယ်။ မြပြင်ဆိုရင် ကျော့ပိုက်အများဆုံးလုပ်တဲ့ နေရာပဲ။ ၂၀၀၃ ခုနှစ်လောက်မှာ မြပြင်မှာ ကျော့ပိုက်အလက် ၁၀၀ လောက်ရှိခဲ့တယ်” ဟုလည်း ဦးဘဝင်းက ပြောသည်။

အမှန်အားဖြင့် ကျော့ပိုက်လုပ်ငန်းကို လုပ်ကိုင်ကြသည်မှာ သံတွဲမြို့နယ်သာ မဟုတ်။ သံတွဲနှင့် ဂွကမ်းခြေတစ်လျှောက် ကျေးရွာကြီးများတွင်လည်း ကျော့ပိုက်လုပ်ငန်းကို လုပ်ကိုင်နေကြသည်။ သံတွဲကို အခြေစိုက်၍ ကမ်းဝေးငါးဖမ်းသင်္ဘော (Trawler) များရှိသည်။ သို့ရာတွင် ဒေသခံများက ပိုင်ဆိုင်ခြင်းမဟုတ်။ ရန်ကုန်အခြေစိုက် ကုမ္ပဏီများက လာရောက်ဖမ်းဆီးနေခြင်းဖြစ်သည်။ ဤဒေသနေ ရေလုပ်ငန်းလုပ်ကိုင်သူများမှာ ကမ်းဝေးငါးဖမ်းလုပ်ငန်း လုပ်ကိုင်ရန် စိတ်မဝင်စားကြ။

“ကျွန်တော်တို့ ကျော့ပိုက်သမားတွေက ကမ်းခြေကနေ ၂ နာရီကျော်ကျော် ပင်လယ်ပြင်ကိုသွားရတဲ့ ခရီးအဝေးလောက်သာ သွားရတာပါ။ ကျွန်တော်တို့လိုချင်တဲ့ ငါးတွေကလည်း အဲဒီပတ်ဝန်းကျင်မှာ တွေ့ရတတ်ပါတယ်။ စောစောက ပြောခဲ့သလိုမျိုး တစ်ခါတစ်လေလည်း တန်ဖိုးရှိတဲ့ ငါးမုတ်လို၊ ငါးတံခွန်လို ငါးတွေကို အုပ်လိုက်တွေ့ခဲ့ရင် ကံကောင်းတာပါပဲ။ ကျော့ပိုက်လုပ်ငန်းကို ကျွန်တော်တို့ဒေသမှာ စတင်လုပ်ကိုင်ခဲ့တာ ၁၉၈၀  လောက်ကစပြီး လုပ်ကိုင်ခဲ့ကြတာပါ။ လုပ်ငန်းတွေ စတဲ့အချိန်က ပုဂ္ဂလိကတွေအနေနဲ့ (Trawl) သင်္ဘောတွေကိုလည်း လုပ်ကိုင်ခွင့် မရှိခဲ့တာနဲ့လည်း ဆိုင်ပါလမ့်မယ်” ဟု ဦးဘဝင်းကပြောသည်။

လုပ်ငန်းများ စတင်လုပ်ကိုင်ခဲ့ချိန်က ငါးအုပ်ရှိရာကို ရှာဖွေကာ သွားရောက်ဖမ်းဆီးခဲ့ရသည်။ မတွေ့လျှင် ငါးအုပ်ကိုတွေ့အောင်ရှာ၍ ဖမ်းကြရသည်။ ယခုတော့ တိုးတက်လာသည်။ လမိုက်ရက်များတွင် မီးထွန်းပြီး ငါးများကိုညှို့ငင်မျှားခေါ်၍ ဖမ်းဆီးနေကြသည်။

“ကျော့ပိုက်သမားတွေ မီးနဲ့ညှို့ငင်မျှားခေါ်တဲ့နည်းကို လမိုက်ရက်တွေမှာ သုံးလေ့ရှိပါတယ်။ လဆုတ် ၁ ရက်ကနေ လဆန်း ၃ ရက်ထိ ဖမ်းတာပါ။ တစ်ခါတစ်လေ လဆန်း ၅ - ၆ ရက် အထိ မီးနဲ့ညှို့ငင်မျှားခေါ်တဲ့နည်းကို သုံးခဲ့ကြပါတယ်” ဟု ဦးဖိုးဆွေက ပြောသည်။

မီးနှင့်ညှို့ငင်ဖမ်းဆီးရာတွင် ရေကြက်ခေါ် ပြည်ကြီးငါးများကိုလည်း အများအပြား ဖမ်းယူရရှိတတ်ကြောင်း ဆိုသည်။ ငါးများသည် မီးရောင်ရှိရာသို့ ရွေ့လျားလာရောက်တတ်ကြရာ အနီးသို့ ရောက်သည့်အခါ ကျော့ပိုက်ဖြင့် ဝိုင်းပတ်ဖမ်းဆီးကြခြင်းဖြစ်သည်။ လေ့လာချက်အရ မီးဖြင့်ညှို့ငင်ဖမ်းဆီးခြင်းကို ငါးလုပ်ငန်းဦးစီးဌာနမှ တရားဝင်ခွင့်ပြုထားချက် မရှိကြောင်းလည်း သိရသည်။

ိုင်းပိုက်နှင့် ကမ်းဆွဲပိုက်များ

ကျော့ပိုက်များကို ဆောင်းရာသီနှင့် မိုးဦးကျအချိန်ထိ အသုံးပြုလေ့ရှိကြသည်။ မိုးဦးကျပြီဆိုလျှင် ကျော့ပိုက်များကို သိမ်းဆည်းကြပြီ။ လှိုင်းလေလည်း ထန်လာပြီ။ ထိုအချိန်တွင် ငါးဖမ်းသမားများသည် ဝိုင်းပိုက်ကို တစ်ဖန်အသုံးပြုကြသည်။ ဝိုင်းပိုက်မှာ ရေပေါ်ငါးများကို ဖမ်းသည့် ပိုက်များလည်းဖြစ်သည်။ ပိုက်ကွက်လည်း ကျယ်သည်။

“ဝိုင်းပိုက်ကကတော့ ပိုက်ကွက်ကြီးပါတယ်။ အောက်ကနေကျော့ပြီး ဖမ်းတာမဟုတ်ဘူး။ ငါးအုပ်တွေ့ရင် ပိုက်နဲ့ဝိုင်းထားပြီး ပိုက်ကွက်ထဲ တိုးဝင်တဲ့ငါးတွေကို ဖမ်းတာများပါတယ်။ အထူးသဖြင့် ငါးသလောက်လို ငါးတွေ၊ ငါးကွန်းရှပ်လို ငါးတွေပါ။ ကျော့ပိုက်နဲ့စာရင် ဝိုင်းပိုက်က ဈေးလည်းသက်သာပါတယ်။ ကျော့ပိုက်တစ်ဖုံကိုသိန်း ၁၀၀-၁၅၀ လောက်ဆိုရင် သူက တစ်ဖုံကို ၁၀ သိန်း၊ ၁၅ သိန်းနဲ့ ရနိုင်ပါတယ်” ဦးဖိုးဆွေက ပြောခြင်းဖြစ်သည်။

“မိုးရာသီဆိုရင် ပင်လယ်ကမ်းနားမှာ လှေတစ်စီး၊ လူ ၉ ယောက် ၁၀ ယောက်နဲ့ ငါးဖမ်းနေတဲ့လူတွေကို စာရေးဆရာမြင်ခဲ့ဖူးမှာပါ။ ကမ်းဆွဲပိုက်လို့ ခေါ်ပါတယ်။ မိုးကြီးလေကြီးလို့ ပင်လယ်ပြင်ကို ငါးဖမ်းမထွက်နိုင်တဲ့အခါမှာ ကမ်းနီးသို့ရောက်လာတဲ့ ငါးတွေကို ဖမ်းတဲ့နည်းပေါ့။ အန္တရာယ်လည်း မရှိဘူး။ ကမ်းဆွဲပိုက်တွေဟာ ရေလုပ်သားတွေရဲ့ သင်တန်းပါ။ ကမ်းဆွဲပိုက်နဲ့ ငါးဖမ်းရင်း ငါးဖမ်းပညာကို ကျွမ်းကျင်လာပါတယ်” ဟုလည်း သူကဆိုသည်။

စာရေးသူမှာ ၁၉၇၃ ခုနှစ်ခန့်က လမ်းစဉ်ပါတီမှ ငပလီ (ရွှေဝါဂျိုင်) လူရည်ချွန်စခန်းတွင် ဖွင့်လှစ်ခဲ့သည့် အလုပ်သမားရေးရာ ရက်တိုတစ်လသင်တန်းကို မိုးရာသီတွင်တက်ရောက်ခဲ့စဉ်က ကမ်းဆွဲငါးဖမ်းသမားများကို မြင်တွေ့ခဲ့ရဖူးသည်။ ထို့အတူ ပင်လယ်ပြင်တွင် ကွန်တစ်လက်ဖြင့် ကွန်ပစ်ငါးဖမ်းနေသူကိုလည်း မြင်ခဲ့ရဖူးသည်။ ကွန်မှာကြိုးမပါ။ ငါးကိုမြင်လျှင် ကွန်ဖြင့် ဖြန့်အုပ်လိုက်ခြင်းဖြစ်သည်။ ကွန်က ငါးနှင့်လုံးထွေးပြီး လှိုင်းနှင့်အတူ ကမ်းသို့ပါးလာသည်။ ကွန်ပစ်သူက ကောက်ယူရုံသာ။

ဒွါရာဝတီကမ်းခြေမှ ကျော့ပိုက်၊ ဝိုင်းပိုက်နှင့် ကမ်းဆွဲပိုက်လုပ်ငန်းမှာ ဒွါရာဝတီရေ လုပ်သားများ၏ ဘဝအားမာန်များဖြစ်သည်။ ဤလုပ်ငန်းသည် ဒွါရာဝတီ၏ စီးပွားရေးပုံရိပ်တွင် အရေးပါသည့်နေရာ၌ ရှိနေကြောင်း စာရေးသူ လေ့လာတွေ့ရှိမိခဲ့သည်။

(ယခုဆောင်းပါးကို ၂၀၁၉ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် ထွက်ရှိသော Development News Journal အမှတ် (၁၀၇) တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။)

ဗီဒီယိုများ