ခက်ခက်ခဲခဲဖူးပွင့်ရမယ့် စစ်ဘေးရှောင်စခန်းက ပန်းကလေးတွေ

စစ်ဘေးရှောင်စခန်း ၁၀၅ ခု ထဲမှာရှိတဲ့ စခန်း ၆၁ ခုက ကျောင်းသူ ကျောင်းသားတွေ ကျောင်းတက်ဖို့အတွက် အဆင့်သင့်ဖြစ်နေမယ့် ကျန်တဲ့ စစ်ဘေးရှောင်စခန်း ၄၄ ခုက ကျောင်းသူ ကျောင်းသား အရေအတွက်တွေကိုတော့ သွားလာရေးနဲ့ ဆက်သွယ်ရေး အခက်အခဲတွေ ရှိနေတာကြောင့် စာရင်းကောက်ယူလို့ မရသေးဘူးလို့ ပြည်နယ်ပညာရေးမှူးရုံးက သိရပါတယ်။

By ကျောက်ဖြူအောင်ဒိုး 07 Jun 2019

   

ကျောက်ဖြူအောင်ဒိုး | DMG

မေလ ၂၅ ရက်နေ့ဟာဆိုရင် တစ်နိုင်ငံလုံး ကျောင်းအပ်လက်ခံတဲ့ နေ့တစ်နေ့လည်းဖြစ်သလို မြို့ပေါ်နေ ကျောင်းသူကျောင်းသားမိဘ တချို့ကလည်း ကိုယ့်ရဲ့သားသမီးတွေကို အဖြူအစိမ်းလေး သပ်သပ်ရပ်ရပ်ဝတ်ပြီး လက်ဆွဲကာ သက်ဆိုင်ရာ စာသင်ကျောင်းတွေမှာ သူ့ထက်ငါအရင် ကျောင်း အပ်နေကြတာလည်းဖြစ်ပါတယ်။

ကျောင်းသူ ကျောင်းသားတွေ အနေနဲ့လည်း ကျောင်းလာအပ်တဲ့ အချိန်မှာ ခဏတာပြန်တွေ့ရတဲ့ သူငယ်ချင်းတွေအတွက် ပြောစရာစကားတွေ မကုန်နိုင်အောင် ရှိနေကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ကြ ရယ်ကြ ၊ စကားတွေပြောကြနဲ့ သူတို့လေးတွေရဲ့ မျက်နှာမှာ အပြစ်ကင်းတဲ့ရိုးသားမှု ပျော်ရွင်မှုတွေက အထင်းသား ပေါ်လွင်နေပါတယ်။

တချို့ကလေးတွေ အဖြူအစိမ်းဝတ်ပြီး ကျောင်းအပ်နေကြတဲ့ အချိန်မှာ စစ်ဘေးရှောင်စခန်းမှာရှိတဲ့ ကလေးတွေကတော့ မျက်နှာငယ်လေးနဲ့ ထိုင်နေကြရတယ်။ ဘယ်အချိန် အိမ်ပြန်ရမလဲ အတွေးထက်ပိုတဲ့ မမျော်လင့်ဘဲ တစ်ခြားမျော်လင့်ချက်လည်း သူတို့ မှာမရှိပါဘူး။

“သမီးတို့မှာ ကျောင်းတက်ဖို့အတွက် ဘာမှမရှိသေးဘူး။ ကျောင်းတက်ဖြစ်ရင်တောင် အဆင်ပြေမှာမ ဟုတ်ဘူး။ ဘယ်မှာတက်လို့ တက်ရမှန်းလည်းမသိဘူး။ ပိုက်ဆံလည်းမရှိဘူး” လို့ ကန်စောက်စစ်ဘေးရှောင်စခန်းက ၇ တန်းကျောင်းသူ မခင်နုအေးက ပြောပါတယ်။စစ်ဘေးရှောင်စခန်းကို ရောက် နေတဲ့ ကျောင်းသူကျောင်းသားတွေမှာ မိုးရာသီရောက်ရင် ငါတို့ ကျောင်းတက် ရမယ်ဆိုတဲ့ အတွေးထက် မိုးရာသီရောက်ရင် ဘယ်လိုနေကြမလဲဆိုတဲ့ အတွေးက ပိုပြီး အရေးကြီးနေကြပြန်တယ်။

“ကျနော်တို့ကတော့ ကလေးတွေကို ကျောင်းဘယ်လိုထားရမလဲ ဆိုတာကို ထားလိုက်တော့ စားဖို့သောက်ဖို့ အရေးကိုပဲ တွေးနေရတယ်။ အစိုးရက ဘာစီစဉ်ထားတယ်ဆိုတာကိုလည်း မသိရသေးဘူး။ ကျနော့်မှာ ၅ တန်း ကျောင်းသူတစ်ယောက်ရှိတယ်။ ကျနော်တို့ အတိုင်းအတာနဲ့တော့ ထားပေးနိုင်ဖို့ အခြေအနေမရှိဘူး” လို့ ကန်စောက် စစ်ဘေးရှောင်စခန်းက ဦးလှမောင်ရွှေက သူ့အခက်အခဲကို ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်စခန်း ၁၀၅ ခုအထိရှိပြီး စစ်ဘေးရှောင်ဦးရေ ၄ သောင်းနီးပါး အထိ ရှိနေပါတယ်။ အဲဒီ စစ်ဘေးရှောင်စခန်း ၁၀၅ ခုထဲမှာရှိတဲ့ စခန်း ၆၁ ခု က ကျောင်းသူ ကျောင်းသားတွေ ကျောင်းတက်ဖို့အတွက် အဆင့်သင့်ဖြစ်နေတယ်လို့ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးက သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ဘေးရှောင်စခန်း ၈ ခု၊ ရသေ့တောင် မြို့နယ်မှာ ၁၁ ခု၊ မြောက်ဦးမြို့နယ်မှာ ၃၀၊ ကျောက်တော်မြို့နယ်မှာ ၆ ခု၊ မင်းပြားမြို့နယ်မှာ ၃ ခု၊ ဘူးသီးတောင် မြို့နယ်မှာ ၃ ခု စတဲ့ စစ်ဘေးရှောင် စခန်း ၆၁ ခုမှာ စုစုပေါင်း ၄၅၂၉ ဦး ရှိပါတယ်။

 “ရခိုင်ပြည်နယ်မှာ စစ်ဘေး ရှောင်စခန်း ၁၀၅ ခုရှိတယ်။ စစ်ဘေး ရှောင်စခန်းတွေက စာရင်းရသလောက်တော့ ကျွန်တော်တို့ သူတို့ကျောင်းတက်ဖို့အတွက် နေရာချထားပြီးသားဖြစ်တယ်။ ဘယ်ကျောင်းမှာ ဘယ်သူတွေတက်မလဲ အားလုံးကို ကျနော်တို့ နေရာချထားပြီးသားဖြစ်တယ်”လို့ ရခိုင်ပြည်နယ်ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး (စီမံ) ဦးစိန်ထွန်းလှက ပြောပါတယ်။

စစ်ဘေးရှောင်စခန်း ၁၀၅ ခု ထဲမှာရှိတဲ့ စခန်း ၆၁ ခုက ကျောင်းသူ ကျောင်းသားတွေ ကျောင်းတက်ဖို့အတွက် အဆင့်သင့်ဖြစ်နေမယ့် ကျန်တဲ့ စစ်ဘေးရှောင်စခန်း ၄၄ ခုက ကျောင်းသူ ကျောင်းသား အရေအတွက်တွေကိုတော့ သွားလာရေးနဲ့ ဆက်သွယ်ရေး အခက်အခဲတွေ ရှိနေတာကြောင့် စာရင်းကောက်ယူလို့ မရသေးဘူးလို့ ပြည်နယ်ပညာရေးမှူးရုံးက သိရပါတယ်။

“လက်ရှိ စစ်ဘေးရှောင်စခန်း ၁၀၅ ခုရှိတဲ့ အထဲက စခန်း ၆၁ ခုပဲ ဆက်သွယ်လို့ ရသေးတယ်။ ကျန်တဲ့ စခန်းတွေက ဆက်သွယ်လို့မရသေးဘူး။ နယ်မြေဒေသ အနေအထားအရ အဲဒီစခန်းတွေက သွားလို့မရဘူး။ ဖုန်းလိုင်းလည်းမမိဘူး။ အဲဒီတော့ အဲဒီစခန်းကလူတွေ ကျောင်းတက်နိုင်ဖို့အတွက်ကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးတွေကို ညွှန်ကြားထားတယ်။ ဒီကျောင်းဖွင့်ရာသီ ဇွန်လ ၁ရက်နေ့မတိုင်ခင် လူကြုံပဲဖြစ်ဖြစ် နီးစပ်ရာတွေကို ဆက်သွယ်ပေးဖို့ ပြောထားတယ်” လို့ ဦးစိန်ထွန်းလှက ပြောပါတယ်။

စာရင်းရထားတဲ့ ကျောင်းသူ ကျောင်းသားတွေအတွက် စာသင်ဖို့အဆင်သင့်ဖြစ်နေတယ် ဆိုပေမယ့် စာသင်ကျောင်းနေရာတွေနဲ့  စာရေးကိရိယာ တန်ဆာပလာတွေကလည်း အခက်အခဲက ရှိနေပါသေးတယ်။ “ကျောင်းတက်ဖို့ အဆင်သင့် ပြင်ထားတယ် ဆိုပေမယ့်လည်း လောလောဆယ်မှာတော့ ကျောင်းသူ ကျောင်းသားတွေကို ထားရမှာက ငါးပိသိပ် ငါးချဉ်သိပ်ပေါ့ဗျာ” လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူး (စီမံ) ဦးစိန်ထွန်းလှက ပြောပါ တယ်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတွေမှာ ရောက်ရှိနေကြတဲ့ ကျောင်းသူ ကျောင်းသားတွေ အမိုးအကာအောက်မှာ လုံခြုံစိတ်ချစွာ ပညာသင်ကြားနိုင်ဖို့အတွက် ပညာရေးဌာနအနေနဲ့ သက်ဆိုင်ရာ အစိုးရနဲ့ ပူးပေါင်းပြီး ကျောင်းဖွင့်ရာသီမတိုင်ခင် အတတ်နိုင်ဆုံး ကြိုးစားနေတယ်လို့  သူကဆက်ပြောပါတယ်။

လက်ရှိအချိန်ထိ ရခိုင်ပြည် နယ်မြောက်ပိုင်းမှာ မြန်မာ့တပ်မတော် နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေ ဖြစ်ပွားနေသေးတာကြောင့် စစ်ဘေးရှောင်တွေလည်း တစ်ဖြည်းဖြည်း တိုးလာနေပါတယ်။ စစ်ဘေးရှောင်စခန်းမှာရှိတဲ့ ကျောင်းသူ ကျောင်းသားတွေကို စာရင်းကောက်ယူဖို့လည်း ခက်ခဲနေကြပါတယ်။

တချို့စစ်ဘေးရှောင်စခန်းတွေ မှာ မူလတန်း အလယ်တန်းအဆင့် ကျောင်းသူ ကျောင်းသားတွေလောက်သာ ပါဝင်ပေမယ့် တချို့ကျောင်းတွေမှာ၊ စခန်းတွေမှာ အထက်တန်း ကျောင်းသားတွေ ပါဝင်နေတာကြောင့် အဲဒီစခန်းတွေကလည်း အထက်တန်းကျောင်းရှိတဲ့ နေရာတွေနဲ့ ဝေးတယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက သိရပါတယ်။

“အလက (ခွဲ) အိုးဖောက်မှာ အထက်တန်းကျောင်းသားတွေ ပါတယ်။ အိုးဖောက်ကျောင်းဟာ အ.ထ .က ခွဲ ကျောင်းတွေနဲ့ အင်မတန်လှမ်းတယ်။ အဲဒီတော့ အိုးဖောက်က ကျောင်းသားတွေ ပညာသင်ကြားနိုင်ဖို့ အ. ထ. က ယာယီ အဆောင်ဆောက်ပြီးတော့ သင်ကြားပေးရမယ်။ အဲဒါကိုလည်း ကျွန်တော်တို့က အစိုးရအဖွဲ့ကို တင်ပြပေးထားတယ်” လို့ ဦးစိန်ထွန်းလှက ပြောပါတယ်။

လက်ရှိအချိန်ထိ ရခိုင်ပြည် နယ်မြောက်ပိုင်း စစ်ပွဲဖြစ်ပွားနေတဲ့ နေရာတွေမှာ ဘယ်ကျောင်းတွေကို ဖွင့် ပြီးတော့ ဘယ်ကျောင်းတွေကို ပိတ်မယ်ဆိုတာကို မသိရသေးတာကြောင့် ကိုယ့်မြို့နယ်တွေမှာ ဘယ်ကျောင်းတွေ ဖွင့်နိုင်မယ် ဘယ်ကျောင်းတွေ မဖွင့်နိုင်ဘူးဆိုတာကို သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးတွေက ပြည်နယ်ရုံးကို အမြန်ဆုံးတင်ပြဖို့ ပြောထားတယ်လို့လည်း သူကဆိုပါတယ်။

အခုလို မငြိမ်မသက်ဖြစ်နေတဲ့ ကျေးလက်ဒေသတွေမှာရှိတဲ့ ကျောင်းတွေမှာ သွားရောက်တာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမတွေကလည်း သူတို့အတွက် လုံခြုံမှုရှိနိုင်ပါ့မလားဆိုတာ ကိုလည်း စိုးရိမ်နေကြပါတယ်။

“ဆရာ ဆရာမတွေ လုံခြုံရေး အတွက်ကတော့ အစိုးရအဖွဲ့ကို တင်ပြထားတယ်။ လုံခြုံရေး မရဘူးဆိုရင်တော့ ကျွန်တော်တို့ရဲ့ ဆရာ၊ ဆရာမတွေကို အသေခံပြီး လွှတ်မှာမဟုတ်ပါဘူး”လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံး ဒုတိယညွန်ကြားရေးမှူး (စီမံ) ဦးစိန် ထွန်းလှက ပြောပါတယ်။

          လက်ရှိ စာရင်းကောက်လို့ရထားတဲ့ စစ်ဘေးရှောင်စခန်း ၆၁ ခု မှာရှိတဲ့ ကျောင်းသူ ကျောင်းသားတွေ အတွက် စာအုပ်တွေ ကျောင်းဝတ်စုံတွေပေးဖို့ သက်ဆိုင်ရာမြို့နယ်တွေကို ပေးထားပြီးဖြစ်တယ်လို့ ပြည်နယ် ပညာရေးမှူးရုံးက ဆိုပါတယ်။

          “ကျနော်တို့ ပညာရေးဌာနအနေနဲ့တော့ ဒီတိုက်ပွဲရှောင်စခန်းတွေမှာ ရှိနေနတဲ့ ကျောင်းသားကျောင်းသူ အားလုံးဟာ ဆရာကြီးတို့ရဲ့ သားသမီးတွေပါ။ ဒီကလေးတွေ ပညာမတတ်ရင် ဆရာကြီးတို့ သားသမီးတွေ ပညာမတတ်တာနဲ့ အတူတူပဲလို့ ယူဆတဲ့အတွက် ဒီကလေးတွေ စာသင်ခန်းတွင်းသို့ ရောက်ရှိနိုင်ရေးတွက် ကြိုးစားဆောင်ရွက်နေတယ်” လို့ ဦးစိန်ထွန်းလှက ပြောပါတယ်။

မကြာရောက်လာတော့မယ့် ဇွန်လ ၁ ရက်နေ့မှာ ရခိုင်တစ်ပြည်လုံးမှာ ရှိတဲ့ ကျောင်းသူ ကျောင်းသားတွေ ကျောင်းတက်နိုင်ဖို့အတွက် အစိုးရက ဆောင်ရွက်နေတယ်ဆိုပေမယ့်လည်း စစ်ဘေးရှောင်စခန်းတွေမှာရှိတဲ့ ကျောင်းသူ ကျောင်းသားတွေအနေနဲ့ ဘာတစ်ခုမှ မသိရသေးလု့ိလည်း ပြော ဆိုကြပါတယ်။

ရခိုင်ပြည်မှာရှိတဲ့ စစ်ဘေးရှောင်စခန်း ၁၀၅ ခု ရှိတဲ့အထဲက စခန်း ၆၁ ခုက ကျောင်းသူ ကျောင်းသား အရေအတွက်ကို စာရင်းရထားတာကြောင့် ကျန်းတဲ့ စစ်ဘေးရှောင်စခန်း ၄၄ ခုမှာရှိနေတဲ့ ကျောင်းသူ ကျောင်းသားတွေ ကျောင်းတက်ရပါ့မလားဆိုတာကိုလည်း စိုးရိမ်နေကြပါတယ်။ အဲဒီစာရင်းမရသေးတဲ့ စစ်ဘေးရှောင်စခန်းက ကျောင်းသူ ကျောင်းသားတွေကတော့ အများနည်းတူ အဖြူအစိမ်းဝတ်ပြီး စာသင်ခန်းထဲကို မရောက်ရင်တောင်မှ ဝါးထရံကာ ထိုင်စရာတစ်ခုနဲ့ အမိုးလုံတဲ့ အဆောက်အဦးတစ်ခုအာက်မှာ သူတို့ရဲ့ အနာဂတ်တစ်ခုကို ပုံဖော်ချင်နေကြပါတယ်။

ဆင်းရဲလို့ မြို့ကျောင်းကို မပို့နိုင်တဲ့ထဲက အခြေအနေအကြောင်းကြောင်းကြောင့် စစ်ဘေးရှောင်ဘဝကို ရောက် ရှိနေရပေမယ့် တစ်ချိန်မှာ ဘာဖြစ်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ကို ရင်ဝယ်ပိုက်ရင်း လေဒဏ် မိုးဒဏ်ကြားမှာ ခက်ခက်ခဲခဲ ဖူးပွင့်ကြမယ့် ပန်းကလေးတွေကတော့ ကျောင်းဖွင့်ရာသီမှာ စာသင်ခန်းထဲကို အချိန်မှီရောက်နိုင်ဖို့ အရေးကိုတွေးရင်း နေ့လရက်တွေ ကုန်ဆုံးနေကြရတာလည်းဖြစ်ပါတယ်။

(၂၀၁၉ ခုနှစ် ဇွန်လ ၁ ရက်နေ့ထုတ် ဖွံ့ဖြိုးတိုးတက်ရေးသတင်းဂျာနယ် (Development News Journal) အမှတ် ၁၀၉ တွင် ဖော်ပြခဲ့သော ဆောင်းပါးဖြစ်သည်။)

ဗီဒီယိုများ