ခုံးသေဆုံးမှုကြောင့် ဒေသခံများစိုးရိမ်မှု မြင့်တက်လာ

"အဲဒီဂုံးတွေ သေဆုံးရတာဟာ သက်တမ်းစေ့ရင်လည်းသေတယ်။ ရေချိုများရင်လည်းသေတယ်။ အငန်ဓာတ်ကျသွားရင်လည်းသေတယ်။ အပူချိန်မြင့်လာရင်လည်းသေတယ်။ အခုသေတဲ့ဂုံးတွေက လူတွေစားတွေ ဆိုဒ်လည်းမဟုတ်ပါဘူး။ဂုံးသေးလေးတွေဖြစ်ပါတယ် " ဟု ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးဦးထွန်းသိန်းကပြောသည်။

By ခိုင်ရိုးလ၊ခိုင်မင်း(ကျောက်ဖြူ) 06 Oct 2018

ခိုင်ရိုးလ၊ ခိုင်မင်း(ကျောက်ဖြူ)

ကျောက်ဖြူမြို့နယ်၊လောင်းချောင်းမြစ်ကြောင်းနှင့်ကျားအိုချောင်းတို့တွင်စက်တင်ဘာလ(၂၂)ရက်နေ့က ခုံး(ဂုံး)ကောင်များသေဆုံးနေသည်ကို ကျောက်ငူမော်ကျေးရွာသားများက စတင်တွေ့ရှိခဲ့သည်။

ယင်းမြစ်ကြောင်းတစ်လျှောက်တွင်  ခုံး(ဂုံ)းအမြောက်အမြား ထူးဆန်းစွာဖြင့် အစုလိုက်အပြုံလိုက် သေဆုံးနေမှုကြောင့် ရေလုပ်ငန်းနှင့် အသက်မွေးနေကြသူများမှာ စိုးရိမ်မှုများဖြစ်ပေါ်လာကြသည်။

ဇူလိုင်လ အတွင်းက တရုတ်ရေနံတင်သင်္ဘောများ ဝင်ထွက်သွားလာရာ မဒေးကျွန်း သံဇစ်မြစ်အတွင်း ရေထုညစ်ညမ်းမှု တစ်ခုဖြစ်ပေါ်ခဲ့သည်။ မဒေးကျွန်းသည် တရုတ်ရေနံတင်သင်္ဘော များ ဝင်ထွက်သွားလာ နေရာဖြစ်ပြီး ၎င်းကျွန်းရှိ ရေနံသိုလှောင်ကန် ကတစ်ဆင့် ရေနံချေးများယိုစီးမှုဖြစ်လာနေခြင်းဟု ဒေသခံများက သံသယဝင်ခဲ့ကြသည်။

သို့သော် ရေထုညစ်ညမ်းမှုနှင့်ပတ်သတ်ပြီး အစိုးရဘက်က တိတိကျကျ ပြောဆိုခြင်း မရှိသေးသော်လည်း  သံဇစ်မြစ်ရေကို ဓာတ်ခွဲစမ်းသပ်ရာတွင် ရေနံမပါရှိကြောင်းနှင့် ထိုရေများမှာ ညစ်ညမ်းမှုဖြစ်ပေါ်နေေသော်လည်း ရေနေသတ္တဝါများရှင်သန်ထိုင်နိုင်ကြောင်း ပြည်နယ် လျှပ်စစ် ၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးအောင်ကျော်ဇံက ပြည်နယ်လွှတ်တော်တွင် ပြောခဲ့သည်။

သံဇစ်မြစ်ရေညစ်ညမ်းညမ်းမှုကြောင့် ကျောက်ဖြူမြို့နယ်နှင့်ဆက်စပ်နေသော မြေပုံမြို့နယ် အမ်းမြို့နယ်များသို့ စီးဝင်ရောက်ရှိနေပြီး ငါးဖမ်းဆီးရမှု သိသိသာသာလျှော့ကျသွားခြင်း၊ ဂုံးကောင်များသေဆုံးမှုရှိနေပြီး ရေလုပ်သား ၁၀၀ ကျော်မှာ အရေပြား ရောဂါ ဖြစ်ပေါ်ခြင်းများ ရှိခဲ့သည်ဟု အမ်းမြို့နယ် ပိုက်လိုင်းရေးရာ စောင့်ကြည့်ရေးအဖွဲ့က ကွင်းဆင်းလေ့လာ စစ်ဆေးရာတွင် ပေါ်ပေါက်ခဲ့သည်။

သံဇစ်မြစ်ရေ ကိုစမ်းသပ်စစ်ဆေးရာ ရေညစ် ညမ်းမှုအလွန်မြင့်မားနေပြီး လူနှင့်ရေ သတ္တဝါများအန္တရာယ်ရှိနိုင်သော စံနှုန်းသတ်မှတ်ချက်ထက်ကျော်နေကြောင်း စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းက     သြဂုတ်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

 

သံဇစ်မြစ်ရေကို စမ်းသပ်ခဲ့ကြရာတွင် သတ်မှတ်စံနှုန်းထက် ခဲဓါတ်မှာ ၁၀ ဆ၊ ဖီနောဓါတ်မှာ ၂၆ ဆ များနေသည့်ကိုတွေ့ရှိရသည်ဟု ဆိုသည်။

သံဇစ်မြစ်အတွင်း ရေထုညစ်ညမ်းမှုများဖြစ်ပေါ်ခဲ့ပြီးနောက် ကျောက်ဖြူမြို့နယ် မြစ်ချောင်းများမှာ ဂုံးကောင်များသေဆုံးလာနေခြင်းလည်းဖြစ်သည်။ ယခုကဲ့သို့ ခုံး(ဂုံး)ကောင်မြောက်မြားစွာသေဆုံးလာမှုကို ယခင်နှစ်များက တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးဘဲ ယခုတွေ့ရှိသည့် နေရာသည် တစ်ခြားနေရာများထက် ပိုမိုများပြားစွာသေဆုံးနေခြင်းဟု ခုံး(ဂုံး)ကောက်သူများက ပြောသည်။

“အခုနှစ်မှာဂုံးတွေတော်တော်များများသေတာကို လွန်ခဲ့တဲ့တစ်လကျော်လောက်ကစတင်ပြီး တွေ့လာရတာပါ။ အရင်နှစ်တွေက ဂုံးတွေသေတာတွေရှိပေမဲ့ ဒီနှစ်လို ဂုံးအမြောက်အများ သေဆုံးနေတာတော့မရှိပါဘူး။ ရေထဲမှာရော ကုန်းပေါ်မှာပါသေနေတာတွေကို နေရာတော်တော်များများမှာတွေ့ ရပါတယ်။ ကျွန်မတို့ကတော့ လွန်ခဲ့တဲ့လလောက်ကဖြစ်ပေါ်ခဲ့တဲ့ ညစ်ညမ်းရေတွေကြောင့်လို့ထင်ပါတယ်"ဟု  ကျောက်ငူကျေးရွာမှ ဂုံးကောက်သူ မတင်ညွှန့်က ပြောသည်။

ထိုသို့ ဂုံးကောင်များ ဆက်တိုက် သေဆုံးလာခဲ့လျှင်  ကျောက်ဖြူ၊ အမ်းမြို့နယ်ရှိ ကမ်းရိုးတမ်းဒေသမှ ဂုံးလုပ်ငန်းကို အဓိကမှီခိုအားထားနေရသော ရေလုပ်သားများအတွက် အခက်ခဲကြုံတွေ့လာနိုင်သည်ဟု ဒေသခံများက ဆိုသည်။ ယင်းအပြင် ဂုံးမျိုးစိတ်များ ပျောက်ကွယ်သွားမည်ကိုလည်း  ဒေသခံများက စိုးရိမ်နေကြသည်။

အဆိုပါ ဂုံးကောင်များသေဆုံးနေသည့် နေရာသို့ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျောက်ဖြူခရိုင် သစ်တောဦးစီးဋ္ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး တို့က  စက်တင်ဘာလ ၂၄ ရက်နေ့က သွားရောက် စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

ယင်းသို့စစ်ဆေးပြီးနောက်ဂုံးအမြောက်အများသေဆုံးခြင်းမှာပုံမှန်သဘာဝအတိုင်းသေဆုံးခြင်းဟုကျောက်ဖြူခရိုင်ငါးလုပ်ငန်းဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးဦးဦးထွန်းသိန်းက DMG ကို  ပြောသည်။

"အဲဒီဂုံးတွေ သေဆုံးရတာဟာ သက်တမ်းစေ့ရင်လည်းသေတယ်။ ရေချိုများရင်လည်းသေတယ်။ အငန်ဓာတ်ကျသွားရင်လည်းသေတယ်။ အပူချိန်မြင့်လာရင်လည်းသေတယ်။ အခုသေတဲ့ဂုံးတွေက လူတွေစားတွေ ဆိုဒ်လည်းမဟုတ်ပါဘူး။ဂုံးသေးလေးတွေဖြစ်ပါတယ် " ဟု ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးဦးထွန်းသိန်းကပြောသည်။

ဒေသခံများက ဂုံးအမြောက်အများသေဆုံးသည်ဟု ပြောဆိုသော်လည်း ဂုံးသေဆုံးသည့် နေရာဟု ပြောဆိုသည့် နေရာတွင် ဂုံးအမြောက်အများ သေဆုံးခြင်းမတွေ့ရှိကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးမှူးက ငြင်းဆိုသည်။

"ဂုံးသေးသေးလေးတွေ(၁စင်တီမီတာ၊ ၂စင်တီမီတာ)လောက်ရှိတဲ့ဂုံးတွေသေဆုံးနေတယ်။  အဲဒီနေရာတွေမှာ တစ်ခြားသက်ရှိတွေလည်းရှိတယ်။အနီးအနားမှာရှိတဲ့ ငါးဖမ်းနေတဲ့လူတွေကို ဂုံးအစုလိုက်သေဆုံးနေတာတွေရှိသလားလို့မေးကြည့်တော့လည်းမတွေ့ဘူး၊ကျွန်တော်ကိုယ်တိုင်လည်း ဂုံးအမြောက်အများသေဆုံးတာကို မတွေ့ခဲ့ဘူး" ဟု ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးဦးထွန်းသိန်းက ပြောသည်။

အလားတူ ဂုံးကောင်များသေဆုံးမှုမှာ ရေထုညစ်ညမ်းမှုကြောင့် သေဆုံးခြင်းမဟုတ်ဘဲ မိုးရေများပြီး ရေချိုဝင်ရောက်မှုကြောင့် သေဆုံးခြင်းဖြစ်နိုင်ကြောင်း အစိုးရပိုင် မြန်မာ့အလင်းသတင်းစာ တွင် စက်တင်ဘာလ ၂၆ ရက်နေ့ကထုတ်ပြန်ခဲ့သည်။

ဂုံးသေဆုံးမှုနှင့်ပတ်သတ်ပြီး ဒေသခံများက လူမှုကွန်ရက်များတွင်ဖော်ပြကြပြီး လူထုစိတ်ဝင်စား ခဲ့ကြသည်။ယင်းလူမှုကွန်ရက်များတွင် ဖော်ပြခဲ့သည့် ဂုံးများမှာ ဌာနဆိုင်ရာများက စစ်ဆေးခဲ့သည့် ဂုံးများနှင့် မတူညီကြောင့် မြန်မာ့အလင်းသတင်းစာက ဖေါ်ပြသည်။

 လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည့် ဂုံးများမှာ အစိုးရဌာနဆိုင်ရာက စစ်ဆေးခဲ့သည့် ဂုံးများနှင့် မတူဟုပြောဆိုသော်လည်း ၎င်း၏ လူမှုကွန်ရက်တွင် ကျောက်ဖြူမြို့နယ်က ဂုံးသေဆုံးမှုဓာတ်ပုံများကိုသာ ဖော်ပြခဲ့ခြင်းဟု လူမှုကွန်ရက်ပေါ်တွင် ဂုံးသေဆုံးမှု ဓာတ်ပုံတင်ခဲ့သူ အမ်းမြို့နယ် ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့ ဥက္ကဌ ကိုမျိုးလွင်က ပြောသည်။ ကိုမျိုးလွင်သည် သံဇစ်မြစ်ရေညစ်ညမ်းမှုကိစ္စကို အစိုးရကိုဖြေရှင်းရန် တင်ပြခဲ့သူတစ်ဦးဖြစ်ပြီး ဂုံးသေဆုံးကိစ္စကိုလည်း သွားရောက် လေ့လာခဲ့သူ တစ်ဦးဖြစ်သည်။

“အဲဒီပုံက ကျနော့်တို့ သွားခဲ့တဲ့နေရာ(ဂုံးသေဆုံးနေတဲ့ နေရာ)ကပုံပါ။(ဌာနဆိုင်ရာကတော့ ) ခိုင်မာလုံလောက်တဲ့ အကြောင်းပြချက်မပေးတဲ့  လုပ်လိုက်တဲ့ သဘောဖြစ်နေတယ် ”ဟု ကိုမျိုးလွင်က ဆိုသည်။

အစိုးရအနေဖြင့် ယခုဂုံးသေဆုံးမှုများနှင့်ပတ်သတ်ပြီး မိုးများပြီးရေချိုဝင်ရောက်မှုကြောင့် သေဆုံးသည်ဟုပြောဆိုသော်လည်း အသေးစိတ်အတိအကျကို ကျွမ်းကျင်ပညာရှင်များက အချိန်ယူ လေ့လာဆန်းစစ်ပြီး အဖြေထုတ်မှသာ သိရှိနိုင်မည်ဟု မြန်မာ့အလင်းမှာ ထပ်ဆိုထားသည်ကိုလည်း တွေ့ရှိရသည်။

သံဇစ်မြစ်ရေညစ်ညမ်းမှုနောက်ပြီးတွင် ဂုံးသေဆုံးမှုဖြစ်ပေါ်လာသောကြောင့် ဒေသခံများမှာ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက်ရှိကြသည်။ယင်းကြောင့် ကျွမ်းကျင်ပညာရှင်များဖြင့် စစ်ဆေးကာ တိကျသည့် အဖြေတစ်ခုထုတ်ပြန်ပေးရန် ဒေသခံများက မျှော်လင့်နေကြသည်။

“အစိုးရဘက်က အသေးစိတ်လုပ်ရမယ့် အပိုင်းကို ရေချိုကြောင့်ဆိုပြီးတော့ အဆုံးသတ်လို့မရဘူး။ ခိုင်မာတဲ့အဓိကအချက်အလက်တွေကို မစုဆောင်းဘဲ ရေချိုကြောင့်သေတယ်ဆိုတာ နည်းနည်း စဉ်းစားစရာပေါ့နော်။ရေချိုကြောင့်သေတယ်လို့ ပြောတာက ယေဘုယျဆန်လွန်းတယ်”ဟု ကိုမျိုးလွင်က ပြောသည်။

 

ခိုင်ရိုးလ၊ ခိုင်မင်း(ကျောက်ဖြူ)

ဗီဒီယိုများ