ချောင်ထိုးခံထားရသော တိုင်းရင်းသားအခွင့်အရေးများ

အထူးသဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆို သည့် စကားရပ်သည် အသက်ဝင်ရန်မဆိုထားနှင့် မြည်းစမ်းခွင့်ပင် မရကြသေးပေ။ လက်ရှိအစိုးရသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံ၍ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြခြင်းဖြစ်သည်။ သို့သော် လည်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရ၍ အစိုးရအဆင့်ဆင့်ကို ဖွဲ့စည်းကြသည့်အခါတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်းပင် လုပ်ဆောင်ခဲ့ကြသည်။ သက်ဆိုင်ရာ ပြည်နယ်များတွင် မဲအများစု နိုင်ခဲ့ကြ သော  ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) နှင့် ရခိုင်အမျိုးသားပါတီ(ANP)တို့ကို လက်တွဲမ ခေါ်ဘဲ ချန်ထားရစ်ခဲ့ကြသည်။

By ရမ္မာကျော်စော 22 Oct 2018

ရမ္မာကျော်စော

နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်မှာ ကျင်းပပြုလုပ်ခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးနှင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဂတိပြုချက် အပိုဒ် (၁) တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် လက်ရှိဖြစ်ထွန်းနေသော ငြိမ်းချမ်းရေးဖြစ်စဉ်များကို မူတည်၍ ဒို့တာဝန်အရေး သုံးပါးကို ရှေးရှုလျက်၊ ပင်လုံစိတ်ဓာတ်နှင့်အညီ နိုင်ငံသားအားလုံး၏ လွတ်လပ်မှု၊ အမျိုးသား တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ပါဝင်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံ သော ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီတည်ဆောက်သွားရန် ဟူသော အချက်အပါအ ဝင် ငါးချက်ကို လက်မှတ်ရေး ထိုးခဲ့ကြသည်။

လက်မှတ်ရေးထိုးရာတွင် အစိုးရပိုင်းမှ သမ္မတ၊ ဒု-သမ္မတများ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အစုံအလင် ပါဝင် ခဲ့ကြသည်။ လွှတ်တော်ဥက္ကဌ နှစ်ဦးပါဝင်လက်မှတ်ရေးထိုးခဲ့ကြသလို ရွေးကောက်ပွဲကော်မရှင်ဥက္ကဌလည်း ပါဝင်ခဲ့သည်။ တပ်မတော်သား ကိုယ်စားလှယ်များအဖြစ် ဒု-ဗိုလ်ချုပ်ကြီးမြင့်စိုး၊ ဒု-ဗိုလ်ချုပ်ကြီးရဲအောင်၊ ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ အပြင် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့မှ ခေါင်းဆောင်များ ပါဝင်လက်မှတ်ထိုးခဲ့ကြသည်။

 နိုင်ငံရေးပါတီ ၅၅ ခုလည်း ပါဝင်လက်မှတ် ရေးထိုးခဲ့ကြသည်။ သို့သော် NLD အပါအဝင် နိုင်ငံရေးပါတီတချို့နှင့် UNA အဖွဲ့ဝင်ပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင် အချို့လည်း မပါဝင်ခဲ့ကြပေ။

ထိုစဉ်က လက်မှတ်ရေးထိုးခဲ့ကြသူများ (အထူးသဖြင့် အစိုးရ၊ တပ်မတော်နှင့် လွှတ်တော် အစုအဖွဲ့များ) သည် ယခုအချိန်တွင် သက်ဆိုင်ရာ အစုအဖွဲ့များကို ကိုယ်စားပြု၍ မရှိကြတော့ပေ။ သို့သော်ငြားလည်း ယင်းကတိပြု ချက်သည် ယခုတိုင် အသက်ဝင်လျက်ပင် ရှိသည်ဖြစ်ရာ အာဏာရလာသော အစိုးရတွင် ဆက်လက်အ ကောင်ထည်ဖော်ရမည့် တာဝန်ရှိသည်။

ကမ္ဘာပေါ်တွင် ပြည်တွင်းစစ်အရှည်ကြာဆုံးဖြစ်ပွားသော  မိမိတို့နိုင်ငံ၏ ပြည်တွင်းစစ်သည် တိုင်းရင်းသားအခွင့်အရေး အပြည့်အ၀ မရရှိမှုကြောင့်ဆိုသည်ကို လူတိုင်း နားလည် လက်ခံထားကြပြီး ဖြစ်သည်။ သို့တိုင်အောင် အဖြေရှာမရသေးသည်မှာ နည်းလမ်းအမှားကြောင့်ပေလားဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။

နိုင်ငံသားအားလုံး၏ လွတ်လပ်မှု၊ အမျိုးသားတန်းတူညီမျှမှု၊တရားမျှတမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ ပါဝင်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန် ဆိုသည့်အချက်ကို မူအရ လက်ခံထားကြသော်လည်း လက်တွေ့တွင် ယင်းအချက်တို့ သည် တစ်ခုမျှ အသက်မဝင်လာသေးပေ။ ထို့ကြောင်ပင်လျှင် ပြည်တွင်းစစ်သည် ယခုတိုင် ဆက်လက်ဖြစ်ပွား နေကြခြင်းဖြစ်သည်။ အစိုးရနှင့် တပ်မတော်သည် ခြေလှမ်းညီညီဖြင့် မလျှောက်နိုင်သေးသမျှ ငြိမ်းချမ်းရေးသည် လည်း ခယောင်းလမ်းအဖြစ် မြင်တွေ့နေရပေလိမ့်ဦးမည်ဖြစ်သည်။တဖက်တွင်လည်း စစ်ပွဲမရှိသောတပ်မတော် ၏ အခန်းကဏ္ဍသည် မှေးမှိန်သွားမည်ဟု မြင်သူများကလည်း ရှိပုံပေါ်သည်။

ယင်းကြောင့် ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်များ နှောင့်နှေးကြန့်ကြာနေခြင်းဖြစ်သည်။ NLD ပါတီသည် အတိုက်အခံအဖြစ် ရပ်တည်လာခဲ့ သော ကာလတစ်လျှောက်လုံးတွင် သုံးပွင့်ဆိုင် (အစိုးရ၊ NLD နှင့် တိုင်းရင်းသား) တွေ့ဆုံ ဆွေးနွေးရေးကို အစဉ် တစိုက် တောင်းဆိုလာခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က တပ်မတေ်ာအစိုးရ အုပ်စိုးချိန်ဖြစ်၍ သုံးပွင့်ဆိုင်ဟူ၍ တောင်းဆိုရသည် မှာ သဘာဝကျသည်။  ယနေ့အချိန်တွင် NLD ပါတီသည် အစိုးရအဖြစ် အုပ်ချုပ်နေသည်ဖြစ်ရာ တိုင်းရင်းသားများ နှင့် နှစ်ပွင့်ဆိုင် ဖြေရှင်းရန်သာ လိုတော့သည်။ သို့သော် တပ်မတော်ကိုပါ ထည့်သွင်း ယူဆောင်လာသည့် အခါ နောက်တဖန် သုံးပွင့်ဆိုင် ဖြေရှင်းရေး ဝဲဂယက်ထဲသို့ ပြန်လည် ရောက်ရှိသွားတော့သည်။

အတိုက်အခံဘဝတွင် အစဉ်တစိုက် လက်တွဲလုပ်လာခဲ့ကြသော တိုင်းရင်းသားပါတီများနှင့် ဆက်ဆံရေးသည် ယခုအချိန်တွင် ယိုယွင်းပျက်ပြားသွားသည်မှာ အထင်အရှားပင်ဖြစ်သည်။ အာဏာရပါတီ၏ နိုင်ငံရေးသဘော ထား မကြီးနိုင်မှုများကြောင့် လွှတ်တော်ထဲတွင် တိုင်းရင်းသားပါတီများက တင်သွင်းလာသောအဆိုများ ပယ်ချ ခံနေရသည်။ အထူးသဖြင့် ရခိုင်အမျိုးသားပါတီ(ANP)နှင့် ဆက်ဆံရေးတွင် အပြုသဘောမဆောင်သည်ကို မြင်တွေ့နေရသည်။ အတိုက်အခံအဖြစ်ရပ်တည်မည်ဆိုသောကြေညာချက်ကို ရခိုင်အမျိုးသားပါတီက ထုတ်ပြန် ပြီးနောက်တွင် ယခင်ရှိနှင့်ပြီးသား ကောင်းမွန်သော ဆက်ဆံရေးတရပ်သည် ရုတ်ခြည်း ပျက်သုဉ်းသွားတော့ သည်။ တိုင်းရင်းသာများ၏ အရေးကိစ္စများကို လွှတ်တော်များ၌ အဆိုတင်သွင်းကြသောအခါ အချို့အဆိုများ သည် ပယ်ချခံနေရသည်။ ဤသည်မှာ အနိုင်ရပါတီ၏ နိုင်ငံရေးအတ္တကြီးမှုနှင့် သဘောထား သေးသိမ်မှုတို့ကို ပြသရာ ရောက်ပေသည်။

မြန်မာနိုင်ငံအတွင်းရှိ ဗမာမဟုတ်သော တိုင်းရင်းသားများသည် အောက်ခြေဝန်ထမ်းအလုပ်ကပင်အစ တန်းတူ ညီမျှမှု မရရှိကြသေးပေ။ ဘာသာစကားအခက်အခဲ၊ အတတ်ပညာကျွမ်းကျင်မှု အခက်အခဲများကြောင့် အလုပ် အကိုင်ရှာဖွေရာတွင်လည်း အဆင်မပြေမှုများကို ကြုံတွေ့နေကြရသည်။ အထူးသဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆို သည့် စကားရပ်သည် အသက်ဝင်ရန်မဆိုထားနှင့် မြည်းစမ်းခွင့်ပင် မရကြသေးပေ။ လက်ရှိအစိုးရသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံ၍ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြခြင်းဖြစ်သည်။ သို့သော် လည်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရ၍ အစိုးရအဆင့်ဆင့်ကို ဖွဲ့စည်းကြသည့်အခါတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်းပင် လုပ်ဆောင်ခဲ့ကြသည်။ သက်ဆိုင်ရာ ပြည်နယ်များတွင် မဲအများစု နိုင်ခဲ့ကြ သော  ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) နှင့် ရခိုင်အမျိုးသားပါတီ(ANP)တို့ကို လက်တွဲမ ခေါ်ဘဲ ချန်ထားရစ်ခဲ့ကြသည်။

၂၀၀၈ ခုနှစ်  ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ အခန်းပါ ပုဒ်မ ၃၄၇ တွင် နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရ မည်။ ထို့အပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့် ပေးရမည်ဟု ပါရှိသည်။ သို့ဆို လျှင် လွန်ခဲ့သည့်လက ရခိုင်လူငယ်တစ်စုသည် ရှမ်းပြည်နယ်၌ ခရီးသွားလာခွင့် ပိတ်ပင်တားဆီးခံရသည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ချိုးဖောက်ခံရခြင်း မဟုတ်ပါလော။ ပုဒ်မ ၃၄၈ တွင်လည်း နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဋ္ဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲ၊ ချမ်းသာ တို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ ဟု ပါရှိပါလျှက် နိုင်ငံသားများ မိမိတို့နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာ ခွင့်ကို တားဆီးပိတ်ပင်သူများသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာရောက်နေသည်။  

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဂတိပြုချက် အပိုဒ် (၅) တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ကာလအတွင်း ငြိမ်း ချမ်းရေးကို ထိခိုက်စေနိုင်သော ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်ပွားစေရန် နှစ်ဘက်တပ်များထိတွေ့မှုများကို ရှောင်ရှားနိုင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေမည့် အရေးယူဆောင်ရွက်ခြင်းများ မပြုလုပ်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရန် ဟူသည့်အချက်ကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော် ငြိမ်းချမ်းရေးလက်မှတ်မထိုးရသေးသော အဖွဲ့အစည်းများနှင့်တင်မက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်( Nationwide Ceasefire Agreement-NCA) ကို ပါဝင် လက်မှတ်ရေးထိုးထားသော ကရင် အမျိုးသားအစည်းအရုံး(KNU)၊ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ - ရှမ်းပြည်တပ်မတော် (RCSS- SSA) တို့နှင့် မြန်မာ့တပ်မတော်တို့သည် ထိတွေ့ တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိနေသည်ကို ကြားသိနေရ သည်။ တဖန် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ထိတွေ့ဆက်ဆံသည်ဟု ဆိုကာ မတရားအသင်းပုဒ်မများဖြင့် ဖမ်းဆီးထောင်ချမှုများလည်း ရှိနေပြန်သည်။

၂၀၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၈ ဖြင့် ပြဌာန်းခဲ့သည့် တိုင်းရင်းသားလူမျိုးများ၏အခွင့် အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ အခန်း(၆)၊ ပုဒ်မ ၁၄ တွင် တိုင်းရင်းသားလူမျိုးများသည် မိမိတို့ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနစ်နာဆုံးရှုံးပါက ကာကွယ်စောင့်ရှောက်မှု ရရှိနိုင်ရေးအတွက် သက် ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ထံ တင်ပြနိုင်သည် ဟု ပါရှိပေသည်။ ထို့အတူ ပုဒ်မ ၁၅ တွင်လည်း သက်ဆိုင်ရာဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့သည် ပုဒ်မ ၁၄ အရတင်ပြ ချက်ကို  လက်ခံရရှိသည့်အခါ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး နစ်နာ ဆုံးရှုံးမှု မရှိစေရးအတွက် လိုအပ် သည့် ကာကွယ်စောင့်ရှောက်မှုပေးရန် (က) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးအား တာဝန်ပေးအပ်ရမည်။ (ခ) ပုဒ်မခွဲ (က) အရတာဝန်ပေးအပ်နိုင်ခြင်းမရှိပါကသင့်လျော် သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးဦးအား တာဝန်ပေးအပ်ရမည်ဟု ပြဌာန်းထားပေသည်။

ဥပဒေတွင် ထိုကဲ့သို့ ပြဌာန်းထားသော်လည်း ယနေ့အချိန်ထိ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း ကမှ မိမိတို့၏ နစ်နာဆုံးရှုံမှုများကို သက်ဆိုင်ရာ အစိုးရများထံ တင်ပြတောင်းဆိုသည်ကို မကြားရသေးပေ။ ဤဥပဒေဖြင့် အရေးယူဆောင်ရွက်ထားသည်ဟူ၍လည်း မကြားသိရပေ။ အဘယ်ကြောင့်နည်း။ ဥပဒေ၏ အသုံးဝင်မှုမှာ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရများ၏ လစ်လျူရှုမှုများကြောင့် မှေးမှိန် သွားရခြင်းဖြစ်ပေသည်။ အခန်း (၉) ပုဒ်မ (၃၂) တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် ဤ ဥပဒေပါ တိုင်းရင်းသားရေးရာ ကိစ္စတစ်ရပ်ရပ်ကို ဆောင်ရွက်ရန် မိမိတို့ အစိုးရအဖွဲ့၏ သက်ဆိုင်ရာ တိုင်းရင်း သားလူမျိုးရေးရာဝန်ကြီးအား တာဝန်ပေးအပ် ဆောင်ရွက်စေရမည်။ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မရှိ သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး ချုပ်က တာဝန်ပေးအပ်သည့် ဝန်ကြီးအား ဆောင်ရွက်စေရမည် ဟု ပြဌာန်းထားပေသည်။ 

ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နှစ်နေရာဖြစ်သော ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသ ကြီးတို့မှ ရခိုင်တိုင်းရင်းသားများ အရေးကို ဤဥပဒေပါ အခွင့်အရေး တစ်စုံတရာဖြင့် အရေးယူ ဆောင်ရွက် သည် ဟူ၍လည်း မကြားဖူးပေ။ သို့ဆိုလျှင် ဤဥပဒေသည် ဆုံးရှုံးနေသော တိုင်းရင်းသားအခွင့်အရေးများ အတွက် ကောက်ရိုးတစ်မျှင်လား။ ဥပဒေပါ အကြောင်းတစ်ရပ်ရပ်ဖြင့် တိုင်ကြားလာပါက သက်ဆိုင်ရာ အစိုးရ များအနေဖြင့် လိုက်ပါ ဆောင်ရွက်မပေးပါက ဥပဒေ၏ အသုံးဝင်မှု အခန်းကဏ္ဍသည်လည်း အဟောသိ ံကံ ဖြစ်သွားရုံသာ ရှိပေလိမ့်မည်ဖြစ်သည်။

ထို့အတွက်ကြောင့် နိုင်ငံအဝှမ်း အခွင့်အရေးချိုးဖောက်၊ဖိနှိပ်ခံနေကြရသော တိုင်းရင်းသားလူမျိုးများသည် ဥပဒေ၏ ကာကွယ်စောင့်ရှောက်မှုကို တန်းတူရည်တူ ရရှိဖို့ ဆိုပါလျှင် ဤ ဥပဒေပါ အခွင့်အရေးများကို အကျိုး ရှိရှိ အသုံးချနိုင်ရပေလိမ့်မည်။ ပြည်ထောင်စု အစိုးရအပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရများကလည်း ဥပဒေပါ အခွင့်အရေး ချိုးဖောက်သူများကို ပြဌာန်းထားသည့် ပြစ်ဒဏ်များဖြင့် အရေးယူ ဆောင်ရွက်ရန် အထူးလိုအပ်သည်ဟု ထင်မြင် ယူဆမိပေသည်။

                                                                                      ရမ္မာကျော်စော

   

ဗီဒီယိုများ