ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေဦးမည့် ရခိုင်ပြည်နယ်

ရက္ခိုင့်တပ်တော်(AA)ကိုမူ အစိုးရအနေဖြင့် Bilateral ထက်ကျော်လွန်သော စာချုပ်တစ်ခု (Deep of Commitment) ကို သဘောတူ လက်မှတ်ထိုးစေလိုသည်။ သို့သော် ရက္ခိုင့်တပ်တော်(AA) ကလည်း ယင်းသို့ အစိုးရ၏ ပြောကြားချက်ကို လက်မခံပေ။ Bilateral ထိုးပြီးမှ နိုင်ငံရေးအရ ပြေပြေလည်လည် ဆွေးနွေးနိုင်မည်ဟု ယူဆထားသည်။ ထို့ကြောင့် ၎င်းတို့၏ ငြိမ်းချမ်းရေးဆွေးနွေးမှုအခြေအနေမှာ အောင်မှတ်မရဘဲ အနုတ်လက္ခဏာသာ ဆောင်နေသည်။

By နေမျိုးလင်း 17 May 2019

(ရက္ခိုင့်တပ်တော်(AA) မှ စစ်သည်တော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - AA)

နေမျိုးလင်း/ DMG

တပ်မတော်က “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်” ဟု ခေါင်းစဉ်တပ်ကာ ရခိုင်ပြည်နယ်ရှိ အနောက်ပိုင်းစစ်ဌာနချုပ်နယ်မြေကို ချန်လှပ်ပြီး စစ်ဌာနချုပ်နယ်မြေ(၅)ခုကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ ရက်နေ့က အပစ်အရပ်စဲကြောင်း ကြေညာခဲ့သည်။ အပစ်ရပ်စဲရေးကာလမှာ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ ဖြစ်သည်။

ယင်းမတိုင်မီက စတင်ပြီး ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ကြား တိုက်ပွဲပြင်းထန်နေသည်။ ထို့ကြောင့် ဒေသခံများနှင့် ရက္ခိုင့်တပ်တော်(AA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များက ရခိုင်ပြည်နယ်တွင်လည်း အပစ်ရပ်စဲရန် တောင်းဆိုကြသည်။ သို့သော် တောင်းဆိုမှု အထမမြောက်ခဲ့ပေ။

ရခိုင်ပြည်နယ်တွင် အပစ်ရပ်စဲကြောင်း မကြေညာခြင်းမှာ ၂၀၁၆ ခုနှင့် ၂၀၁၇ ခုနှစ် အတွင်းတွင် မောင်တောဒေသတွင် တိုက်ခိုက်ခဲ့သည့် ARSA အဖွဲ့ရှိနေသောကြောင့်ဟု တပ်မတော်က အကြောင်းပြခဲ့သည်။ ထို့နောက်တွင် တဖြည်းဖြည်း တိုက်ပွဲပြင်းထန်လာခဲ့ပြီး ကျေးရွာအနီးတို့တွင်ပင် တိုက်ပွဲဖြစ်ပွားလာသည်။

အပစ်ရပ်စဲကြောင်း ကြေညာပြီးနောက် ဇန်နဝါရီလ ၄ ရက်နေ့(လွတ်လပ်ရေးနေ့)တွင် ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခုကို ရက္ခိုင့်တပ်တော်(AA)က ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်များ ကျဆုံး၊ ဒဏ်ရာရရှိမှုများ ရှိခဲ့သကဲ့သို့ လက်နက်အမြောက်အများကိုလည်း သိမ်းယူသွားသည်။

ထိုရဲကင်းစခန်းများကို ဝင်ရောက်တိုက်ခိုက်ရခြင်းမှာ ယင်းစခန်းများသည် နယ်ခြားစောင့်စခန်း ဆိုသော်လည်း မြန်မာ့တပ်မတော်ဘက်က နေရာယူထားမှုနှင့် နယ်ခြားစောင့်ရဲများက အရပ်သားများကို ညှင်းပန်းနှိပ်စက်မှုများ ရှိသည်။ ထို့အပြင် မြန်မာ့တပ်မတော်ဘက်က အင်အားအလွန်အကျွံသုံးပြီး တိုက်ခိုက်နေသောကြောင့် တိုက်ခိုက်ရခြင်းဟု ရက္ခိုင့်တပ်တော်(AA)က ဆိုသည်။

ထိုတိုက်ခိုက်မှုကို တပ်မတော်နှင့် အစိုးရက မကျေနပ်ပေ။ ထို့ကြောင့် တပ်မတော်မှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ တပ်အင်အား တိုးမြှင့်အသုံးပြုခြင်း၊ တပ်မတော်ရဟတ်ယာဉ်များ အသုံးပြုခြင်းတို့ကို ဆောင်ရွက်ပြီး သောင်းကျန်းသူများ နှိမ်နင်းရေးကို ထိရောက်စွာ ဆက်လက်ဆောင်ရွက်သွားရန်လည်း သမ္မတရုံးက ယင်းနေ့တွင် ညွှန်ကြားခဲ့သည်။ အလားတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရက္ခိုင့်တပ်တော်(AA)ကို “ထိထိရောက်ရောက်၊ လျင်လျင်မြန်မြန်၊ ပြတ်ပြတ်သားသားချေမှုန်းရန်” တပ်မတော်ကို ညွှန်ကြားခဲ့သည်။

ထို့နောက်တွင် တပ်မတော်က ရခိုင်ပြည်နယ်အတွင်းသို့ အင်အားအမြောက်အများချကာ ရက္ခိုင့်တပ်တော်(AA)ကို တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲသည် တစ်နေ့ထက်တစ်နေ့ အရှိန်အဟုန် ပြင်းထန်လာပြီး အရပ်သားများ သေဆုံးထိခိုက်မှုများလည်း ရှိလာခဲ့သည်။

အစိုးရနှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြားတွင် မူလက Bilateral ပဏာမ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး သဘောတူခဲ့ကြသည်။ သို့သော်လည်း ရဲကင်းစခန်းလေးခုကို တိုက်ခိုက်ခဲ့သဖြင့် အစိုးရက ယင်းအစီအစဉ်ကို လက်မခံတော့သောကြောင့် သဘောတူညီမှု ပျက်သွားခဲ့သည်။

ရက္ခိုင့်တပ်တော်(AA)ကိုမူ အစိုးရအနေဖြင့် Bilateral ထက်ကျော်လွန်သော စာချုပ်တစ်ခု (Deep of Commitment) ကို သဘောတူ လက်မှတ်ထိုးစေလိုသည်။ သို့သော် ရက္ခိုင့်တပ်တော်(AA) ကလည်း ယင်းသို့ အစိုးရ၏ ပြောကြားချက်ကို လက်မခံပေ။ Bilateral ထိုးပြီးမှ နိုင်ငံရေးအရ ပြေပြေလည်လည် ဆွေးနွေးနိုင်မည်ဟု ယူဆထားသည်။ ထို့ကြောင့် ၎င်းတို့၏ ငြိမ်းချမ်းရေးဆွေးနွေးမှုအခြေအနေမှာ အောင်မှတ်မရဘဲ အနုတ်လက္ခဏာသာ ဆောင်နေသည်။

သို့သော် ရက္ခိုင့်တပ်တော်(AA) အနေနှင့် NCA လက်မှတ်ရေးထိုးမည်ဟု Bilateral ထဲတွင်ပါမည်ဆိုလျှင် အစိုးရအနေဖြင့် Bilateral ကို လက်ခံနိုင်သည့် အခြေအနေရှိသည်ဟု မတ်လ ၂၉ ရက်နေ့က နေပြည်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့သည်။

AA အပါအဝင် မြောက်ပိုင်း(၇)ဖွဲ့သည် NCA ကို ငြင်းဆန်ပြီး “ဝ”အဖွဲ့ ဦးဆောင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အသစ်ကိုသာ စွဲကိုင်မည်ဟု ကြေညာထားသည်။ ထို့ကြောင့် Bilateral ထဲတွင် NCA လက်မှတ်ရေးထိုးမည်ဟု ကတိပါရမည်ဆိုသည့် အချက်မှာလည်း လက်တွေ့ဖြစ်လာစရာ နည်းပါးနေသည်။

ရက္ခိုင့်တပ်တော် (AA) အနေဖြင့်လည်း ရခိုင်ပြည်နယ်တွင် အခြေချရန်ကြိုးပမ်းနေသည်။ သို့သော် ယင်းသို့ လုပ်ဆောင်လာခြင်းကို တပ်မတော်က သဘောမတူသလို အစိုးရကလည်း လက်မခံပေ။ ရခိုင်ပြည်နယ်သည် အဖြူရောင်နယ်မြေဖြစ်ပြီး ယင်းနယ်မြေကို လက်နက်ကိုင်အဖွဲ့များ အခြေချရန် ကြိုးစားခြင်းသည် လုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်သည့်အတွက် အစိုးရဘက်က ထိုက်သင့်သည့် လုံခြုံရေးဆောင်ရွက်နေခြင်း ဖြစ်သည်ဟု အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ပြောကြားထားသည်။

အစိုးရနှင့် တပ်မတော်က ရက္ခိုင့်တပ်တော်(AA) နှင့်ပတ်သက်ပြီး လက်နက်ကိုင်ပြီး အခွင့်အရေးတောင်းဆိုနေမည့်အစား နိုင်ငံရေးစားပွဲဝိုင်းသို့ လာရောက်ရန် အမြဲလိုလိုတိုက်တွန်းကြသည်။ သို့သော် တစ်ချို့ရခိုင်များကမူ လက်နက်ကိုင်ပြီး အခွင့်အရေးတောင်းဆိုသည့် နည်းလမ်းကိုသာ ကြိုက်နှစ်သက်ကြသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်းတွင် ရခိုင်အမျိုးသားပါတီ(ANP) သည် အများဆုံးအနိုင်ရရှိခဲ့သည်။ ထို့ကြောင့် ပါတီနှင့် ဒေသခံလူထုများက ရခိုင်အမျိုးသားပါတီက ဦးဆောင်ပြီး ပြည်နယ်အစိုးရဖွဲ့ခွင့်နှင့် ပြည်နယ်ဝန်ကြီးချုပ်နေရာကို ရခိုင်အမျိုးသားပါတီက ခန့်အပ်ပေးရန် တောင်းဆိုကြသည်။ သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ၎င်းတို့၏တောင်းဆိုမှုကို လျစ်လျှူရှုခဲ့ပြီး မိမိတို့ပါတီက လူတစ်ဦးကို ဝန်ကြီးချုပ်နေရာပေးခဲ့သည်။ ထို့ကြောင့် လူထုဆန္ဒဖော်ထုတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ပါတီနိုင်ငံရေးကို စိတ်ဝင်စားမှု လျှော့နည်းခဲ့ကြသည်။

ရွေးကောက်ပွဲတွင် မဲအနိုင်ရရှိသည့် ပါတီကို အစိုးရဖွဲ့ခွင့်ပေးရန် နိုင်ငံရေးနည်းလမ်း ဖြင့် တောင်းဆိုခြင်း၊ နိုင်ငံရေးနည်းလမ်းဖြင့် ဆောင်ရွက်ခြင်းတို့ကို ဥပေက္ခာပြုသည်ဟု ပြည်သူများက ထင်မြင်လာကြသည်။ မိမိတို့၏ လိုအပ်ချက်များကို နိုင်ငံရေးနည်းလမ်းဖြင့် တောင်းဆို၍မရဟု ထင်မြင်လာခဲ့ကြသည်။ ထို့ကြောင့် ပါတီနိုင်ငံရေးကို စိတ်ဝင်စားမှု တဖြည်းဖြည်းလျှော့နည်းခဲ့ပြီး ရက္ခိုင့်တပ်တော်(AA)ကို ၎င်းတို့အခွင့်အရေးကို ယူဆောင်ပေးမည့် ကယ်တင်ရှင်ဟု မြင်လာကြသည်။ ထို့ကြောင့် ပါတီနိုင်ငံရေးထက် လက်နက်ကိုင်လမ်းစဉ်ကို ပြည်သူလူထုများက ကြိုက်နှစ်သက်လာကြပြီး ရက္ခိုင့်တပ်တော်(AA)ကို ထောက်ခံမှု၊ ဝင်ရောက်သူများ များပြားလာခဲ့ကြသည်။ ရခိုင်လူမျိုးတို့၏ အိပ်မက်ကို ပါတီများ၏ နိုင်ငံရေးလမ်းစဉ်ထက် ရက္ခိုင့်တပ်တော်(AA)က အကောင်အထည်ဖော်ပေးမည်ဟု ယူဆလာကြသည်။

မတ်လ ၂၁ ရက်နေ့က ရက္ခိုင့်တပ်တော် (AA) အပါအဝင် NCA လက်မှတ် မရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်(၈)ဖွဲ့နှင့် အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)တို့ တွေ့ဆုံဆွေးနွေးခဲ့ရာ လက်ရှိဖြစ်ပွားနေသော လက်နက်ကိုင်တိုက်ပွဲများ လျှော့ချနိုင်ရေးအတွက် ဆက်လက်ညှိနှိုင်းကြိုးပမ်းကြရန်ဟူသည့် အချက်လည်း ပါဝင်သည်။

သို့သော် ဒီဇင်ဘာလ အစောပိုင်းကစပြီး တဖြည်းဖြည်းပြင်းထန်လာသော မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲသည် ယခုအချိန်တွင် စစ်ရေးပိုမိုပြင်းထန်လာသည်။ တိုက်ပွဲကြောင့် လူပေါင်းလေးသောင်းခန့် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသည်။ စစ်၏ ဆိုးကျိုးကြောင့် လူပေါင်း(၁၀)ကျော်ခန့်လည်း သေဆုံးမှုများရှိလာကာ ဒဏ်ရာရသူလည်း အမြောက်အများရှိလာသည်။

တိုက်ပွဲဖြစ်ပွားနေမှုကြောင့် လုံခြုံရေးစိုးရိမ်မှုများနှင့် ဒုက္ခခံစားနေရသည့် စစ်ဘေးရှောင်များကို ကိုယ်ချင်းစာနာသောအားဖြင့် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ရန်ကုန် စသည့်မြို့တို့တွင် နှစ်စဉ်ကျင်းပသည့် ရခိုင်ရိုးရာသင်္ကြန်ပွဲတော် ကျင်းပမည့် အစီအစဉ်ကိုလည်း ဖျက်သိမ်းခဲ့သည်။ စစ်ပွဲ၏ အကျိုးဆက်ကြောင့် ပြည်သူလူထုအပေါ် များစွာသက်ရောက်မှုများ ရှိနေသည်။

ဒေသခံများသည် နှစ်ဖက်တိုက်ပွဲများကို ရပ်တန့်စေချင်ကြပြီး ငြိမ်းငြိမ်းချမ်းချမ်းဖြင့် မိမိတို့နေရပ်တွင် နေထိုင်ချင်ကြသည်။ ထိုသို့ ရလာဒ်ကောင်းဖြစ်ပေါ်စေမည့် နည်းလမ်းမှာ  နှစ်ဖက်တိုက်ပွဲများရပ်တန့်ပြီး နိုင်ငံရေးစားပွဲဝိုင်းပေါ်တွင် ဆွေးနွေးရန်သာဖြစ်သည်။

ယခုဆောင်းပါးကို ၂၀၁၉ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် ထွက်ရှိသော Development News Journal အမှတ် (၁၀၇) တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။

ဗီဒီယိုများ