စစ်ကောင်စီ၏ မက်လုံးပေးစည်းရုံးမှုနှင့် ALP အကျပ်အတည်း

ALP သည် ဝါရင့်ရခိုင်တော်လှန်ရေးအဖွဲ့တစ်ခု ဖြစ်သော်လည်း လက်ရှိတွင် မသေချာမရေရာသေးသည့် ဖက်ဒရယ်စကားလုံးကို စစ်ကောင်စီနှင် အလွမ်းသင့်ကာ ငြိမ်းချမ်းရေးဆွေးနွေးနေသည်။

By မောင်ထွန်းကြိုင် 14 Sep 2022

DMG ၊ စက်တင်ဘာ ၁၄

(ဆောင်းပါး)

စစ်ကောင်စီသည် မိမိကိုယ်ကို မြန်မာပြည်တွင် အင်အားအတောင့်တင်းဆုံး အင်စတီကျူးရှင်းအဖြစ်မှတ်ယူကာ အာဏာသိမ်းပြီးနောက်ပိုင်း ကြီးထွားလာသည့်တော်လှန်မှုများကို တပြည်လုံးပတ်၍ ဗုံးကြဲနေပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မတက်ရောက်သည့် EAOs အဖွဲ့များကို အပြင်းအထန် ထိုးစစ်ဆင်နေ၏။

စစ်ကောင်စီလိုလားသော နိုင်ငံရေးကစားကွက်

ထို့အပြင် ဒို့တာဝန်အရေးသုံးပါး။ NCA ငြိမ်းချမ်းရေးလမ်းစဉ်နှင့် ၂၀၀၈ အခြေခံဥပဒေတို့အား စွဲမြဲစွာ ဆုပ်ကိုင်ထားသည့် စစ်ကောင်စီသည် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့အပေါ် လက်နက်ချစရာမလိုသည့် ကစားကွက်တကွက် အပြောင်းအရွှေ့လုပ်ရန် စီစဉ်လာသည်။ ယင်းမှာ သြဂုတ်လ ၂၂ ရက်နေ့က NCA ထိုးထားသည့် EAOs များအနေဖြင့် လက်နက်ဆက်ကိုင်လိုလျှင် တပ်မတော် သို့မဟုတ် နယ်ခြားစောင့်တပ်သို့ဝင်ရန် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလာခြင်းပင်ဖြစ်သည်။

ဆက်လက်ပြီး တိုင်းရင်းလက်နက်ကိုင်များအား တိုင်းရင်းသားအခွင့်အရေး၊ ဒေသအခွင့်အရေးများအတွက် နိုင်ငံရေးစင်မြင့် လွှတ်တော်အခင်းအကျင်းတွင် ပါဝင်ဆွေးနွေးကြရန်နှင့်၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လိုပါကလည်း ဥပဒေနှင့်အညီ လုပ်ငန်းများကို နိုင်ငံတော်က ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီက မက်လုံးပေးလာသည်။

အလားတူ သြဂုတ်လ ၂၆ ရက်နေ့က PNLO(ပအိုဝ်)၊ LDU(လားဟူ)နှင့် ALP(ရခိုင်)အဖွဲ့ခေါင်းဆောင်များနှင့် စစ်ကောင်စီတို့အကြား ဆွေးနွေးပွဲအပြီးတွင် ၎င်းတို့အား တပ်မတော် (သို့မဟုတ်) နယ်ခြားစောင့်တပ်တွင် ဝင်ရောက်ကြရန် စစ်ကောင်စီဘက်က အလွတ်သဘော ထပ်မံဆွေးနွေးခဲ့ကြောင်း VOA သတင်းတစ်ပုဒ်က ဆိုသည်။

ယင်းကြောင့် လက်ရှိ စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသည့် လူထုထောက်ခံမှုနည်းသော (သို့မဟုတ်)  အင်အားပျော့အဖွဲ့အချို့မှာ စစ်တပ်ထဲ ဝင်မည်လော၊ နယ်ခြားစောင့်တပ်လုပ်မည်လော စသည့်ဖြင့် စဉ်းစားစရာအဖြစ် ဆိုက်ရောက်နေတော့သည်။

ALP အတွက် စဉ်းစားစရာဖြစ်လာ

ထိုအထဲတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP/ALA) အခြေအနေကို လှမ်းကြည့်မည်ဖြစ်သည်။ ရခိုင်ပြည်သူလွတ်မြောက်ရေးနှင့် တိုင်းရင်းသားအခွင့်အရေး အပြည့်အဝရရှိရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရေးအတွက် လွတ်လပ်ရေးအထိ တိုက်ပွဲဝင်မည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ALP ကို ၁၉၆၇ ခုနှစ် (ဧပြီလ ၉ ရက်)နေ့တွင် ရန်ကုန်ကမာရွတ် ဘုန်းတော်ကြီးကျောင်းတစ်ခုတွင် စတင်ဖွဲ့စည်းခဲ့သည်။

လက်ရှိတွင် ALP သည် ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် ထိုင်းနယ်စပ်တို့တွင်အခြေပြုပြီး ကာလရှည်ကြာစွာ ရုန်းကန်နေရဆဲလည်းဖြစ်သည်။ သို့သော်လည်း ယနေ့အချိန်အထိ အင်အားကြီးထွားလာခြင်းမရှိဘဲ စစ်သည်အင်အား ၁၀၀ ခန့်သာရှိကြောင်း သိရသည်။

ယင်းအပြင် ALP သည် ၂၀၁၂ ခုနှစ်မှစပြီး အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင် ALP အတွင်း မျိုးဆက်သစ်လူငယ်ပြုစုပျိုးထောင်မှု မရှိဖြစ်နေပြီး သက်ကြီးပိုင်းများက ဦးဆောင်နေသဖြင့် ခါးပြတ်နေကာ အောက်ခြေတွင်လှုပ်ရှားမှုများမရှိဘဲ ရခိုင်လူထုနှင့်လည်း ကင်းကွာနေသည်ကို တွေ့မြင်ရ၏။

ထို့အတူ ၂၀၂၂ ခုနှစ် ဇွန်လက ပါတီအင်အား ၁၀၀ ခန့်သာရှိသော ALP ထိပ်ပိုင်းခေါင်းဆောင်တို့မှာ ရာထူးနေရာဖော်ပြချက်ကြောင့် အချင်းချင်းကြား သဘောထားကွဲလွဲမှုများဖြစ်ကာ ပါတီဥက္ကဋ္ဌ ခိုင်ရဲခိုင်၊ စောမြရာဇာလင်းတို့ ဦးဆောင်သောအဖွဲ့နှင့် ပါတီဒု-ဥက္ကဋ္ဌဟောင်း ခိုင်စိုးနိုင်အောင်နှင့် ခိုင်ကျော်လှိုင်တို့ ဦးဆောင်သောအဖွဲ့တို့ နှစ်ခြမ်းကွဲနေသေးသည်။

ALP သည် ဝါရင့်ရခိုင်တော်လှန်ရေးအဖွဲ့တစ်ခု ဖြစ်သော်လည်း လက်ရှိတွင် မသေချာမရေရာသေးသည့် ဖက်ဒရယ်စကားလုံးကို စစ်ကောင်စီနှင် အလွမ်းသင့်ကာ ငြိမ်းချမ်းရေးဆွေးနွေးနေသည်။

လက်ရှိတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ဒု-ဥက္ကဌ စောမြရာဇာလင်း၊ ဗိုလ်ချုပ် ခိုင်စိုးမြ ဦးဆောင်သည့်အဖွဲ့က အားတက်သရော တက် ရောက်နေသဖြင့် စစ်ကောင်စီက ALP အား နယ်ခြားစောင့်တပ်အဖြစ်နှင့် တပ်မတော် လက်အောက်သို့ရောက်ရှိစေရန် ရည်ရွယ်ထားပုံပေါ်သည်။

အခြားတဘက်တွင်လည်း လက်ရှိ ALP ၏ စစ်သည်အင်အား ၁၀၀ ခန့်မှာ နှစ်ဖွဲ့ကွဲနေသဖြင့် တဘက် ၅၀ ဦးထက် မပိုတော့ပေ။ နယ်ခြားစောင့်ဖြစ်လာပါက စစ်တပ်ဘက်က အင်အားမရှိသောအဖွဲ့ငယ်အဖြစ်ဖြင့် သွန်လိုသွန် မှောက်လိုမှောက် မျိုးစုံကစားနိုင်သည်။

အခြားတဘက်တွင်လည်း ALP ၏ရပ်တည်ချက်နှင့် ရှေ့ဆက်ခရီးမှာ ဘေးကျပ်နံကျပ် လုံးပါးပါးလာမည့်အခြေအနေဟု မှန်းဆနိုင်သည်။

လတ်တလော ရခိုင်မြေပြင်အခြေအနေ

ထိုသို့ ALP ၏ ရှေ့လမ်းစဉ်နှင့် နယ်ခြားစောင့်တပ် အိပ်မက်အခြေအနေအပြင် လတ်တလော ရခိုင်မြေပြင်အခြေအနေကို နှိုင်းယှဉ်ရှုမြင်ကြရအုံးမည်ဖြစ်သည်။ လက်ရှိတွင် ရခိုင်လူထူထု ထောက်ခံမှုအပြည့်အဝရှိပြီး လူငယ်များတက်ကြွစွာဖြင့် ခေတ်နှင့်လျှော်ညီသည့် တော်လှန်ရေးကို ချီတက်နေသည်မှာ ရက္ခိုင့်တပ်တော်(AA)ဖြစ်သည်။

AA သည် ရခိုင်အချုပ်အခြာအာဏာကို တာဆူထားပြီး စစ်သည်အင်အား ၃၀၀၀၀ ကျော်အပါအဝင် ULA၊ APA လက်အောက်ခံအဖြစ် အရေအတွက်ခန့်မှန်းရခက်သည့် လူထုများစွာဖြင့် ရခိုင်မြို့နယ်တိုင်းတွင် တရားစီရင်ရေး၊ အုပ်ချုပ်ရေးကို ကိုင်တွယ်စီမံနေမှုမှာ ခြုံ၍ကြည့်လျှင် အောင်မြင်နေသည်ဟုဆိုရမည်။

တော်လှန်ရေးကို ရက္ခိတလမ်းစဉ်ဟုအမည်မှည့်ကာ လွတ်လပ်သော ရခိုင့်လူ့ဘောင်သစ်ကို ဂုဏ်သိက္ခာရှိသည့် ကမ္ဘာမြေပြင်ထက်မှာရှိနေရန် ရခိုင်အိမ်မက်ကို ချပြထားသည်။ ၂၀၂၀ Arakan Dream အဖြစ် အစပထမ၊ ကမ္ဘာအရပ်ရပ်မှာပြန့်ကြဲနေသည့် ရခိုင်အသိုင်းအဝိုင်း တစိတ်တည်း၊ တညီညွတ်တည်းဖြစ်စေဖို့၊ အမျိုးသားရေး လှုပ်ရှားမှုကိုဖော်ဆောင်ရာတွင် အောင်မြင်နေသည့်အနေအထားကို မြင်နေရသည်။

ယခင်က မြန်မာ့နိုင်ငံရေး၊ တော်လှန်ရေးကဏ္ဍတွင် ရခိုင်တို့ ဆုံးရှုံးမှုများကို သင်ခန်းစာယူကာ ရခိုင်အမျိုးသား လွတ်မြောက်ရေး၊ ရခိုင်လူထု လုံခြုံအေးချမ်းသည့် လူ့ဂုဏ်သိက္ခာကိုတည်ဆောက်ရန် ကွန်ဖက်ဒရိတ်ထက်မညံ့သည့် အမျိုးသားရေးလမ်းစဉ်ကို တလှမ်းချင်းတည်ဆောက်နေသည်။ ယင်းအပြင် မြန်မာ့နိုင်ငံရေးအကျပ်အတည်း၊ အပြောင်းအလဲတိုင်းကို AA ခေါင်းဆောင်များက ကောင်းစွာသဘောပေါက်ထားပြီး အခွင့်အရေးများရယူတတ်သည်။

၂၀၁၈ နှစ်ကုန်ပိုင်းမှ ၂၀၂၀ နိုဝင်ဘာလအထိ မြန်မာစစ်တပ်သည် AA ကို ကုန်း၊ ရေ၊ လေ စသည်ဖြင့် ရှိသမျှအင်အားများစွာသုံးပြီး ၃ လအပြတ် နှိမ်နှင်းမည်ဟု ထိုးစစ်ဆင်နှိမ်နှင်းခဲ့သော်လည်း AA မှာ အင်အားကြီးထွားလာမြဲ ရှိနေသည်။

ယင်းမှတခါ နှစ်ဘက်တပ်များစစ်ပန်းလာကြ၍ ရခိုင်စစ်ပွဲများကို နားလည်မှုဖြင့် တနှစ်ကျော်ကြာ ရပ်နားနိုင်သော်လည်း ယခုအခါ ဒုတိယအကျော့အဖြစ် တဖန်တိုက်ပွဲပြင်းထန်လာနေသည်။ ထို့ကြောင့် တကျော့ပြန်တိုက်ပွဲများမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောဒေသနှင့် အိန္ဒိယ-မြန်မာနယ်စပ် ပလက်ဝဒေသတို့တွင် တိုက်ပွဲနေ့စဉ်ရှိနေပြီး ဂျတ်တိုက်လေယာဉ်၊ ရဟတ်ယာဉ်များကိုပါ စစ်ကောင်စီဘက်က အသုံးပြုလာနေရသည်။

ယင်းကြောင့် စစ်ကောင်စီနှင့် AA ၏ ဒုတိယအကျော့တိုက်ပွဲမှာ နယ်စပ်စိုးမိုးနိုင်ရေး မဟာဗျူဟာကို စွဲကိုင်လာကြောင်းမြင်ရပြီး ဆက်စပ်တွေးကြည့်လျှင် ALP သည် စစ်ကောင်စီကမ်းလှမ်းထားသော နယ်ခြားစောင့်အသွင်ဖြစ်လာပါက မောင်တောဒေသတွင် AA နှင့် ထိပ်တိုက်တွေ့ဆုံရမည်မှာ မလွဲနိုင်ပေ။

AA နှင့် ALP တင်းမာမှုများ

AA နှင့် ALP မှာ ယခင်ကတည်းက ဆက်ဆံရေးချောမွေ့ခဲ့သည်တော့ မဟုတ်ပေ။ AA သည် ၂၀၁၅ ခုနှစ် နောက်ပိုင်း ကချင်လိုင်ဇာဒေသမှ ရခိုင်တွင်အခြေချရန် အန္ဒိယ-ဘင်္ဂလားဒေ့ရှ်-မြန်မာ တြိဂံဒေသသို့ ရောက်ရှိလာကတည်းက ထိုဒေသတွင်ဦးစွာရှိနေသည့် ALP နှင့် အဆင်မပြေမှုများရှိခဲ့သည်။ သို့သော်လည်း နှစ်ဘက်ခေါင်းဆောင်များ၏ နားလည်မှုဖြင့် အသံမထွက်ခဲ့ပေ။ ထို့နောက် ၂၀၁၇ ခုနှစ် သြဂုတ်လက ယင်းနှစ်ဖွဲ့အကြား ဖြေရှင်းမရတော့သည့်တင်းမာမှုများကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး AA သည် ALP ဌာနချုပ်ကို သိမ်းပိုက်လိုက်တော့သည်။

လက်ရှိတွင်လည်း စစ်ကောင်စီနှင့် ဆွေးနွေးပွဲတက်နေသည့် ALP ထိပ်ပိုင်းခေါင်း ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို AA က ရာဇဝတ်မှုတစ်ခုနှင့် ဆက်စပ်နေသည်ဟုဆိုကာ ဖမ်းဆီးထားသဖြင့် နှစ်ဘက်တပ်ဖွဲ့အကြား သဘောထားတင်းမာနေကာ တခြား ALP ထိပ်ပိုင်းခေါင်းဆောင်များနှင့် အဖွဲ့ဝင် ၁၀ ကျော်ကို AA က ဖမ်းဆီးထားဆဲဖြစ်သည်။

AA-ALP တင်းမာမှုက စစ်ကောင်စီအတွက် အားသာချက်

ထိုသို့ ရခိုင့်တော်လှန်ရေးတပ်ဖွဲ့နှစ်ခုကြား အက်ကွဲကြောင်းများကိုတိုးဝင်ကာ လက်ရှိစစ်ကောင်စီသည် မဟာဗျူဟာတရပ်အနေဖြင့် ကစားကွက်ဖန်တီးခြင်းလားဆိုသည့် မေးခွန်းများလည်းရှိလာသည်။ ယခင်ကလည်း EAOs အဖွဲ့များ အချင်းချင်း သဘောထားမတိုက်ဆိုင်မှုများကို အခွင့်ကောင်းယူကာ စစ်တပ်အာဏာပိုင်များက အကျိုးရှိရှိအသုံးချမှုများ ရှိခဲ့သည်။

ဖြစ်စဉ်များကိုလေ့လာကြည်လျှင် EAOs များကို နယ်ခြားစောင့်တပ်အဖြစ်ဖြင့် တပ်မတော်လက်အောက်တွင် ထားရှိရန် စစ်ခေါင်းဆောင်တို့က ၂၀၀၉ ခုနှစ်က ကရင်၊ ကယား၊ ကချင်နှင့် ကိုးကန့်၊ ဗုဒ္ဓဘာသာ ကရင်အကျိုးပြုတပ်မတော်(DKBA)၊ ကေအိုင်အေခွဲထွက် ကချင်ကာကွယ်ရေးတပ်မတော်(NDA-K)နှင့် ပအိုဝ်းအမျိုးသားအစည်းအရုံး(PNO/A)တို့ကို နယ်ခြားစောင့်တပ်(BGF)အဖွဲ့ဖြင့် ပြောင်းလဲနိုင်ရန် စည်ရုံးခဲ့သည်။

ယင်းသို့စည်းရုံးခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်ဧပြီလတွင် ကရင်ပြည်နယ်ရှိ ယခင်ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(DKBA)အဖွဲ့ ဦးဆောင်သူ ဗိုလ်မှူးကြီး စောချစ်အဖွဲ့မှာ နယ်ခြားစောင့်တပ်(BGF)အဖြစ်သို့ ပြောင်းလဲခဲ့သည်။

DKBA သည် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းပြီး စစ်တပ်ဆီကနေ ပုံမှန်လစာရိက္ခာနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရခဲ့သည်။ ယင်းအပြင် မိခင် KNU ကိုလည်း စစ်တပ်နှင့်ပူးပေါင်းကာ တိုက်ခိုက်ခဲ့သဖြင့် KNU ဗဟိုဌာနချုပ် မာနယ်ပလောအပါအဝင် ထိုင်းနယ်စပ်က အရေးပါသည့် စခန်းအများအပြားကို စစ်တပ်ကတိုက်ယူနိုင်ခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။

ထို့ကြောင့် နယ်ခြားစောင့်တပ်(BGF)များ၏ အဓိကလက္ခဏာမှာ မြန်မာစစ်တပ်က ၎င်းတို့၏တပ်ရင်းတွင် ပါဝင်ခြင်းဖြစ်ပြီး တပ်မတော်၏အမိန့်ပေးမှုနှင့် ကြီးကြပ်ကွပ်ကဲမှုအောက်သို့ အလိုအလျှောက် ရောက်သွားသည့် ပုံစံမြင်ရ၏။

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ ALP အတွက် ခေါင်းခဲစရာများ

မြန်မာ့သမိုင်းတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် ပရိယာယ်များစွာဖြင့် နှစ်ဖက်လုံးက မိမိအတွက် အကျိုးရှိသည့်ရလာဒ်ထွက်ပေါ်အောင် ကြိုးစားကြတတ်ပြီး အင်အားအပေါ်အခြေပြု၍ ရလာဒ်ကို ခွဲဝေတတ်ကြောင်း ဆိုရပေမည်။

ယင်းအပြင် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်မည်ဆိုသည့်ခေါင်းစဉ်အောက်တွင် စစ်အစိုးရအုပ်ချုပ်မှုအောက်ဝင်ရေး၊ တိုင်းရင်းသားတပ်များ တော်လှန်ရေးဖြစ်တည်မှုထက် တပ်ဖျက်၊ လက်နက်အပ်ရေး၊ လက်နက်ချရေးကိုသာ တစိုက်မတ်မတ်ပြုလုပ်လာနေသည်ကို တွေ့ရသည်။

ထိုဖြစ်စဉ်များကိုလေ့လာကြည့်ပြီး လက်ရှိ စစ်ကောင်စီနှင့်ဆွေးနွေးနေသည့် ALP နှင့်ပတ်သက်ပြီး ဆက်စပ်တွေးစရာများ ရှိလာသည်။ လက်မခံဘဲ ယင်းအတိုင်း ဆက်လက်ဆက်ဆံနေပါကလည်း အဖြေမထွက်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရုံကလွဲ၍ အနာဂတ်လမ်းမှာ မှုန်ဝါးနေသေးသည်။

ထို့ကြောင့် ALP သည် စစ်ကောင်စီမှ ကမ်းလှမ်းထားသည့် အဆိုပါနယ်ခြားစောင့်တပ်အဆင့်ကို သဘောတူ လက်ခံလိုက်လျှင် ထိပ်တိုက်တွေ့ရမည်မှာ လက်ရှိသြဇာကြီးထွားနေသည့် AA ရှိနေသေးသည်။ ယခင်ကလည်း စစ်ခေါင်းဆောင်များသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခွဲထွက်ခဲ့သူ၊ သို့မဟုတ် အချင်းချင်း ပဋိပက္ခရှိသည့်အဖွဲ့များကို ကြားဝင်ကာ ပြန်တိုက်ခြင်း၊ ကျောထောက်နောက်ခံ အကူအညီများ ပေးခြင်းတို့ရှိခဲ့သည်။

အကျိုးသက်ရောက်မှု

လက်ရှိတွင် AA သည် စစ်ကောင်စီဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လုံးဝလက်ခံဘဲ ၎င်းတို့၏ လမ်းစဉ်အတိုင်း အာဏာသိမ်းမှုကို လုံးဝဆန့်ကျင်ကာ အခြားတဘက်၌ရှိနေသည်။ ယင်းအပြင် ရခိုင်တွင် ကျေးလက်နှင့် မြို့ပြမကျန် တရားစီရင်ရေးတို့ကို ထိုးဖောက်လုပ်ဆောင်နေကာ ပြည်သူများကလည်း ယုံကြည်အားကိုးနေသည်။ ယင်းကြောင့် စစ်ကောင်စီ၏တရားရုံးများ အလုပ်မလုပ်နိုင်တော့သည်အထိ ရှိလာသဖြင့် စစ်ကောင်စီက AA ကိုထိန်းချုပ်ရန် စဉ်းစားလာပုံပေါ်သည်။

စစ်ကောင်စီနှင့်ငြိမ်းရေးဆွေးနွေးနေသည့်အပေါ် ALP ကို ရခိုင်ပြည်သူများကြား ဝေဖန်သံများထွက်ပေါ်နေပြီး ရခိုင်အရပ်ဘက်အဖွဲ့တချို့ကလည်း ကန့်ကွက်ထားသည်။ ယင်းကြောင့် ပြည်သူထောက်ခံမှုမရှိသော်လည်း ALP မှာ ၎င်းတို့သွားရာလမ်းအတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆွေးနွေးနေခြင်းဖြစ်သည်။ ထိုသို့ ဆန့်ကျင်ဘက်ဖြစ်နေသည့် ရခိုင်တော်လှန်ရေးသဘောတရားများကို အခြားတဘက်မှ စစ်ကောင်စီက ကြားဝင်ဖြိုခွင်းဖို့ နယ်ခြားစောင့်တပ် ဗျူဟာခင်းနေသည့် သဘောမြင်ရသည်။

အချုပ်အားဖြင့် ALP အား နယ်ခြားစောင့်အဖြစ်ရှိစေဖို့ စစ်ကောင်စီ၏ကစားကွက်တွင် ကာယကံရှင် ALP ၏ ရပ်တည်ချက်မှာ စိန်ခေါ်မှုများစွာရှိနေဦးမည်ပင်။ မည်သို့ပင်ဆိုစေကာမူ စစ်ကောင်စီ၏ နယ်ခြားစောင့်တပ် အိမ်မက်၊ ALP ၏ ရှေ့လုပ်ငန်းစဉ်၊ AA နှင့်ထိပ်တိုက်တွေ့ဆုံလာမည်လားဆိုသည်မှာ စိတ်ဝင်စားစရာများစွာဖြင့် ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

မောင်ထွန်းကြိုင် - ရေးသည်။

ဗီဒီယိုများ