စစ်ရေးကျယ်လာသည့် ရခိုင်ပြည်နယ်

ရက္ခိုင့်တပ်မတော်(AA) နှင့် ပတ်သက်ပြီး လူအများစိတ်ဝင်စားနေသည့် အချက်တစ်ခုမှာ Arakan Dream ၂၀၂၀ ဟု လူသိများသည့် “ရခိုင့်အိပ်မက်” ဟူသည့် စကားဖြစ်သည်။ ယင်းသည် ရခိုင်လူထုထံသို့ AA က တပ်လှန့်သံတစ်ခု ပေးထားခြင်းဟုဆိုသည်။ သို့သော် ယင်းသို့ပြောကြားချက်သည် ရခိုင်ပြည်ကို ၂၀၂၀ ခုနှစ်တွင် ပြည်သိမ်းတိုက်ပွဲ ဆင်နွှဲသွားမည်ဟု ပြောဆိုခြင်းမဟုတ်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၂၀၁၇ ခုနှစ်က ပြည်သူလူထုသို့ ရှင်းလင်းချက်တွင် အခိုင်အမာ ပြောဆိုထားသည်။

By နေမျိုးမင်း 21 Dec 2018

(ရက္ခိုင့်တပ်မတော်(AA) မှ စစ်သည်တော်တချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - AA)

နေမျိူးလင်း / DMG

“ ဒီနေ့အချိန်ခါ ဘယ်လိုပဲပြောပြော ရက္ခိုင့်တပ်မတော်ဟာ ဘယ်သူလက်ခံခံ၊ မခံခံ နဂိုကျွန်တော်တို့မှာ သန္နိဌာန်ချပြီးသားဖြစ်တဲ့အတိုင်း ရက္ခိုင့်တပ်မတော်ဟာ ရခိုင်ပြည်ကို အရောက်ချီတက်လာပြီဖြစ်တယ် ”

အထက်ပါစကားမှာ ရက္ခိုင့်တပ်မတော်(AA) စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က  ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပြည်သူလူထုကို ရှင်းလင်းပြောကြားခဲ့သည့် စကားဖြစ်သည်။ ရခိုင်အမျိုးသား လွတ်မြောက်ရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်း ဆုံးဖြတ်ပိုင်ခွင့်ရရှိရေး၊ ရခိုင်အမျိုးသားကံကြမ္မာနှင့် ရခိုင်အမျိုးသားသယံဇာတကို ရခိုင်လူမျိုးများ လက်ဖြင့် ဖန်တီးနိုင်ရေးအတွက် တောင်းဆိုတိုက်ပွဲဝင်သွားမည်ဟု ရက္ခိုင့်တပ်မတော်က ဆိုထားသည်။

ရက္ခိုင့်တပ်မတော်(AA)ကို ၂၀၀၉ ခုနှစ်က ကချင်ပြည်နယ် KIA ဌာနချုပ် လိုင်ဇာတွင် စတင်တည်ထောင်ခဲ့ သည်။ AA စစ်ဦးစီးချုပ်မှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဖြစ်ပြီး ဒုတိယ စစ်ဦးစီးချုပ်မှာ ဒေါက်တာ ညိုထွန်းအောင် ဖြစ်သည်။ AA သည် ၂၀၁၄ ခုနှစ်အတွင်းက ကျောက်ဖြူမြို့တွင် ပြုလုပ်ခဲ့သည့် ရခိုင်အမျိုးသားညီလာခံသို့ တက်ရောက်ခွင့် ရရှိခဲ့ပြီးနောက် လူသိများလာပြီး လူထုထောက်ခံမှုလည်း ရရှိလာသည်။ လက်ရှိတွင် စစ်သည်အင်အား ၃၅၀၀ ခန့်ရှိသည်ဟု ရခိုင့်နိုင်ငံရေး လေ့လာသုံးသပ်သူများက ခန့်မှန်းကြသည်။

AA သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ရှမ်းပြည်မြောက်ပိုင်းတွင် တအောင်းပလောင် လက်နက်ကိုင်တပ်ဖွဲ့ (TNLA) ၊ ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(MNDAA) တို့နှင့်အတူ စစ်ရေးလှုပ်ရှားမှုတို့တွင် ပါဝင်လှုပ်ရှားခဲ့သည်။ ၂၀၁၅ ခုနှစ်က စတင်ကာ AA သည် ရခိုင်ပြည်တွင်းကို ထိုးဖောက်ဝင်ရောက်လာပြီး တပ်မတော်နှင့် ထိပ်တိုက်ထိတွေ့မှုများ ရှိခဲ့သည်။

အစိုးရသစ်လက်ထက် တိုက်ပွဲဖြစ်ပွားမှု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရတက်လာပြီး ကာလအနည်းငယ်အကြာ ၂၀၁၆ ခုနှစ် ဧပြီလအတွင်း တွင် ရက္ခိုင့်တပ်မတော်(AA)နှင့် မြန်မာ့တပ်မတော်တို့ကြား ပုဏ္ဏားကျွန်းမြို့နယ်၊ ဘူးသီးတောင်၊ ရသေ့တောင် နှင့် ကျောက်တော်မြို့နယ်များတွင် တိုက်ပွဲများပြင်းထန်ခဲ့သည်။ တိုက်ပွဲများကြောင့် ထောင်နှင့်ချီသည့် ပြည်သူများ စစ်ဘေးရှောင်ဘဝ ရောက်ခဲ့ကြသည်။ ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုများသည် ရပ်တန့်မသွားဘဲ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။

၂၀၁၇ ဩဂုတ်လ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် တပ်မတော်ဘက်က အရာရှိ/ စစ်သည်အချို့ ကျဆုံးမှုရှိခဲ့သည်။ ယင်းအပေါ် တပ်မတော်က “ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အား တပ်မတော်မှ ပြင်းထန်စွာ ပြစ်တင်ရှုံ့ချသည့်အပြင် ထိရောက်စွာ လက်တုံ့ပြန် တိုက်ခိုက်ချေမှုန်းသွားမည်” ဟု သဘောထားထုတ်ပြန်ခဲ့သည်။

တပ်မတော်နှင့် AA တို့ကြား တိုက်ပွဲဖြစ်ပွားမှုမှာ ယခုနှစ်အတွင်း နိုဝင်ဘာလနှင့် ဒီဇင်ဘာတို့တွင် စစ်ရေးကျယ် လာသည်။ ဒီဇင်ဘာ ၃ ရက်တွင် နယ်မြေရှင်းလင်းလျက်ရှိသည့် တပ်မတော်လှုပ်ရှားစစ်ကြောင်း တစ်ကြောင်းနှင့် ရက္ခိုင့်တပ်မတော်(AA)တို့ကြား  မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲအတွင်း AA ဘက်က လေးဦးကျဆုံးခဲ့ပြီး တပ်မတော်ဘက်က အရာရှိ ၊ စစ်သည်အချို့ ကျဆုံး၊ ဒဏ်ရာရရှိခဲ့သည်ဟု တပ်မတော်ကထုတ်ပြန်ခဲ့သည်။

AA အပေါ် တပ်မတော်သဘောထား

တပ်မတော်အနေဖြင့် ရက္ခိုင့်တပ်မတော်(AA)ကို “အကြမ်းဖက်သောင်းကျန်းသူများ”ဟု သဘောထားပြီး အမြစ်ပြတ်ချေမှုန်းမည်ဟု အတိအလင်း ထုတ်ပြန်ထားသည်။ ယင်းအပြင်  “လက်နက်စွန့်ရမည်”ဟူ၍လည်း ပြောဆိုထားသည်။ ထိုသို့ပြောဆိုမှုများကို ရက္ခိုင့်တပ်မတော်(AA) အနေဖြင့် သဘောမတူပေ။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ခွဲခြားကန့်သတ်ချန်လှပ်ခြင်း၊ နိုင်ငံရေးပြဿနာ ပြေလည်မှုမရရှိဘဲ လက်နက်စွန့်ခိုင်းခြင်းတို့သည် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းတို့ကို မည်သို့မျှ မပြုလုပ်နိုင်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့က ၂၀၁၆ ခုနှစ်က ထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်မတော်(AA)သည် TNLA၊ MMDAA တို့နှင့် မဟာမိတ်ဖွဲ့စည်းထားပြီး မြောက်ပိုင်းလက်နက်ကိုင်တပ်ဖွဲ့ ဆိုပြီး လူသိများကြသည်။ ၎င်းတို့တပ်ဖွဲ့သည်  တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားခြင်း မရှိပေ။ AA အပါအဝင် မြောက်ပိုင်းလက်နက်ကိုင် UWSA ၊ KIO ၊ SSPP/SSA ၊ NDDA ၊ MNDD ၊TNLA တို့ဖြင့် ဖွဲ့စည်းထားသည့်  ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးမှုကော်မတီ (FPNCC)ကမူ မြန်မာအစိုးရ စီစဉ်သည့် NCA ကို ငြင်းဆန်ပြီး “ဝ”အဖွဲ့ ဦးဆောင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အသစ်ကိုသာ စွဲကိုင်မည်ဟု ကြေငြာထားသည်။

AA နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေးဆွေးနွေးမှု

AA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့သည် ပြီးခဲ့သည့် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အလွတ်သဘော တွေ့ဆုံခွင့်ရခဲ့သည်။ ထို့ပြင် တတိယအကြိမ် ၂၁ ရာစု ပင်လုံအစည်းအဝေးသို့လည်း တက်ရောက်ခဲ့ကြသည်။

ယင်းနောက်ပိုင်းတွင် အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် TNLA ၊ AA ၊ MNDAA တို့ တရုတ်နိုင်ငံ ကူးမင်းမြို့တွင် ငြိမ်းချမ်းရေးကိစ္စတို့ကို တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ နိုင်ငံတွင်းဖြစ်ပျက်နေသည့် နိုင်ငံရေးပြဿနာများ၊ ယင်းပြဿနာများ၏ နောက်ဆက်တွဲပြဿနာ၊ လက်ရှိ အဖြစ်အပျက်များကို အတူတကွ စုပေါင်းဖြေရှင်းနိုင်ရန် နှစ်ဖက်စဉ်းစားမှုများကြောင့် တွေ့ဖြစ်ခြင်းဟု AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က အောက်တိုဘာ ပထမပတ်က DMG ကို ပြောဆိုထားသည်။

တပ်မတော်နှင့် AA တို့ကြား ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားနေစဉ် ကာလအတွင်း ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် AA ၊TNLA ၊MNDAA တို့ထံက ထူးခြားသည့် အသံတစ်ခု ထွက်ပေါ် လာသည်။ သူတို့အနေဖြင့် နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်အတူ လက်ရှိဖြစ်ပွားနေသော စစ်ရေးပဋိပက္ခနှင့် နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ဖြေရှင်းနိုင်ရန်ဆန္ဒရှိကြောင်း တရုတ်နိုင်ငံတွင် အစိုးရငြိမ်းချမ်း ရေးကော်မရှင်နှင့် ဆွေးနွေးပြီးနောက် ကြေငြာချက် ထုတ်ပြန်ခြင်းပင်ဖြစ်သည်။  

စစ်ရေးနည်းလမ်းဖြင့် နိုင်ငံရေးပြဿနာကို အကျေအလည်ဖြေရှင်းရန် မဖြစ်နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ နှစ်ပေါင်း (၇၀)ကျော် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများက သက်သေပြခဲ့ပြီဟု သူတို့က ဆိုထားသည်။ ယင်းကြောင့် ငြိမ်းချမ်းရေးအား ဆောလျင်စွာဖော်ဆောင်နိုင်ရန်နှင့် ကောင်းမွန်သော ငြိမ်းချမ်းရေး အခင်းအကျင်းကို ဖန်တီးနိုင်ရန်အတွက် စစ်ရေးဆိုင်ရာ ဆောင်ရွက်မှုများကို ဦးစွာရပ်တန့်ပြီး စစ်ရေးနည်းလမ်းမှအပ နိုင်ငံရေးအရ ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း သူတို့(၃)ဖွဲ့က ဆိုကြသည်။ သူတို့အနေဖြင့် နိုင်ငံရေးနည်းလမ်းဖြင့်  အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဆက်လက်ပါဝင်သွားမည်ဟု ကြေငြာထားသည်။

ယင်းသို့ သူတို့သုံးဖွဲ့၏ သဘောထားကို ငြိမ်းချမ်းရေးကော်မရှင်က ကြိုဆိုထောက်ခံသည်။ သူတို့သုံးဖွဲ့အား နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (Bilateral Ceasefire Agreement) ရရှိရေးကိစ္စနှင့် နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးနိုင်ရေးကိစ္စများကို ဆက်လက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မည်ဟု ငြိမ်းချမ်းရေးကော်မရှင်က ထုတ်ပြန်ထားသည်။   

သို့သော် တစ်ဖက်မှာလည်း မြန်မာ့တပ်မတော်ဖက်က စစ်ပွဲများချုပ်ငြိမ်းစေရန် ဆောင်ရွက်မည်ဟု AA ၊ TNLA ၊ MNDAA တို့ မျှော်လင့်ထားကြသည်။

Arakan Dream 2020 ဆိုတာ ဘာလဲ

ရက္ခိုင့်တပ်မတော်(AA) နှင့် ပတ်သက်ပြီး လူအများစိတ်ဝင်စားနေသည့် အချက်တစ်ခုမှာ Arakan Dream ၂၀၂၀ ဟု လူသိများသည့် “ရခိုင့်အိပ်မက်” ဟူသည့် စကားဖြစ်သည်။ ယင်းသည် ရခိုင်လူထုထံသို့ AA က တပ်လှန့်သံတစ်ခု ပေးထားခြင်းဟုဆိုသည်။ သို့သော် ယင်းသို့ပြောကြားချက်သည် ရခိုင်ပြည်ကို ၂၀၂၀ ခုနှစ်တွင် ပြည်သိမ်းတိုက်ပွဲ ဆင်နွှဲသွားမည်ဟု ပြောဆိုခြင်းမဟုတ်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၂၀၁၇ ခုနှစ်က ပြည်သူလူထုသို့ ရှင်းလင်းချက်တွင် အခိုင်အမာ ပြောဆိုထားသည်။

တစ်ချို့လူများက ၂၀၂၀ တွင် ရက္ခိုင့်တပ်မတော်အနေဖြင့် ရခိုင်ပြည်ကို သိမ်းပစ်မည်ဟု ပြောဆိုနေခြင်းနှင့် ပတ်သက်ပြီး “ တစ်ချို့လူတွေက ၂၀၂၀ မှာ ရက္ခိုင့်တပ်မတော်ဟာ ရခိုင်ပြည်သိမ်းတိုက်ပွဲ ဆင်နွဲှမယ်။ ဒီလိုမျိုး အဓိပ္ပာယ်ကောက်နေတာတွေကို တွေ့ရပါတယ်” ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သွားပေါ်အောင်ရယ်လျက် ရုပ်သံမှတစ်ဆင့် ပြောကြားခဲ့သည်။

“ တိုင်းပြည်တစ်ပြည်ကို ပြည်သိမ်းတိုက်ပွဲ ဆင်နွဲှတာထက် ပိုလို့အခြေခံကျတာဟာ ရခိုင်လူမျိုးတွေဟာ နိုင်ငံရေးအသိစိတ်တွေ အမျိုးသားရေး ခံယူချက်တွေနဲ့ ကိုယ့်တိုင်းပြည်ကို ဘယ်လိုပိုလို့ခိုင်မာအောင် တည်ဆောက်မှာလဲ။ လိုအပ်တဲ့အဆင့်တိုင်းမှာ ကိုယ်ကျရာနေရာက တာဝန်ယူသွားဖို့က ပိုလို့ အရေးကြီးပါတယ်။ ဒါကြောင့် ARAKAN DREAM ၂၀၂၀  ဆိုတာ ရက္ခိတအိပ်မက်ကို စတင်ပြီးတော့ အမျိုးသားရေး လှုပ်ရှားမှုအသွင်နဲ့ အချင်းချင်းချိတ်ဆက်ပြီး စနစ်တကျ ပီပြင်အောင်ပုံဖော်ထုဆစ်လာဖို့အတွက် တပ်လှန့်နှိုး ဆော်သံတစ်ခုအနေနဲ့ ကျွန်တော်တို့က တိုက်တွန်းနေခြင်းဖြစ်ပါတယ်” ဟု၎င်းက ဆိုသည်။

လက်ရှိတွင် AA ဘက်ကလည်း ရခိုင်ပြည်နယ်အတွင်းတွင် ခြေကုပ်ယူရန် ကြိုးစားနေပြီး တပ်မတော်ဘက်ကလည်း တားဆီးသဖြင့် တိုက်ပွဲဖြစ်ပွားမှုအရှိန်သည် မြင့်မားလျက်ရှိသည်။ ယခု ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တို့က ဒေသခံများမှာ ဘေးလွတ်ရာနေရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ထွက်ပြေးလာသူများ၏ အဆိုအရ လက်နက်ကြီးသံများကို ကြားရ၍ ကြောက်လန့်ပြီး ထွက်ပြေးလာခြင်းဟု ဆိုသည်။

ပွင့်လင်းရာသီရောက်လျှင် မြန်မာ့တပ်မတော်အနေဖြင့် တိုင်းရင်းသားဒေသများ၌ ထိုးစစ်များကို အကြီးအကျယ် ပြုလုပ်လေ့ရှိသည်။ ထို့အပြင် လူအင်အား၊ လက်နက်အင်အားများကို ထပ်မံဖြည့်တင်းနေသည့်အပြင် စစ်ရေးလှုပ်ရှားမှုများကိုလည်း ထပ်မံလုပ်ဆောင်နေသောကြောင့် နောက်ရက်များတွင်လည်း တိုက်ပွဲများဆက်လက် ဖြစ်ပွားလာနိုင်ဖွယ်ရှိသည်ဟု AA ၏ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

စစ်ပွဲများအမြန်ဆုံးရပ်တန့်ပြီး ဒေသတည်ငြိမ်းအေးချမ်းမှု၊ ငြိမ်းချမ်းမှုကို  ပြည်သူလူထုများက မျှော်လင့်ချက်များစွာဖြင့် ရှိနေသည်။

နေမျိုးလင်း

ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၁၈ ခုနှစ်။

Development Media Group

ဤဆောင်းပါးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ထုတ် Development News Journal, Issue 99 တွင်လည်း ဖတ်ရှုနိုင်သည်။

 

ဗီဒီယိုများ