စရဖတပ်ကြပ် ဖိုးလုံးသေဆုံးမှုကြောင့် ကိုးဦးမြောက် ဖမ်းဆီးခံရသူ ကိုရဲဇော်

ကိုရဲဇော်ကို ဖိုးလုံး၏ ဇနီးဖြစ်သူ ဒေါ်မွှေးဇာနည်အောင်က တရားလိုလုပ် တိုင်တန်းသောကြောင့် စစ်တွေမြို့ အမှတ်(၂) ရဲစခန်းတွင် (ပ) ၉၀/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားသည်။ လက်ရှိတွင် သူ့အမှုကို မှုခင်းတပ်ဖွဲ့ (CID) က စစ်ဆေးလျက်ရှိသည်ဟု အမှတ် (၂) ရဲစခန်းက သိရသည်။

03 Jan 2019

Written by - ခိုင်ရိုးလ / DMG

စက်တင်ဘာလ ၂၅ ရက်နေ့ ၊ ညနေပိုင်းမှာ  စစ်ဘက်ရေးရာလုံခြုံရေးတပ်(စရဖ)က တပ်ကြပ် ဝင်းထိုက်(ခေါ်)ဖိုးလုံးသည် သူ၏မိသားစုနှင့်အတူ စစ်တွေမြို့၊ ဝင်္ကဘာကွင်းတွင် ကျင်းပနေသည့် ဈေးပွဲတော်သို့ ရောက်ရှိလာသည်။  ဈေးပွဲတော်က အပြန်မှာ အမည်မသိ သေနတ်သမားတစ်ဦးက ဖိုးလုံးကို အနီးကပ် လုပ်ကြံလိုက်သောကြောင့် သေနတ်ဒဏ်ရာနှင့် ဆေးရုံမရောက်မီမှာပင်  သေဆုံးသွားခဲ့သည်။

ဖိုးလုံးသေဆုံးမှုကြောင့် ရဲတပ်ဖွဲ့လည်း စစ်တွေမြို့တွင်းမှာ လုံခြုံရေးတိုးမြှင့် ချထားလိုက်သည်။ စုံစမ်းစစ်ဆေးမှုများလည်း လုပ်ကြသည်။ ဖိုးလုံးသေဆုံးမှုနှင့် ပတ်သတ်ပြီး သံသယရှိသူများကို ရဲစခန်းကို ခေါ်ယူစစ်ဆေးကြသည်။

ဖိုးလုံးသေဆုံးမှုနှင့် ပတ်သက်ပြီး  စစ်တွေမြို့ အမှတ်(၂) ရဲစခန်းမှာ လူ(၈)ဦးကို ကနဦးဖမ်းဆီး စစ်ဆေးခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ကိုရဲဇော်ကို ဒီဇင်ဘာလ (၁၅)ရက်နေ့က ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပရာ ရန်ကုန်တိုင်းရင်းသားကျေးရွာမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး (၉)ဦးမြောက် ဖမ်းဆီးခံရသူ ဖြစ်လာသည်။

ပထမဆုံး စစ်ဆေးခံရသည့် အဝေးသင်ကျောင်းသားနှစ်ဦး

ဖိုးလုံးသေဆုံးပြီး နောက်တစ်နေ့(စက်တင်ဘာလ ၂၆ ရက်နေ့)မှာ သံသယရှိသည်ဟုဆိုကာ  စစ်တွေတက္ကသိုလ်မှာ ကျောင်းတက်နေကြသည့်  ဘူးသီးတောင်မြို့နယ်က ကိုအောင်ချေ(ခေါ်) ကိုအောင်ဇော်လင်းနှင့် ပေါက်တောမြို့နယ်က ကိုခိုင်ဘိုဘို(ခ)ကိုခိုင်သော်တို့ကို အမှတ်(၂)ရဲစခန်းမှာ ခေါ်ယူပြီး စစ်ဆေးခဲ့သည်။ သူတို့နှစ်ဦးကို နံနက် ၁၀ နာရီ ၄၅ မိနစ်မှ နေ့လည် ၁ နာရီ ၁၅ မိနစ် အထိ စစ်ဆေးခဲ့ပြီး ပြန်လွှတ်ပေးလိုက်သည်။

ဖိုးလုံးသေဆုံးမှု ဖြစ်ပွားခဲ့သည့် အချိန်တွင် ကိုအောင်ချေသည် အိမ်မှာရှိနေပြီး ဖိုးလုံးသေဆုံးသည့်  သတင်းကြောင့် ဆေးရုံကိုသွားခဲ့ကြောင်း စစ်ဆေးခံရပြီး မိနစ်ပိုင်းအကြာမှာ DMG ကို ပြောပြခဲ့သည်။

“ကျနော်တို့ကို ခေါ်ယူမေးမြန်းပါတယ်။ ဖိုးလုံးနဲ့ ဘယ်လိုပတ်သက်သလဲ၊ ဖုန်းနဲ့ အဆက်အသွယ်ရှိလား။ မနေ့ ကပွဲ(ဈေးပွဲတော်)ကို သွားသေးလား မေးတယ်” ဟု ကိုအောင်ချေက ဆိုသည်။

 ပထမဆုံးစစ်ဆေးခံရသူအဖမ်းခံရ

ဖိုးလုံးသေမှုနှင့် ပတ်သက်ပြီး သံသယနှင့် စစ်ဆေးခံရသူ ကိုအောင်ချေကို အောက်တိုဘာလ ၉ ရက်နေ့က စစ်တွေတက္ကသိုလ်က စာမေးပွဲဖြေဆိုပြီး ကျောင်းဆင်းလာသည့် အချိန်မှာ စစ်တွေမြို့၊ မီးစက်ကြီးခွဆုံမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ သူ့ကို မြို့နယ်တရားရုံးမှာ အောက်တိုဘာလ ၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ရမန်ယူပြီး (ပ)၉၀/ ၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နှင့် အမှုဖွင့်ပြီး စစ်တွေမြို့မရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။

ရဲတပ်ဖွဲ့က သူ့ကို ဖိုးလုံးသေဆုံးမှုနှင့် ပတ်သတ်ပြီး ရရှိထားသည့် သတင်းအချက်အလက်အရ စစ်ဆေးရန် ဖမ်းဆီးထားခြင်းဟု ကနဦးတွင် ဆိုသည်။

“ဥပဒေနဲ့အညီ ဆောင်ရွက်နေတယ်။ ငါတို့ဘက်က ဥပဒေမဲ့ဘာမှ မလုပ်ဘူး” ဟု စစ်တွေ အမှတ် (၂) ရဲစခန်းမှ စခန်းမှူး အေးကျော်က ပြောကြားခဲ့သည်။

ကိုအောင်ချေသည်  ဘူးသီးတောင်မြို့ကဖြစ်ပြီး မောင်တောဒေသ အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း ဒုက္ခရောက်နေသူများကို စာရေးဆရာ ဝေဟင်အောင်နှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သူတစ်ဦး ဖြစ်သည်။ စာရေးဆရာ ဝေဟင်အောင်မှာ  ၂၀၁၇ ခုနှစ် ဇန်နဝါရီလက ရသေ့တောင် မြို့နယ်မှာ ကျင်းပသည့် ရခိုင့်နိုင်ငံတော် အချုပ်အခြာအာဏာကျရှုံးခြင်း အထိမ်းအမှတ် စာပေဟောပြောပွဲမှာ ဟောပြောခဲ့သည့် အချက်များကြောင့် နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နှင့် မတရားအသင်းနှင့်ဆက်သွယ်မှု ၁၇(၁) တို့ဖြင့် တရားစွဲဆိုခြင်းခံရပြီး စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရသူဖြစ်သည်။

ကိုအောင်ချေကို ဖိုးလုံးသေဆုံးမှုနှင့်ပတ်သက်ပြီး ပထမဆုံးအကြိမ် စစ်ဆေးခဲ့စဉ်က  စာရေးဆရာ ဝေဟင်အောင်နှင့် ဆက်သွယ်မှု အပိုင်းများကိုလည်း ရဲတပ်ဖွဲ့က မေးမြန်းခဲ့သည်ဟုဆိုသည်။

ယင်းအပြင်  ကိုအောင်ချေမှာ ရခိုင်လူငယ်ညီလာခံ (AYC) ဘူးသီးတောင်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ AYC ကို ရခိုင်ပြည်နယ်၏ အခြေအနေအရပ်ရပ်မှာ ရခိုင်လူငယ်များ ပိုမိုပူးပေါင်းပါဝင်ရန် လိုအပ်သည့်အတွက် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က မြို့နယ်တိုင်းက ရခိုင်လူငယ်များ ပါဝင်ပြီး ဖွဲ့စည်းထားခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့က ဖိုးလုံးသေဆုံးမှုနှင့် ပတ်သက်ပြီး သတင်းအချက်အလက်အရ ဖမ်းဆီးသည်ဟု ဆိုသော်လည်း ရခိုင်လူငယ်များကမူ ယခုကဲ့သို့ လူမှုရေး၊ နိုင်ငံရေးပိုင်း ဆိုင်ရာများမှာ တက်ကြွလှုပ်ရှားနေသည့် လူငယ်များကို ဖမ်းဆီးခြင်းကို သဘောမတူကြပေ။

“လက်ရှိရခိုင်မှာ လူမှုရေး၊ နိုင်ငံရေးပိုင်းဆိုင်ရာ တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေကို သံသယနဲ့ ဖမ်းဆီးနေခြင်းဟာ ရခိုင်ရေးရာလုပ်ငန်းတွေကို မလုပ်ရဲအောင်၊  တွန်းပို့နေတယ်လို့ ယူဆရ ပါတယ်။ တခြားနိုင်ငံမှာ  လူငယ်တွေရဲ့ လုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးနေပြီး အခုရခိုင်မှာက တက်ကြွတဲ့လူ ငယ်တွေကို ဖိနှိပ်နေတယ်လို့ ထင်မြင်မိတယ်” ဟု ရခိုင်လူငယ်တစ်ဦးဖြစ်သည့်  ကိုမျိုးဆန်းအောင်က ပြောကြားခဲ့သည်။

ရခိုင်အမျိုးသားပါတီက လူငယ်ဖမ်းဆီးခံရ

ဖိုးလုံးသေဆုံးမှုနှင့် ပတ်သက်ပြီး ကိုအောင်ချေကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည့်အခါ လူငယ်များကို ဖိနှိပ်နေသည်ဟုဆိုကာ လူထုက ဝေဖန်ခဲ့ကြသည်။ ယင်းသို့ဝေဖန်ပြီး နောက်တစ်နေ့ (အောက်တိုဘာလ ၁၀ ရက်နေ့)မှာ ရခိုင်အမျိုးသားပါတီက လူငယ်တစ်ဦးဖြစ်သည့် ကိုဇော်ဝင်း(ခ) ကိုမေယုထွန်းကို စစ်တွေမြို့ လောကာနန္ဒာစေတီအနီးရှိ Arakan CSO Network ရုံးမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။  သူ့ကိုလည်း သတင်းအချက်အလက်အရ စစ်ဆေးရန် ဖမ်းဆီးခြင်းဟု စခန်းမှူး အေးကျော်က ဆိုသည်။

ကိုမေယုထွန်းမှာ ဖိုးလုံးမသေဆုံးမီ စက်တင်ဘာလ ၂၃ ရက်နေ့က ရသေ့တောင်မြို့နယ်မှာ ရခိုင်အမျိုးသား ပါတီ၏  ကြားဖြတ်ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ်မှာ လိုက်ပါနေသူတစ်ဦး ဖြစ်သည်။  ဖိုးလုံးသေဆုံးသည့်နေ့မှာ ရသေ့တောင်မြို့နယ် ကံပြင်ကျေးရွာမှာ ပြည်နယ်လွှတ်တော်အမတ် ဦးအောင်ဝင်းနှင့် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောေ၀ တို့နှင့်အတူ ရှိနေသည်။ စစ်တွေမြို့ကို ၂၆ ရက်နေ့မှသာ ရောက်ရှိသည်ဟု ရခိုင်အမျိုးသားပါတီက လူငယ်တစ်ဦးဖြစ်သည့် ကိုခိုင်မိုးထွန်းက ပြောသည်။

ကိုမေယုထွန်းသည်  စစ်တွေမြို့မှာ ရခိုင်တံဆိပ်အင်္ကျီများ၊ အမှတ်တရပစ္စည်းများ ရောင်းချနေခြင်းဖြစ်သည်။ ယင်းအပြင် သူသည်  ရခိုင်အမျိုးသားပါတီမှာ ပါတီလုပ်ငန်းစဉ်များကို ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးလည်း ဖြစ်သည်။ AYC ညီလာခံမှာလည်း အထူးဖိတ်ကြားသူအဖြစ် တက်ရောက်ခဲ့သူ တစ်ဦးဖြစ်သည်။

AYC လူငယ်တစ်ဦး ဖမ်းဆီးခံရပြီ

အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပေါက်တောမြို့နယ်က လူငယ်တစ်ဦးဖြစ်သည့်  ခိုင်ဘိုဘို(ခ) ကိုခိုင်သော် သည်   ဖိုးလုံးသေဆုံးမှုနှင့် ပတ်သက်ပြီး ပေါက်တောမြို့မှာ ထပ်မံ ဖမ်းဆီးခံလိုက်ရပြန်သည်။

“သူ့ကို ပေါက်တောမြို့ လမ်းမထက်မှာ မေးမြန်းစရာရှိတယ်ဆိုပြီး ည နေပိုင်း ၅ နာရီလောက် ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတာပါ။ ဘာကိစ္စနဲ့ ဖမ်းတယ်လို့ တိတိကျကျ မပြောခဲ့ဘူး။ ပြည်နယ်ရဲမှူးကြီးက ထိန်းသိမ်းထားဆိုလို့ လာရောက်ဖမ်းဆီးတာလို့ ပြောခဲ့တယ်” ဟု ကို ခိုင်ဘိုဘို၏ ဖခင် ဦးထွန်းသာအောင်က ပြောသည်။

သူသည် စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း ကိုအောင်ချေနှင့်အတူ စစ်ဆေးမေးမြန်းခြင်းခံခဲ့ရသူ ဖြစ်သည်။

ကိုခိုင်ဘိုဘိုသည် စစ်တွေတက္ကသိုလ် သမိုင်းအဓိကနောက်ဆုံးနှစ် ကျောင်းသားတစ်ဦးဖြစ်ပြီး စစ်တွေမြို့မှာ ကျောင်းတက်နေသည်။ ဖိုးလုံးသေဆုံးသည့်နေ့က စစ်တွေမြို့ ကမ်းနားလမ်းမှာ ည ၁၁ နာ ရီအထိ သူငယ်ချင်းများနှင့်အတူ ရှိနေသည်ဟု သူ့ဖခင်က ပြောသည်။

သူသည် ရခိုင်လူငယ်ညီလာခံ ပေါက်တောမြို့နယ် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး လူမှုရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သည်။ တစ်ခါတစ်ရံတွင် သူအား စာရေးဆရာဝေဟင်အောင် ရုံးချိန်းများမှာ  ကိုအောင်ချေနှင့်အတူ ဝန်းရံရန် သွားရောက်ခြင်းကိုလည်း တွေ့မြင်ရသည်။

ဖိုးလုံးသေနတ်ပစ်ခံရမှုနှင့် ပတ်သတ်ပြီး ကိုအောင်ချေတို့ကို မဖမ်းဆီးခင်က စစ်တွေဒေသခံ ၃ ဦးနှင့် ရန်ကုန်က ၂ ဦး ဖမ်းဆီးခံခဲ့ရသည်။ သူတို့နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိပေ။

ကိုအောင်ချေ၊ ကိုမေယုထွန်း နှင့် ကိုခိုင်ဘိုဘိုတို့ကို နိုဝင်ဘာလ ၅ ရက်နေ့တွင် စစ်တွေမြို့မရဲစခန်းမှ အာမခံဖြင့် ပြန်လွှတ်ပေးလိုက်ပြီဖြစ်သည်။

ကိုးဦးမြောက် ဖမ်းဆီးခံရသူကိုရဲဇော်

ဖိုးလုံးသေဆုံးမှုနှင့်ပတ်သက်ပြီး ကိုးဦးမြောက် ဖမ်းဆီးခံရသူမှာ ရခိုင်အမျိုးသားပါတီ (ANP)၏ ရန်ကုန်တိုင်း လူငယ်အဖွဲ့ဝင်၊ AYC အဖွဲ့ဝင်၊ ပရဟိတ လူမှုရေးကိစ္စရပ်များတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားသူ ကိုရဲဇော် ဖြစ်လာသည်။

ကိုရဲဇော်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့ ရန်ကုန်တိုင်း၊ တိုင်းရင်းသားကျေးရွာတွင် ကျင်းပပြုလုပ်နေသည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနားတွင်  ရဲတပ်ဖွဲ့က ဖမ်းဆီးခြင်းဖြစ်သည်။ သူ့ကို ဖမ်းဆီးပြီးနောက် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် စစ်ဆေးရန်အတွက် စစ်တွေသို့ လွဲှပြောင်းခဲ့သည်။ လက်ရှိ စစ်တွေ အမှတ်(၁)ရဲစခန်းတွင် ထိန်းသိမ်းထားသည်။

ကိုရဲဇော်သည် ဖိုးလုံးသေဆုံးသည့်နေ့က စစ်တွေတွင် မရှိဟု သူ၏သူငယ်ချင်းများက ဆိုကြသည်။ သူသည် ယင်းနေ့တွင် ရန်ကုန်တွင် ရှိနေခဲ့ခြင်းဖြစ်ပြီး ယင်းအမှုနှင့် မသက်ဆိုင်ဘဲ ဖမ်းဆီးခံထားရခြင်းဟု သူ့သူငယ်ချင်းဖြစ်သူ ကိုမင်းဘာချေက ပြောသည်။

ကိုရဲဇော်မှာ စစ်တွေဇာတိဖြစ်ပြီး ရန်ကုန်တွင် အဝတ်အထည်များကို ရောင်းချ  လုပ်ကိုင်နေသူတစ်ဦး ဖြစ်သည်။

“ အခုဖြစ်တဲ့ ပြဿနာထဲမှာ အမှုဖြစ်တဲ့နေ့က သူက ရန်ကုန်မှာရှိနေတာပါ။ စစ်တွေမှာမရှိဘူး။ စစ်တွေကို ရောက်လာတာက ရွေးကောက်ပွဲကာလမှာပဲ လာတာပါ။ အဲဒီတုန်းကလည်း ပြဿနာက ပြီးဆုံးသွားပါပြီ။ ဒါက လုံး၀ မသက်ဆိုင်ပါ။ သူ့ကို အမြန်ဆုံး လွှတ်ပေးစေချင်ပါတယ်။ သူနဲ့ သက်ဆိုင်တာလည်း မဟုတ်ပါဘူး” ဟု ကိုမင်းဘာချေ က ပြောသည်။

ကိုရဲဇော်မှာ စစ်တွေ အမှတ် (၁) ရဲစခန်းတွင် စစ်ဆေးနေစဉ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဗိုက်အောင့်၊ သွေးတိုး၊ အသားဝါ၊ ခါးနာ စသည့် ဝေဒနာများဖြင့် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့ရသည်။

“ကိုရဲဇော်ကလည်း ကျန်းမာရေးမကောင်းပါ။ သွေးတိုး၊ လေဖြတ် စတဲ့ ရောဂါတွေရှိနေတယ်။ အမှန်တကယ်လည်း သူမဟုတ်တဲ့ဟာကို နောက်တစ်ပတ်ရုံးချိန်းမှာ လွတ်မြောက်စေချင်ပါတယ်” ဟု ကိုမင်းဘာချေက ပြော သည်။

ကိုရဲဇော်အား ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ နေ့တွင် တရားရုံးမှာ ရုံးထုတ်စစ်ဆေးရန် ရုံးချိန်းပေးထားသော်လည်း သူ၏ ကျန်းမာရေးအခြေအနေကြောင့်  ရုံးမထုတ်နိုင်ခဲ့ပေ။ ယင်းကြောင့် သူ့ကို ဇန်နဝါရီလ ၁၁ ရက်နေ့အထိ ရမန်ယူထားသည်။

လက်ရှိတွင် သူသည် ကျန်းမာရေး ကောင်းမွန်လာပြီ ဖြစ်သောကြောင့် စစ်တွေမြို့ အမှတ် (၁) ရဲစခန်းသို့ ပို့ဆောင်ထိန်းသိမ်းထားခြင်းကို ခံနေရသည်။

ကိုရဲဇော်ကို ဖိုးလုံး၏ ဇနီးဖြစ်သူ ဒေါ်မွှေးဇာနည်အောင်က တရားလိုလုပ် တိုင်တန်းသောကြောင့် စစ်တွေမြို့ အမှတ်(၂) ရဲစခန်းတွင် (ပ) ၉၀/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားသည်။ လက်ရှိတွင် သူ့အမှုကို မှုခင်းတပ်ဖွဲ့ (CID) က စစ်ဆေးလျက်ရှိသည်ဟု အမှတ် (၂) ရဲစခန်းက သိရသည်။

ကိုရဲဇော်အမှုနှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် အမှုကို စစ်ဆေးနေဆဲကာလတွင် ဝင်ရောက် မပြောလိုကြောင်းနှင့် အမှုတည်ဆောက်ပြီး ရုံးတင်ခဲ့လျှင် ဥပဒေကြောင်းအရ လိုအပ်သလို ကူညီဆောင်ရွက်ပေးသွားမည်ဟု ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

“အခု စစ်ဆေးနေတဲ့ ကာလမှာတော့ ဝင်ရောက်ပြီးတော့ ပြောခွင့်မရှိပါ။ တကယ်လို့ အမှုတည်ဆောက်ပြီး ရုံးတင်ရရင် ဖြစ်လာတဲ့ ဥပဒေအကြောင်းအရ လိုအပ်သလို ဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ဖိုးလုံးအမှုနှင့် ပတ်သက်၍ ဖမ်းဆီးစစ်ဆေးခံခဲ့ရသည့် ကိုအောင်ချေ၊ ကိုမေယုထွန်းနှင့် ခိုင်ဘိုဘို တို့ အမှုတွင်လည်း ရခိုင်အမျိုးသားပါတီဘက်က ဥပဒေအကြောင်းအရာဘက်က လိုက်ပါကူညီ ဆောင်ရွက်ပေးခဲ့ဖူးသည်။

 

ဗီဒီယိုများ