စိုးရိမ်စရာ မိုင်းနှင့် မပေါက်ကွဲသေးသည့် လက်နက်များအန္တရာယ်

“အမှန်မှာတော့ စစ်ပွဲရဲ့နောက်ဆက်တွဲပြဿနာတွေပဲ။ အဲဒီတော့ အကောင်းဆုံးက ဒီစစ်ကို ရပ်လိုက်ဖို့ပဲနော်။ စစ်ကိုရပ်ပါ။ စစ်ပွဲဆိုတာ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်သေးတဲ့အတွက်ကြောင့် နိုင်ငံရေးပြဿနာကို မဖြေရှင်းတဲ့အတွက် ဖြစ်လာတဲ့ နောက်ဆက်တွဲပြဿနာပဲ။”

By စိမ်းကိုကို 23 May 2019

စိမ်းကိုကို/ DMG

မေ ၂၃၊ စစ်တွေ

လက်ရှိရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ကျေးရွာများနှင့် တိုက်ပွဲဖြစ်ပွားရာ နေရာအနီး တဝိုက်တို့တွင် လက်နက်ကြီးကျည်များ မပေါက်ကွဲဘဲ ကျန်နေခဲ့ကြသည်။ မပေါက်ကွဲ ပဲကျန်နေသည့် လက်ကြီးကျည်များအပါဝင် မြေမြုပ်မိုင်းအန္တရာယ်မှာလည်း စိုးရိမ်စရာ အခြေအနေ တွင်ရှိသည်။

မေလ ၈ ရက်နေ့က ကျောက်တော်မြို့နယ်၊ ဝါးတောင်ကျေးရွာစစ်ရှောင်စခန်းနေသူတစ်ဦးနှင့် ခမောင်းကျေး ရွာမှ ဒေသခံတစ်ဦးတို့ မိုင်းထိမှန် ဒဏ်ရာရရှိခဲ့ကြသည်။ ပြီးခဲ့သည့် လကလည်း မြောက်ဦးမြို့နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် လူ ၂ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့သည်။ ပုဏ္ဏားကျွန်းမြို့နယ်မှ တစ်ဦးမှာလည်း ဒဏ်ရာရရှိခဲ့ကြသည်။

သေဆုံးဒဏ်ရာရရှိသူများသည် ဒေသခံကျေးရွာသားများဖြစ်ပြီး မိမိတို့စားဝတ်နေရေးအတွက် တောတောင် များသို့ အလုပ်လုပ်ကိုင်ရန်သွားကြရင်း မထင်မှတ်ပဲမိုင်းနင်းမိကာ သေဆုံးဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်သည်။ ရခိုင်မျိုးနွယ်စုများအစည်းအရုံး၏ စစ်တမ်းများအရ ပြည်နယ်အတွင်း မိုင်းထိမှန်ပြီး သေဆုံးဒဏ်ရာရရှိသူ အနည်းဆုံး ၁၅ ဦးခန့်ရှိနိုင်ကြောင်း ဖော်ပြထားသည်။ ဒေသအတွင်း မိုင်းပေါက်ကွဲမှုများ မကြာခဏဖြစ်ပွား နေခြင်း၊ လက်နက်ကြီးကျည်များ ပေါက်ကွဲခြင်းများကြောင့် ၎င်းတို့၏နေ့စဉ်ဘဝဖြတ်သန်းမှုအပိုင်းတွင် များစွာ အခက်အခဲရှိလာကြောင်း ရခိုင်မျိုးနွယ်စုများအစည်းအရုံးမှ တာဝန်ရှိသူ ဦးဇော်ဇော်ထွန်းကပြောသည်။

မိုင်းအန္တရာယ်က အခုဆိုလို့ရှိရင် ရွာတွေမှာရော၊ စစ်ရှောင်စခန်းတွေမှာပါအခက်အခဲဖြစ်နေတယ်။ သူတို့အနီးအနားကို သွားမယ်ဆိုရင်တောင် အခုမသွားရဲကြတော့ဘူး။ သွားပြန်ရင်ည်း မိုင်းနင်းတာတွေ ထိတာတွေကို သူတို့ သွားနေကျတောင် မသွားရဲကြတော့ဘူးဟု ဆိုသည်။

မိုင်းပေါက်ကွဲမှုများနှင့် စစ်ပွဲများအတွင်း ကြွင်းကျန်ရစ်သော လက်နက်ကြီးကျည်များ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများမှာလည်း အလွန်စိုးရိမ်စရာအခြေအနေတွင်ရှိလာသည်။ ရသေ့တောင်မြို့နယ်မင်းဖူးကျေးရွာနှင့်၊ ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာတို့တွင် မပေါက်ကွဲပဲ ကျန်ရှိနေသော လက်နက်ကြီးကျည်များ မြေထဲသို့ ထက်ဝက်ခန့်စိုက်ဝင်၍တချို့နှင့် တချို့မှာမြေပြင်ပေါ်သို့ ကျရောက်သော်လည်း ပေါက်ကွဲမှု မရှိဘဲ ကျန်ရှိနေကြသည်။

ကျေးရွာသားအများစုမှာ လက်နက်ကြီးကျည်များနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများကို အန္တရာယ်ရှိနိုင်သည့်အတွက် စိုးရိမ်ပြီးတစ်ချို့ကို ခြံခတ်ထားကြသည်များရှိသလို တချို့မှာ ယင်းအတိုင်းပင် ကျန်ရှိနေသေးသည်။ ရွာသားအများအစုက ၎င်းတို့ကို ဖယ်ရှားပေးစေလိုသော်လည်း ယနေ့အချိန်အထိ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများ လာရောက်ရှင်းလင်း ဖယ်ရှားခြင်း မရှိသေးပေ။

မြန်မာနိုင်ငံစစ်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရသူ ကလေးစုစုပေါင်း၏ ထက်ဝက်ခန့်မှာ မြေမြုပ်မိုင်းနှင့် စစ်ပွဲအတွင်း ကြွင်းကျန်ရစ်သော ပေါက်ကွဲစေသော ပစ္စည်းများအကြောင့်ဟု ၂၀၁၆ ခုနှစ် ဧပြီလတွင် ထုတ်ဝေသော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိ ပက္ခများဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာ၌ ဖေါ်ပြထားသည်။

 

ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့နံနက်ပိုင်းက ရသေ့တောင်မြို့ ရေကောင်းချောင်းကျေးရွာတွင် ချောင်းကမ်းစပ်မှ ရရှိလာသော မပေါက်ကွဲသေးသည့် လက်နက်ကို ကလေးငယ်တစ်စုမှ အုပ်ခဲဖြင့်ထုကြရာ အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး ကျန်ကလေး ၂ ဦး ဒဏ်ရာရရှိသည်။ မေလ ၁၂ ရက်နေ့ ကျောက်တော်မြို့နယ် မီးရွတ်ပြင်ကျေးရွာ၌ သက် ၁၂ အရွယ်ကလေးတစ်ဦးမှာ မပေါက်သေးသည့် လက်နက်ကို အိမ်သို့ယူလာပြီး ဆော့ကစားရာမှ ပေါက်ကွဲကာ သေဆုံးခဲ့ရသည်။ ယင်းမတိုင်မီကလည်း ပုဏ္ဏားကျွန်းမြို့နယ်တွင် မပေါက်သေးသည့်လက်နက်များကို အိမ်သို့သယ်ဆောင်လာရာ လမ်း၌ပေါက်ကွဲပြီး လင်မယားနှစ်ဦးသေ ဆုံးခဲ့သည်။

“တကယ်လို့ တိုက်ပွဲတွေပြီးသွားပြီဆိုရင်တောင်မှ ဒီလူတွေရဲ့ အသက်မွေးဝမ်းကျောင်းမှာ တော်တော်သတိ ထားရမယ့်အခြေအနေဖြစ်တယ်၊ အထူးသဖြင့်တော့ စစ်ပွဲဖြစ်တဲ့ဧရိယတွေမှာပေါ့ ”ဟု ဝံလက်ဖောင်းဒေးရှင်း၏ ဒါရိုက်တာ ခိုင်ကောင်းစံက ဆိုသည်။

မြန်မာနိုင်ငံတွင် မိုင်းနှင့်ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရရှိမှု စုစုပေါင်းကိန်းဂဏန်းကို မသိနိုင်သော်လည်း ၁၉၉၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်ကုန်အထိ ထိုခိုက်ဒဏ်ရာရာရမှု စုစုပေါင်း ၃၇၄၅ ဦးရှိပြီး၊ သေဆုံးသူ ၃၉၆ ဦး၊ ဒဏ်ရာရရှိသူ ၃၁၄၅ ဦးဖြစ်ပြီး ကျန် ၂၀၄ ဦးကို မသိရှိရကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့ Monitor အစီရင်ခံစာ၌ အစီရင်ခံခဲ့ပြီး၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်း MPHA ၏ အဆိုအရ စစ်မှုထမ်းများ၊ လက်နက်ကိုင်အဖွဲ့ဝင်များ၊ အရပ်သားပြည်သူများသည် မြေမြုပ်မိုင်းအပါဝင် ၊ လက်နက်ကိုင်တိုက်ပွဲများကြောင့် မသန်စွမ်းသူများ ဖြစ်နေရသည်ဟု အစီရင်ခံခဲ့သည်။ ယင်းအပြင် မြန်မာနိုင်ငံတွင် ခြေတုတပ်သူခန့်မှန်းခြေ ၁၂၀၀၀ ခန့်ရှိပြီး သုံးပုံတစ်ပုံမှာ မြေမြုပ်မိုင်းထိသူများဖြစ်သည်ဟု ၂၀၁၆ ခုနှစ် မြေမြုပ်မိုင်းစောင့်ကြည့်လေ့ လာရေး မြန်မာနိုင်ငံ၏ အစီရင်ခံစာတွင်ဖေါ်ပြထားသည်။

ရခိုင်ပြည်နယ်တွင်လည်း မိုင်းပေါက်ကွဲမှုကြောင့် မကြာခဏသေဆုံးဒဏ်ရာရရှိမှုများ၊ မပေါက်ကွဲသေး သည့်လက်နက် များပေါက်ကွဲမှု ကြောင့် သေဆုံးမှုများ တိုးပွားလာနေခြင်းဖြစ်သည်။ တစ်ဖက်မှာလည်း တိုက်ပွဲ၏ အရှိန်လျော့နည်းမသွားသေးသည့်အတွက် မိုင်းနှင့်မပေါက်ကွဲသေးသော လက်နက်များအန္တရာယ်နှင့် ဒေသခံများရင်ဆိုင်နေရမည်ဟု သုံးသပ်မှုများလည်းရှိသည်။

“ကျွန်တော်တို့ သတိထားမိသလောက် ခုနှစ်ယောက် ရှစ်ယောက်မနည်းကို သတိထားမိတယ်။ အခုနောက်ပိုင်းမှာ ခတ်စိပ်စိပ် ဖြစ်လာတဲ့ပုံစံမျိုး တွေ့လာရတယ်။ လူတွေက ဒီမိုင်းနဲ့ ပတ်သက်တဲ့ ဗဟုသုတ လုံးဝမရှိ။ တစ်ချိန်တည်းမှာ စစ်ရေးကလည်းတစ်နေ့ထက်တစ်နေ့တင်းမာလာတော့ ဒီဖြစ်စဉ်တွေက နောက်ပိုင်းမှာလည်း ကျွန်တော်တို့ ဖြစ်လာနိုင်ခြေရှိတယ်လို့ ခန်းမှန်းလို့ရနေတယ်။ ဒီအခြေနေမှာ မိုင်းနဲ့ပတ်သက်ပြီး ဗဟုသုတရှိတဲ့သူတွေ၊ လူမှုအဖွဲ့အစည်းတွေ အစိုးရပါ ဒီဟာကို မသိပညာပေးလုပ်ငန်းတွေ ဒီအချိန်မှာ အရေးတကြီးလိုအပ်တယ်လို့မြင်တယ်”ဟု ကျောက်တော်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးဦးထွန်းဝင်းကပြောသည်။

ယင်းအပြင် ရခိုင်ပြည်သူများမှာ စစ်ဘက်ဆိုင်ရာပစ္စည်းများဖြင့် နီးစပ်မှုမရှိသည့်အတွက် ပြည်သူများအနေဖြင့် သတိထားကြရန်လိုအပ်ပြီး စပ်သပ်ပြီး မလုပ်မိဖို့မှာလည်း အလွန်အရေးကြီးသည်ဟုပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် မိုင်းနှင့်ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းများတွင် ပြီးခဲ့သည့် ရက်သတ္တပတ်ကျော်က ဘူးသီးတောင်မြို့နယ်တွင် UNICEF မှ မိုင်းအသိပညာပေးတစ်ခုကို  ပြုလုပ်ခဲ့သော်လည်း ကျန်သည့် အဖွဲ့များအနေဖြင့် မရှိသလောက် အလွန်းနည်းပါးနေသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံသည် မြေမြုပ်မိုင်းအသုံးပြုမှု ပိတ်ပင်တားဆီးခြင်းသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသည့် နိုင်ငံတစ်နိုင်မဟုတ်သေးသလို မြန်မာနိုင်ငံအနေဖြင့် မြေမြုပ်မိုင်းအသုံးပြု ပိတ်ပင်တားဆီးခြင်း သဘောတူစာချုပ်ကို လက်ခံသဘောတူကြောင်း ဖော်ပြပြောဆိုထားသော်လည်း လက်ခံကျင့်သုံးရန်အတွက် တစ်စုံတစ်ရာ ဆောင်ရွက်ခြင်းမရှိသေးပေ။

ရခိုင်ပြည်နယ်တွင်း တိုက်ပွဲအတွင်း မိုင်းထောင်သည့်ကိစ္စနှင့်ပတ်သက်၍လည်း တပ်မတော်နှင့် ရက္ခိုင်တပ်တော်တို့ဖက်မှ အပြန်အလှန်ငြင်းဆိုမှုများလည်းရှိနေသည်။

“မိုင်းကတော့ နှစ်ဖက်စလုံးသုံးတယ်ဗျ၊  မိုင်းက နှစ်ဖက်စလုံးသုံးတဲ့အခါ တစ်ခါတလေကျတော့ ထိခိုက်မှုက ဘယ်သူ့မိုင်းလဲဆိုတာ ပြောလို့တော့မရဘူး။ အဓိကကတော့ လူထုကို စစ်ပွဲဖြစ်နေတဲ့နေရာ မိုင်းထောင်ထားတဲ့နေရာတွေကို မသွားဖို့အတွက် မိုင်းပညာပေးလုပ်ဖို့ပဲလိုအပ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆို တော့ စစ်ပွဲမရပ်သရွေ့တော့ ဒီမိုင်းကိစ္စက ရှင်းလို့ရမှာမဟုတ်ဘူး။”ဟု တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် KIO KNLA DKBA  ကရင်နီတပ်မတော်နှင့် ဝ အမျိုးသားသွေးစည်းညွတ်ရေးတပ်မတော်တို့သည် နင်းမိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲမိုင်းများ ထုတ်နေပြီး၊ တချို့အဖွဲ့များက ရှေ့ထွက်မိုင်း၊ ထောင်မိုင်းနှင့် ထောင်ချောက်မိုင်းများထုတ်သည်။ ယင်းအပြင် KNLA သည် နိုင်ငံခြားပညာရှင် တစ်ဦးနှင့် လေ့ကျင့်သင်ကြားပြီးနောက် နင်းမိုင်းများကို ကိုယ်တိုင်ထုတ်၍ အသုံးပြုနိုင်သည်။ ယင်းအပြင် အစိုးရတပ်မှထောင်ခဲ့သော မိုင်းများကို ပြန်လည်တူးဖော်ခြင်းမှသော်လည်းကောင်း၊ လက်နက်တိုက်များကို သိမ်းယူခြင်းဖြင့်သော်လည်းကောင်း၊ မှောင်ခိုလက်နက်ဈေးကွက်များမှ ဝယ်ယူခြင်းဖြင့်သော်လည်းကောင်း မိုင်းများရရှိတတ်သည်ဟု ၂၀၁၅ ခုနှစ် မြေမြုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော စစ်လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေး မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ ၌ ဖော်ပြထားသည်။

ယင်းအစီရင်ခံစာ၏ ဖေါ်ပြချက်တွင် မြန်မာအာဏာပိုင်များအနေဖြင့်  မိုင်းရှာစက်ကိရိယာဖြင့် ရှာဖွေ၍မရသော အစိတ်အပိုင်းများအပါအဝင် ဖြန့်ထွက်လူသတ်မိုင်းနှင့် နင်းမိုင်းများ ထုတ်လုပ်ပြီး မြန်မာနိုင်ငံအာဏာပိုင်များသည် ၎င်းတို့သိုလှောင်သိမ်းဆည်းထားသော လူသတ်မိုင်းအရေအတွက်၊ အမျိုးအစားနှင့်ပတ်သက်သော သတင်းအချက်အလက်များ ထုတ်ပြန်ခြင်းမရှိသော်လည်း ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် အကန့်အသတ်ဖြင့် ဆက်လက်ထုတ်လုပ်နေကြောင်း အတည်ပြုပြောကြား သည်ဟုဖော်ပြထားသည်။ သို့သော်လည်း မြန်မာနိုင်ငံသည် မိုင်းများကို နိုင်ငံခြားသို့ တင်ပို့ရောင်းချသည့် နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံထားရခြင်းမရှိသေးကြောင်းလည်း ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများအတွင်း မိုင်းပေါက်ကွဲခြင်း၊ မပေါက်ကွဲဘဲကျန်ခဲ့သည့် လက်နက်ကြီးကျည်များ ပေါက်ကွဲမှုကြောင့် သေဆုံး၊ဒဏ်ရာရရှိသူများ တစ်နေ့တစ်ခြားတိုးလာပြီး တိုက်ပွဲများအတွင်း လက်နက်ထိမှန် ပြီးသေဆုံးခဲ့ရသည့် အရပ်သားပြည်သူများလည်း ရှိနေသည်။ ယင်းသို့ အရပ်သားများသေဆုံးနေရမှုမှာ စစ်ပွဲ၏ နောက်ဆက်တွဲပြဿနာများသာဖြစ်ပြီး စစ်ပွဲကိုရပ်ဖို့ လိုအပ်သည်ဟု မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက သုံးသပ်ပြောဆိုသည်။

“အမှန်မှာတော့ စစ်ပွဲရဲ့နောက်ဆက်တွဲပြဿနာတွေပဲ။ အဲဒီတော့ အကောင်းဆုံးက ဒီစစ်ကို ရပ်လိုက်ဖို့ပဲနော်။ စစ်ကိုရပ်ပါ။ စစ်ပွဲဆိုတာ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်သေးတဲ့အတွက်ကြောင့် နိုင်ငံရေးပြဿနာကို မဖြေရှင်းတဲ့အတွက် ဖြစ်လာတဲ့ နောက်ဆက်တွဲပြဿနာပဲ။ အဲဒီတော့နိုင်ငံရေးနည်းနဲ့ အကုန်လုံးပေါ့လေ လက်နက်ကိုင်အဖွဲ့အစည်းတွေရော၊တပ်မတော်ရော၊အစိုးရရော တစ်ခြားနိုင်ငံရေးပါတီတွေလည်း ပြောနေတဲ့  တွေ့ဆုံဆွေးနွေး အဖြေရှာနည်းလမ်းပေါ့လေ၊ တွေ့ဆုံဆွေးနွေးပါ ၊အဖြေရှာပါ ဒီမိုကရေစီယဉ်ကျေးမှုအရ  ဒီပြဿနာကိုဖြေရှင်းမယ်။ ဒါပဲရှိတာပဲ။ အဲဒီတော့ မဖြေရှင်းနိုင်ရင်တော့ ဘယ်သူမှမနိုင်တဲ့စစ်ပွဲမှာ ပြည်သူတွေပဲ နစ်နာရမှာပဲ။”ဟု သုံးသပ်ပြောဆိုသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများအဓိကဖြစ်ပွားနေသည့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊မြောက်ဦးမြို့ နယ်များရှိ စစ်ဘေးရှောင်စခန်းများ၌သော်လည်းကောင်း၊ တိုက်ပွဲဖြစ် ပွားခဲ့သည့် အနီးအနားရှိကျေးရွာကို မိုင်းနှင့်မပေါက်ကွဲသေးသည့် လက်နက်များအန္တရာယ်မှ ကာကွယ်နိုင်ရန်  အသိပညာပေးလုပ်ငန်းများ လိုအပ်နေခြင်းဖြစ်သည်။

(ယခုဖော်ပြပါ ဆောင်းပါးကို မေလ ၁၅ ရက်နေ့ထုတ် Development News Journal အမှတ် ၁၀၈ တွင်လည်း ဖတ်ရှုနိုင်ပါသည်။)

ဗီဒီယိုများ