ဆရာတော် ဦးဥတ္တမ၏ ဘဝကောက်ကြောင်းမှ နိုင်ငံရေးသင်ခန်းစာ

“တက္ကသိုလ်ကျောင်းတိုက်၌တက္ကသိုလ်သမဂ္ဂ၊ အိုးဝေမဂ္ဂဇင်းစာတည်းအဖြစ်လုပ်ကိုင်နေစဉ် ဦးဥတ္တမကိုယ်တော်၏ ဟောပြောချက်များကိုကြားနာရ၏။ အသိဉာဏ်တစ်ခုလည်းကျွန်ုပ်၏ဦးနှောက်တွင်ပွင့် လင်းလာ၏။ ထိုကြောင့် သမဂ္ဂကြေညာချက်တွင်လည်းကောင်း၊ အိုးဝေမဂ္ဂဇင်းတွင်လည်းကောင်း နိုင်ငံတော်ပညာသင်များအား အနောက်နိုင်ငံသို့ လွှတ်ရိုးလွှတ်စဉ်အတိုင်း မလွှတ်ဘဲ အရှေ့အာရှ ဂျပန် နိုင်ငံသို့သာလွှတ်သင့်ကြောင်း၊ အရှေ့သို့ရှေ့သ့ို ရှေးရှုသင့်ပြီဖြစ်ကြောင်းများကို ရေးသားခဲ့ဖူး၏။ ဗမာ့လွတ်လပ်ရေးသည် အရှေ့ဖက်တွင်သာရှိ၏။ အရှေ့ရှိနီပွန်တို့နှင့်သာဆိုင်၏ ဆိုသောအချက်ကို ကျွနု်ပ်များစွာယုံကြည် နှလုံးသွင်းမိသည်”

By ကျွန်းသားငမန်း 09 Sep 2018

By ကျွန်းသားငမန်း | DMG

ဆရာတော်ဦးဥတ္တမ (၁၈၇၉ -၁၉၃၉) ပျံလွန်တော်မူခဲ့သည်မှာ ၂၀၁၈ ခု၊ စက်တင်ဘာလ ၉ ရက်နေ့တွင် (၇၉) နှစ်ရှိပြီဖြစ်သည်။ ဆရာတော်ဦးဥတ္တမနှင့် ပတ်သက်၍လည်း အာရှ၏နေဝန်းနီ၊ မြန်မာ့လွတ်လပ်ရေးအတွက် မျိုးစေ့ချပေးသူ၊ လွတ်လပ်ရေး၏ မီးရှူးတန်ဆောင်၊ မျိုးချစ်အာဇာနည် စသည့်ဂုဏ်ပုဒ်များဖြင့် ချီးကျူးဂုဏ်ပြုထားသည်များကို တွေ့ရသည်။

ဆရာတော်ဦးဥတ္တမနေ့ ရောက်လေတိုင်း ဆရာတော်၏အကြောင်းကို ချီးကျူးဂုဏ်ပြုကဗျာများရေးဖွဲ့ကြ၊ ဆောင်းပါးတွေရေးကြ၊ သီချင်းတွေရေးဖွဲ့သီဆိုကြနှင့် မရိုးနိုင်အောင်ပင်ရှိလှသည်။ မြို့များ၊ ရွာများတွင်လည်း ဆရာတော်ဦးဥတ္တမအား အောက်မေ့သတိရသောအားဖြင့် ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့ရောက်တိုင်း အောက်မေ့သတိရအခမ်းအနားများ ကျင်းပခြင်း၊ ဟောပြောပွဲများ ကျင်းပ ခြင်းများပြုလုပ်လေ့ရှိကြသည်။ဆရာတော်မှာ ရခိုင်အမျိုးသားများသာမက၊မြန်မာတစ်နိုင်ငံလုံးကပါ မမေ့သင့်၊မမေ့ထိုက်သောပုဂ္ဂိုလ်၊အမြတ်တနိုးထား လေးစားဂုဏ်ပြုအပ်သောပုဂ္ဂိုလ်ကြီးတစ်ပါးလည်းဖြစ်သည်။

          ဆရာတော်နှင့်ပတ်သက်၍မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းမှ၁၉၅၆ခုမေလတွင်ထုတ်ဝေသည့်နှစ် ငါးဆယ်ကမ္ဘာ့ရေးရာ(၁၉၀၀-၁၉၅၀)တွင် အောက်ပါအတိုင်း မှတ်တမ်းတင် ဖော်ပြထားသည်ကို တွေ့ရသည်။

       ဆရာတော်ဦးဥတ္တမသည် ကျဉ်းမြောင်းနုံနဲ့သော အမျိုးသားစိတ်ဓာတ်များ လွှမ်းခြုံနေစဉ်ပင် လွတ်လပ် ရေးစိတ်ဓာတ်ကား တစ်မျိုးသားတည်း၊တစ်ပြည်ထောင်တည်းအတွက်သာမဟုတ် နယ်ချဲ့ကိုလိုနီလက်အောက် ၌ စုန်းစုန်းမြုပ်နေသော အာရှတိုက်ကြီး တစ်ခုလုံးအတွက်ဖြစ်သည်ဟု စွဲမှတ်ယုံကြည်ရုံမက နယ်ချဲ့၏အာဏာ ကို ရဲရဲ ကြီးတွန်းလှန်ခဲ့၏။ နယ်ချဲ့၏အင်အားဖြင့်ဖိနှိပ်ခဲ့သမျှသော ဆင်းရဲဒုက္ခအမျိုးမျိုးတို့ကို မတွန့်မဆုတ် ခံယူခဲ့၏။

ဆရာတော်၏ကြိုးပမ်းမှုကြောင့်မြန်မာနိုင်ငံသားတို့သည်အိပ်သောယောကျ်ား၊နိုးသောလားသို့လွတ်လပ်ရေးလမ်းစကိုမြင်ကြရ၏။ဆရာတော်ကား ယခုမြန်မာနိုင်ငံတော်သူ၊နိုင်ငံတော်သားတို့ထံ လက်ဆုပ်လက်ကိုင် အပိုင်ရ၍ခံစား၊ စံစားနေရသော အချုပ်အခြာအာဏာပိုင်လွတ်လပ်ရေးဗိမာန်ကြီးကို အစဦးစွာပန္တွက်ချခဲ့သော အာဇာနည်မျိုးချစ်ပုဂ္ဂိုလ်ကြီးပေတည်း။ ဲ ဲ                     

ဆရာတော်ဦးဥတ္တမနှင့်ပတ်သက်၍ မှတ်တမ်းတင်ရေးမှတ်ကြရာ၌ မိုးကြိုးဦးအုန်းခင်၏ ဗမာပြည်ဇာတ်လမ်း ရှုပ်သမျှ စာအုပ်တွင် အောက်ပါအတိုင်း ရေးသားခဲ့သည်ကိုလည်း တွေ့ရသည်။

            မြန်မာတို့၏သမိုင်းကြောင်းတွင်ပေါ်ပေါက်ထင်ရှားခဲ့သောမျိုးချစ်အာဇာနည်သူရဲကောင်းကြီးများတွင် (၁)ရန်ကြီးအောင်၊ကုန်းဘောင်စ၊ဘိုးတော်ဒေသ ဟုဆိုသောမြန်မာပြည်ကြီးကိုတတိယအကြိမ်အထွတ်အထိပ် သို့ရောက်စေလျက်ကုန်းဘောင်မင်းဆက်ကိုစတင်တည်ထောင်သူ ဦးအောင်ဇေယျ၊(၂) မြန်မာတို့ကျွန်တွင်းနစ် မွန်းမျောပါနေစဉ် တော်လှန်ရေးစိတ်ဓာတ်ကိုထကြွလေအောင်စတင်နှိုးဆွလိုက်သူဆရာတော်ဦးဥတ္တမနှင့်(၃) ဆရာတော်ကမ်းလှမ်းပေးလိုက်သောတော်လှန်ရေးမီးရှူးမီးတိုင်ကြီးကိုကိုင်ဆောင်ကာနယ်ချဲ့အင်္ဂလိပ်တို့၏ကို လိုနီဗိမာန်ကြီးကိုပြာကျအောင်ရှို့မြိုက်လျှက် မြန်မာ့လွတ်လပ်ရေးကိုအရယူပေးခဲ့သောရဲဘော်သုံးကျိတ်တို့၏ ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်း ၊ဤသုံးဦးတို့ပါဝင်ကြလေသည် ။

                             ဆရာတော်ဦးဥတ္တမနှင့်ဗိုလ်ချုပ်အောင်ဆန်း

          ဗိုလ်ချုပ်အောင်ဆန်းကလည်း ဂျပန်ခေတ် ၁၉၄၃ ခုနှစ်သြဂုတ်လတွင်အထူးထုတ်ဝေသည့်ဗမာ့ခေတ် သတင်းစာတွင် “တက္ကသိုလ်ကျောင်းတိုက်၌တက္ကသိုလ်သမဂ္ဂ၊ အိုးဝေမဂ္ဂဇင်းစာတည်းအဖြစ်လုပ်ကိုင်နေစဉ် ဦးဥတ္တမကိုယ်တော်၏ ဟောပြောချက်များကိုကြားနာရ၏။ အသိဉာဏ်တစ်ခုလည်းကျွန်ုပ်၏ဦးနှောက်တွင်ပွင့် လင်းလာ၏။ ထိုကြောင့် သမဂ္ဂကြေညာချက်တွင်လည်းကောင်း၊ အိုးဝေမဂ္ဂဇင်းတွင်လည်းကောင်း နိုင်ငံတော်ပညာသင်များအား အနောက်နိုင်ငံသို့ လွှတ်ရိုးလွှတ်စဉ်အတိုင်း မလွှတ်ဘဲ အရှေ့အာရှ ဂျပန် နိုင်ငံသို့သာလွှတ်သင့်ကြောင်း၊ အရှေ့သို့ရှေ့သ့ို ရှေးရှုသင့်ပြီဖြစ်ကြောင်းများကို ရေးသားခဲ့ဖူး၏။ ဗမာ့လွတ်လပ်ရေးသည် အရှေ့ဖက်တွင်သာရှိ၏။ အရှေ့ရှိနီပွန်တို့နှင့်သာဆိုင်၏ ဆိုသောအချက်ကို ကျွနု်ပ်များစွာယုံကြည် နှလုံးသွင်းမိသည်” ဟု ရေး သားခဲ့သည်။ ဤရေးသားချက်ကို ထောက်ရှုခြင်းအားဖြင့် မြန်မာ့လွတ်လပ်ရေးကို ကြိုးပမ်းရန် ဗိုလ်ချုပ်အောင်ဆန်းအား ဂျပန်ပြည်သို့သွားဖို့ အသိဉာဏ်တစ်ခုကို သွတ်သွင်းရရှိစေခဲ့သူမှာ ဆရာတော်ဦးဥတ္တမပင်ဖြစ်ကြောင်း ထင်ရှားလှပေသည်။တစ်နည်း ဆရာတော်သည် တော်လှန်သောလွတ်လပ်ရေးမီးရှူးတိုင်ကြီးကိုဗိုလ်ချုပ်လက်သို့ လက်ကမ်းပေးလိုက်ခြင်းလည်းမည်ပေသည်။

                                                                            ဆရာတော်နှင့်ထောင်ဒဏ်

ဆရာတော်၏အကြောင်းအားလေ့လာသောအခါ ဆရာတော်သည် အများအကျိုးအတွက်၊အများအကျိုး ဆိုရာ၌လည်း တစ်မျိုးသား၊တစ်ပြည်ထောင်အတွက်မဟုတ်မူဘဲ၊နယ်ချဲ့ကိုလိုနီလက်အောက်၌စုန်းစုန်းမြုပ်နေ သောအာရှတိုက်ကြီးလွတ်လပ်ရေးကိုမျှော်မှန်းခဲ့သောမွန်မြတ်သောစိတ်ဓာတ်ကိုတွေ့ရမည်ဖြစ်သည်။အထက်တွင်ဖော်ပြခဲ့သည့်အကြောင်းအရာအချက်အလက်များလောက်မျှနှင့်ပင်ဆရာတော်၏မြန်မာနိုင်ငံလွတ်လပ်ရေးအတွက်ဆောင်ရွက်ခဲ့ရာ၌အရေးပါမှု၊အတိမ်အနက်ကိုသိရှိတွေ့မြင်နိုင်ကြပေသည်။

ဆရာတော်၏ ဘဝသက်တမ်းတစ်လျှောက် နိုင်ငံရေးဆောင်ရွက်ခဲ့သည်မှာ ၁၉၁၇  ခုနှစ်မှ ၁၉၃၇ နှစ်ခုနှစ်အထိ နှစ် ပေါင်း ၂၀ ရှိခဲ့သည်။ ဤကာလအတွင်း ၁၉၂၂ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၂၄ ခုနှစ်တွင် တစ်ကြိမ် ထောင်ကျခံခဲ့ရသည်။ ၁၉၂၄ခုနှစ်တွင် ထောင်ကျခဲ့ခြင်းမှာ မိမိကိုယ်တိုင်ထောင်မကျ၊ ကျအောင် ဟောပြောထောင်အချခံခဲ့ခြင်းဖြစ်သည်။ အမျိုးသားရေးအတွက် အနစ်နာခံပြခဲ့ခြင်းလည်းဖြစ်သည်။ ဤအချက် နှင့်ပတ်သက်၍ အောက်တစ်နေရာတွင် ဖော်ပြထားပါသည်။ တစ်ချို့စာရေးဆရာများက ဆရာတော်သည် ထောင်၃ကြိမ် ကျခဲ့ရသည်ဟုဆိုသည်။ သေချာရေရာခြင်းမရှိပါ။ ၁၉၂၈ခုနှစ်တွင် တတိယအကြိမ်ဖမ်းဆီးခံရပြီး ထောင်ချခံရသည်ဟုဆိုကြသော်လည်း မည်သည့်နေရာ၊ မည်သည့်ထောင်တွင် ထောင်မည်ရွေ့မည်မျှ ကျခံရ သည်ကို ဖော်ပြထားခြင်းမရှိကြောင်း တွေ့ရသည်။

 

                                                                                   အများကကြည်ညို

 

၁၉၂၅  ခုနှစ်တွင် ဒုတိယအကြိမ် ထောင်ဒါဏ် ၃နှစ်ကျခံရပြီး ထောင်မှလွတ်လာသောအခါ ပဲခူးမြို့၌ ကျင်းပနေသော ဂျီစီဘီအေ နှစ်လည်အစည်းအဝေးကြီးသို့ ကြွရောက်ပြီး၊ တရားပွဲစင်မြင့်ပေါ်မှနေ၍ သင်္ကန်း ဝတ်ရုံကိုခွာချကာ ထေင်တွင်း၌ဝတ်ဆင်ခဲ့ရသော ထောင်ပုံစံအင်္ကျ ီဖြင့် ဆရာတော်အား မြင်တွေ့လိုက်ရသော ပရိသတ်များမှာ ရင်ဘတ်လက်ခတ်တီး၍ ချုံးပွဲချငိုကြွေးကြသည်ထိ ဖြစ်ခဲ့ကြသည်။ ပြည်သူအများလည်း ဆရာတော်အား ကြည်ညိုစိြတ်ဖင့် ဇာတိသွေးဇာတိမာန်တို့ ဖြစ်ပေါ်ခဲ့ရလေသည်။

          ဆရာတော်၏ သူရိယသတင်းစာတွင်ရေးသားမှုများ၊ ဟောပြောမှုများက မြန်မာပြည်သူများ၏ မျိုးချစ် စိတ် နှင့် လွတ်လပ်ရေးအသိကို နိုးကြားလာစေခဲ့သည်။ ဆရာတော်အားကြည်ညိုသူ အများအပြားလည်း ရှိခဲ့သည်။ ဆရာတော်ကို အကြောင်းပြု၍ တိုင်းသူပြည်သားတို့ နိုးကြားလာခဲ့သည်။ စုစည်းမိလာကြသည်။ ဆရာတော်၊ သံဃာတော်များလည်း နိုးကြားလာခဲ့ကြသည်။ အမျိုးသားရေးအတွက် သံဃာ့အဖွဲ့အစည်းများ ဖွဲ့စည်းကာ လွတ်လပ်ရေး လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်လာခဲ့ကြသည်။ ဆရာတော်၏ စည်းရုံးမှု နောက်တွင် ရဟန်းရှင်၊လူ၊ပြည်သူများစွာတို့ ပါဝင်လာခဲ့ခြင်းလည်းဖြစ်သည်။

          အင်္ဂလိပ်အစိုးရသည် သွေးခွဲအုပ်ချုပ်ရေးကို ကျင့်သုံးခဲ့သည်။ တစ်ပြည်လုံး ထောက်ခံမှုကို ရနေသောဂျီ စီဘီအေ အသင်းကြီးအား ပြိုကွဲစေရန် ဆောင်ရွက်ခဲ့သည်။ ၁၉၂၂ ခုနှစ်တွင် ဒိုင်အာခီအုပ်ချုပ်ရေးကို ချပြ ခဲ့သည်။ ဒိုင်အာခီအုပ်ချုပ်ရေးကို လက်ခံပြီး အတွင်းမှဝင်ရောက် ပူးသတ်မည်ဆိုသည့် ၂၁ ဦးအဖွဲ့က ခွဲထွက်သွားခဲ့ပြီး ဂျီစီဘီအေအသင်းမှာ နှစ်ခြမ်းကွဲသွားခဲ့ရသည်။  ဗြိတိသျှအစိုးရတို့ပေးသော ဒိုင်အာခီ အုပ်ချုပ်ရေးအား ပြည်သူတစ်ရပ်လုံးက လက်ခံခြင်းမရှိကြ။ Home Rule ခေါ်ကိုယ်ပိုင်အုပ်ချုပ်ရေးကို တောင်းခံနေချိန်ဖြစ်သည်။ မန္တလေးမြို့တွင် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက်တောင်းဆိုသည့် မန္တလေးဝံသာနု (လှိုင်၊ပု၊ကျော် ဂျီစီဘီအေ)အဖွဲ့ဝင်များက ပြည်သူများနှင့် ရဟန်းသံဃာများ စိတ်ဓာတ်မြင့်မားစေရန် ဆရာတော်အား မန္တလေးသို့ ကြွရောက် တရားဟောကြားပေးရန် ပင့်ဖိတ်ခဲ့သည်။ ဆရာတော်ဦးဥတ္တမအား ပြည်သူများက လေးစားကြည်ညိုကြသည်။ ထို့အတူ ဆရာတော်ဦးဥတ္တမ၏ပြော ဆိုဟောပြောချက်များကို လည်း လိုက်နာကြသည်။ သို့ရာတွင် ဆရာတော်၏ ထင်ပေါ်ကျော်ဇောမှုနှင့် သြဇာရှိမှုကို နိုင်ငံရေးသမား များက နောက်ပိုင်းတွင် ပါးနပ်စွာအသုံးချသွားခဲ့ကြသည်။ ထောက်ခံမှုနိမ့်ကျနေခြင်းကို ဆရာတော်၏ အရှိန်အဝါဖြင့် ပြန်လည်ရအောင် ဆောင်ရွက်ခဲ့ကြသည်။ အင်္ဂလိပ်အလိုတော်ရိ (ဒိုင်အာခီကိုလက်ခံသော)၂၁ ဦးအဖွဲ့ဝင်များက ကန့်ကွက်သဖြင့် မန္တလေးတွင် အဓိကရုဏ်းဖြစ်ပွားခဲ့သည်။ ဆရာတော်ဦးစန္ဒိမာ သေနတ်ထိမှန်ပျံလွန်ခဲ့ပြီး မန္တလေးမှဝံသာနုခေါင်းဆောင်များ ဖမ်းဆီးထောင်ချခံလိုက်ရသည်။ ဆရာတော်သည် ထို့အဖြစ်အပျက်တွင် မိမိ၌တာဝန်ရှိသည်ဟုခံယူပြီး၊ ရန်ကုန်သို့ရောက်သောအခါ တရားပွဲကျင်းပ၍ နယ်ချဲ့ဆန့် ကျင်ရေးတရားများ ဟောပြောခဲ့ရာ ဖမ်းဆီးတရားစွဲခံရပြီး ၁၉၂၅  ခုနှစ်တွင် ဒုတိယအကြိမ်ထောင်ဒါဏ် ၃ နှစ် ကျခံခဲ့ရခြင်းဖြစ်သည်။ သို့ရာတွင် မြန်မာနိုင်ငံရေးမှာလည်း အကွဲအပြဲများဖြင့် ရှုပ်ထွေးမှုများ ရှိလာသည်။ ဂျီစီဘီအေခေါင်းဆောင်များအ ကြားအချင်းချင်းမညီမညွတ်ရှိလာကြသည်။ ထိုကြောင့် ၁၉၂၇ ခုနှစ်မေလ ၁၀ ရက် နေ့တွင် မြန်မာ့နိုင်ငံရေးလောကကို ကျောခိုင်း၍ အိန္ဒိယသို့ထွက်သွားခဲ့သည်။ အိန္ဒိယတွင် မဟာဆဗ္ဗ ဟိန္ဒူအသင်းကြီး၏ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေခဲ့သည်။

          ၁၉၃၅ ခုနှစ်တွင်ခွဲရေး၊ တွဲရေး၊ ၉၁ ဌာနအုပ်ချုပ်ရေးပုံစံဖြင့် ရွေးကောက်ပွဲလုပ်ရန် စိုင်းပြင်းလာ သောအခါ တွဲရေးဖက်မှရပ်တည်သော ၂၁ ဦးနိုင်ငံရေးအဖွဲ့၏ ပင့်ဖိတ်ချက်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ကြွရောက်လာခဲ့သည်။ ဆရာတော်၏အရှိန်အဝါကြောင့် ခွဲရေး၊တွဲရေးတစ်ပြည်လုံးဆန္ဒခံယူပွဲတွင် တွဲရေး ဘက်မှ အနိုင်ရရှိခဲ့သည်။ သို့ရာတွင် အင်္ဂလိပ်အစိုးရသည် ကြိုတင်အစီအစဉ်ရှိပြီးအတိုင်း ၁၉၃၇ ခုဧပြီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံအား အိန္ဒိယနိုင်ငံမှ ခွဲထုတ်လိုက်ပြီး ၉၁ဌာနအုပ်ချုပ်ရေးကို စတင်ခဲ့သည်။ ၉၁  ဌာန အုပ်ချုပ်ရေးအတွက် ရွေးကောက်ပွဲကိုကျင်းပခဲ့ရာ ဆရာတော်ထောက်ခံသည့် ငါးပွင့်ဆိုင်အဖွဲ့က ၄၅ နေရာ၊ ဒေါက်တာဘမော်အဖွဲ့မှ ၁၆ ဦး၊ လှိုင်မြတ်ပေါ်အဖွဲ့မှ ၁၂ ဦး၊ ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့မှသုံးဦး၊ ဖေဘီယန် အဖွဲ့မှ တစ်ဦး အနိုင်ရရှိခဲ့သည်။ ဆရာတော်ထောက်ခံအားပေးခဲ့သော ဦးဘဖေဦးဆောင်သည့် ငါးပွင့်ဆိုင် အဖွဲ့က အမတ်အများဆုံး ၄၅ ဦးထိအနိုင်ရရှိခဲ့သော်လည်း အစိုးရဖွဲ့နိုင်ခြင်းမရှိခဲ့ပေ။ ဆရာတော်ကိုယ်တိုင် ကြားဝင်၍ ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှုမရှိသဖြင့် ငါးပွင့်ဆိုင်အဖွဲ့က အစိုးရဖွဲ့နိုင်ခြင်း မရှိခဲ့ချေ။ ထိုကြောင့် ဒုတိယမဲအများဆုံးရသည့် ဒေါက်တာဗမော်အဖွဲ့က ဦးဆောင်၍ ညွှန့်ပေါင်းအဖွဲ့ကိုဖွဲ့စည်းခဲ့သည်။

                                                ဘုရားပြီးငြမ်းဖျက်

        ဆရာတော်ဦးဥတ္တမ၏ အရှိန်အဝါကိုရယူ၍ နိုင်ငံရေးစင်မြင့်ပေါ်တွင် ပဏာတင့်ခဲ့သူများသည် ဆရာတော် ၏ ဘဝနောက်ဆုံးအချိန်တွင် လျစ်လျူရှုထားခဲ့ကြသည်။ ဆရာတော်သည် ဆီးချိုရောဂါ၊ လူမမာသည်ဘဝဖြင့် ပြုစုသူကင်းမဲ့ပြီး ရပ်တည်ရာမရ စိတ်ထင်ရာ ရန်ကုန်လမ်းမပေါ်တွင် လျှောက်သွားနေလေ့ရှိသည်။ ဆရာ တော်သည် ဟောင်းနွမ်းစုတ်ပြတ်နေသော သင်္ကန်းကို ဘိုသီဖတ်သီဝတ်ဆင်ကာ လွယ်အိတ်ကြီးတစ်အိတ်ကို လွယ်လျက် ထီး၊ဖိနပ်မပါဘဲ လျှောက်သွားနေလေ့ရှိသည်။ ဆွမ်းနပ်မှန်အောင်မသုံးရ။ အသက်အရွယ်ကြီး၍ အိုမင်းနေသည့်အပြင် ဆီးချိုရောဂါ၊ ခြေထောက်အနာကြောင့် ပိန်ချုံးကာ ခပ်ယဲ့ယဲ့မျှပင် သွားလာနေရသည်။ လမ်းတွင်သတိမေ့လဲနေသည့်အခါ ဆရာတော်ကို ကြည်ညိုလေးစားသူများက တည်းခိုရာသို့ ပို့ဆောင်ပေး ရတတ်သည်။

          ၁၉၃၇ ခုနှစ်သြဂုတ်လ ၇ ရက်နေ့တွင်ရန်ကုန်မြို့ ရခိုင်ရဟန်းတော်များသမဂ္ဂ၏ အစည်းအဝေးဆုံးဖြတ် ချက်ဖြင့် ရခိုင်သံဃာတော်များက ဆရာတော်အား ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ကြသည်။ ဆရာတော် သည် ဆေးရုံမှ ခြေထောက်ဖြတ်ရမည်ဆိုသည်ကို လက်မခံဘဲ မိမိသဘောဖြင့်ဇွတ်ဆင်းသွားပြီး  ၄၆ လမ်း ကုလားအသင်းတိုက်ပေါ်တွင် သွားရောက်သီတင်းသုံးနေခဲ့သည်။ ဆရာတော်မှာ ရောဂါဆိုးဝါးပြင်းထန်လာ သဖြင့်ဆရာတော်အား အနီးကပ်ပြုစုနိုင်ရန် ပုဇွန်တောင်ညောင်ကုန်းကျောင်းတိုက်သို့ ပင့်ဆောင်ကုသခဲ့ ကြသော်လည်း၊ ဆရာတော်၏ရောဂါမှာ ကျွမ်းနေပြီဖြစ်သဖြင့် ၁၉၃၉ ခုစက်တင်ဘာလ ၉ ရက်နေ့၊ စနေနေ့အဝင် သန်းခေါင်ကျော် ၁နာရီ ၃၅ မိနစ် အချိန်တွင်ဘဝနတ်ထံပျံလွန်တော်မူခဲ့လေသည်။

          ဆရာတော်၏ အရှိန်အဝါကို အသုံးချကာ နိုင်ငံရေးအာဏာ ရယူခဲ့သူများသည် ဆရာတော်၏ နောက် ဆုံးအချိန် (မကျန်းမမာဖြစ်ချိန်)တွင် အလေးထား ဂရုစိုက်ခြင်းမရှိခဲ့ကြ။ ငါးပွင့်ဆိုင်ပါတီမှ ပုဂ္ဂိုလ်များကလည်း လျစ်လျူရှုခဲ့ကြသည်။ ယုတ်စွအဆုံး ဆွမ်းတနပ်ပင်မလှူခဲ့ကြ။ ဘုရားပြီးငြမ်းဖျက်ခဲ့ခြင်းဖြစ်သည်။ ကျေးဇူး တရားကင်းမဲ့လေစွ။ ဆရာတော်ကား မြန်မာနိုင်ငံရေးလောကတွင် နိုင်ငံရေးသမားတို့၏ လိမ္မာပါးနပ်စွာ အသုံးချခြင်း ခံလိုက်ရခြင်းဖြစ်သည်။ နိုင်ငံရေးသမားတို့သည် မိမိတို့ကိုယ်ကျိုး၊ မိမိပါတီအရေးအတွက် လိုအပ်သည့်အခါ ဆရာတော်ဦးဥတ္တမကို ပင့်ဆောင်ပြီး မိမိတို့ဘက်မှ ပါလာစေရန် ဆွဲဆောင်ခဲ့ကြသည်။ ဆရာတော်ကိုယ်၌ကလည်း မိမိယုံကြည်ချက်နှင့် တစ်ထပ်တည်းရှိ၍ ဝင်ရောက်ကူညီခဲ့သည်။ သို့ရာတွင် နိုင်ငံရေးအကင်းသေချိန်တွင်ဆရာတော်အားအလေးဂရုထား ခြင်းမပြုတော့သည်မှာ နိုင်ငံရေးသံဝေဂ ယူစရာ ပင်ဖြစ်သည်။

                                                သမိုင်းထဲကသင်္ခန်းစာများ

သမိုင်းကိုလေ့လာခြင်းမှာ မအအောင် ဟု ဆရာကြီး တစ်ဦးကဆိုသည်။ မှန်ပါသည်။ ရခိုင်သားတို့ လည်း သမိုင်းကိုသိဖို့လိုအပ်သည်။ သမိုင်းထဲမှသင်္ခန်းစာများကို ရယူရန်လိုအပ်သည်။ နောက်ဆုံး ရခိုင်ဘုရင် မင်းဆက် ငသံဒွေသည်လည်းကောင်း၊ အင်္ဂလိပ်အစိုးရလက်အောက် စံရဖွေသည်လည်းကောင်း မိမိကိုယ် ကျိုးအတွက် နိုင်ငံနှင့်လူမျိုးကို သစ္စာဖေါက်ခဲ့သည်။ သူတို့ကိုအသုံးချပြီး ရခိုင်ပြည်နှင့် ပြည်သူတို့ ဒုက္ခရောက် ခဲ့ရသည်။ ဆရာတော်ဦးတ္တမကား တိုင်းပြည်နှင့်လူမျိုးအတွက် ရဲဝံ့စွာဆောင်ရွက်ခဲ့သည်။ သို့ရာတွင် ဆရာတော် ၏ကျော်ကြားမှု၊ သြဇာတိက္ကမရှိမှုတို့ကို နိုင်ငံရေးသမားအချို့သည် ပါးနပ်စွာအသုံးချသွားခဲ့သည်။ ထိုသို့သော ဆရာတော်ဦးတ္တမ၏ ဘဝဖြစ်စဉ်သည်လည်းကောင်း၊ လွတ်လပ်ရေးလှုပ်ရှားမှုကာလ ရခိုင်နိုင်ငံရေးပါတီများနှင့် ရခိုင်နိုင်ငံရေးသမားများ အကြောင်းအရာသည်လည်းကောင်း၊ ဖဆပလခေတ်၊ ကွန်မြူနစ်တော်လှန်ရေးကာလ၊ ဗမာပြည်ကွန်မြူနစ်ပါတီများ၏ လက်အောက်ခံ၊ လက်ဝေခံနိုင်ငံရေးသမားများ၏ အကြောင်းသည်လည်း ကောင်း၊၁၉၉၀ ပြည့်လွန်နှစ်များမှ စတင်ခဲ့သော ယခုလက်ရှိနိုင်ငံရေးအခင်းအကျင်း သည်လည်းကောင်း အသေအချာ လေ့လာသင့်သော သမိုင်းဖြစ်စဉ်များဖြစ်သည်။ ရခိုင်ပြည်နှင့်ပြည်သူများအရေး ဆောင်ရွက်ရင်း နိုင်ငံရေးသမားတို့၏ မသိမသာအသုံးချခြင်းကို ခံလိုက်ရသည်များရှိကြသည်။ နောက်ဆုံး လူကွဲ၊ပါတီကွဲကာ ရခိုင်ပြည်သူတို့၏ စည်းလုံးညီညွတ်မှုသည်လည်း ပြိုကွဲရမည်၊ ရနိုင်သည်များကို လေ့လာသုံးသပ် သံဝေဂ ရယူရန် လိုအပ်ကြပေမည်။

                                                 ဆရာတော်၏နောက်ဆုံးခရီး

          ဆရာတော်ဦးဥတ္တမ၏ နောက်ဆုံးခရီးကို ၁၉၄၀ ပြည်နှစ်မတ်လ ၂၀ ရက်နေ့တွင် ပုဇွန်တောင်၊ ညောင်ကုန်းကျောင်းတိုက်မှ ကရဝိက်ဖောင်တော်ဖြင့် ရွှေတိဂုံခြေရင်းသို့ စည်ကားသိုက်မြိုက်စွာ ပင့်ဆောင်ခဲ့ သည်။ မတ်လ ၂၂ ရက်နေ့တွင် ရွှေတိဂုံစေတီတော်ခြေရင်း အင်္ဂါထောင့်မြေကွက်လပ်တွင် ဈာပနပွဲကျင်းပပြီး သင်္ဂြိုဟ်မီးပူဇော်ခဲ့သည်။ မကျန်းမာစဉ်က ဆင်းရဲချို့တဲ့ခဲ့သော်လည်း ပျံလွန်တော်မူသည့်အခါတွင်ကား ထိုက် ထိုက်တန်တန် ပူဇော်ခဲ့ကြသည်ကို တွေ့ရသည်။ မြို့များ၊ရွာများတွင် တည်ဆောက်ထားရှိသည့် ဆရာတော်၏ ရုပ်တုများ၊ ဆရာတော်အထိမ်းအမှတ် ပန်းခြံများမှာ ဆရာတော်၏ဂုဏ်ကျေးဇူးနှင့် ဆရာတော်၏ အမျိုးသား လွတ်လပ်ရေးလှုံ့ဆော်မှုများ၊ဆရာတော်၏စိတ်ဓာတ်များကို အစဉ်အမြဲ သတိရနေစေမည်ဖြစ်သည်။ ထို့အတူ ဆရာတော်၏ ဘဝလမ်းကြောင်းမှ နိုင်ငံရေးသံဝေဂရယူနိုင်ရန်လည်း သတိမလပ်ကြဖို့ အရေးကြီးပေလိမ့်မည်။

          (ဤဆောင်းပါးပါ အချက်အလက်များကို ဆရာကျော်စိုးလူ စုစည်းသည့် ကိုလိုနီခေတ်ဦး ပထမ စာမျက်နှာ မျိုးချစ်အာဇာနည် (သိုမဟုတ်) မျဉ်းဖြောင့်ပေါ်မှ အာရှကြယ်နီ (ဆရာတော်ဦးဥတ္တမနှင့် ပတ်သက်သည့်ဆောင်းပါး များစုစည်းမှု) စာအုပ်နှင့် ဆရာမောင်ယဉ်သူ ပြုစုသည့် ဆရာတော် အသျှင် ဥတ္တမ(၂၀၁၇-စက်တင်ဘာ) စာအုပ်များမှရယူပါသည်။)

                                                                                                ကျွန်းသားငမန်း

 

 

ဗီဒီယိုများ