ဆရာ၊ ဆရာမများ တစ်နှစ်သာ တာဝန်ထမ်းဆောင်နိုင်ခြင်းက မောင်တောပညာရေးအတွက် အခက်အခဲတစ်ခုဖြစ်နေ

“ သမီးတို့ ကိုးတန်းနှစ်ကဆိုရင် ပညာတစ်ပိုင်းတစ်စနဲ့ ပြေးရတယ်။
နောက်တစ်နေရာမှာ တက်တဲ့ အခါ သင်ခန်းစာတွေက သမီးတို့သင်ထားတာထက်
အများကြီးကျော်လွန်နေတယ်။ သမီးတို့လည်း ဘယ်လိုမှ နားမလည်နိုင်ဘူး။
သမီးတို့အပြင် ဆယ်တန်းမှာအခြေခံမပါဘဲနဲ့ တက်လာတဲ့ ကျောင်း သား၊
ကျောင်းသူတွေ လည်းရှိတယ်။ အဲဒါကို နားလည်အောင်လုပ်ဖို့ကလည်း မဖြစ်နိုင်ဘူး။
ပြန်ပြီး နောက်တစ်နှစ်စောင့်ပြီး သင်မယ်ဆိုရင်လည်း မဖြစ်နိုင်ဘူး”

By ဇော်ဇော် (မြောက်ဦး) 07 Sep 2018

ဇော်ဇော် (မြောက်ဦး)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာတာဝန်ကျတဲ့ ကျောင်းဆရာ၊ ဆရာမတွေကို
စာသင်နှစ် တစ်နှစ်သင်ကြားပြီးရင် ပြောင်းရွှေ့ခွင့် ပြုထားတာဟာ
မောင်တောမြို့နယ် ပညာရေးတိုးတက်မှုအ တွက် အခက်အခဲတစ်ခု ဖြစ်နေတယ်လို့
ဇူလိုင်လ (၂) ရက်နေ့ မောင်တောမြို့ အ.ထ.က (၁) ခန်းမ၌ ပြုလုပ်ခဲ့သည့်
ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ၊ ရပ်မိရပ်ဖများနှင့်
အရပ်ဖက်လူမှုအဖွဲ့အစည်းတို့ မြို့နယ်ပညာရေး
ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲတစ်ခုတွင် မောင်တောမြို့နယ် ပညာရေးမှူးက
ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှင့် ၂၀၁၇ ခုနှစ်များအတွင်းက  မောင်တောဒေသမှာ
အကြမ်းဖက်တိုက်ခိုက်မှု တွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဆရာ၊ ဆရာမတွေကို လစာ
(၂) ဆ တိုးပေးပြီး လုံခြုံရေး အခြေအနေ အရ တစ်နှစ်တာ တာဝန်ထမ်းဆောင်ပြီးရင်
တခြားတစ်နေရာသို့ ပြောင်းရွှေ့နိုင်တယ်လို့ နိုင်ငံတော် အဆင့်
ပညာရေးဝန်ကြီးဌာနက  ပြောဆိုထားတာ ဖြစ်ပါတယ်။ ဒါကြောင့်ဆရာ၊ ဆရာမတွေဟာ
တစ်နှစ် တာဝန်ထမ်းဆောင်ပြီးတာနဲ့ ပြောင်းရွှေ့သွားခဲ့ကြပါတယ်။ ကျောင်းသား၊
ကျောင်းသူတွေ ကတော့ စာသင်နှစ်အသစ်မှာ ဆရာ၊ ဆရာမအသစ်တွေနဲ့
စာသင်ကြားနေကြရပါတယ်။

မောင်တောဒေသမှာ အတွေ့အကြုံရှိတဲ့ ဆရာ၊ ဆရာမတွေက ပညာသင်နှစ် တစ်နှစ်ပြီးရင်
တခြား ဒေသတွေဆီ ပြောင်းရွှေ့သွားတဲ့အတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်
ဆရာ၊ ဆရာမ အ သစ်များ၏ သင်ကြားမှု ပုံစံသစ်ကို နားလည်ရင်းနှီးမှုရအောင် 
ကြိုးစားနေရသည့်အတွက်  ကျောင်း သူ၊ ကျောင်းသားတွေ၏ ပညာရေးထိခိုက်မှုတွေ
ရှိနေခြင်းဖြစ်သည်။  တချို့ဆရာမတွေဆိုရင် တစ် နှစ်ပြည့်အောင်တောင်
မသင်ကြားကြဘူးလို့ မြို့နယ်ပညာရေးမှူး ဦးခင်အောင်က ပြောပါတယ်။

“လုံခြုံရေးအရ ဆရာ၊ ဆရာမတွေကလည်း ပြောင်းတယ်။ အဲဒီတော့ ဆရာ၊ ဆရာမတွေက
မတည်မြဲဘူး။ ပြောရရင် ဆရာ၊ ဆရာမတွေကို အတွေ့အကြုံနဲ့သင်ကြားပေးတဲ့
နယ်မြေတစ်ခုလို ဖြစ်နေတယ်။ ဒါကပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ပြဿနာတစ်ခုပဲ။ အပြောင်းအရွှေ့များတဲ့ အခါမှာ နယ်ကကျောင်းသားတွေအတွက်
ပညာရေးထိခိုက်နေတယ်” လို့ သူက ပြောပါတယ်။

ကျောင်းသား၊ ကျောင်းသူတွေဟာ အရင်နှစ်က စာသင်ပြခဲ့တဲ့ ဆရာ၊ ဆရာမတွေနဲ့
ရင်းနှီးမှုရှိပြီး သူတို့ရဲ့ သင်ပုံသင်နည်းတွေကိုလည်း နားလည်ကြပါတယ်။
ဒါပေမယ့် အသစ်ရောက်လာတဲ့ ဆရာ၊ ဆရာမတွေနဲ့ ရင်းနှီးမှုတည်ဆောက်မှုတွေ
အချိန်ယူရပြီး သူတို့ရဲ့ သင်ကြားပုံစနစ်တွေကိုလည်း ထပ်လေ့လာရတာကြောင့်
အခက်အခဲ့တစ်ခု ဖြစ်နေတယ်လို့ ကျောင်းသား၊ ကျောင်းသူတွေက ဆိုပါတယ်။

“အရင်တုန်းက ဆရာမတွေနဲ့ ရင်းနှီးပြီးသားပဲလေ။ စာသင်ကြားမှုတွေလည်း
အဆင်ပြေပါတယ်။ အခုအသစ်ရောက်လာတဲ့ ဆရာမတွေနဲ့ဆိုတော့ ရင်းနှီးမှုလည်းမရှိဘူး။
ဒါကကျွန်မတို့ ပညာရေး အတွက် အခက်အခဲ တစ်ခုပေါ့” လို့ မောင်တောမြို့ အ.ထ.က
(၂) သတ္တမတန်းမှာ သင်ယူနေတဲ့ ဘင်္ဂလီကျောင်းသူ တစ်ဦးက ပြောပါတယ်။

မောင်တောဒေသမှာ ဆရာ၊ ဆရာမတွေဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ
ထပ်မံကြုံတွေ့လာမှာကို စိုးရိမ်နေကြတာကြောင့် တစ်နှစ်ပြီးရင်
ပြောင်းရွှေ့သွားကြတာ ဖြစ်တယ်လို့ ကျောင်းသားမိဘတွေ ဆိုပါတယ်။ ဒါကြောင့်
ကျောင်းသား၊ ကျောင်းသူတွေ စိတ်ချမ်းသာစွာနဲ့ စာသင်နိုင်ရေးအတွက် လုံခြုံရေး
ကောင်းမွန် အောင် ပြုလုပ်ပေးဖို့ လိုအပ်တယ်လို့ ဒေသတွင်း တာဝန်ကျနေတဲ့ ဆရာ၊
ဆရာမတွေက ဆိုကြပါ တယ်။

ဆရာ၊ ဆရာမတွေ မောင်တောဒေသမှာ တစ်နှစ်တစ်ကြိမ် ပြောင်းရွှေ့တာမျိုးမဟုတ်ဘဲ
နှစ်ရှည်စာ ပြနေရင်  ပညာရေးဖွံ့ဖြိုးတိုးတက်လာမှာပဲလို့
မြို့နယ်ပညာရေးမှူး ဦးခင်အောင်က ပြောပါတယ်။
“တကယ်က ပြောင်းရွှေ့ခွင့်ကို (၂) နှစ် ဖြစ်သင့်ပါတယ်။”

မောင်တောမြို့နယ်မှာ ၂၀၁၆ ခုနှစ်က
တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်းမှာ ၁၆.၂၀ ရာခိုင် နှုန်းနဲ့ ၂၀၁၇
ခုနှစ်မှာ ၉.၉၉ ရာခိုင်နှုန်းသာရှိခဲ့ပါတယ်။ ခုလို
တက္ကသိုလ်ဝင်တန်းအောင်ချက် ရာခိုင်နှုန်းကျဆင်းခဲ့တာဟာ ၂၀၁၆ နဲ့ ၂၀၁၇
ခုနှစ်တွေက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဖြစ်တယ်လို့
မြို့နယ်ပညာရေးဌာနက သုံးသပ်ပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လကလည်း ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေက
လုံခြုံရေးကင်းစခန်း (၃၀) အထိ တိုက်ခိုက်မှုကို ခံခဲ့ရတာကြောင့်
စာသင်ကျောင်း ၄၀၀ ကျော် ပိတ်ခဲ့ရပါတယ်။  မောင်တောဒေသအတွင်းရှိ  ကျောင်းသား၊
ကျောင်းသူတွေဟာ လုံခြုံတဲ့နေရာ တွေကို ထွက်ပြေးခဲ့ရပါတယ်။
ဒါကြောင့်စာသင်ကြားမှုတွေပျက်ကွက်ခဲ့ရပြီး ကျောင်းသား၊ ကျောင်းသူတွေအတွက်
အခက်ခဲဆုံးကာလတစ်ခုသို့ ရောက်ရှိခဲ့တာတွေကို တွေ့ရပါတယ်။

“ဘူးသီးတောင် ၊မောင်တောက ခုံနံပါတ်ကျပြီးသား ကျောင်းသား၊ ကျောင်းသူ (၇၀၀)
ကျော် လောက်က လာမဖြေပါ။ ကျောင်းကို မှန်မှန် မတက်ကြဘူး။
အကြောင်းအမျိုးမျိုးကြောင့် ကျောင်း ပျက်တာတွေများတယ်။ ဒါတွေကြောင့်
အောင်ချက်နည်းတာလည်းပါတယ်” လို့ ၂၀၁၇ ခုနှစ်က
အောင်ချက်နည်းပါးရခြင်းအကြောင်းကို ပြည်နယ် ဒုတိယပညာရေးမှူး
ဦးစိန်ထွန်းလှက DMG ကို ပြောဆိုထားပါတယ်။

မောင်တောမြို့နယ်ရဲ့ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း
အောင်ချက်ရာခိုင်နှုန်းမှာ  ၁၈.၁၂ ရာခိုင်နှုန်း အထိ တိုးတက်လာပါတယ်။ ဒါဟာ
အကြမ်းဖက်တိုက်ခိုက်မှုပြီးတဲ့နောက်မှာ ကျောင်းသား၊ ကျောင်းသူတွေ
စာမေးပွဲဖြေဆိုဖို့ အခက်အခဲဖြစ်ခဲ့ပြီး  စာမေးပွဲဖြေဆိုတဲ့ ကျောင်းသားအရေ
အတွက် နည်းလို့ဖြစ်တယ်လို့ မောင်တောမြို့နယ်ပညာရေးမှူး ဦးခင်အောင်က
ပြောပါတယ်။

“ မောင်တောမှာ ဘင်္ဂါလီကျောင်းသားတွေ၊ ရခိုင်ကျောင်းသားတွေ ရှိပါတယ်။
ဘင်္ဂါလီကျောင်းသား ကတော့ ပိုများပါတယ်။ ၂၀၁၈ ခုနှစ်မှာ အောင်ချက်တက်သွားတာက
တကယ့်အရည်အချင်းရှိတဲ့ သူတွေများလို့ မဟုတ်ဘဲ ဖြေဆိုကျောင်းသားအရေအတွက်
အလွန်နည်းသွားတဲ့အတွက်ဖြစ်တယ်။ ကျောင်းသားအများစုက
ဖြေဖို့အခက်အခဲဖြစ်ခဲ့ကြတယ်” လို့ ၎င်းက ဆိုပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက် တခြားဒေသသို့
ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ကြောင့် စာသင်ကြားမှုတွေ ပြတ်တောက်သွားခဲ့ပြီး
နေရာသစ်များတွင် ဖြစ်သလိုသင်ကြားခဲ့ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေမှာ
စာလိုက်မမီနိုင်ခဲ့ဲတဲ့ အခက်အခဲကို ရင်ဆိုင်နေရတယ် လို့ မောင်တောမြို့
အ.ထ.က (၁)မှ ဆယ်တန်းကျောင်းသူ မနှင်းနှင်းဝေက ပြောဆိုပါတယ်။

“ သမီးတို့ ကိုးတန်းနှစ်ကဆိုရင် ပညာတစ်ပိုင်းတစ်စနဲ့ ပြေးရတယ်။
နောက်တစ်နေရာမှာ တက်တဲ့ အခါ သင်ခန်းစာတွေက သမီးတို့သင်ထားတာထက်
အများကြီးကျော်လွန်နေတယ်။ သမီးတို့လည်း ဘယ်လိုမှ နားမလည်နိုင်ဘူး။
သမီးတို့အပြင် ဆယ်တန်းမှာအခြေခံမပါဘဲနဲ့ တက်လာတဲ့ ကျောင်း သား၊
ကျောင်းသူတွေ လည်းရှိတယ်။ အဲဒါကို နားလည်အောင်လုပ်ဖို့ကလည်း မဖြစ်နိုင်ဘူး။
ပြန်ပြီး နောက်တစ်နှစ်စောင့်ပြီး သင်မယ်ဆိုရင်လည်း မဖြစ်နိုင်ဘူး” လို့
သူကပြောပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပွားလာနိုင်တယ်လို့
သတင်းများထွက်ပေါ်နေတဲ့အတွက် ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေမှာ
သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်ကြောင့်ကြ နေကြတယ်လို့
ပညာရေးဆွေးနွေးပွဲမှာ တင်ပြဆွေးနွေးကြပါတယ်။ ဒါဟာ ပညာသင်ကြားရေးပိုင်း တွင်
စိတ်ပိုင်းဆိုင်ရာအနှောင့်အယှက် ဖြစ်စေတယ် လို့ မောင်တော မြို့ အ.ထ.က (၁)
ကျောင်းမှ အထက်တန်းပြ ဆရာမ ဒေါ်တာတာက ပြောပါတယ်။

“မောင်တောရဲ့ ပညာရေးတိုးတက်ဖို့က အဓိကတည်ငြိမ်အေးချမ်းဖို့ လိုအပ်ပါတယ်။
တည်ငြိမ် အေးချမ်းမှသာ ပညာကို အေးချမ်းစွာသင်ကြားသင်ယူနိုင်မှာ
ဖြစ်တဲ့အတွက် တကယ့်တကယ် အရည်အချင်းရှိတဲ့ လူသားရင်းမြစ်လေးတွေဖြစ်တဲ့
လူငယ်ပိုင်းတွေဟာ ကျောင်းစာထဲမှာပဲ စိတ်ချမ်းချမ်းသာသာနဲ့
ကောင်းကောင်းမွန်မွန် သင်ယူနိုင်လိမ့်မယ်လို့ ထင်မြင်မိပါတယ်” လို့ သူက
ဆိုပါတယ်။

မောင်တောဒေသမှာ အကြမ်းဖက်မှုတွေနှင့်  ပြသာနာများ ထပ်မံ မဖြစ်ပွားရအောင်
လုံခြုံရေး အစီ အမံတွေ ပြုလုပ်သင့်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
မောင်တော မြောက်ပိုင်းမှာ တာဝန် ကျနေတဲ့ ဆရာ၊ ဆရာမတွေအတွက် ပညာရေး
ဝန်ကြီးဌာနက ကျောင်းအကြိုအပို့ ကားတွေ စီစဉ် ပေးသင့်သလို၊
လုံခြုံရေးတာဝန်ရှိသူတွေကလည်း အစောင့်အရှောက် များများချပေး သင့်တယ်လို့
မြို့မိမြို့ဖအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်ညွန့်က ပြောပါတယ်။

“ကျွန်တော့်သမီးက ငန်းချောင်းမှာ တာဝန်ကျပါတယ်။ အိမ်ကပဲ ကြိမ်ချောင်းက ဆရာ၊
ဆရာမ တွေရဲ့ ငှားထားတဲ့ကားနဲ့ လိုက်ပါသွားတယ်။ ဘာကြောင့် ကားငှားသွားရတာလဲ။
ကြိမ်ချောင်းမှာ ညအိပ်ဖို့မဝံ့ရဲလို့။ ဒါက စိတ်ဓာတ်လုံခြုံရေးအပိုင်းပါ။
လုံခြုံရေးက လုံးဝစိတ်မရချဘူး။ နယ်က ဆရာ၊ ဆရာမတွေအတွက် စကူးဘာ့စ်
(အကြိုအပို့ကား) ၅ စီးလောက် စီစဉ်ပေးသင့်ပါတယ်။ အခု ဆရာ၊ ဆရာမတွေမှာ တစ်ရက်
အသွားအပြန် ငွေတစ်သောင်းလောက် ကုန်နေတယ်။ သူတို့ရဲ့ လစာနဲ့
ဘယ်လိုမှအဆင်မပြေနိုင်ဘူး။”

ဒါ့ကြောင့် ပြည်ထောင်စုအစိုးနဲ့ ပြည်နယ်အစိုးရကပါ အသေအချာစဉ်းစားပြီး
မောင်တောဒေသ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ထောက်ပံ့မှုတွေနဲ့
လုံခြုံစိတ်ချရတဲ့ အခြေအနေ တစ်ခုဖြစ်အောင် ဖန်တီးပေးဖို့ လိုအပ်တယ်လို့
မောင်တောဒေသခံတွေက ပြောဆိုနေကြပါတယ်။

 

 

ဗီဒီယိုများ