ဇရာအိုသော်လည်း မယိုင်လဲသော ဗဂျီးကျော်

ဗဂျီးကျော်ကို ပေါက်တောမြို့ နယ်၊ တောင်ချောင်ကျေးရွာတွင် ၁၉၄၄ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ဦးကျော်သာ၊ ဒေါ်ကျော့မေ တို့က မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးဦးလှကျော် ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းတွင် စစ်တွေမြို့ကို ဂျပန်များက ဗုံးကြဲကြသည်။ ယင်းအချိန်တွင် စစ်တွေ ဒေသခံများမှာ ကြက်ကိုင်းတန်၊ ရေ ချမ်းပြင်နှင့် ပါဒလိတ်ကျေးရွာများသို့ တိမ်းရှောင်ကြသည်။ ဗဂျီးကျော်တို့ မိဘများက  တောင်ချောင်ရွာသို့ စစ်ဘေးရှောင်ရန် ထွက်ပြေးသည်။

By ဖဒူ ထွန်းအောင် 29 Dec 2018

Written by ; ဖဒူ ထွန်းအောင် / DMG

စစ်တွေမြို့၊ မြို့နယ်တရားရုံး ဘေးပတ်ဝန်းကျင်ကို သံကြိုးများဖြင့် ကာရံထားကာ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးယူထားကြသည်။ တဖြည်းဖြည်း မြင့်မားလာသော နေအပူချိန်နှင့်အတူ လူဦးရေကလည်း တဖြည်းဖြည်း ထူထပ်လာသည်။ နေ၏ပူပြင်းမှုကို ဂရုမစိုက်နိုင်တော့ဘဲ တစ်ချို့က တရားရုံးထဲသို့ ဝင်သွားကြသည်။ တစ်ချို့မှာမူ သံကြိုးကာရံထားသဖြင့် သူတို့အလာကို အပြင်က စောင့်မျှော်နေကြသည်။ ယင်းအထဲမှာ ခန္ဓာပိန်ပိန်၊ အရပ်မတိုမရှည်၊ ဖြူလွနေသော ဆံပင်များဖြင့် အသက် (၇၄) နှစ်အရွယ် အဘိုးအို တစ်ယောက်လည်း ဖုန်းတစ်လုံးကိုင်ကာ ဓာတ်ပုံရိုက်ကူးရန် ရောက်ရှိနေသည်။

ရသေ့တောင်မြို့နယ်တွင် ဇန်နဝါရီလ ၁၅ ရက်နေ့က ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း ဝမ်းနည်းဖွယ်အထိမ်းအမှတ် စာပေဟောပြောပွဲ ပြုလုပ်ခဲ့သည်။ ယင်းပွဲတွင် ဟောပြောခဲ့မှုကြောင့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ မတရားအသင်းနှင့် ဆက်သွယ်မှုတို့ဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့သည်။ သူတို့ကို စစ်တွေတွင် ရုံးထုတ်သည့် ပထမနေ့မှာ ပြည်သူများ ဝန်းရံရန် လာရောက်ခြင်းဖြစ်ကာ သတင်းစာဆရာ ဗဂျီးကျော်(စစ်တွေ)မှာ သတင်းဓာတ်ပုံ ရိုက်ကူးရန် ရောက်ရှိနေခြင်းဖြစ်သည်။

သူတို့နှစ်ဦး တရားရုံးက ထွက်လာစဉ် ဝန်းရံသူများ ရောက်ရှိလာပြီး နှုတ်ဆက်ကြသည်။ အလားတူ ဗဂျီးကျော်လည်း သူတို့နှစ်ဦးကို နှုတ်ဆက်သည်။ ယင်းဓာတ်ပုံများမှာ အင်တာနက် လူမှုကွန်ရက်ပေါ်သို့ ချက်ချင်းပျံ့နှံ့သွားသည်။ အလားတူ မြောက်ဦးမြို့တွင် ပြုလုပ်ခဲ့သည့် ရက္ခိုင့်တပ်မတော် (၈) နှစ်ပြည့် အထိမ်းအမှတ်ဟောပြောပွဲတွင် ပါဝင်ဟောပြောခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရသည့် သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ကိုသန်းရွှေ(ခ) အမ်းသားကြီးကို ရခိုင့်အမျိုးသားစွမ်းဆောင်ရည် (ပရဟိတ)ဆု ပေးအပ်သည့်ပွဲများတွင်  သတင်းဓာတ်ပုံများ ရိုက်ကူးပြီး သူ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူပြီး ထုတ်ဝေနေသည့် “ ရွှီပြည်ရခိုင်ပုံရိပ် ” ရခိုင်တိုင်းရင်းသားဘာသာ သတင်းစာတွင် ထည့်သွင်းဖော်ပြသည်။

ယင်းသတင်းစာသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ဝေနေခြင်းဖြစ်ပြီး သူအပါအဝင် လေးဝတီ ထွန်းစောခိုင်၊ မြောက်ဦး အနီချေ တို့ကို အယ်ဒီတာအဖြစ် အစိုးရအဖွဲ့က ခန့်အပ်ထားသည်။ သို့သော် မတ်လအတွင်းတွင် သူတို့ကို အယ်ဒီတာတာဝန်က ထုတ်ပယ်လိုက်သည်။ ယင်းသတင်းစာတွင် နိုင်ငံရေးသတင်းများကို ဖော်ပြခဲ့သောကြောင့် ထုတ်ပယ်ခံရသည်ဟု ဗဂျီးကျော်က ရှုမြင်သည်။

“ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် အထက်ကညွှန်ကြားတဲ့ ပေါ်လစီအတိုင်း ဗဂျီးတို့က မလုပ်ဘူး။ ပြည်သူအကြိုက် လုပ်တယ်။ ပြည်သူကြိုက်အောင် သတင်းတွေလုပ်တယ်။ သူတို့က အဲလိုမဟုတ်ဘူး။ သူတို့သတင်း အများကြီး ဖော်ပြစေချင်တယ်။ သူတို့က ငါတို့လိုချင်တဲ့ ပေါ်လစီကို အကောင်အထည် မဖော်ပေးနိုင်ဆိုပြီးတော့ သူတို့ပေါ်လစီကို အကောင်အထည်ဖော်ဖို့ အယ်ဒီတာတစ်ဖွဲ့နဲ့ ပြောင်းလဲလိုက်တယ်။ ဗဂျီးတို့ကို ထုတ်ပစ်တယ် ” ဟု သူက ကွမ်းယာဝါးလျက် ပြောသည်။

ဗဂျီးကျော်ကို ပေါက်တောမြို့ နယ်၊ တောင်ချောင်ကျေးရွာတွင် ၁၉၄၄ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ဦးကျော်သာ၊ ဒေါ်ကျော့မေ တို့က မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးဦးလှကျော် ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းတွင် စစ်တွေမြို့ကို ဂျပန်များက ဗုံးကြဲကြသည်။ ယင်းအချိန်တွင် စစ်တွေ ဒေသခံများမှာ ကြက်ကိုင်းတန်၊ ရေ ချမ်းပြင်နှင့် ပါဒလိတ်ကျေးရွာများသို့ တိမ်းရှောင်ကြသည်။ ဗဂျီးကျော်တို့ မိဘများက  တောင်ချောင်ရွာသို့ စစ်ဘေးရှောင်ရန် ထွက်ပြေးသည်။ ယင်းကဲ့သို့ အချိန်တွင် မိခင်ဖြစ်သူမှာ ဗဂျီးကျော်ကို ကိုယ်ဝန်လွယ်ထားရပြီ ဖြစ်ကာ မကြာမီမှာပင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ သူ (၂)နှစ်သားအရွယ်တွင် မိသားစုနှင့်အတူ စစ်တွေသို့ ပြောင်းရွှေ့လာကြသည်။

သူ အခြေခံပညာ နဝမတန်း အောင်မြင်ပြီးနောက် ကုန်သွယ်လယ်ယာဌာနတွင် အလုပ်ဝင်သည်။ ယင်းဌာနတွင် တာဝန်ထမ်းဆောင်ကာ အလုပ်က ပင်စင်ယူခဲ့သည်။ ငယ်စဉ်ကပင် စာဖတ်ဝါသနာ ပါလာသည်။ ယင်း၏ အကျိုးဆက်ပင် မဂ္ဂဇင်း၊ ဂျာနယ်များတွင် စာရေးရန် တွန်းအားတစ်ခု ဖြစ်လာသည်။ ယင်းကာလတွင် ရခိုင်ပြည်နယ်တွင် ဂျာနယ်များ ထုတ်ဝေခြင်း မရှိသေးသကဲ့သို့ သတင်းရေးသူလည်း အနည်းငယ်မျှသာရှိသည်။

ရန်ကုန်ထုတ် သတင်းဂျာနယ်များသို့ စတင်ခြေလှမ်း

ပြည်မြန်မာဂျာနယ်နှင့် သတင်းလွှာဂျာနယ်တို့မှာ စစ်တွေမြို့၌ ဖြန့်ချိနေသည်။ ယင်းဂျာနယ်တို့တွင် “ သတင်း စာမူများ ပေးပို့နိုင်သည် ” ဟု စာမူဖိတ်ခေါ်စာများ ပါသည်။ ဂျာနယ်များကို ဖတ်မိပြီး သတင်းရေးသားချင်စိတ်များ ပေါက်ဖွားလာသည်။ ၁၉၉၇ ခုနှစ်တွင် ယင်းဂျာနယ်နှစ်ခုတွင် သတင်း စတင်ရေးသားလာသည်။

သူသတင်းရေးသည့် ခေတ်ကာလမှာ ယခုကဲ့သို့ သတင်းစာပညာသင်တန်းများ မရှိသေးပေ။ သတင်းရေးတတ်ရန်အတွက် သတင်းစာများတွင် တခြားသတင်းထောက်များ ရေးသားထားသည့် သတင်းများကို လေ့လာဖတ်ရှုကာ ရေးသားရသည်။ ယင်းသို့ လေ့လာရင်းဖြင့် သတင်းလောကထဲသို့ စတင် ခြေလှမ်းလာသည်။

“ အဲဒီတုန်းက သတင်းရေးပုံရေးနည်းကို သတင်းစာတွေက လေ့လာရတယ်။ ဘယ်လိုရေးကြလဲ။ ဥပမာ- အနုပညာသတင်းကို ဘယ်လိုရေးလဲ။ စီးပွားရေးသတင်းကို ဘယ်လိုရေးလဲ။ နိုင်ငံရေးဆောင်းပါးကို ဘယ်လိုရေးလဲပေါ့။ သတင်းစာ၊ ဂျာနယ်ဖတ်တာဟာ သင်တန်းတက်တာပဲ ” ဟု ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူ့အတွေ့အကြုံကို ရှင်းပြသည်။ 

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဦးရာဇ်တောင်စေတီ ဌာပနာအကြောင်း၊ စစ်တွေမြို့က ခွေးလိမ္မာတစ်ကောင် အကြောင်းတို့ကို ဂျာနယ်တိုက်များသို့ ရေးသားပေးပို့ခဲ့ရာ “ ပြည်မြန်မာဂျာ နယ်မှာ နှစ်ပုဒ်စလုံးပါတယ်။ အဲဒီတော့ ပျော်တာပေါ့။ နောက်ပိုင်းမှာ စစ်တွေမြို့က ထူးဆန်းတဲ့ သတင်းတွေကို ရေးသားရင်း ဂျာနယ်လစ်ဖြစ်သွားတယ် ”ဟု နီရဲနေသည့် သွားများပေါ်အောင် ရယ်ကာပြောပြသည်။

“ ရခိုင်ပြည်မှာ ဖြစ်နေတဲ့အကြောင်းအရာတွေကို ဗမာပြည်တစ် ပြည်လုံးကလည်း သိစေချင်တယ်။ အဲဒီတုန်းက ရန်ကုန်က ထုတ်တဲ့ဂျာနယ်တွေဟာ တစ်ပြည်လုံး ဖြန့်တာကိုး။ တခြားမြို့တွေ၊ တောင်ကြီးတို့၊ ပဲခူးတို့က သတင်းတွေပါတယ်။ စစ်တွေက သတင်းတွေက သိပ်မပါဘူး။ စစ်တွေက သတင်းတွေကိုလည်း မြန်မာပြည် တစ်ပြည်လုံးက သိအောင်၊ ဖတ်စေချင်တဲ့ စေတနာနဲ့ ရေးပို့တာ ” ဟု သတင်းရေးသားရသည့် ရည်ရွယ်ချက်ကို ပြောသည်။

သူ သတင်း စတင်ရေးသားသည့်ခေတ်တွင် ယခုကဲ့သို့ အင်တာနက်၊ အီးမေးလ်များ မထွန်းကားသေးပေ။ ယင်းကြောင့် စာတိုက်မှ တစ်ချို့သတင်းစာမူများ ပေးပို့ရသည်။ သတင်းများမှာ အချိန်နှင့်တပြေးညီ မဖြစ်ပေ။ သို့သော် သူပို့လိုက်သည့် သတင်းများကို ပြည်မြန်မာ၊ သတင်းလွှာ၊ ရီပိုတာ သတင်းဂျာနယ်၊ ပန်းစကား၊ ဟာသဂျာနယ်တို့က ဖော်ပြကြသည်။

စစ်တွေမြို့တွင် သူနှင့်သတင်း ရေးဖော်ရေးဖက် စီးပွားရေးသတင်းများကို အဓိကရေးသားနေသည့် သတင်းစာဆရာ ကျွန်းသားငမန်း တစ်ယောက်တည်းသာ ရှိသည်။ ဗဂျီးကျော်မှာ  လူမှုရေး၊ ပညာရေးနှင့် စာပေသတင်းများကို အရေးများသည်ဟု ဆိုသည်။ သူတို့ သတင်းရေးသားသည့် ကာလတွင် သတင်းများ ဖော်ပြခံရသော်လည်း စာမူခ တစ်ခါတစ်လေ မရရှိပေ။ သို့သော် တစ်ခါတစ်လေတွင် စာမူခများ ရရှိတတ်သည်။

စာမျက်နှာထက်တွင် မိမိသတင်းတစ်ပုဒ် ဖော်ပြခံရသည်ကို မြင်တွေ့ရလျှင် “ ကိုယ့်သတင်း စာမူခရချင်လို့ မဟုတ်ဘူး။ ကိုယ့်သတင်းဖော်ပြခံရလို့ ဝမ်းသာတဲ့ပီတိဟာ ဘာနဲ့မှ နှိုင်းမရဘူး ” ဟု ထိုင်နေရင်း ဘယ်လက်ကို မြှောက်ကာ ဆိုသည်။   

ဗဂျီးကျော်တို့ သတင်းရေးသားသည့် အချိန်ကာလသည် တပ်မတော်အစိုးရလက်ထက် ကာလလည်း ဖြစ်သောကြောင့် အစိုးရဌာနဆိုင်ရာများမှ သတင်းရယူရာတွင် အခက်အခဲများရှိသည်။

“ ရုံးတစ်ရုံးက သတင်းဆိုရင် သူတို့က သိပ်မပေးချင်ကြဘူး ” ဟု သူက သတင်းယူရာတွင် စိန်ခေါ်မှုကို ရင်ဖွင့်ပြသည်။ သို့သော် အခက်အခဲ၊ အတားအဆီးများကို ကျော်လွှားပြီး သတင်းများရေးသားခဲ့သည်။

ယင်းဂျာနယ်များအပြင် ကြေးမှုံသတင်းစာတို့တွင်လည်း သတင်းများ ရေးသားသည်။ ရန်ကုန်ထုတ် သတင်းစာ၊ ဂျာနယ်များတွင် သုံးလေးနှစ်ခန့် သတင်းရေးသားပြီးနောက် သတင်း ဆက်လက်မရေးတော့ပေ။ 

ရခိုင်မီဒီယာများတွင် ရေးပြီ

သမ္မတဦးသိန်းစိန် တက်လာပြီးနောက် မြန်မာ့မီဒီယာ အခင်းအကျင်းလည်း ပြောင်းလဲလာသည်။ တိုင်းနှင့်ပြည်နယ် အသီးသီးတို့တွင် သတင်းဂျာနယ်များ ထုတ်ဝေလာကြသည်။ ရခိုင်ပြည်နယ်တွင်လည်း ဝန်ကြီးချုပ် ဦးလှမောင်တင် ဦးဆောင်သော အစိုးရအဖွဲ့က “ရခိုင်ပြည်နယ်သတင်းဂျာနယ်” ဟူ၍ ဂျာနယ်တစ်စောင်ထုတ်ဝေရန် ကြိုးပမ်းလာကြသည်။ ယင်းကြိုးပမ်းမှုကို အကောင်အထည်ဖော်ရန်အတွက် ကျွန်းသားငမန်းက အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်သည်။ သူက သတင်းရေးဖော်ရေးဖက်ဖြစ်သည့် ဗဂျီးကျော်ကို ယင်းဂျာနယ်တွင် အယ်ဒီတာလုပ်ရန် ကမ်းလှမ်းလိုက်သောအခါ သူ မငြင်းနိုင်ခဲ့ပေ။

“ ဗဂျီး အဲဒီအချိန်တုန်းက ဂျာနယ်တွေမှာရေးလို့ သတင်းသမားဈာန်ဝင်နေပြီ။ ဘယ်လိုပြောရမလဲ။ ရခိုင်ပြည်က ဂျာနယ်တစ်စောင် ရှိသင့်တယ်။ အမြဲတမ်း ပုံမှန်ထွက်နေရမယ်။ အစိုးရကလည်း ပုံမှန်ထွက်ဖို့အတွက် ရန်ပုံငွေပေးတော့ သိပ်ဝမ်းသာတယ်။  အို...စစ်တွေမြို့ကလည်း ဂျာနယ်တစ်စောင် ထွက်ပြီမလား ဆိုပြီးတော့လေ။ ဝါသနာလည်းပါတယ်။ ရခိုင်ပြည်က သတင်းတွေအစုံပါတဲ့ ဂျာနယ်တစ်စောင်လည်း ထွက်မယ်ဆိုတော့ပေါ့ ” ဟု ယင်းဂျာနယ်တွင် အယ်ဒီတာလုပ်ရသည့် အကြောင်းကို ဗဂျီးကျော်က ပြောပြသည်။

ယင်းအချိန်ကာလက ရခိုင်ပြည်နယ်တွင် သတင်းထောက် များပြားနေပြီဖြစ်သည်။ သူတို့က ရန်ကုန်ဘက်က သတင်းဂျာနယ်များတွင်  သတင်းရေးသားပေးပို့ကြသည်။ ယင်း ရခိုင်ပြည်နယ်သတင်းဂျာနယ်တွင် ဝန်ထမ်းအင်အား အများအပြား မရှိပေ။ ထို့ကြောင့် တစ်ချို့သတင်းထောက်များမှာ ဂျာနယ်အတွက် သတင်းများ ကူညီရေးပေးကြသည်။

ယင်းရုံးတွင် ကျွန်းသားငမန်း၊ ဗဂျီးကျော် (စစ်တွေ)၊ မာန်ယုကျော် (ရွှေဝမြေ)တို့မှာ ရုံးအမြဲ ထိုင်ဖြစ်ကြသည်။ ယင်းကြောင့် သူတို့သုံးယောက်အတွက် အလုပ်တာဝန်များ ပိုများကြသည်ဟု ဆိုသည်။

“ သတင်းလည်း ရေးရတယ်။ ဓာတ်ပုံသတင်းလည်း သွားရိုက်ရတယ်။ သတင်းတွေကိုလည်း တည်းဖြတ်ရတယ်။ ဂျာနယ်တွေကိုလည်း ဆိုင်တွေမှာ ဖြန့်ရသေးတယ်။ အလုပ်မျိုးစုံလုပ်ရတယ် ” ဟု အသံခပ်နိမ့်နိမ့်လေသံဖြင့် သူက ဆိုသည်။

သူသည် ယင်းဂျာနယ်က အနားယူပြီးနောက် ရခိုင်အခြေစိုက် ပုဂ္ဂလိက ဂျာနယ်တစ်စောင်ဖြစ်သည့် “ရခိုင့်အသံ” ဂျာနယ်တွင် အကြီးတန်းသတင်းထောက် ဝင်လုပ်သည်။ မြို့နယ်အနှံ့က သတင်းများကို ရေးသားပြီး ပေးပို့သည်။ ယင်းအပြင် အနုပညာရှင်များကို သီးသန့်တွေ့ဆုံမေးမြန်းပြီး အင်တာဗျူးကဏ္ဍတစ်ခုကို တာဝန်ယူဆောင်ရွက်ခဲ့သည်။ ယင်းဂျာနယ်လည်း ငွေကြေးအခက်အခဲများ ပေါ်ပေါက်ပြီးနောက်တွင် ထုတ်ဝေမှု ရပ်ဆိုင်းသွားသည်။

ဗဂျီးကျော်လည်း သတင်းရေးသားခြင်း မပြုလုပ်တော့ပေ။ အချိန်ရလျှင် စစ်တွေမြို့တွင် ဖွင့်လှစ်သော သတင်းစာပညာရပ် သင်တန်းအချို့ကို တက်ရောက်ပြီး သတင်းပညာကို ဆက်လက်လေ့လာသည်။ သတင်းများရှိလျှင် သူ၏ကိုယ်ပိုင် Facebook လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးဖြစ်သည်။

NLD အစိုးရလက်ထက် အယ်ဒီတာဘ၀ အခက်အခဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ တက်လာပြီးနောက် သတင်းမီဒီယာလွတ်လပ်ခွင့် ရရှိမည်ဟု သတင်းသမားများက မျှော်လင့်ထားကြသည်။ ယင်းအထဲမှာ ဗဂျီးကျော်(စစ်တွေ)လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ သို့သော် မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာပေ။ အခက်အခဲများနှင့် ရင်ဆိုင်ကြရသည်။ ယင်းသို့ အခက်အခဲများနှင့် ကြုံတွေ့ရသူထဲမှာ သူလည်းပါဝင်လာပြီ ဖြစ်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်သော အစိုးရအဖွဲ့က ရခိုင်ဘာသာစကားဖြင့် သတင်းစာတစ်စောင် ထုတ်ဝေမည်ဟု ထုတ်ပြန်လာသည်။ ယင်းသတင်းစာကို ရခိုင်ဘာသာစကားဖြင့် ဗုဒ္ဓဟူးနေ့တိုင်း ထုတ်ဝေမည်ဖြစ်သည်။ ယင်းသတင်းစာတွင် ဗဂျီးကျော်(စစ်တွေ)ကို အယ်ဒီတာချုပ် တာဝန်ပေးပြီး စစ်တွေ သိန်းနောင် ၊ လေးဝတီ ထွန်းစောခိုင် တို့ကို အယ်ဒီတာအဖြစ် အစိုးရက ၂၀၁၇ ခု၊ သြဂုတ်လ ၃၀ ရက်နေ့တွင် ကနဦး တာဝန်ပေးသည်။

ဗဂျီးကျော် ဦးဆောင်သော ရွှီပြည်ရခိုင်သတင်းစာသည် တာဝန်ပေးခံရပြီးနောက် စတင်လည်ပတ်လာသည်။ သူတို့ထုတ်ဝေသည့် သတင်းစာကို ပြည်သူများက ကြိုက်နှစ်သက်မှု ရှိကြသည်။ ယင်းသတင်းစာတွင် ကဗျာ၊ ဆောင်းပါး၊ သတင်းဆောင်းပါး၊ ဝတ္ထု နှင့် ကာတွန်းများ ပါဝင်သည်။ သူတို့သတင်းစာမှာ မောင်တောဒေသတွင် ARSA အကြမ်းဖက်အဖွဲ့ တိုက်ခိုက်မှု၊ နယ်မြေဒေသလုံခြုံရေး သတိပေးဆောင်ရွက်ရန် တိုက်တွန်းချက်၊ နိုင်ငံရေးသမားများ ထောင်ကလွတ်မြောက်သည့် သတင်းနှင့် နိုင်ငံရေးသမားများကို အရပ်ဖက်အဖွဲ့အစည်းများက ဆုချီးမြှင့်သည့် သတင်းများကို ဖော်ပြသည်။ ယင်းအပြင် အစိုးရသတင်းအချို့ကိုလည်း ဖော်ပြကြသည်။

သတင်းစာထုတ်ဝေပြီး ကာလအတန်ကြာမှာ  အယ်ဒီတာတာဝန်က စစ်တွေ သိန်းနောင်  အနားယူသည်။ ယင်းနောက်ပိုင်းတွင် အစိုးရအဖွဲ့က မြောက်ဦး အနီချေကို အယ်ဒီတာအဖြစ် ထပ်မံခန့်အပ်သည်။ ယင်းအချိန်မှာလည်း သတင်းစာတွင် ယခင်က သူတို့ ထည့်သွင်းဖော်ပြနေကျ သတင်း၊ ဆောင်းပါးများကဲ့သို့ စာမူမျိုးကို ဖော်ပြသည်။

သို့သော် ၂၀၁၈ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့တွင် ဗဂျီးကျော် (စစ်တွေ) နှင့် အယ်ဒီတာအဖွဲ့သည် ယင်းသို့ သတင်းများကို ဆက်လက်ဖော်ပြရန် အခွင့်အရေး မရတော့ပေ။ ယင်းနေ့တွင် ပြည်နယ်ဝန်ကြီးချုပ် လက်မှတ်ဖြင့် “ရခိုင်တိုင်းရင်းသား အချပ်ပိုလေးမျက်နှာ ထုတ်ဝေနိုင်ရေးအတွက် ခန့်အပ်လိုက်သည့် စာတည်းအဖွဲ့ (အယ်ဒီတာအဖွဲ့)အား တာဝန်မှရပ်စဲကြောင်း အကြောင်းကြားသည်” ဟူ၍ စာရောက်လာသည်။ ထိုအချိန်မှ စတင်ပြီး ရွှီပြည်ရခိုင်သတင်းစာလည်း ယာယီရပ်တန့် ခဲ့သည်။

အစိုးရအဖွဲ့က အယ်ဒီတာအဖွဲ့အား တာဝန်မှ ရပ်စဲလိုက်ခြင်းကို ဗဂျီးကျော်က ကျေနပ်မှုမရှိပေ။ အစိုးရက သူတို့သတင်းကိုသာ အများအပြား ဖော်ပြပေးစေချင်ပြီး အယ်ဒီတာအဖွဲ့ကမူ ယင်းသို့မဟုတ်ဘဲ ပြည်နယ်အတွင်း ဖြစ်ပျက်နေသည့် သတင်းများကို ဦးစားပေးဖော်ပြသည်။ ယင်းကြောင့်ပင် ပြည်နယ်အစိုးရက သူတို့မူဝါဒအတိုင်း မလုပ်ဟုဆိုကာ ထုတ်ပယ်လိုက်ခြင်းဟု ဗဂျီးကျော်က သုံးသပ်သည်။

ဗဂျီးကျော် ဦးဆောင်သော အယ်ဒီတာအဖွဲ့ကို ထုတ်ပယ်လိုက်ပြီးနောက် အသစ်တစ်ဖန် အယ်ဒီတာတစ်ဖွဲ့ကို အစိုးရက ပြောင်းလဲခန့်အပ်လိုက်သည်။ ယင်းအဖွဲ့တွင် ယခင် အယ်ဒီတာဟောင်း မြောက်ဦးအနီချေ မှာ  အယ်ဒီတာချုပ် ဖြစ်လာပြီး ဂေါယာမြေ စောဝင်း၊ ခိုင်နန်းစံ၊ မောင်မင်းမာ (မြောက်ဦး)တို့ကို အယ်ဒီတာအဖြစ် ခန့်အပ်တာဝန်ပေးသည်။

“ သူတို့လိုချင်တဲ့ပုံစံကို သရုပ်ဖော်ဖို့အတွက် အယ်ဒီတာ အသစ်တစ်ဖွဲ့ကို ပြောင်းပြီး ခန့်လိုက်တယ် ” ဟု ဗဂျီးကျော်က ဆိုသည်။

ယင်းအပြင် ယခုအစိုးရလက်ထက်တွင် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော လွတ်လပ်စွာ ပြောဆိုရေးသားခွင့်မှာ အတားအဆီးများနှင့် ကြုံတွေ့ရသည်ဟု ဝေဖန်သည်။ ရွှီပြည်ရခိုင် သတင်းစာသည်လည်း  အယ်ဒီတာ အဖွဲ့အသစ်ဖြင့် ဆက်လက် ထုတ်ဝေနေဆဲဖြစ်သည်။ ဗဂျီးကျော်ကတော့ သတင်းမီဒီယာလောကနှင့် ပတ်သက်ပြီး ခံယူချက်တစ်ခုကို ပြောပြသည်။

“ ပြည်သူတွေသိချင်တဲ့ သတင်းကို ဖော်ပြမှ မီဒီယာသမား ပီသမယ် ”

(စာပေလောကကို ဗဂျီးကျော် မည်သို့ ဝင်ရောက်လာသလဲ၊ စာပေလှုပ်ရှားမှု အကြောင်းများကို ဆက်လက် ဖော်ပြပါမည်။)

ယခုဆောင်းပါးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ထုတ် Development News Journal, Issue 99 တွင်လည်း ဖတ်ရှုနိုင်သည်။

 

ဗီဒီယိုများ