ဈေးသစ်ကြီးက လှသနဲ့

 “ ဒီခေတ်ကြီးမှာ အမြတ်မရပဲ ဘယ်သူမှ မလုပ်ဘူး ကွ။ မင်းပြောတဲ့ ဈေးသစ်ကြီးကို ပင်ပန်းခံပြီးဆောက် လုပ်ခွင့်ရဖို့တောင် တချို့တွေက ဘယ်သူတွေမှာ ဘယ်လို ကပ်ပြီး ကြံနေကြလိမ့်မလဲမသိဘူး။ ဘယ်သူကမှ မင်းလို ငတုံးမဟုတ်ဘူးကွ”

By ရက္ခ 07 Nov 2018

                                    

ရက္ခ

 (တစ်)

ကျုပ်တို့မြို့ကလေးမှာ အဆင့်မြင့်သုံးထပ်ဈေးသစ်ကြီးတစ်ခု ဆောက်လုပ်မယ်ပြောသံကြားရရုံနဲ့တင် ကျုပ်ခမျာ ဝမ်းသာလိုက်ရလေခြင်း။ ကျုပ်တို့မြို့ဆိုလို့ ဘယ်မြို့လဲ၊ ဘယ်မှာလဲတာ့ မမေးကြနဲ့။ ရခိုင်ရိုးမကို ခြေကန်ပြီး မွေးလာတဲ့မြို့ဗျ။ အဲဒီလိုပြောလို့ နာရီစင်ရှိတဲ့မြို့တချို့ကစိတ်ဆိုးကြဦးမယ်။ သူတို့တွေက နာရီစင် ကို ခြေကန်ပြီးမွေးလာသူဆိုရင် နာကြသကိုးဗျ။ ကျုပ်ကတော့ စိတ်မဆိုးပါဘူးဗျာ။ နှစ် ၁၀၀ လောက်က အင်္ဂ လိပ်လက်ကျန် နာရီစင်ကြီးတွေမရှိပေမယ့် ကျုပ်ရဲ့မြို့ကလေးက လွန်ခဲ့တဲ့နှစ်သန်းပေါင်း(၃၅၀) လောက်သက် တမ်းရှိတဲ့ ရခိုင်ရိုးမကြီးကိုခြေကန်ပြီး မွေးလာခဲ့ရတာ။ အဲဒီလို ဂုဏ်ယူပစ်တာဗျ။

ကျုပ်တို့မြို့ကလေးကို တောတောင်လျှိုမြောင်စိမ့်စမ်းတွေကြားထဲမှာ ကုပ်ကုပ်ကွေးကွေးကလေး ရှိနေလို့ “ တောင်ကုတ်မြို့” လို့အမည်တွင်တာပေါ့ဗျာ။ ဒါပေမယ့် ကျုပ်တို့မြို့က သိပ်ကို စိတ်ကြီးတဲ့မြို့ဗျ။ တောတောင်တွေထဲမှာ ကုပ်ကုပ်ကွေးကွေးဖြစ်နေလို့များ တောင်ကုတ်လို့ ခေါ်ရသလားဆိုပြီး တောတောင်၊ သစ်ပင်၊ လျှိုမြောင်စိမ်းစမ်း၊ တောင်ကုန်း၊ လယ်ကွင်း မြင်မြင်သမျှတွေကို ရဲရဲတောက်ချေမှုန်းပစ်ကြတာ ခုတာ့ မြို့ကလေးဟာ အကုန်လုံးပြောင်ရှင်းပေါ့။ တောတောင်တွေ၊ လယ်ကွင်းတွေလည်း မရှိတော့ဘူး။ တောင်ကုန်း တွေ၊ ချောင်းစွယ်တွေ၊ ဓနိတောတွေလည်း မရှိတော့ဘူး။ အဲဒီလိုသတ္တိ ကောင်းတဲ့မြို့ဗျ။ အခုလည်း ကျုပ်တို့ မြို့ကလေးကို အဆင့်မြင့်သုံးထပ်ဈေးသစ်တည်ဆောက်မယ့် စီမံကိန်းသစ်ကြီး ဝုန်းခနဲဆို ရောက်လာတယ်။ ကျုပ်တို့လည်း ပျော်ကြတာပေါ့ဗျာ။ တောသားတွေဆိုတော့ အဆင့်မြင့် ဈေးသစ်ကြီးကို မြင်ချင်သပေါ့။ ဈေး သစ်ကြီးပေါ်ကိုတက်ပြီးတော့ ဟန်ပါပါနဲ့ လျှောက်ဝယ်ပစ်ချင်တာပေါ့။ ဒါ အဆင့်မြင့် သုံးထပ်ဈေးသစ်ကြီးက ဝယ်ခဲ့တာဗျဆိုပြီး ခပ်မိန့်မိန့်ကလေး ကြွားပစ်ချင်တာပေါ့ဗျာ။

(နှစ်)

          ကုန်ခဲ့တဲ့နှစ်ကပေါ့ဗျာ။ ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ ကျောက်တော်၊ ရမ်းဗြဲ၊ ဂွမြို့နဲ့ တောင်ကုတ်မြို့ တွေမှာ အဆင့်မြင့် (၃) ထပ်ဈေးကြီးတွေ ဆောက်လုပ်မယ်ဆိုပြီးတော့ စည်ပင်သာယာရေးဝန်ကြီးဌာနက သ တင်းထွက်လာတယ်။ စဉ်းစားကြည့်စမ်းပါဗျာ။ ရခိုင်ပြည်နယ် (၁၇) မြို့နယ်ရှိတဲ့အထဲမှာ မြို့နယ်(၅) မြို့ကိုရွေး ပြီးတော့ အဆင့်မြင့်ဈေးသစ်ကြီးတည်ဆောက်မယ့်စီမံကိန်းကြီး ကျလာတာဆိုတော့ ကျုပ်တို့က မပျော်ပဲနေပါ့ မလားဗျ။ ဒါဟာ တော်တော်ကံထူးလွန်းလို့ ရလာတဲ့ဆုလာဒ်တစ်ခုလို့ပဲ ကျုပ်တို့က သတ်မှတ်ပစ်လိုက်တာဗျ။ ကြွားတယ်လို့တော့ မထင်နဲ့ဦးဗျ။ ကျုပ်တို့မြို့သားက စည်ပင်သာယာရေးဝန်ကြီးဌာနမှာ ဝန်ကြီးဗျ။ နယ်နယ် ရရမှတ်လို့။ အဲဒီလို ကံထူးတဲ့မြို့ဗျ။

          အဆင့်မြင့် (၃) ထပ်ဈေးသစ်ကြီးတည်ဆောက်မယ့် သတင်းဟာ ချက်ချင်းဆိုသလို မြို့နယ်အနှံ့ကို ရောက်သွားပြီးတော့ မြို့သူမြို့သားတွေလည်း ဝမ်းသာပီတိဂွမ်းဆီထိပါ့ဗျာ။ ၁၆.၁၁.၂၀၁၇ နေ့ကဆိုရင် အသစ် တည်ဆောက်မယ့်ဈေးကြီး (၅) ဈေးအတွက် တင်ဒါ CD ပြားတွေကို (၅) သိန်းကျပ်နဲ့ စတင်ရောင်းချကြပြီ။ ဈေး ဆောက်လုပ်မယ့် ကော်မတီတွေလည်း ဈေးသစ်ကြီးကိုဆောက်လုပ်ခွင့်ရရေးအတွက် သူနိုင်ကိုယ်နိုင် တင်ဒါ ဆွဲကြတာပေါ့ဗျာ။ တချို့တွေလည်း မရလိုက်လို့ မကျေနပ်ဖြစ်ကြပေါ့။ ကျုပ်တို့က တောသားတွေဆိုတော့ တင်ဒါတွေ ဘာတွေ (ဟိုတင်၊ ဒီတင်တွေရော) သိပ်နားမလည်ပါဘူးဗျာ။ ကျုပ်သိတာက ပင်ပန်းမယ့်အလုပ်ကို များ ပိုက်ဆံပေးပြီးတော့ အပြိုင်အဆိုင် လုဝယ်နေလိုက်ကြတာ ဒီလူတွေ ရူးနေကြသလားပေါ့။ အဲဒီစကားကို ကျုပ်ဘကြီးရှေ့နားမှာ ကျုပ်က လျှာသွားရှည်မိသေးတယ်။ “ ဒီခေတ်ကြီးမှာ အမြတ်မရပဲ ဘယ်သူမှ မလုပ်ဘူး ကွ။ မင်းပြောတဲ့ ဈေးသစ်ကြီးကို ပင်ပန်းခံပြီးဆောက် လုပ်ခွင့်ရဖို့တောင် တချို့တွေက ဘယ်သူတွေမှာ ဘယ်လို ကပ်ပြီး ကြံနေကြလိမ့်မလဲမသိဘူး။ ဘယ်သူကမှ မင်းလို ငတုံးမဟုတ်ဘူးကွ ”။ ပြောလည်းပြောပြီး သောက်လက်စ ဆေးတံကြီးနဲ့ ကျုပ်ငယ်ထိပ်ကို ဂေါက်ခနဲ ခေါက်တည့်လိုက်တာ နာလိုက်လေခြင်း။

(သုံး)

          တခြားမြို့နယ်တွေတော့ အဆင့်မြင့် ဈေးသစ်စီမံကိန်းအတွက် ဘယ်လိုတွေ ဖြစ်ကြသလဲ သိပ်မသိ ပါဘူးဗျာ။ ကျုပ်တို့မြို့ကတော့ အဆင့်မြင့်ဈေးသစ်ကြီး ဆောက်လုပ်မယ့်အသံကြားတာနဲ့ မြို့နယ်စည်ပင် ကော်မတီခမျာ လုပ်လိုက်ရတဲ့ အစည်းဝေးတွေ၊ ညှိနှိုင်းလိုက်ရတဲ့ သဘောထားမတိုက်ဆိုင်မှုတွေ ပလူပျံလို့။ မြို့သူမြို့သားတွေ တင်မြှောက်ထားတဲ့ အသစ်စက်စက်စည်ပင်ကော်မတီဥက္ကဌကြီးလည်း လျှာမထွက်ရုံတမယ် ပေါ့။ တကယ်တာ့ ကျုပ်တို့မြို့မှာ ဈေး (၃) ဈေးတောင် ရှိတယ်ဗျ။ ဈေးကြီး၊ ဈေးလေးနဲ့ ညဈေး ဆိုပြီးတော့ ဈေးသုံးဈေး ရှိတယ်။ အဲဒီသုံးဈေးထဲမှာ ဈေးကြီးကတော့ မြို့မဈေးပေါ့ဗျာ။ ကွန်ကရစ်နဲ့ဆောက်လုပ်ထားတဲ့ မြေစိုက်ဈေးတန်းပေါ့။ အဲဒီဈေးကြီးမှာ အထည်အလိပ်၊ အသားငါး၊ အသီးအရွက် အကုန်လုံး ရောင်းတယ်။

          ဟိုအရင်တုန်းကတော့ ကျုပ်တို့မြို့က မြို့မဈေးကြီးဟာ ဗိုလ်ကျော်ဝဈေးဆိုပြီးတော့ နာမည်ရှိခဲ့တာဗျ။ အင်္ဂလိပ်တွေကို ရွတ်ရွတ်ချွံချွံတော်လှန်ခဲ့တဲ့ ဗိုလ်ကျော်ဝကို ဂုဏ်ပြုပြီးတော့ ဈေးနာမည်ကို မှည့်ခေါ်ထားတာ လေ။ ဈေးကြီးက ချောင်းနံဘေးမှာရှိတာဆိုတော့ ချောင်းကိုဖြတ်ထိုးထားတဲ့တံတားကို ဗိုလ်ကျော်ဝတံတားပေါ့။ နောက်တော့ အောင်စည်ပြည်ကျော်တံတားဆိုပြီးတော့ ဖြစ်သွားတယ်။ ကြာလာတာ့ ချောင်းတစ်ဖက်ကမ်းက ကိုင်းရှည်ရွာကိုအစွဲပြုပြီးတော့ ကိုင်းရှည်တံတားလို့ ဖြစ်သွားပြန်ရော။ ဈေးကြီးလည်း အဲဒီအတိုင်းပဲဗျ။ တံတား အတိုင်းလိုက်ပြီး ပြောင်းလဲလာလိုက်တာ ခုတော့ မြို့မစည်ပင်ဈေး ဖြစ်သွားတာပေါ့ဗျာ။ ဟိုတုန်းကမြေဝိုင်းဈေး ကလေးအဆင့်လောက်သာရှိတဲ့ဈေးကို နောက်တော့မြို့ခံသူဌေးကြီးတစ်ဦးကလေလံယူပြီးတော့ အဆင့်မြှင့်ပစ် လိုက်တာ နေ့ချင်းညချင်းပဲ တမံသလင်းခင်းပြီးတော့ အုတ်နံရံကာတဲ့ဈေးကြီး ဖြစ်လာခဲ့တာပေါ့ဗျာ။

(လေး)

          ပြဿနာက အဲဒီမြို့မဈေးကြီးကစတာဗျ။ အဆင့်မြင့်ဈေးသစ်စီမံကိန်းကြီးကို မူလမြို့မဈေးကြီးတည်ရှိ တဲ့နေရာမှာတည်ဆောက်မယ်ဆိုတော့ ဈေးသူဈေးသားတွေ၊ ဆိုင်ခန်းပိုင်ရှင်တွေ၊ ပျံကျဈေးသည် (သူတို့သတ် မှတ်ချက်) တွေက No ဆိုတဲ့ အသံ ထွက်လာတယ်။ ဘာဖြစ်လို့များပါလိမ့်။ အဆင့်မြင့်မြင့်နေရမယ့်ကိစ္စကိုများ ဒီလူတွေ ငြင်းဆန်နေကြလိုက်တာ ရူးနေကြသလားပေါ့။ ကျုပ်တွေးလိုက်တာပြောပါတယ်။ ဒါပေမယ့်မြို့နယ် စည်ပင်ကော်မတီအဖွဲ့ကတော့ ဈေးကော်မတီနဲ့ ညှိလိုက်ကြတာ ရက်အတော်ကြာတဲ့အထိ အဖြေထွက်မလာနိုင်သေးဘူး။ တချို့က သဘောတူတယ်။ တချို့က သဘောမတူဘူး။ တချို့က စိုးရိမ်တယ်ပေါ့ဗျာ။

          ဈေးသစ်ဆောက်ပြီးရင် မူလဆိုင်ခန်းပိုင်ရှင်တွေအတွက် အဆင့်မြင့်ဆိုင်ခန်းတွေ အခမဲ့ ပြန်ပေးမယ်။ ယာယီဆိုင်ခန်းတွေ လောလောဆယ်ဆောက်လုပ်ပေးထားမယ်။ အစားပေးမယ့်ဆိုင်ခန်းနေရာတွေကို သေသေ ချချာ ချပေးမယ်ဘာညာ ဆွေးနွေးညှိနိုင်းကြတာပေါ့ဗျာ။ ဒါပေမယ့် ပျံကျဈေးသည်လို့သတ်မှတ်ခံထားရတဲ့ ဈေးသည်တွေနဲ့ကျတော့ ဆွေးနွေးခြင်းအဆင့်က လမ်းပေါက်ပိတ်သွားတော့တာပါပဲ။ တကယ်တော့ ဒီကိစ္စက အတော်ကို ခဲယဉ်းတဲ့ကိစ္စ။ အခေါ်အဝေါ်ကအစ သတိထားရမယ့်ကိစ္စဗျ။

ပျံကျဈေးသည်၊ ပျံကျဆိုင်ခန်းဆိုပြီးတော့ နာမည်ခံထားရတဲ့ဆိုင်ခန်းတွေဟာ ဈေးကြီးခြံဝင်းထဲမှာ အစဉ် အဆက်ကတည်းကရှိနေကြပြီတော့ ဈေးကောက်ခွန်ဆောင်ပေးနေကြရတဲ့ဆိုင်ခန်းတွေဗျ။ လူကြီးလက် ကောက်ဝတ်လောက်သာရှိတဲ့သစ်သားတိုင်လေးချောင်းကို မြေကြီးပေါ်မှာစိုက်ပြီး အမိုးအကာလုပ် ဈေးရောင်း နေကြရတဲ့ဆိုင်ခန်းတွေပေါ့။ ဒါပေမယ့် အထင်တော့သွားမသေးလိုက်နဲ့ဗျ။ အဲဒီဆိုင်ခန်းကျဉ်းကျဉ်းလေးတွေက သိန်း ၄၀ ကျနေ သိန်း ၆၀ အထိ အရောင်းအဝယ်ဖြစ်နေကြတာတွေဗျ။

ပြောရရင်တော့ အဲဒီပျံကျဆိုင်ခန်းတွေ ကို ဈေးသစ်ကြီးဆောက်ပြီးတဲ့အခါ အစားပြန်ပေးရေး၊ မပေးရေးကိစ္စက မတင်မကျဖြစ်နေကြတာဗျ။ ဒီမှာတင် မြို့နယ်စည်ပင်ကော်မတီက လူငယ်တစ်ယောက်နဲ့ မြို့မဈေးထဲကဈေးအဖွဲ့သားတွေနဲ့ အချေအတင်ဆွေးနွေး ညှိနှိုင်းပစ်လိုက်ကြတာ ဟိုကောင်လေးကို နှာနှပ်ယူရတဲ့အထိပေါ့။ ခက်တယ်ဗျ။ ကျုပ်ဆိုရင် ဈေးသစ်ကြီး (၅) ခုအတွက် ငွေ ( ၂ ဒသမ ၅ ဘီလီယံ) တောင်ရှိထားတာ။ သိန်းခြောက်ဆယ်ဆိုင်ခန်းလေး နှစ်ဆယ်ကျော်သုံး ဆယ်လောက်ကို ပြေးဝယ်ပစ်လိုက်မှာ။ ပြီးမှ ဈေးသစ်ဆောက်ပစ်မှာပေါ့ဗျာ။ ကျုပ်အတွေးကို ပြောပါတယ်။ ဒီစကားကိုတော့ ကျုပ်ဘကြီးရှေ့မှာ သွားမပြောရဲတော့ဘူး။ တော်ကြာ ဆေးတံကြီးနဲ့ ခေါက်ခနဲ ဆို။

(ငါး)

          တနေ့တော့“ဗြုန်း”ဆို ကျုပ်တို့မြို့သား စည်ပင်ဝန်ကြီးရောက်ချလာတော့တာပဲ။ဈေးသစ်တည်ဆောက် မယ့်ကိစ္စ ဒီလောက်တောင်နေရာရှားရသလားဆိုပြီး “ ဟပ်ချလောင်း.” နဲ့ မန်းမှုတ်လိုက်ပစ်လိုက်တာ ချက်ချင်း ဆိုသလိုပဲ ဈေးကြီးနဲ့တဖက်တကမ်းက ကိုင်းရှည်ရွာဖက်မှာ ဈေးသစ်နေရာကြီးပေါ်လာတာဗျ။ အောင်မယ် .. စေတနာထက်သန်လွန်းတဲ့ သူဌေးတွေများ “ရော့အင့်” ဆိုပြီး ဈေးသစ်ဆောက်မယ့်နေရာကို ရက်ရက်ရောရော ကြီးပေးလိုက်ကြတာ နာရီ်ပိုင်းအတွင်းမှာပဲ ဈေးသစ်ဆောက်မယ့်နေရာကို အတည်ဖြစ်သွားတော့တာဗျ။ ဒီ တော့မှပဲ ကျုပ်ကတော့ တော်ပါသေးရဲ့လို့ သက်ပြင်းချမိတာဗျ။ မူလဈေးနေရာမှာမဟုတ်တော့ပေမယ့်လည်း ဘာဖြစ်ဖြစ် ဈေးသစ်ကြီးအိပ်မက်ကို မြင်မက်ခွင့်ရှိသေးတာကိုးဗျ။ ကျုပ်အတွေးထဲကအတိုင်း ဈေးတက်ဝယ်ပြီး ကြွားလုံးထုတ်ခွင့်လည်း ရဦးမှာကိုး။

          ဒါပေမယ့်ပေါ့ဗျာ။ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကိုလည်းရောက်ရော ဈေးသစ်စီမံကိန်းကြီးကို ဖျက်သိမ်းလိုက်ပါပြီတဲ့။ ကျုပ်ဖြင့် ငိုရမလို ရယ်ရမလို ဖြစ်သွားရတာဗျာ။ ဈေးသစ်စီမံကိန်းကြီးကိုအကောင် ထည်ဖော်ခဲ့တဲ့ ကျုပ်တို့မြို့သားဝန်ကြီးလည်း ဝန်ကြီးဘဝက ပြုတ်၊ ဈေးသစ်စီမံကိန်းကြီးလည်း ပြုတ်။ တစ်ဘ ရိတ်တည်းဆိုသလိုပါပဲ။ ဒီလိုဆို ကျုပ်အားခဲထားတဲ့ ဈေးသစ်ကြီးအိပ်မက်ဝေးပြီပေါ့ဗျ။ ဘာတဲ့။ ဈေးသစ်ကြီး နဲ့ပတ်သက်ပြီးတော့ ဘယ်သူက ဘယ်သူ့ ကို အသိမပေးဘူး။ ကျော်တယ်၊ ခွတယ် ။ ဘာတွေက ဘယ်လို။ ဘယ်သူက ဘယ်သို့ စတဲ့စကားသံတွေ ပလူပျံအောင်ကြားရတာဗျ။ ဈေးသစ်စီမံကိန်းအကောင်အထည်ဖော် သင့်မဖော်သင့်ကိစ္စအတွက် လွှတ်တော်ရော၊ လွှတ်တော်ကိုယ်စားလှယ်တွေရော၊ အစိုးရရော၊ မဲခွဲဆုံးဖြတ်ကြ တာတွေရော စုံနေအောင်ကြားရတာဗျ။ ခုခေတ်လူတွေသုံးနေကြတဲ့ “ပွင့်လင်းမြင်သာမှု” ဆိုတဲ့စကားလုံးကို ခဏခဏကြားခဲ့ရတာ ဒီဈေးသစ်ကြီး ကိစ္စလည်း ဒီစကားလုံးပါပဲ။ ကျုပ်တို့မြို့သားတွေကလည်း ဖွဘုတ်ဆို တာကြီးကိုပွတ်ပြီးတော့ ထုံးစံအတိုင်း တစ်ယောက်တစ်မျိုးစီ ဖွကြတော့တာပါပဲဗျာ။

          တကယ်ဆို သူတို့တွေ ပြောနေကြသလို ပွင့်လင်းမြင်သာမှု လိုသဗျ။ ပွင့်လင်းတော့ ကောင်းတာပေါ့ ဗျာ။ ဒါပေမယ့် တချို့ကျတော့လည်း ပွင့်လင်းမြင်သာမှုကို မကြိုက်ကြဘူးဗျ။ တလောက ရုပ်ရှင်မင်းသမီးချော ချောလေးတစ်ယောက်က သူ့ရှိတာလေးကို ပွင့်ပွင့်လင်လင်းချပြလိုက်တာ သူတို့ရုပ်ရှင်ဥက္ကဌကြီးက ခေါ်ယူ ဆုံးမရသေးတယ် ဆိုပဲ။ ဒီလူတွေ ပွင့်လင်းမြင်သာတာကို မကြိုက်ကြဘူးလားလို့ ကျုပ်ကတွေးလိုက်မိသေးရဲ့။ ဒါနဲ့ ကျုပ်တို့မြို့ရဲ့ ဈေးသစ်စီမံကိန်းကြီးကို ဖျက်သိမ်းဖို့ ပြောလိုက်ပေမယ့် ဆက်လက်အကောင်အထည် ဖော်နေတာပါပဲဗျ။ ဘာဖြစ်ဖြစ် ကျုပ်ကတော့ ကြိုက်တယ်ဗျာ။ ကျုပ်မက်နေတဲ့ ဈေးသစ်ကြီးအိပ်မက်ကို ဆက် မက်ခွင့်ရဦးမှာကိုးဗျ။ ဒီနေရာမှာ ပွင့်လင်းမြင်သာမှုတို့ ဘာညာ သာရကာတော့ လာမလုပ်ကြနဲ့တော့ဗျ။ တ ချိန်ချိန်မှာ ကျုပ်ဘကြီးလက်ကို ဆွဲပြီး ဈေးသစ်ကြီးက လှသနဲ့ဆိုပြီးတော့ ရင်ကော့လျှောက်လည်ပစ်ခွင့် ရ ချင်သေး သပါ့ဗျာ။ ။

                                                                                          ရက္ခ

ဗီဒီယိုများ